ဘာသာရေး အမည်ခံ၍လိမ်လည်ခြင်း
ယခုအထိဖော်ပြထားသော လိမ်လည်မှုများကြောင့် သင့်အနေဖြင့် ထိတ်လန့်ဝမ်းနည်းနေမည်ဆိုလျှင် သင်တစ်ဦးတည်းမဟုတ်ချေ။ သို့သော် သာ၍ပင်ရှုတ်ချပြစ်တင်ထိုက်သော လိမ်လည်မှုမျိုးမှာ ဘာသာရေးအမည်ခံ၍ပြုလုပ်ခြင်းဖြစ်သည်။ လူသိအများဆုံးအရာတစ်ခုမှာ သေဆုံးပြီးနောက် စိုးလ်ဆက်အသက်ရှင်နေပြီး အသက်ရှင်သူတို့သည် လူသေများကို အကျိုးပြုနိုင်သည်ဟူသော ယုံကြည်ချက်ဖြစ်၏။ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောရိုးဖြောင့်သူများသည် ငွေပမာဏအမြောက်အမြားပေးခြင်းဖြင့် သေဆုံးသွားသော မိမိတို့၏ချစ်မြတ်နိုးရသူတို့ကို အကူအညီပေးနိုင် သို့မဟုတ် ငြိမ်းချမ်းစေနိုင်ကြောင်း ယုံအောင်လှည့်ဖြားခံနေကြရသည်။ ယနေ့ နိုင်ငံအချို့တွင် ရှေးကျသောဤလိမ်လည်မှုသည် တစ်ခေတ်ဆန်းလာသည်။ ဥပမာ၊ မကြာသေးမီက ဂျပန်နိုင်ငံတွင် သာမန်ထက်ထူးကဲသောအစွမ်းတန်ခိုးရရှိသည်ဟု ပြောဆိုနေကြသည့် . . . ဘုန်းကြီးနှင့် သီလရှင်များသည် မိမိတို့သာသနာနယ်ရှိလူများထံမှ ယန်း သန်းရာနှင့်ချီ၍ လိမ်လည်မှုနှင့်ပတ်သက်ပြီး မသင်္ကာဖွယ်အကြောင်းကြောင့် ဖမ်းဆီးခံရသည်။ ဤသို့အဖမ်းခံရသူတို့သည် ရောဂါကုသပေးခြင်းနှင့် အခြားတိုင်ပင်နှီးနှောခြင်းများပြုကြောင်း ကြေညာခဲ့ကြသည်။ ခံခဲ့ရသူတို့တွင် သူတို့ကိုသေသွားသောသားသမီးများ၏ဝိညာဉ်တို့က ခြောက်လှန့်နေကြောင်း ပြောဆိုခြင်းခံခဲ့ရသည့် အိမ်ထောင်ရှင်အမျိုးသမီးလေးဦး ပါဝင်သည်။ “ထိုအခါ အောက်မေ့ပွဲပြုလုပ်ဖို့ အဆိုပါအမျိုးသမီးတို့ကို စုစုပေါင်း ယန်း ၁၀ သန်း [အမေရိကန်ဒေါ်လာ ၈၀,၀၀၀] ပေးဖို့ တောင်းဆိုခဲ့ကြသည်” ဟူ၍ မိုင်နီချီ နေ့စဉ်သတင်းက ဖော်ပြသည်။ ၆၄ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ယန်း ၆.၆၅ သန်းကျော် (အမေရိကန်ဒေါ်လာ ၅၃,၀၀၀ ခန့်) ကိုပေးအပ်ခဲ့သည်။ အဆိုပါအမျိုးသမီးက သူမကလေး၏ကျန်းမာရေးနှင့်ပတ်သက်၍ ဘုန်းကြီးများနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ “ဘိုးဘေးတို့၏စိုးလ်များကို သတိရအောက်မေ့ရန်နှင့် ဝိညာဉ်များကိုဟန့်တားရန်အတွက် အထူးအခမ်းအနားကို သူမအနေဖြင့်မပြုလုပ်လျှင် ကံဆိုးမိုးမှောင်ကျလိမ့်မည်ဖြစ်ကြောင်း အဆိုပါအမျိုးသမီးကို သူတို့က ပြောခဲ့ကြသည်” ဟူ၍ နေ့စဉ်ယိုမီယူရီ သတင်းစာကဖော်ပြသည်။
သမ္မာကျမ်းစာ၏တိကျသောအသိပညာက ဤယုံလွယ်သူတို့ကို လိမ်လည်ခံရခြင်းမှ လွတ်မြောက်စေနိုင်သည်။ ယင်းက စိုးလ်သည် သေနိုင်သောအရာဖြစ်ကြောင်း အထင်အရှားပြထား၏။ (ယေဇကျေလ ၁၈:၄) ဒေသနာ ၉:၅ က လူသေတို့သည် “အဘယ်အရာကိုမျှမသိ” ဟုဖော်ပြထားသည်။ သို့ဖြစ်၍ လူသေတို့သည် အသက်ရှင်သူတို့ကို အန္တရာယ်မပေးနိုင်သကဲ့သို့ အသက်ရှင်သူများကလည်း လူသေများကိုအကျိုးမပြုနိုင်ချေ။
