ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၂/၈ စာ. ၁၃-၁၈
  • “ဖောက်သည်သည် အမြဲမှန်၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဖောက်သည်သည် အမြဲမှန်၏”
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နွမ်းပါးသည့် ဘဝနောက်ခံ
  • ဝမ်းနည်းကြေကွဲဖွယ်ရာ ကလေးဘဝ
  • အိမ်ထောင်ကျခြင်းက ကျွန်မဘဝကိုပြောင်းလဲပစ်
  • ချမ်းသာကြွယ်ဝသည့်ကြားမှ ပြဿနာကြီးများ
  • ကျွန်မ၏ဆုတောင်းချက်အတွက် အဖြေ
  • စစ်မှန်သောပျော်ရွှင်မှု အကောင်အထည်ပေါ်လာ
  • သေသည့်အထိ သူသစ္စာစောင်ခဲ့
  • ဝိညာဉ်ရေးပန်းတုံးတိုင်များကို ဆက်ထားခြင်း
  • ကျွန်မနားထောင်ခဲ့သည့်အတွက် ကျေးဇူးတင်
  • အစပိုင်းမှာ နွမ်းပါးပေမဲ့ နောက်ပိုင်းမှာ ကြွယ်ဝ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါ၏ နည်းလမ်းတော်များအတိုင်း သားသမီးရှစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းသည် စိန်ခေါ်ချက်နှင့် ပျော်ရွှင်ဖွယ်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နောက်ဆုံးတော့ ကျွန်မတို့မိသားစုစည်းလုံးပြီ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ‘ဘုရားသခင်၏နှုတ်မြွက်တော်သည် တန်ခိုးနှင့်ပြုပြင်တတ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁၂/၈ စာ. ၁၃-၁၈

“ဖောက်သည်သည် အမြဲမှန်၏”

ဝိုင်ချူချင်း ပြောပြသည်

ကျွန်မရဲ့ခင်ပွန်းက “လူခေါ်ခေါင်းလောင်းလာနှိပ်တဲ့ ဘာသာရေးသမားတွေကို” ဂရုစိုက်စရာမလိုဘူးဆိုပြီး ကျွန်မကိုပြောလေ့ရှိတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေ ကျွန်မတို့ရဲ့တံခါးပေါက်ကိုရောက်လာတဲ့အခါ ကျွန်မတို့စိတ်မဝင်စားဘူးလို့ပြောနေကျပဲ။ ဒါပေမဲ့ သူက ကျွန်မကို “ဖောက်သည်သည် အမြဲမှန်၏” ဆိုပြီးလည်းပြောထားတယ်၊ ဒီအတွက် ယေဟောဝါသက်သေတစ်ဦး ကျွန်မတို့ရဲ့နဂါးနီစားတော်ဆက်ကိုရောက်လာပြီး သူမရဲ့ဘာသာအကြောင်း ပြောပြလိုတဲ့အခါ နားထောင်ပေးရမယ်လို့ကျွန်မ ယူဆလိုက်တယ်။

ကျွန်မရဲ့ခင်ပွန်း တိုဝိုင်ဟာ အိုဟိုင်အိုနယ်၊ ကလီဗ်လန်မြို့၊ စိန့်ကလဲယားရိပ်သာလမ်းက နဂါးနီတရုတ်စားတော်ဆက်ပိုင်ရှင်ပါ။ ကျွန်မတို့လက်ထပ်ပြီးတဲ့နောက် သူက “ဖောက်သည်သည် အမြဲမှန်၏” ဆိုတဲ့ဆောင်ပုဒ်ကို သင်ပေးခဲ့တယ်။

တီ.ဝိုင်. ဟာနယူးယောက်တက္ကသိုလ်တက်ဖို့ အမေရိကကို လာခဲ့တာပါ။ ၁၉၂၇ ခုနှစ်၊ ဘွဲ့ရပြီးနောက် နယူးယောက်၊ တိုင်းမ်စကွဲမြို့နယ်မှာရှိတဲ့ စားတော်ဆက်တစ်ခုမှာ အလုပ်လုပ်ဖို့သွားခဲ့တယ်။ လူတွေဟာ ချက်ပြုတ်ပစ္စည်းစုံစုံလင်လင်မရှိတဲ့ ယမကာကောင်တာတွေမှာ စားသောက်နေတာကို သူတွေ့ခဲ့တယ်။ ဒါနဲ့ သူတို့ကို ခေါက်ဆွဲကျော်ပူပူရောင်းဖို့ သူ့မှာအတွေးဝင်လာတယ်။

မကြာခင်မှာပဲ၊ ဂရင်းနစ်ဗစ်လစ်ချ်မှာ သူဖွင့်လိုက်တဲ့စားတော်ဆက်က နေ့ချင်းညချင်းဆိုသလို ရောင်းကောင်းလာတယ်။ ဒီလိုနဲ့ ၁၉၃၂ ခုနှစ်မှာ သူရဲ့လုပ်ငန်းကို အိုဟိုင်အိုနယ်၊ ကလီဗ်လန်မြို့ဆီကိုပြောင်းရွှေ့လိုက်ပြီး အယောက် ၂၀၀ စာနေရာထိုင်ခင်းရှိတဲ့ နဂါးနီကိုဖွင့်လှစ်လိုက်တယ်။ ကလီဗ်လန်သတင်းစာက ၁၉၃၂၊ စက်တင်ဘာမှာ ဒီလိုဖော်ပြခဲ့တယ်– “ငါးနှစ်အတွင်း၌ တစ်နှစ်လျှင် ဝင်ငွေဒေါ်လာတစ်သန်းရရှိစေသည့် စီးပွားရေးဖြစ်သော လတ်ဆတ်သည့်ခေါက်ဆွဲကျော်လုပ်ငန်းဖြင့် တိုဝိုင်.ချင်းသည် အရှေ့ဘက်တစ်ခွင်မှ လူသန်းပေါင်းများစွာ၏ခံတွင်းတွေ့ရာကို ဖြည့်ဆည်းပေးပြီးနောက် သူ့အတွက် ပထမဦးဆုံးအခြေချရာ အနောက်အလယ်ပိုင်းဖြစ်သော ကလီဗ်လန်မြို့သို့သယ်ဆောင်လာကာ ဂရိတ်လိတ်ဒေသသို့ တိုးချဲ့ဝင်ရောက်နေလေပြီ။”

တီ.ဝိုင်. နဲ့ကျွန်မ တွေ့ဆုံပုံကိုမရှင်းပြမီ ကျွန်မဘဝကို များစွာပုံသွင်းပေးလိုက်တဲ့ တရုတ်ပြည်မှာကြီးပြင်းလာပုံနဲ့ပတ်သက်ပြီး ပြောပြပါရစေ။

