ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၉/၈ စာ. ၆-၈
  • သက်ကြီးရွယ်အို တို့ကို ပစ်မှတ်ထား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သက်ကြီးရွယ်အို တို့ကို ပစ်မှတ်ထား
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂျပန်လူလိမ်တို့နှင့် ဆုံရာဝယ်
  • အီတလီတွင် သက်ကြီးရွယ်အိုတို့ကို လိမ်လည်ခြင်း
  • ဘာသာရေး အမည်ခံ၍လိမ်လည်ခြင်း
    နိုးလော့!—၁၉၉၈
  • သတိ! လူလိမ်များခြေရှုပ်နေ
    နိုးလော့!—၁၉၉၈
  • လိမ်လည်လှည့်ဖြားမခံရရန် မိမိကိုယ်ကိုကာကွယ်နည်း
    နိုးလော့!—၂၀၀၅
  • ခရစ်ယာန်မိသားစုသည် သက်ကြီးရွယ်အိုများကို ကူညီသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၉/၈ စာ. ၆-၈

သက်ကြီးရွယ်အို တို့ကို ပစ်မှတ်ထား

အမှား မခံလေနှင့်။ လူလိမ်တို့သည် အကြောင်းအရာကို နှံ့နှံ့စပ်စပ်သိထားကြ၏။ လိမ်လည်လှည့်ဖြားရာတွင် အထူးနှစ်သက်ဖွယ်ကောင်းသောပစ်မှတ်မှာ သက်ကြီးပိုင်းအများစုဖြစ်သည်ဟူသောအချက်ကို သိကြသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ၏ ၁၂ ရာခိုင်နှုန်းသာ အသက် ၆၅ နှစ်ကျော်သူများဖြစ်ကြ၏။ သို့တိုင် သူတို့၏ကိုယ်ပိုင်ဝင်ငွေများကို စုပေါင်းလိုက်လျှင် အမေရိကန်ဒေါ်လာဘီလီယံ ၈၀၀ ကျော်ဖြစ်ကာ ယင်းသည် အမေရိကန်ပြည်ရှိမိသားစုများ၏ဝင်ငွေမှ အသားတင်ကျန်ငွေ၏ ၇၀ ရာခိုင်နှုန်းနီးပါးဖြစ်သည်။ ထိုသက်ကြီးရွယ်အို ၃၀ ရာခိုင်နှုန်းခန့်သည် ကလိမ်ကျသူတို့၏သားကောင်ဖြစ်သွားရခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။

သက်ကြီးရွယ်အိုတို့ကို အဘယ်အရာက အကာအကွယ်မဲ့စေသနည်း။ ဝယ်ယူသုံးစွဲသူများကိုလေ့လာခြင်း မဂ္ဂဇင်းက “ပင်ကိုအားဖြင့် အယုံလွယ်ခြင်းနှင့် မျက်မှောက်ခေတ်ရင်းနှီးမြှုပ်နှံခြင်းနှင့်ပတ်သက်၍ ဗဟုသုတမရှိခြင်းတို့ကြောင့်ဖြစ်၏” ဟုဆိုသည်။ ရဲအရာရှိတစ်ဦးက ဖုန်းဖြင့်စီးပွားကြေညာ၍ကလိမ်ကျသူများသည် “အထူးသဖြင့် ထီးတည်းနေသူနှင့် အကာအကွယ်မဲ့သူ—အသက်ကြီးသူများ—အများစုဖြစ်သည့်သားကောင်များကို လိမ်လည်လှည့်ဖြားကြသည်။ ဤသူတို့သည် မင်းမှာသစ္စာ လူမှာကတိဟူသောအဆိုကို ကျင့်သုံးသည့်ခေတ်တွင် ကြီးပြင်းလာသူများဖြစ်၏” ဟုဖော်ပြသည်။ အမေရိကန်အငြိမ်းစားပုဂ္ဂိုလ်များအသင်းမှ ကိုယ်စားလှယ်တစ်ဦး၏အဆိုကို ဤသို့ကိုးကားဖော်ပြထားသည်– “လောဘက လူကို ဒုက္ခဖြစ်စေသည်ဟူ၍ လူပြောများ၏။ သို့သော် အသက်ကြီးသူတို့အတွက်မူ လောဘမဟုတ်ချေ။ မိမိတို့မသေမီ သုံးစွဲရန်ငွေကြေးကုန်ခန်းသွားမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ သားသမီးတို့အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုကြချေ။ သို့နှင့် [ကလိမ်ကျခြင်း] ကို တိုင်ကြားဖို့ထိတ်လန့်ကြသည်၊ အကြောင်းမှာ သူတို့သည် ကိုယ်ကိုကိုယ်ဂရုစိုက်စောင့်ရှောက်နိုင်စွမ်းမရှိဟု သားသမီးတို့ယူမှတ်ကြမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။”