ဘာသာရေးလိမ်လည်လှည့်ဖြားမှု၏ အသွင်အမျိုးမျိုး
အချို့တို့မှာ လောဘကြောင့် ဘာသာရေးလူလိမ်တို့၏ သားကောင်ဖြစ်သွားကြရ၏။ ဩစတြေးလျတွင် မိမိငွေကိုတိုးပွားစေလိုသူတစ်ဦးသည် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ရှိသောငွေများကို သာမန်ထက်ထူးကဲသောတန်ခိုးများဖြင့် ငွေကိုကောင်းချီးပေးနိုင်စွမ်းနှင့် တိုးများစေနိုင်စွမ်းရှိသည်ဟုဆိုသော မောင်နှံတစ်စုံထံ ပေးအပ်ခဲ့သည်။ ငွေများကို သေတ္တာတစ်ခုတွင်ထည့်ထားပြီး ယင်းတို့ကို “သီးသန့်သန့်ရှင်းစေ” ဖို့သူတို့အားပေးရန် ပြောသည်။ ထိုမောင်နှံစုံသည် သေတ္တာကို ကောင်းချီးပေးဖို့ နောက်အခန်းတစ်ခန်းသို့ယူသွားပြီး သူ့အား စောင့်ခိုင်းလေသည်။ သူတို့ပြန်လာသောအခါ သေတ္တာကို သူ့အားပြန်ပေးလိုက်ပြီး မည်သည့်အခြေအနေပင် ရင်ဆိုင်ရစေကာမူ သေတ္တာကို သက္ကရာဇ် ၂၀၀၀ မပြည့်မချင်း ဖွင့်မကြည့်ဖို့သတိပေးလေသည်။ အကယ်၍ ဖွင့်ကြည့်လျှင် ဘာဖြစ်မည်နည်း။ “ထူးခြားသည့်အစွမ်းတန်ခိုးများ ပျက်ပြယ်သွားမည်ဖြစ်ပြီး သူ့မျက်စိကန်းသွားမည်၊ ဆံပင်များကျွတ်ကုန်ပြီး ကင်ဆာဖြစ်၍ လေဖြတ်ပြီးသေမည်” ဟူ၍သူ့အားပြောသည်။ သို့သော် နှစ်ပတ်ကြာပြီးနောက် ထိုသူသည် သံသယဝင်လာကာ သေတ္တာကိုဖွင့်လေသည်။ သူတုန်လှုပ်သွားပါသည်တကား! သေတ္တာသည် စက္ကူဖြတ်စများဖြင့် ပြည့်နေတော့သည်။ သူသည် မိမိကိုယ်ကိုအပြစ်တင်လိုက်ပြီး ထူးဆန်းသောတိုက်ဆိုင်မှုမှာ “သူစတင်၍ ဆံပင်ကျွတ်တော့သည်” ဟုသတင်းစာက ဖော်ပြသည်။
အီတလီတွင် ဘာသာရေးဆိုင်ရာလိမ်လည်ခြင်း၌ ဆန်းသစ်သောလှည့်ကွက်ပါဝင်သည်– ဘုန်းကြီးအချို့သည် ဘာသာတရားကိုင်းရှိုင်းသူအဖြစ် ဟန်ဆောင်ကြသည့် အကွက်ချလိမ်လည်သူတို့၏ လိမ်လည်ခြင်းကိုခံလိုက်ရသည်။ လူလိမ်တို့သည် ကွယ်လွန်သူကိုအောက်မေ့သည့်ဆုတောင်းပွဲအတွက် ငွေပေးရသည့် ချာ့ချ်ထုံးတမ်းစဉ်လာမှ အမြတ်ထုတ်ကြသည်။ သူတို့ မည်သို့ပြုကြသနည်း။ ဖယ်မဲလျား ခရစ္စတယားနာ ကက်သလစ်မဂ္ဂဇင်းက ရှင်းပြသည်မှာ လူလိမ်တို့သည် ကွယ်လွန်သူဆယ့်နှစ်ဦးစာ အောက်မေ့ရာဆုတောင်းပွဲအတွက် တောင်းဆိုသည်ထက် အဆမတန်သာ၍များသောငွေတန်ဖိုးပါသည့် ချက်လက်မှတ်အတုတစ်စောင်ကို တင်ကြို၍ပေးလိုက်ကြသည်။ ထို့နောက် ချက်လက်မှတ်မှပိုငွေကို ငွေသားသက်သက်ဖြင့် သူတို့အားပြန်အမ်းပေးရန် ယုံလွယ်သောဘုန်းကြီးတစ်ပါးကို လှည့်ဖြားလေသည်။ လူလိမ်တို့မှာ ငွေကိုရရှိသွားပြီး ခရစ်ယာန်ဘုန်းကြီးမှာ ဘဏ်မှလက်မခံသောချက်လက်မှတ်ကို ရရှိလေသည်!