နွမ်းပါးသည့် ဘဝနောက်ခံ

ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာရှိတဲ့ အစောပိုင်းအဖြစ်ကတော့ အစားအသောက်အရှာထွက်ဖို့ တရုတ်ပြည်မမှာရှိတဲ့ ကျွန်မတို့ရဲ့ရွာငယ်လေးကနေ အမေထွက်သွားတာကို ကြည့်နေကြတာကိုပါပဲ။ ကျွန်မရဲ့မိဘတွေဟာ ဆင်းရဲလွန်းလို့ သူတို့ရဲ့သားသမီးအချို့ကို မွေးစားဖို့ပေးပစ်ရတယ်။ ကျွန်မအသက်နှစ်နှစ် ဒါမှမဟုတ်ရင် သုံးနှစ်သမီးအရွယ် တစ်နေ့မှာ အိမ်ပြန်လာတဲ့အဖေရဲ့မျက်လုံးထဲ တစ်စုံတစ်ရာကိုတွေ့လိုက်ရတယ်။ ‘ကျွန်မအတွက် အဆိုးတစ်ခုခုဖြစ်မှာပဲ’ ဆိုပြီးယူမှတ်ခဲ့တယ်။

ဒီလိုနဲ့မကြာခင်မှာပဲ အမေဟာကျွန်မလက်ကိုဆွဲပြီး စပါးခင်းတွေကြား ကျဉ်းမြောင်းပြီးရွှံ့ထူတဲ့လမ်းမှာ တစ်ဖက်တစ်ချက်ရှိတဲ့ရေထဲကို ကျမသွားရလေအောင် ဂရုတစိုက်နဲ့ အဝေးကြီးကိုလမ်းလျှောက်ခဲ့ကြတယ်။ ပြုံးနေတဲ့ကလေးမတစ်ယောက်နဲ့ အမေစကားပြောတဲ့အိမ်တစ်အိမ်မှာ ကျွန်မတို့ခိုနားပြီးနောက် သုန်မှုန်ပြီးအပြုံးအရယ်မရှိတဲ့ ပိုပြီးငယ်တဲ့ကလေးမတစ်ယောက်ရဲ့အိမ်မှာလည်း ဝင်နားခဲ့ကြတယ်။ သူတို့ကို အရင်က တွေ့ဖူးသလားဆိုတာတော့ ကျွန်မ မမှတ်မိဘူး။ သူတို့ဟာ ကျွန်မရဲ့အစ်မတွေပဲ။ သူတို့ ကျွန်မကို နှုတ်ဆက်ကြတဲ့အခါ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် နောက်ထပ်တွေ့ရတော့မှာမဟုတ်ဘူးလို့ ခံစားမိတယ်။

ကျွန်မတို့လမ်းလျှောက်လာရင်းနဲ့ အမေက သူ့အကြောင်း၊ အဖေ့အကြောင်း၊ ကျွန်မအစ်ကိုနဲ့ အစ်မတွေအကြောင်း ဖြည်းဖြည်းမှန်မှန်နဲ့ပြောပြခဲ့တယ်။ အမေ့ရဲ့ ကြင်နာပြီးဝမ်းနည်းကြေကွဲတဲ့မျက်ဝန်းကို မြင်ယောင်နေဆဲပါပဲ။ ကျွန်မတို့ရည်မှန်းတဲ့နေရာကို ရောက်တဲ့အခါ တစ်ခုခုတော့ဖြစ်နေပုံရတယ်။ အိမ်ကြီးကိုကြည့်ရတာ စိတ်ညှို့မှိုင်းပြီးဝမ်းနည်းစရာကြီးပဲ။ အဲဒါက ကျွန်မရဲ့ အိမ်အသစ်ပေါ့။ ကျွန်မဟာ နေ့လယ်နေ့ခင်း မအိပ်ချင်ပေမဲ့ အမေနဲ့ မွေးစားမိဘတွေက တစ်မှေးလောက်အိပ်ခိုင်းပါတယ်။ ကျွန်မအိပ်မောကျသွားပြီး နိုးလာတဲ့အခါ အမေမရှိတော့ဘူး။ အဲဒီနောက် အမေ့ကို တစ်ခါမှမတွေ့ရတော့ဘူး။

ဝမ်းနည်းကြေကွဲဖွယ်ရာ ကလေးဘဝ

အခု စားဖို့သောက်ဖို့အလုံအလောက်ရှိပေမဲ့ မေတ္တာမှာနည်းပါးတဲ့အတွက် ကျွန်မရင်မှာ ကြေကွဲမှုအပြည့်ပါပဲ။ မနက်တိုင်း ကျွန်မဟာ ငိုပြီးအိပ်ရာကထလာလေ့ရှိတယ်။ အမေနဲ့ အိမ်မှာကျန်ခဲ့တဲ့အစ်ကို့ကို လွမ်းတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ခဏခဏစဉ်းစားမိတယ်။ ကျွန်မနည်းနည်းကြီးလာတော့ ကျောင်းတက်ချင်ပေမဲ့ မွေးစားမိဘတွေက အိမ်မှာပဲအလုပ်လုပ်ခိုင်းတယ်။

ကိုးနှစ်သမီးအရွယ်မှာ အဝေးကြီးမှာရှိတဲ့ ရှန်ဟိုင်းကို ကျွန်မတို့ပြောင်းခဲ့ကြတယ်။ “အခုဆိုရင် မင်းဟာ ဈေးသွား၊ ချက်ပြုတ်ရမယ့်အရွယ်ရောက်နေပြီ” ဆိုပြီး ကျွန်မကိုပြောတယ်။ ဒီလိုနဲ့ ပင်ပန်းငြီးငွေ့ဖွယ်ကောင်းတဲ့ ကျွန်မရဲ့နေ့စဉ်လုပ်ငန်းထဲမှာ ဒီတာဝန်တွေကပိုလာတယ်။ နေ့တိုင်း မွေးစားမိဘတွေက သုံးနပ်စာအတွက်အစားအစာဝယ်ဖို့ ငွေအလုံအလောက်ပေးတယ်။ ဈေးသွားတဲ့လမ်းမှာ သူတောင်းစားတွေကို တွေ့ရတယ်။ သူတို့ဟာ ဆာလောင်မွတ်သိပ်နေကြလို့ သူတို့အတွက် ကျွန်မဝမ်းနည်းခဲ့တယ်။ ဒါနဲ့ ကျွန်မလိုအပ်တဲ့အစားအစာဝယ်ဖို့ လိုသလောက်ငွေကိုချန်ထားပြီး အကြွေစေ့တစ်စေ့ ဒါမှမဟုတ် နှစ်စေ့ သူတို့ကိုပေးပေးခဲ့တယ်။