ကလိမ်ကျခြင်း၏သားကောင်ဖြစ်သွားသော သက်ကြီးရွယ်အိုများမှာ အမြဲပင် လှည့်စားခံရခြင်း သို့မဟုတ် ယုံစားမိခြင်းကြောင့်မဟုတ်ချေ။ အချို့ကိစ္စတွင် သူတို့သည် အထီးကျန်ဆန်လှသဖြင့် ခင်မင်ရင်းနှီးမှုကို “ဝယ်” ယူလိုသောကြောင့်ဖြစ်ပေမည်။ ရပ်ကွက်တစ်ခုတွင် အထီးကျန်ဆန်နေရှာသည့် မုဆိုးမအချို့သည် “တစ်သက်စာ တန်သော အကသင်ခန်းစာ” အတွက် စရန်ငွေ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကိုပေးဖို့ သွေးဆောင်ခြင်းခံခဲ့ရသည်ဟု သတင်းထောက်တစ်ဦးက ရေးသားသည်။ “အချို့မှာ လမ်းလျှောက်ဖို့ပင် အလွန်အင်အားချည့်နဲ့နေ၏။ သူတို့သည် နုံအကြ၍မဟုတ်၊ မျှော်လင့်ချက်မဲ့နေကြခြင်းသာဖြစ်သည်။” အကအသင်းက အသင်းဝင်သူ လူသစ်များကို သူတို့အသက်အရွယ်အုပ်စု ဖြစ်လေ့ရှိသည့် မိတ်ဆွေသစ်များနှင့်အတူ တွဲသွားဖို့နေရာကို စီစဉ်ပေးသည်။ သူတို့၏သင်တန်းဆရာလည်းဖြစ်နိုင်သည့် မြှောက်ပင့်တတ်၍ စကားချိုသာပြီး ယဉ်ကျေးသိမ်မွေ့သောအရောင်းစာရေးတစ်ဦးကို သူတို့ ငြင်းဆန်နိုင်ရန် ခက်လှ၏။

ဂျပန်လူလိမ်တို့နှင့် ဆုံရာဝယ်

လူလိမ်အချို့သည် အသက်ကြီး၍အထီးကျန်နေသူတို့ကို အခြားနည်းဖြင့် အခွင့်အရေးယူကြသည်။ ဂျပန်နိုင်ငံတွင် ပေါက်လွှက်ပဲစားနိုင်သောလူလိမ်တို့သည် လူတို့ကို ဂရုစိုက်သည့်အသွင်ဆောင်၍ သက်ကြီးရွယ်အိုသားကောင်များနှင့် စကားဝိုင်းဖွဲ့ဖို့အချိန်ပေးကာ သူတို့ပြောဆိုသည့်စကားကို နားထောင်ပေးကြသည်။ တစ်စတစ်စနှင့် သူတို့ထံလည်ပတ်မှုကို အရှိန်အဟုန်တိုးမြှင့်ပြီး သူတို့၏ပစ်မှတ်ထံမှ ယုံကြည်စိတ်ချမှုအပြည့်အဝကိုရသောအခါ ကလိမ်ကျရောင်းချမှုအတွက် စည်းရုံးလေတော့သည်။ အစီအစဉ်တကျကလိမ်ကျမှုမှ နမူနာတစ်ခုမှာ အငြိမ်းစားများအပါအဝင် လူ ​၃၀,၀၀၀ ခန့်ကို ယန်းဘီလီယံ ၂၀၀ (အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ) လိမ်လည်သည့် ရွှေလိမ်မှုဖြစ်သည်။ “သားကောင်တို့၏ ဆုံးရှုံးမှုကို ပြန်လည်ရနိုင်ချေမရှိ” ဟု ဂျပန်နိုင်ငံမှ အစာဟီ ညနေခင်းသတင်း၏ ခေါင်းကြီးပိုင်းတွင်ဖော်ပြ၏။