အမေရိကန်ပြည်ထောင်စုတွင် မိမိတို့၏ဘဏ္ဍာတိုက်များကို အလှူငွေများဖြင့်ဖြည့်ဖို့ အဖွဲ့ဝင်အသစ်များကို ရှာဖွေနေကြသည့် ဘာသာရေးဂိုဏ်းများသည် သက်ကြီးရွယ်အိုများကို အဘက်ဘက်မှဝိုင်းရံနေသည်။ “တစ်နိုင်ငံလုံးအနှံ့တွင် ဂိုဏ်းများသည် ငွေနောက်ကိုလိုက်ပါ ဟူသည့် ယုံလွယ်သူအား လှည့်ဖြားသောနည်းအားလုံး၏ အဓိကဥပဒေကို လိုက်နာကြသည်” ဟူ၍မော်ဒန်မချူးရတီ မဂ္ဂဇင်းကရေးသားသည်။ “ဖလှယ်မှုအဖြစ် ကျန်းမာရေးမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအထိ ကောင်းကင်နိုင်ငံတော်အထိ အရာခပ်သိမ်းကိုကတိပြုသည်။” ဂိုဏ်းမှနုတ်ထွက်ရန် သွေးဆောင်သူတစ်ဦး၏ ပြောဆိုချက်ကို ဤသို့ကိုးကားဖော်ပြသည်– “သက်ကြီးရွယ်အိုတို့သည် ဂိုဏ်းတစ်ဂိုဏ်းအတွက် စားပေါက်ဖြစ်သည်။”
ငွေပမာဏမှာ အမြောက်အမြားဖြစ်သည်။ ဂိုဏ်းများနှင့်ပတ်သက်သော အမှုကိစ္စများစွာကို ကိုင်တွယ်ခဲ့ရသည့် နယူးယောက်မှ ရှေ့နေတစ်ဦးက “အမှုအတော်များများမှာ လူတွေဟာ သူတို့ကိုယ်သူတို့ ချွတ်ခြုံကျအောင်လုပ်တာပဲဆိုတဲ့အချက်ကို ကျွန်တော်တွေ့ရတယ်” ဟုပြောခဲ့၏။ “အဲဒီလိုလုပ်တဲ့လူတွေထဲမှာ သိန်းဂဏန်းအထိအလှူငွေထည့်ဖို့ သွေးဆောင်ခံရတဲ့လူတွေကအစ လူမှုဖူလုံရေးချက်လက်မှတ်ကလွဲလို့ ဘာမျှမရှိတဲ့လူတွေအထိ ပါတတ်တယ်။” သူကထပ်လောင်း၍ “အဲဒါက သူတို့ကိုကော သူတို့ရဲ့မိသားစုတွေကိုပါ ဒုက္ခရောက်စေတယ်” ဟုဆို၏။
ထို့ကြောင့် သတိပြုပါလေ! လူလိမ်များသည် ခြေများနေ၏။ အိမ်ပြုပြင်ရေး လိမ်လည်မှု၊ ဖုန်းဖြင့်စီးပွားကြေညာ၍လိမ်လည်မှု၊ ဘာသာရေးလိမ်လည်မှုတို့မှာ မည်သို့မည်ပုံ သူတို့ဆောင်ရွက်ကြပုံ၏နမူနာ အနည်းငယ်မျှသာဖြစ်သည်။ လိမ်လည်နည်းများသည် အမြဲအသစ်ထွက်ပေါ်လာနေရာ ယင်းတို့အားလုံးကို အတိအကျဖော်ပြရန် မဖြစ်နိုင်ချေ။ သို့သော် ဤတွင်တင်ဆက်ထားသော အကြောင်းအရာတို့မှာ သင့်အနေနှင့် သတိရှိဖို့လိုကြောင်း နှိုးဆော်မှုဖြစ်စေမည်မှာ သံသယဖြစ်စရာမလိုချေ၊ ယင်းက သင့်ကို အကောင်းဆုံးကာကွယ်မှုဖြစ်စေပေမည်။ (စာမျက်နှာ ၈ ရှိ “လိမ်လည်ခံရခြင်းကို ရှောင်ရှားနိုင်ပုံ” လေးထောင့်ကွက်ကိုရှု) ရှေးကတည်းက သမ္မာကျမ်းစာတွင်ပါရှိသောစကားပုံမှ ဤသို့သတိပေးထားခြင်းမှာ အဆီလျော်ဆုံးဖြစ်သည်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။”—သု. ၁၄:၁၅။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]
သန်းနှင့်ချီသောလူတို့က ငွေပေးခြင်းဖြင့် မိမိတို့သည် သေသွားသည့်ချစ်မြတ်နိုးရသူတို့ကို အကူအညီပေးနိုင် သို့မဟုတ် ငြိမ်းချမ်းစေနိုင်သည်ဟု ယုံကြည်ကြ၏