ကျွန်မ ကျောင်းတက်ပြီးစာသင်ချင်လိုက်တာ အရမ်းပဲ! “ခြောက်လကြာရင် ငါတို့ နင့်ကိုကျောင်းအပ်ပေးမယ်” ဆိုပြီး မွေးစားမိဘတွေက ကတိခံတယ်။ ခြောက်လကျော်တဲ့အခါ “အခုကနေစပြီး နောက်ခြောက်လကြာရင်” လို့ပြောပြန်တယ်။ မကြာခင်မှာပဲ ကျွန်မကို ဘယ်တော့မှကျောင်းပို့မှာမဟုတ်ဘူးဆိုတာ သိလာတယ်။ ကျွန်မ အရမ်းပဲဝမ်းနည်းကြေကွဲခဲ့တယ်။ တစ်အိမ်လုံးမှာရှိတဲ့ လူတိုင်းကို မုန်းတီးလာတယ်။ မကြာခဏဆိုသလို ရေချိုးခန်းထဲမှာ တံခါးချက်ချပြီး ကျွန်မ ဆုတောင်းလေ့ရှိတယ်။ ကျွန်မတို့ဟာ ဘုရားသခင်အများကြီးကိုယုံကြည်ပေမဲ့ အဲဒီဘုရားသခင်တွေအားလုံးထက် တန်ခိုးပိုရှိတဲ့အဓိကဘုရားသခင်တစ်ပါးရှိရမယ်လို့ ကျွန်မသိထားတယ်။ ဒါကြောင့် သူ့ကိုရည်စူးပြီး ကျွန်မဒီလိုဆုတောင်းတယ်– “ဘာကြောင့် ဒီလောက်တောင် နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေပြည့်နေရတာလဲ။” ဒါက နှစ်ပေါင်းမျာစွာတောင်းခဲ့တဲ့ ကျွန်မရဲ့ဆုတောင်းချက်ပါပဲ။

အိမ်ထောင်ကျခြင်းက ကျွန်မဘဝကိုပြောင်းလဲပစ်

အဲဒီအချိန်က တရုတ်ပြည်မှာ အိမ်ထောင်ရေးအောင်သွယ်လုပ်ပေးလေ့ရှိတယ်။ တရုတ်ပြည်ကိုပြန်လာတဲ့ တီ.ဝိုင်. ရဲ့တက္ကသိုလ်သူငယ်ချင်းတစ်ယောက်က သူ့ဆီ ဒီလိုစာရေးခဲ့တယ်– “မင်းဟာ အသက်သုံးဆယ်ကျော်နေပြီ၊ အခုထိ အိမ်ထောင်မပြုရသေးဘူး။” ဒီနောက်တော့ ကျွန်မအကြောင်းကိုပြောပြပြီး သူဒီလိုဆက်ရေးတယ်– “အသက်က ၁၈ နှစ်ပဲရှိတယ်; မျက်နှာလေးက တော်တော်ကိုလှတယ်၊ စိတ်နေစိတ်ထားအမူအကျင့်ကလည်း ပြောစရာမရှိအောင်ပါပဲ။ . . . ငါသာဆိုရင် အလေးအနက်ထားစဉ်းစားမှာပဲ တိုဝိုင်.ချင်း။” သူ့ရဲ့သူငယ်ချင်းက ဓာတ်ပုံတစ်ပုံပါထည့်ပေးလိုက်တယ်။

တီ.ဝိုင်. က ကျွန်မမွေးစားမိဘတွေဆီ ဒီလိုစာရေးခဲ့တယ်– “ဂုဏ်ကျက်သရေရှိလှတဲ့ ခင်ဗျားတို့သမီးရဲ့ဓာတ်ပုံကို ကျွန်တော်တွေ့ မြင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ့ဆုံပြီး အတူတကွစကားပြောကြည့်လို့ ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ မေတ္တာပန်းပွင့်လန်းလာမယ်ဆိုရင် ကျွန်တော် သူ့ကိုလက်ထပ်ယူမှာပါ။” တီ.ဝိုင်. ဟာရှန်ဟိုင်းကိုရောက်လာခဲ့ပြီး ကျွန်မတို့ဆုံတွေ့မိတယ်။ သူဟာ ကျွန်မအတွက် သိပ်ရင့်ကျက်လွန်းတယ်လို့ယူဆခဲ့ပေမဲ့ အိမ်ထောင်ပြုလိုက်ခြင်းက အနည်းဆုံးတော့ အိမ်ကနေထွက်သွားစေနိုင်လိမ့်မယ်လို့ ကျွန်မစိတ်ပိုင်းဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၃၅ ခုနှစ်မှာ ကျွန်မတို့လက်ထပ်လိုက်ပြီး ချက်ချင်းပဲအမေရိကကို သင်္ဘောခရီးနဲ့ထွက်ခဲ့ကြတယ်။ ဒါက ကလီဗ်လန်မြို့ကို ကျွန်မ ရောက်လာရတဲ့အကြောင်းပါပဲ။

ချမ်းသာကြွယ်ဝသည့်ကြားမှ ပြဿနာကြီးများ

စစချင်းပြဿနာကတော့ ကျွန်မခင်ပွန်းနဲ့ကျွန်မတို့ စကားမပေါက်ကြတာပါပဲ။ သူက ဒေသန္တရဘာသာစကားတစ်ခုဖြစ်တဲ့ ကွမ်းတုံဘာသာစကားနဲ့ပြောပြီး ကျွန်မကတော့နောက်တစ်ခုဖြစ်တဲ့ ရှန်ဟဲဘာဘာစကားနဲ့ပြောတယ်။ ဒါက မတူညီတဲ့ဘာသာစကားနှစ်ခုကို ကျွန်မတို့ပြောနေကြတာနဲ့တူတယ်။ ကျွန်မဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ဓလေ့ထုံးစံအသစ်တွေကိုလည်း သင်ယူရတယ်။ ပြီးတော့ ကျွန်မရဲ့အလုပ်အသစ်ကကော။ စားတော်ဆက်ရဲ့နှစ်လိုဖွယ်ကောင်းပြီး သိမ်မွေ့တဲ့ကြီးကြပ်သူတစ်ဦးအဖြစ် ဖောက်သည်တွေရဲ့ကျေနပ်မှုကိုရဖို့ ကျွန်မအမြဲကြိုးစားနေရတယ်။ တကယ်ပါပဲ၊ “ဖောက်သည်သည် အမြဲမှန်၏” ဆိုတာကို ကျွန်မမှတ်မိနေဖို့ပဲဖြစ်တယ်။