တိုကျိုမှ အစာဟီရှင်ဘွန်းသတင်းစာက ဤကိစ္စအပေါ် ဤသို့သတင်းပေးပို့သည်– လူလတ်ပိုင်းအရွယ် အရောင်းစာရေးမတစ်ဦးသည် အဖိုးအိုတစ်ဦးထံလည်ပတ်ပြီး ဤသို့ပြောသည်– “ကျွန်မအလုပ်ထက် ရှင့်ကိုပိုပြီးကျွန်မစိုးရိမ်ပါတယ် မစ္စတာ. ကေ၊ ဘာကြောင့်လည်းဆိုရင် ရှင်ကတစ်ယောက်ထဲ နေရတယ်လေ။” သူသည် သူ၏အကြောင်းအရာများစွာကို နားထောင်ပြီးနောက် သူသည် သူ၏ဆွဲဆောင်မှုနောက်သို့ ပါသွားတော့သည်။ သူ ပြန်ခါနီးတွင် နောက်တစ်နေ့၌ ပြန်လာခွင့်ကို တောင်းလေသည်။ သူ့အဖြေကား “လာနိုင်သမှသိပ်လာနိုင်တာပေါ့ဗျာ” ဟူ၍ဖြစ်သည်။

သို့နှင့် သူ ပုံမှန်လာလည်ပတ်သည်; ညစာအတူတကွစားကြပြီး မစ္စတာ. ကေ အတွက် အစားအသောက်များပင်ယူလာပေးသည်။ သူက “ရှင်သေတဲ့အထိ ကျွန်မပြုစုစောင့်ရှောက်မှာပါ” ဟူ၍ကတိပြုသည်။ ထို့နောက် အကွက်ကောင်းဝင်လာလေပြီ– “ရှင့်အတွက် ရှင့်ရဲ့ပိုင်ဆိုင်မှုတွေကို ကျွန်မစီမံပေးမယ်။ ကျွန်မအလုပ်လုပ်တဲ့ ကုမ္ပဏီက လူတစ်ဦးရဲ့ပစ္စည်းဥစ္စာတွေကို အသုံးပြုပြီး အကျိုးအမြတ်ရအောင်ပြုလုပ်တဲ့နေရာမှာ မကြာသေးခင်ကမှ အတော်လေးကိုအောင်မြင်တယ်။” အကြံသမားက သူ့အား သူ၏အိမ်နှင့် ပစ္စည်းဥစ္စာများကိုပေါင်နှံဖို့ တောင်းဆိုပြီး ရွှေအတုံးအခဲများကို ဝယ်ယူကာ ယင်းကို သူ၏ကုမ္ပဏီတွင်မြှုပ်နှံစေသည်။ ထောင်ချောက်ဆင်ထားပြီးပေပြီ။ ကလိမ်ကျမှုတသီတတန်းကြီးတွင် မစ္စတာ. ကေ လည်း နောက်သားကောင်တစ်ဦးဖြစ်သွားသည်။ လုပ်ငန်းဆောင်တာပြီးမြောက်ပြီးနောက် ထိုအမျိုးသမီးသည် မည်သည့်အခါမျှပေါ်မလာတော့ချေ။

မစ္စတာ. ကေ က “ကျွန်တော်ဟာ စစ်သားဘဝတုန်းက သေမင်းရဲ့နှုတ်ခမ်းဝနားမှာ အသက်ရှင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အားကိုးစရာဆွေမျိုးမရှိဘဲ တစ်ဦးတည်းနေထိုင်တဲ့သက်ကြီးရွယ်အိုတွေရဲ့ အားနည်းချက်ကို အခွင့်အရေးယူပြီး အမဲဖမ်းတဲ့သူတစ်ယောက်က ကျွန်တော့်ရဲ့ပစ္စည်းဥစ္စာတွေကို လိမ်လည်လှည့်ဖြားသွားတာကတော့ ပိုပြီးခံရခက်တယ်။ ဒါက လူတွေဟာ မရိုးသားမမှန်ကန်တဲ့နည်းနဲ့ပဲဖြစ်ပါစေ ငွေကိုလိုချင်တဲ့ ခေတ်ကာလတစ်ခုဆီကို ကမ္ဘာကြီးဆိုက်ရောက်နေပုံပါပဲ” ဟုဆိုသည်။