ကျွန်မဟာ ခင်ပွန်းနဲ့အတူ တစ်နေ့မှာ ၁၆ နာရီ ဒါမှမဟုတ် ဒီထက်ကြာကြာ ပင်ပင်ပန်းပန်းလုပ်ရပြီး အချိန်တော်တော်များများမှာ ကျွန်မဟာ ကိုယ်ဝန်နဲ့ချည်းပဲ။ ကျွန်မတို့ရဲ့သမီးဦး ဂလိုရီကို ၁၉၃၆ ခုနှစ်မှာဖွားမြင်တယ်။ ဒီနောက်တော့ ကိုးနှစ်အတွင်း ကလေးခြောက်ယောက်ကိုမွေးခဲ့ရတယ်—ယောက်ျားကလေးသုံးယောက်နဲ့ နောက်ထပ်မိန်းကလေးသုံးယောက်ဖြစ်ပြီး တစ်ယောက်ကတော့ တစ်နှစ်သားအရွယ်မှာပဲဆုံးသွားတယ်။

တစ်ချိန်ထဲမှာ တီ.ဝိုင်. ဟာစားတော်ဆက်တွေနဲ့ညကလပ်များစွာကိုပါ စဖွင့်တယ်။ အဲဒီနေရာတွေမှာ သူတို့ရဲ့အသက်မွေးမှုအတွက် စတင်လုပ်ကိုင်တဲ့ ဖျော်ဖြေသူအချို့ထဲက ကေလု၊ ဂျက်စု၊ ကေဘဲလက်တို့ဟာ နာမည်ကျော်ပုဂ္ဂိုလ်တွေဖြစ်လာတယ်။ ဒါတင်မက ကျွန်မတို့ရဲ့တရုတ်စားသောက်ကုန်တွေဟာ ဈေးကွက်မှာတော်တော်ကျယ်ပြန့်လာပြီး နာမည်ရလာတယ်။

၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့အလယ်လောက်မှာ တီ.ဝိုင်. ဟာ ခေါက်ဆွဲကျော်ဘုရင်ဆိုပြီး လူသိများလာတယ်။ ဒါ့အပြင် သူဟာ တရုတ်ကုန်သည်များအသင်းရဲ့ဥက္ကဋ္ဌဖြစ်ပြီး တရုတ်ပြည်အကြောင်းသင်ကြားပို့ချသူတစ်ဦးဖြစ်လာတယ်။ ကျွန်မဟာ မရေတွတ်နိုင်တဲ့အလှူအတမ်းတွေ၊ မိတ်ဆုံဧည့်ခံပွဲတွေ၊ နိုင်ငံရေးအခမ်းအနားနဲ့ လူမှုအဖွဲ့အစည်းရဲ့ကိစ္စတွေမှာ ပါဝင်လာတယ်။ ပွဲတိုးပြီး အရေးပါအရာရောက်သူတစ်ဦး ဖြစ်လာတယ်။ ကလီဗ်လန်မြို့ရဲ့သတင်းစာတွေထဲမှာ ကျွန်မတို့ရဲ့ရုပ်ပုံတွေနဲ့ နာမည်တွေကို မြင်ရလေ့ရှိပြီး ကျွန်မတို့လုပ်သမျှ၊ ပြောသမျှအရာအားလုံး—စီးပွားရေးစွန့်စားမှုပြုလုပ်ခြင်းကနေ အားလပ်ခရီးထွက်ချိန်အထိ၊ ဒါတင်မက ကျွန်မ စီးတဲ့ဖိနပ်နံပါတ်အထိ—မှတ်တမ်းတင်ခံနေရပုံရှိနေတယ်!

၁၉၄၁ ခုနှစ်၊ ပုလဲဆိပ်ကမ်းကို ဂျပန်လေတပ်ကဗုံးကြဲတဲ့အခါ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်တို့စစ်ဖြစ်ခဲ့ကြတယ်။ ကျွန်မတို့ဟာ အရှေ့တိုင်းသားတွေဖြစ်တဲ့အတွက် စိတ်စွန်းကွက်မှုခံခဲ့ရတယ်။ စစ်ပြီးတဲ့နောက်မှာတောင် သန့်ပြန့်ကောင်းမွန်တဲ့ရပ်ကွက်မှာ ကျွန်မတို့ရဲ့အိမ်ကြီးကို ဆောက်လုပ်တဲ့အခါ အသက်ခြိမ်းခြောက်တဲ့စာကိုရရှိခဲ့တယ်။ ဒါပေမဲ့ ဆောက်လုပ်ပြီးစီးခဲ့ပြီး ကလေးတွေကို အဲဒီမှာတင်ကြီးပြင်းစေခဲ့ပါတယ်။

ဒီလိုနဲ့ လှပပြီး ကျယ်ဝန်းတဲ့အိမ်၊ လေးစားဖွယ်ကောင်းတဲ့ခင်ပွန်းနဲ့ မိသားစု၊ ဒါတင်မက လှပတဲ့အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေကို ကျွန်မပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုကတော့ ကျွန်မကို ဆက်ပြီးရှောင်တိမ်းနေတယ်။ ဘာကြောင့်လဲ။ အကြောင်းတစ်ခုက ကျွန်မတို့မှာ မိသားစုအတူတကွနေရတဲ့အချိန် နည်းနည်းလေးပဲရှိတယ်။ ကလေးတွေ ကျောင်းသွားတဲ့အချိန်ကို ကျွန်မဟာ မနက်တိုင်းထကြည့်နိုင်ခဲ့ပေမဲ့ သူတို့အိပ်ရာဝင်တဲ့အချိန်အထိ ကျွန်မတို့ဟာ အလုပ်လုပ်နေတုန်းပါပဲ။ သူတို့ရဲ့ နေ့စဉ်လိုအပ်ရာကို အိမ်မှုကိစ္စအတွက်ငှားထားတဲ့အမျိုးသမီးကပဲ လုပ်ပေးခဲ့တယ်။

ကျွန်မတို့ရဲ့ဘုရားတွေဟာ ကျွန်မကို စိတ်သက်သာရာမပေးနိုင်ခဲ့ဘူး။ တီ.ဝိုင်. ရယ်၊ ကျွန်မတို့ရဲ့သားကြီးရယ်ဟာ ဖယောင်းတိုင်မီးထွန်းထားတဲ့အိမ်ကလေးထဲကို အတူတူသွားကြပြီး ရုပ်ပုံတွေရှေ့မှာ ဆွမ်းသွားကပ်ကြတယ်။ ဒါပေမဲ့ သူတို့က ဘယ်တော့မှအစာမစားဘူး၊ ဒါနဲ့ပဲ နောက်ပိုင်းကျရင် ကလေးတွေကချည်းပဲ ယူစားလိုက်ကြတယ်။

နောက်ဆုံးတော စိတ်ရှုပ်ထွေးပြီး လွတ်လမ်းမမြင်သလိုခံစားမိတဲ့အတွက် ကျွန်မ မရှိရင် မိသားစုကပိုပျော်စရာကောင်းမှာပဲဆိုပြီး စဉ်းစားမိတယ်။ ဘက်စုံဖိစီးမှုဝင်လာပြီး ကျွန်မဟာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံလိုက်တယ်။ ကျေးဇူးတင်စရာပါပဲ၊ ဆေးရုံကို အချိန်မီရောက်ခဲ့ပြီး နာလန်ထူလာတယ်။

ကျွန်မ၏ဆုတောင်းချက်အတွက် အဖြေ

၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှာ ရံဖန်ရံခါဆိုသလို ကျက်သရေရှိတဲ့ဆံပင်ဖြူနဲ့အမျိုးသမီးတစ်ဦးဟာ သူရဲ့ခင်ပွန်းနဲ့အတူ စားသောက်ဆိုင်ကိုလာတယ်။ ကျွန်မဟာ သူတို့ကိုကြိုဆိုပြီး နေရာထိုင်ခင်းပေးစဉ်မှာပဲ ဘုရားသခင်နဲ့ပတ်သက်ပြီး ကျွန်မကိုပြောပြတော့တာပဲ။ ကျွန်မ လုံးဝစိတ်မဝင်စားဘူး။ ယေဟောဝါသက်သေတွေဟာ အိမ်ကိုလာပြီး ကျွန်မနဲ့ စကားပြောဖို့ကြိုးစားကြဖူးပေမဲ့ သူတို့ကို ကျွန်မတုံးတိတိငြင်းလွှတ်တာချည်းပဲ။ ဒါပေမဲ့ စားသောက်ဆိုင်မှာကျတော့ အခြေအနေကကွာခြားတယ်လေ—“ဖောက်သည်သည် အမြဲမှန်၏!” လို့ဆိုတာကိုး။

ဟယ်လန် ဝင်းတားစ်ဆိုတဲ့ အဲဒီအမျိုးသမီးက သမ္မာကျမ်းစာကိုယုံ၊ မယုံ ကျွန်မကိုမေးတယ်။ “ကျမ်းစာတွေက အများကြီးရှိတယ်၊ ဘယ်ကျမ်းစာလဲ” ဆိုပြီး ကျွန်မကတုံ့ ပြန်လိုက်တယ်။ သူပြန်ရောက်လာတဲ့အခါတိုင်း ‘အဲဒီစိတ်ပျက်စရာကြီးက လာပြန်ပြီ’ လို့စိတ်ထဲကျိတ်တွေးမိတယ်။ ဒါပေမဲ့ သူဟာ ကြင်နာပြီး ဇွဲကောင်းတယ်။ ပရဒိသုမြေကြီးနဲ့ပတ်သက်ပြီး နာကျင်မှု ဒါမှမဟုတ် ဝေဒနာခံစားမှုလုံးဝရှိလိမ့်မှာမဟုတ်ဘူးဆိုတဲ့ သူပြောခဲ့တဲ့အကြောင်းအရာက ကျွန်မကို တကယ်ပဲစိတ်တိမ်းညွှတ်စေခဲ့တယ်။—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄။

သူလာတဲ့အချိန်တစ်ချိန်မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာကျင်းပတဲ့ အစည်းအဝေးတွေကိုဖိတ်ထားပြီး ကျောဘက်မှာ ဘုရားသခင့်နိုင်ငံတော်ရဲ့ကောင်းချီးတွေနဲ့ပတ်သက်လို့ဖော်ပြထားတဲ့ သတင်းအတိုအထွာလေးပါတဲ့ ဖိတ်စာတစ်စောင်ကိုထားခဲ့တယ်။ အဲဒါကို နောက်ပိုင်းကျမှ ဖတ်ကြည့်မိပြီး “ဒါတွေသာ တကယ်ဖြစ်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ” လို့စဉ်းစားမိတာကို ကျွန်မမှတ်မိပါတယ်။ အိမ်မှာကျမ်းစာသင်အံမှုပြုလုပ်ဖို့ သူကမ်းလှမ်းလာပြီး နောက်ဆုံးတော့ ကျွန်မသဘောတူလိုက်တယ်။

အပတ်စဉ်ပဲ ဟယ်လန်ရယ်၊ ကျွန်မရယ်၊ အသက် ၅ နှစ်ကနေ ၁၄ နှစ်အတွင်းရှိကြတဲ့ ကလေးခြောက်ယောက်နဲ့အတူ ကျွန်မတို့ဟာစားပွဲပတ်ပတ်လည်မှာ ဝိုင်းဖွဲ့ ပြီးသင်အံခဲ့ကြတယ်။ ရံဖန်ရံခါဆိုသလို ကလေးတွဟာ စိတ်ဝင်စားမှုလျော့နည်းပုံရှိတဲ့အတွက် သူ့ကို ကျွန်မအားနာလေ့ရှိတယ်။ နိုင်ငံတော်ခန်းမမှာကျင်းပတဲ့ အစည်းအဝေးတွေကို ၁၉၅၁ ခုနှစ်မှာ ကျွန်မတို့စတက်ခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မသင်ယူနေတဲ့အရာဟာ ကျွန်မဆုတောင်းချက်ရဲ့အဖြေပဲဆိုတာကို သိလာတယ်။ ဒါကြောင့် ကျွန်မအတွက်ခက်ခဲပြီး စိန်ခေါ်ချက်ဖြစ်တဲ့ အင်္ဂလိပ်စာကို ကောင်းကောင်းဖတ်တတ်ဖို့သင်ယူဖို့ရာ တကယ်လိုတယ်ဆိုပြီး ကျွန်မဆုံးဖြတ်လိုက်တယ်။

စစ်မှန်သောပျော်ရွှင်မှု အကောင်အထည်ပေါ်လာ

မကြာခင်မှာပဲ ကျွန်မဟာ အသိပညာမှာမြန်မြန်ဆန်ဆန်တိုးတက်လာပြီး ယေဟောဝါဘုရားသခင်ထံမှာ ဘဝကိုဆက်ကပ်အပ်နှံလိုက်တယ်။ ဒီလိုနဲ့ ၁၉၅၁ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာ ကျွန်မဟာ အကြီးဆုံးသားသမီးတွေဖြစ်တဲ့ ဂလိုရီ၊ တောမ်တို့နဲ့အတူ ဝါရှင်တန် ဒီ.စီ. မှာကျင်းပတဲ့စည်းဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံခဲ့ကြတယ်။ ကျွန်မရဲ့ဘဝမှာ ဦးဆုံးအကြိမ် အဓိပ္ပာယ်ရှိလာတာပါပဲ။ ဒါက ကျွန်မအပျော်ဆုံးနှစ်များရဲ့ အစပါပဲ။