အီတလီတွင် သက်ကြီးရွယ်အိုတို့ကို လိမ်လည်ခြင်း

လက်တလ်ယာ ကာ ထရူဖာ (ကလိမ်ကျသောအီတလီ) စာအုပ်က အီတလီတွင် သက်ကြီးရွယ်အိုတို့စုဆောင်းထားသော အဖိုးတန်ပစ္စည်းဥစ္စာများကို ဖြတ်စားလျှပ်စားလုပ်ရန် လူလိမ်များက စနစ်တကျစီစဉ်ထားသည့်အကြံအစည်တစ်ခုအကြောင်း ဖော်ပြထားသည်။ ၁၉၉၃ ခုနှစ်တွင် အီတလီဘဏ်၏စီမံခန့်ခွဲရေးမှူးဟောင်းဦးဆောင်သည့် အစိုးရအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာသည်။ ထိုသူအုပ်ချုပ်စဉ်ကာလအတွင်းတွင်ထုတ်သည့် ငွေစက္ကူ (တရားဝင်ဆဲဖြစ်ကြောင်းထင်ရှား) ပေါ်တွင် သူ၏လက်မှတ်ပါရှိသည်။ လူလိမ်များစွာက မိမိတို့ကိုယ်ကို အီတလီဘဏ်၏အရာရှိများဟုဆို၍ ဝန်ထမ်းကတ်အတုများကိုင်ဆောင်ကာ သက်ကြီးရွယ်အိုတို့၏ အိမ်သို့သွားပြီးနောက် မိမိတို့၏သားကောင်ယောက်စီတိုင်းကို ဤသို့ပြောသည်– “အီတလီဘဏ်ရဲ့စီမံခန့်ခွဲရေးမှူးဟာ ဝန်ကြီးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်သွားပြီဆိုတာ ခင်ဗျားတို့သိပြီးသားပါ; ဒါကြောင့် ဘဏ်ငွေစက္ကူမှာရှိတဲ့ သူရဲ့လက်မှတ်က တရားမဝင်တော့ဘူး။ ကျွန်တော်တို့မှာ မိသားစုအသီးသီးက ဘဏ်ငွေစက္ကူဟောင်းတွေကိုပြန်သိမ်းပြီး နောက်တက်လာတဲ့သူရဲ့လက်မှတ်ပါတဲ့ ငွေအသစ်တွေနဲ့ အစားထိုးပေးဖို့ တာဝန် ရှိပါတယ် . . .။ ဒါက ပြေစာပါ။ ခင်ဗျားတို့ရဲ့ဘဏ်ကို သန်ဘက်ခါကျရင် ဒီစာရွက်စာတမ်းနဲ့သွားလိုက်ပါ၊ အဲဒီကျရင် အခု ကျွန်တော်တို့ဆီမှာ ခင်ဗျားတို့အပ်လိုက်တဲ့ငွေပမာဏအတိုင်း ခင်ဗျားတို့ရကြလိမ့်မယ်။” ဤသို့လိမ်လည်မှုဖြင့် လူလိမ်တို့သည် တစ်နေ့အတွင်း လီရာ ၁၅ သန်း (အမေရိကန်ဒေါ်လာ ၉,၀၀၀ ခန့်) ကိုရရှိသွားကြသည်!

အီတလီတွင် လူလိမ်အချို့သည် သက်ကြီးရွယ်အိုအပါအဝင် လမ်းပေါ်ရှိသတိမမူသူတို့ကို အဆက်အသွယ်ပြုကြသည်။ အမှတ်တမဲ့ဖြစ်နေသူများကို လေ့လာဆန်းစစ်မှုတစ်ရပ်တွင်ပါဝင်ရန် တောင်းဆိုကြပြီး စာရွက်များပေါ်တွင် လက်မှတ်ထိုးစေကာ သူတို့၏လက်မှတ်များသည် လေ့လာဆန်းစစ်မှုတွင်ပါဝင်ကြောင်း အတည်ပြုခြင်းမျှသာဖြစ်သည်ဟု ပြောကြသည်။ အမှန်မှာ သူတို့သည် တစ်ခုခုကို မလွှဲမရှောင်သာပြုလုပ်ဖို့ သို့မဟုတ် ဝယ်ယူဖို့ စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ရခြင်းဖြစ်၏။