ကျွန်မဘဝတစ်လျှောက်လုံး အခြားလူသားတွေကို အလုပ်အကျွေးပြုလာရပေမဲ့ အခုတော့ ကျွန်မတို့ဖန်ဆင်းရှင်ရဲ့အမှုတော်ကို အားလုံးထက်ဦးစားပေးထမ်းဆောင်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်! ကျွန်မဟာ နားထောင်သူမှန်သမျှကို ဘုရားသခင့်နိုင်ငံတော်နဲ့ယှဉ်တဲ့သတင်း စပြီးဝေမျှတော့တာပဲ။ သားသမီးတွေကို ခရစ်ယာန်စည်းဝေးများတက်ရောက်ဖို့လိုအပ်တဲ့အကြောင်း၊ ဘုရားသခင့်နှုတ်မြွက်စကားတော်မှာပါတဲ့ ထူးမြတ်အံ့သြဖွယ်အကြောင်းတွေကို အခြားသူတွေကိုပြောပြဖို့ အရေးကြီးတဲ့အကြောင်း သူတို့စိတ်ထဲမှာစွဲမှတ်သွားစေဖို့လည်း ကျွန်မကြိုးစားခဲ့တယ်။

၁၉၅၃ ခုနှစ်မှာ ကျွန်မတို့ရဲ့အိမ်မှာ အသင်းတော်စာအုပ်ကြီးသင်တန်းကို စပြီးကျင်းပခဲ့တယ်။ နောက်ပိုင်း နှစ်ပေါင်း ၄၅ နှစ်နီးပါးကြာတဲ့အထိ အိမ်မှာပဲဆက်လုပ်တယ်။ နှစ်များတစ်လျှောက် ကျွန်မတို့ရဲ့မိသားစုကို အဲဒါက ဝိညာဉ်ရေးရာမှာ လွန်စွာမှအကူအညီဖြစ်စေပါတယ်။

ဝိညာဉ်ရေးမှာ နိုးနိုးကြားကြားရှိနေပြီး စားတော်ဆက်စီးပွားရေးကို ဆက်ထိန်းထားဖို့ဆိုတာ စိန်ခေါ်ချက်ပါပဲ။ ဒါပေမဲ့ ကျွန်မဟာ လူများစွာတို့နဲ့သင်အံမှုကို ကျင်းပနိုင်ခဲ့ပါတယ်။ သူတို့ထဲက အချို့ဟာ ကျမ်းစာအမှန်တရားကိုလက်ခံပြီး နောက်ပိုင်းမှာ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တွေဖြစ်လာကြတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ကျွန်မတို့ရဲ့သားသမီးအငယ်လေးယောက်ဟာ ယေဟောဝါထံမှာဆက်ကပ်အပ်နှံပြီး နှစ်ခြင်းယူလိုက်ကြတယ်။ တီ.ဝိုင်. ဟာသမ္မာကျမ်းစာကို စိတ်မဝင်စားပေမဲ့ အစည်းအဝေးတွေကို ကားမောင်းပို့ပေးလေ့ရှိတယ်။ ကျွန်မတို့ဟာ သူ့ကိုတရားမဟောဘဲ အိမ်အပြန်လမ်းမှာ အစည်းအဝေးကကြားခဲ့ရတဲ့ အချက်တစ်ချက်၊ နှစ်ချက်အကြောင်း အချင်းချင်းပြောဆိုရုံသာပြုဖို့ ဆုံးဖြတ်ထားကြတယ်။

အဲဒီအချိန်မှာ တီ.ဝိုင်. ဟာမကြာခဏဆိုသလို အမေရိကန်တစ်ခွင်ရှိမြို့တွေကို စီးပွားရေးခရီးထွက်လေ့ရှိတယ်။ ကျွန်မဟာ ဘရွတ်ကလင်၊ နယူးယောက်မှာရှိတဲ့ ကင်းမျှော်စင်အသင်းဌာနချုပ်ဆီကို တယ်လီဖုန်းနဲ့ ကျွန်မတို့ရဲ့အခြေအနေကို ရှင်းပြခဲ့တယ်။ အဲဒီအချိန်မှာ အသင်းမရဲ့အတွင်းရေးမှူး-ဘဏ္ဍာထိန်းဖြစ်တဲ့ ဂရဲန့်စူတာက ကျွန်မတို့နယူးယောက်မှာရှိနေတုန်း အသင်းမရဲ့အဆောက်အအုံတွေကို လည်ပတ်ကြည့်ရှုဖို့ ဖိတ်ခေါ်တယ်။ တီ.ဝိုင်. ဟာအထူးသဖြင့် အဲဒီအချိန်က အယောက် ၅၀၀ စာကိုကျွေးမွေးဖို့ပြင်ဆင်ရတဲ့ စားဖိုဆောင်ရဲ့သန့်ရှင်းမှုကို အလွန်ပဲစွဲမှတ်သွားခဲ့တယ်။

ကျွန်မတို့လည်ပတ်နေတဲ့အချိန်အတွင်းမှာ ရပ်စဲလ် ကာဇင်နဲ့ ဆုံတွေ့မိရာက နောက်ပိုင်းစာတိုက်ကနေ တီ.ဝိုင်. ဆီကို ကျမ်းစာအုပ်တစ်အုပ်ပို့ပေးခဲ့တဲ့အတွက် အဲဒါကိုပြီးတဲ့အထိ သူ ညတိုင်းပဲဖတ်ခဲ့တယ်။ နောက်ပိုင်း ၁၉၅၈ ခု၊ နယူးယောက်မှာကျင်းပတဲ့ ယေဟောဝါသက်သေများရဲ့အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ ကျွန်မရဲ့ခင်ပွန်းဟာ နှစ်ခြင်းယူလိုက်တယ်! ကျွန်မတို့အံ့အားသင့်မိတာက အဲဒီအချိန်က ဌာနချုပ်မိသားစုဝင်တစ်ဦးအဖြစ်အမှုဆောင်နေတဲ့ ကျွန်မတို့ရဲ့သားကြီးဟာ အဲဒီအစီအစဉ်ရဲ့အပိုင်းတိုလေးတစ်ခုမှာ ပါဝင်ခဲ့တာကိုပါပဲ။

သေသည့်အထိ သူသစ္စာစောင်ခဲ့

တီ.ဝိုင်. နဲ့ကျွန်မဟာ တစ်အိမ်တက်ဆင်းအမှုဆောင်လုပ်ငန်းမှာ အတူတကွပါဝင်ကြလေ့ရှိတယ်။ သူ့ရဲမျက်စိမှုန်လာတဲ့အခါ ကျွန်မတို့ဟာ လမ်းပေါ်သက်သေခံခြင်းမှာ မှန်မှန်ပါဝင်ခဲ့ကြတယ်။ သည် ကလီဗ်လန် ပရက်စ်မှာ ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို ဖြတ်သွားဖြတ်လာသူတစ်ဦးထံ ဝေငှနေတဲ့ ကျွန်မတို့ရဲ့ရုပ်ပုံနဲ့အတူ “နဂါးနီ၌ ဘာသာပြောင်းခြင်း” ဆိုတဲ့ခေါင်းစီးတပ်ထားတဲ့ သတင်းတစ်ပုဒ်ပါလာတယ်။ အဲဒီမှာ ကျွန်မတို့ သက်သေခံဖြစ်လာခဲ့တဲ့အကြောင်းကို ဖော်ပြထားတယ်။ ဒါနဲ့ စကားမစပ် နဂါးနီဟာ ချင်းစားတော်ဆက်ဆိုပြီး အမည်ပြောင်းသွားခဲ့တယ်။

အဲဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မရဲ့ခင်ပွန်းနဲ့ ကျွန်မဟာ ကမ္ဘာအနှံ့က ညီအစ်ကို၊ ညီအစ်မများစွာကို ဒီစားတော်ဆက်မှာ ဧည့်ခံခဲ့ကြတယ်။ ကင်းမျှော်စင်သမ္မာကျမ်းစာနဲ့ဝေစာအသင်းရဲ့ ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်နေတဲ့ ညီအစ်ကို ဖရက် ဖရန့်ဇ်ရဲ့အကြံပေးချက်ကို ကျွန်မတို့ ကောင်းကောင်းမှတ်မိပါတယ်။ ကျွန်မတို့ဆီ လာလည်ပတ်တဲ့အခါ သူကဒီလိုတိုက်တွန်းခဲ့တယ်– “သစ္စာရှိပါ၊ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ နီးကပ်စွာစွဲမြဲနေပါ။”

၁၉၇၀ ပြည့်လွန်နှစ်များရဲ့အစောပိုင်းမှာ တီ.ဝိုင်. ဟာလေဖြတ်တဲ့ဝေဒနာကို အကြိမ်ကြိမ်ခံစားခဲ့ရပြီး ၁၉၇၅ ခုနှစ် ဩဂုတ်လမှာဆုံးပါးသွားခဲ့တယ်။ ဒေသခံသတင်းစာတစ်စောင်က ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းမှာ ကင်းမျှော်စင်ဝေငှနေတဲ့သူရဲ့ရုပ်ပုံနှင့်အတူ ရှည်လျားသောသေလွန်သူအတ္ထုပ္ပတ္တိစာတမ်းကို ဖော်ပြခဲ့တယ်။ ကျွန်မတို့ အတူတကွနေထိုင်ခဲ့ကြတဲ့ အချိန်ရဲ့နောက်ဆုံးနှစ်တွေဟာ အကောင်းဆုံးပါပဲ။ နှစ်ပေါင်း ၆၀ ကျော်ဖွင့်လှစ်ပြီးနောက် ချင်းစားတော်ဆက်ကို ၁၉၉၅ ခု၊ ဧပြီလမှာ အပြီးအပိုင်ပိတ်လိုက်တယ်။ အချို့သူတွေအတွက်ဆိုရင် အဲဒါက ခေတ်တစ်ခေတ်ကုန်ဆုံးသွားသလိုပါပဲ။

ဝိညာဉ်ရေးပန်းတုံးတိုင်များကို ဆက်ထားခြင်း

ကျွန်မတို့ရဲ့သားသုံးယောက်ကို မိသားစုစီးပွားရေးလုပ်ငန်းမှာ ဦးဆောင်စေဖို့ တစ်ချိန်က ဆန္ဒရှိခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီဆန္ဒကပြောင်းသွားခဲ့ပြီး; သူတို့ကို ​ယေရှုရဲ့ခြေရာကိုလိုက်လျှောက်ပြီး အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တွေဖြစ်စေချင်တယ်။ သားသမီးတစ်ယောက်စီကို သူတို့အနေနဲ့ ကျွန်မတို့သိရှိထားတဲ့အရာကို အခြားတရုတ်လူမျိုးတွေသိရှိစေဖို့ ရှေ့ဆောင်အဖြစ် ဟောင်ကောင်မှာ သွားရောက်ကူညီလိုသလားလို့ မေးမြန်းခဲ့တယ်။ ကျွန်မတို့က ငွေရေးကြေးရေးထောက်ပံ့ပေးမယ်ပေါ့။ အဲဒီတုန်းက တစ်ယောက်မှတရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ကြပေမဲ့ ဝင်းဖရက်ဒ်၊ ဗစ်တိုးရီယားနဲ့ ရစ်ချက်ဒ်က ဟောင်ကောင်သွားဖို့ ရွေးချယ်လိုက်ကြတယ်။

ကျွန်မတို့ရဲ့သမီး ဝင်းဖရက်ဒ်ဟာ အဲဒီမှာ ၃၄ နှစ်ကျော်တောင် ရှေ့ဆောင်လုပ်ခဲ့တယ်! ဗစ်တိုးရီယားက မားကတ်စ် ဂမ်းနဲ့လက်ထပ်လိုက်ပြီး နောက်ဆုံးတော့ အမေရိကန်ကိုပြန်လာကြတယ်။ သူတို့မှာ သားသမီးသုံးယောက်ထွန်းကားခဲ့တယ်– ကလီဗ်လန်မြို့မှာ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုကိုထမ်းဆောင်နေကြတဲ့ စတက်ဖနီနဲ့ စရား၊ နယူးယောက်မြို့၊ ဝေါလ်ကီးလ် ကင်းမျှော်စင်ခြံမှာ သူ့ရဲ့ဇနီး၊ မိုရ်ဖစ်ဒ်နဲ့အတူ အမှုဆောင်နေတဲ့ ဆိုင်းမွန်းတို့ ဖြစ်ကြတယ်။ အခုဆိုရင် ဗစ်တိုးရီယားနဲ့ မားကတ်စ်က ကျွန်မရဲ့အနီးအနားမှာနေပြီး ကျွန်မကိုစောင့်ရှောက်ပေးနေတယ်။ သူဟာ ကလီဗ်လန်က ကိုဗန်ထရီအသင်းတော်ရဲ့ ဦးစီးကြီးကြပ်မှူးဖြစ်တယ်။