ထို့နောက် များမကြာမီ သားကောင်ထံသို့ ပစ္စည်းအချို့ပါရှိသောချောထုပ်တစ်ထုပ် စာတိုက်မှရောက်ရှိလာပြီး အဆိုပါပစ္စည်းများကို လက်မခံပါက သူ့အနေဖြင့် တစ်နည်းနည်းဖြင့်ဒဏ်ငွေဆောင်ရမည်ဟူသော သတိပေးချက် ထင်ထင်ရှားရှားပါရှိလေသည်။ အချို့တို့သည်၊ အထူးသဖြင့်သက်ကြီးရွယ်အိုတို့သည် ကြောက်ရွံ့ထိတ်လန့်သွားကြပြီး တရားရုံးတွင်ရင်ဆိုင်ဖြေရှင်းရခြင်းနှင့် စာလျှင် အဖိုးမတန်သောပစ္စည်းများကိုယူထားပြီး ငွေကြေးပမာဏအနည်းငယ်ကို ပေးလိုက်ခြင်းက သာ၍ကောင်းသည်ဟု ထင်မှတ်ကြသည်။

အီတလီတွင် လိမ်လည်လှည့်ဖြားမှုသည် မည်မျှတိုင်ပျံ့နှံ့နေသနည်း။ လက်တလ်ယာ ကာထရူဖာအရ နှစ်စဉ် တိုင်ကြားသောလိမ်လည်မှုပေါင်း ၅၀၀,၀၀၀ ခန့်ရှိသည်။ မတိုင်ကြားသောလိမ်လည်မှုမှာ အနည်းဆုံး ယင်း၏သုံးဆရှိသည်။ တီဗွီသတင်းစာဆရာတစ်ဦးက “နှစ်စဉ် မာယာကျော့ကွင်းအမျိုးပေါင်း နှစ်သန်းခန့် သို့မဟုတ် နေ့စဉ် ငါးထောင်မှခြောက်ထောင်အထိ တစ်မျိုးမဟုတ်တစ်မျိုးရှိနေသည်” ဟုမှတ်ချက်ချသည်။

ယင်းသို့ ဆက်၍ဖြစ်နေသည်။ လူတို့၏ငွေ—နှင့် သူတို့၏ တစ်သက်တာစုဆောင်းထားသည့်အရာ—ကို လိမ်လည်မည့်သူတို့သည် အသက်အရွယ် (သို့မဟုတ် လူမျိုး၊ နိုင်ငံသား၊ သို့မဟုတ် လုမျိုးစုအုပ်စုကိုပါ) ရွေးကြမည်မဟုတ်ချေ။ သတိပြုပါ! ယင်းသည် သင်၌ဖြစ်နိုင်ပေသည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

လိမ်လည်ခံရခြင်းကို ရှောင်ရှားနိုင်ပုံ

ဖုန်းဖြင့်စီးပွားကြေညာသည့် အဖွဲ့အစည်းအားလုံး မရိုးသားကြခြင်းမဟုတ်ချေ။ ဥပမာ အမေရိကန်အငြိမ်းစားပုဂ္ဂိုလ်များအသင်း (AARP) ၏အဆိုအရ ၁၉၉၄ ၌ အမေရိကန်နိုင်ငံအတွင်း ဖုန်းဖြင့်စီးပွားကြေညာသည့်လုပ်ငန်းတွင် ကုမ္ပဏီပေါင်း ၁၄၀,၀၀၀ ပါဝင်သည်။ ၎င်းတို့ထဲမှ ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၄,၀၀၀ မှာ မမှန်ကန်ကြောင်း ယင်းက ခန့်မှန်းသည်။ သို့ဖြစ်၍ ကမ်းလှမ်းသူ၏အသံသည် ဖြစ်သင့်သည်ထက် ပို၍အလွန်ချိုသာနေလျှင် ယင်းကိုသတိထားဖို့လိုသည်။ အောက်ပါတို့မှာ ဖုန်းဖြင့်စီးပွားကြေညာ၍လိမ်လည်သူတို့ကို ရှောင်ရှားဖို့အကူအညီပေးသည့် အချက်အလက်အချို့ဖြစ်သည်။

◆ တစ်ဦးတစ်ယောက်က အခမဲ့ဆုတစ်ဆုကို သင်ဆွတ်ခူးသွားပြီဟု သင့်ကိုပြောလာလျှင် လုပ်နိုင်သည့်အကောင်းဆုံးအရာမှာ ဖုန်းချလိုက်ခြင်းဖြစ်သည်။

◆ ဖုန်းဖြင့်စီးပွားကြေညာသူက ယနေ့ပင်ဝယ်ယူပါ သို့မဟုတ်ပါက နောက်ကျသွားလိမ့်မည်ဟု ဇွတ်အတင်းပြောလာလျှင် အမှန်မှာ ယင်းက ထိုကမ်းလှမ်းမှုသည် အတုအယောင်ဖြစ်ကြောင်းဖော်ပြနေခြင်းဖြစ်သည်။

◆ သင့်အကြွေးဝယ်ကတ်ပြားနံပါတ်ကို လျှို့ဝှက်ထားပါ။ ယင်းကို မရမကငွေတောင်းခံသူ သူစိမ်းများ မသိပါစေနှင့်။

◆ သင်ကစ၍ဖုန်းခေါ်ခြင်း၊ စာတိုက်ဖြင့်ဆက်သွယ်နိုင်သည့် စိတ်ချရသောကုမ္ပဏီဖြင့် ဆက်ဆံခြင်းမှလွဲလျှင် ဖုန်းမှတစ်ဆင့် မည်သည့်အရာကိုမျှ မဝယ်ပါနှင့်။

အိမ်ပိုင်ရှင်တို့အနေဖြင့် အိမ်ပြုပြင်ရေးလူလိမ်များကို သတိထားဖို့လိုအပ်သည်။ အောက်ပါတို့မှာ AARP ဝယ်ယူသုံးစွဲမှုရေးရာက ဖော်ပြထားသောသတိပေးချက် အနည်းငယ်ဖြစ်သည်–

◆ သူ့အကြောင်းကို စေ့စပ်သေချာစွာ မစုံစမ်းမစစ်ဆေးမီ သူစိမ်းတစ်ဦးအား မငှားရမ်းလိုက်ပါနှင့်; အဆိုပါဝန်ဆောင်လုပ်ငန်းကို အသုံးပြုခဲ့သည့် အခြားငှားရမ်းသူတို့၏ အမည်နှင့် ဖုန်းနံပါတ်များကို မေးမြန်းပါ။

◆ တစ်စုံတစ်ခုကို သေချာစွာမစစ်ဆေးဘဲ လက်မှတ်မထိုးပါနှင့်၊ မည်သည့်စာချုပ် သို့မဟုတ် သဘောတူစာချုပ်မဆိုတွင်ပါရှိသော သတ်မှတ်ချက်များအားလုံး သင်နားလည်၍သဘောတူကြောင်း သေချာစေပါ။

◆ သင်ကောင်းစွာသိရှိပြီး ယုံကြည်စိတ်ချရသူမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ သဘောတူညီမှုစာချုပ်ကို ရှင်းပြခိုင်းဖို့အားမကိုးပါနှင့်။ မသဲကွဲသည့်အကြောင်းအရာများကို သင်ကိုယ်တိုင်ဖတ်ရှုပါ။

◆ ပြုပြင်ခြင်းလုပ်ငန်းများအတွက် မည်သည့်အခါမျှ ငွေကိုကြိုမပေးပါနှင့်။ ငွေအကျေမချေမီ သင့်စိတ်တိုင်းကျ ဆောင်ရွက်ပြီးစီးကြောင်း သေချာစေပါ။

သတိရှိပါ။ ဆင်ခြင်တုံတရားကို သုံးပါ။ သင့်အနေဖြင့် ဝယ်ယူရန် စိတ်မဝင်စားပါက ငြင်းဆိုဖို့အားမနာပါနှင့်။ ထို့အပြင် သတိရပါလေ– ကမ်းလှမ်းမှုသည် မှန်ကန်ရန်ကောင်းလွန်းလှလျှင် လိမ်လည်မှုဖြစ်နိုင်ခြေရှိသည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သက်ကြီးရွယ်အိုတို့ကို လှည့်ဖြားနိုင်ရန် လူလိမ်တို့သည် လူတို့ကို ဂရုစိုက်သည့်ပုံဖမ်းပေမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