ကျွန်မတို့ရဲ့သမီးအကြီးဆုံး ဂလိုရီဟာ ၁၉၅၅ ခုနှစ်မှာ ပိုလီယိုရောဂါကြောင့် ဘီးတပ်ကုလားထိုင်နဲ့နေရပြီး မစွမ်းမသန်ဖြစ်ခဲ့ရတယ်။ သူနဲ့ သူရဲ့ခင်ပွန်း ဘန်ဟာ ကယ်လီဖိုးယားပြည်နယ်၊ အက်စ်ကန်ဒီဒိုမြို့မှာ နေထိုင်ကြပြီး ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပြီးပုံမှန်ပါဝင်နေတယ်။ တောမ်ကတော့ အချိန်ပြည့်အမှုဆောင်တစ်ဦးအဖြစ်လုပ်ဆောင်ခဲ့တာ ၂၂ ကျော်ပါပြီ။ သူနဲ့ သူ့ရဲ့ဇနီး အက်စတာဟာ အခုလောလောဆယ် နယူးယောက်မြို့၊ ပက်တစင်နယ်မှာရှိတဲ့ ကင်းမျှော်စင်ပညာပေးဌာနမှာ လုပ်ဆောင်နေကြတယ်။ ရစ်ချက်ဒ်နဲ့ သူ့ရဲ့ဇနီး အေမီဟာ တီ.ဝိုင်. မသေဆုံးခင် သူ့ကို ပြုစုစောင့်ရှောက်ဖို့ ဟောင်ကောင်ကနေပြန်လာခဲ့ကြတယ်။ အခုဆိုရင် သူတို့လည်း ပက်တာစင်မှာ လုပ်ဆောင်နေကြတယ်။ ကျွန်မတို့ရဲ့သားထွေး ဝိုလ်ဒန်ဟာ အချိန်ပြည့်ဓမ္မအမှုမှာ နှစ်ပေါင်း ၃၀ ကျော်ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်း ၂၂ နှစ်အတွင်းမှာတော့ သူနဲ့ သူ့ရဲ့ဇနီး မေရီလုဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အသင်းတော်တွေဆီကို တိုက်နယ်နဲ့ ခရိုင်လုပ်ငန်းတွေအတွက် ပါဝင်ဆောင်ရွက်ခဲ့တယ်။

ကျွန်မတို့ရဲ့သားသမီးတွေဟာ ကျွန်မတို့ကို ဘယ်တော့မှ ဘာပြဿနာမှမပေးခဲ့ဘူးလို့တော့ မထင်လိုက်ပါနဲ့။ ဆယ်ကျော်သက်အရွယ်မှာ တစ်ယောက်က အိမ်ကနေထွက်ပြေးသွားပြီး သုံးလလုံးလုံးဘာသတင်းမှ မကြားခဲ့ဘူး။ နောက်တစ်ခါ အခြားတစ်ယောက်ဟာ ဝိညာဉ်ရေးရာထက် အားကစားကိုစိတ်ဝင်စားပြီး ပြိုင်ပွဲဝင်ဖို့အတွက် ပတ်စဉ်မိသားစုကျမ်းစာလေ့လာမှုကို လွတ်လွတ်သွားတယ်။ သူဟာ အားကစားဆိုင်ရာ ပညာသင်ထောက်ပံ့ကြေးကိုတောင်ရတယ်။ တက္ကသိုလ်ဆိုင်ရာ အဲဒီပညာသင်ဆုတစ်ခုခုကို လက်ခံမယ့်အစား အချိန်ပြည့်ဓမ္မအမှုမှာပါဝင်ဖို့ သူဆုံးဖြတ်လိုက်တဲ့အခါ ကျွန်မပခုံးပေါ်က ပေါင်ချိန် တစ်ထောင်လောက်လေးလံတဲ့ဝန်ထုပ်ကြီး ဖယ်ရှားခံလိုက်ရသလို ကျွန်မခံစားခဲ့ရတယ်။

ကျွန်မနားထောင်ခဲ့သည့်အတွက် ကျေးဇူးတင်

ကျွန်မရဲ့သားသမီးတွေဟာ ကမ္ဘာအရပ်ရပ်မှာကွဲလွင့်နေကြပေမဲ့ သူတို့ဟာ ယေဟောဝါအပေါ်သစ္စာရှိရှိအမှုဆောင်နေတာကို သိနေတဲ့အတွက် အဲဒါက ကျွန်မရဲ့စိတ်နှလုံးကို ခွန်အားဖြစ်စေတယ်။ အခုဆိုရင် ကျွန်မဟာ ၈၁ နှစ်ရှိပြီး၊ လေးဖက်နာနဲ့ အခြားဖျားနာမှုတွေကြောင့် ကျွန်မရဲ့လုပ်ဆောင်မှုနှေးကွေးသွားပေမဲ့ ယေဟောဝါအတွက်ထားရှိတဲ့ ကျွန်မရဲ့ဇွဲကတော့ လျော့ပါးမသွားပါဘူး။ ကျွန်မကို ကြည့်ရှုပြုစုဖို့ သားသမီးတွေထဲကတစ်ယောက်မှ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုကနေ ထွက်စရာမလိုရလေအောင် ကျွန်မဟာ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ပါတယ်။

ဘုရားသခင်ရဲ့ရည်ရွယ်တော်မူချက် အပြည့်အဝအကောင်အထည်ပေါ်လာပြီး ကျွန်မရဲ့ခင်ပွန်း၊ မိဘရင်းနဲ့ ကျွန်မတို့ကို ကျမ်းစာသင်ပေးခဲ့တဲ့ ဟယ်လန် ဝင်းတာစ်အပါအဝင် သေလွန်သွားတဲ့ချစ်မြတ်နိုးရသူတွေကို ပြန်တွေ့ရမယ့်အနာဂတ်ကို ကျွန်မစိတ်အားထက်သန်စွာမျှော်လင့်နေပါတယ်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) လွန်ခဲ့တဲ့ ၄၆ နှစ်ကျော်က ကျက်သရေရှိလှတဲ့ဆံပင်ဖြူနဲ့အမျိုးသမီးရဲ့စကားကို နားထောင်မိခဲ့တဲ့အတွက် ကျွန်မပျော်လိုက်တဲ့ဖြစ်ခြင်း! အမှန်ပါပဲ၊ အဲဒီဖောက်သည်ဟာ မှန်ကန်ခဲ့တယ်!

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်မတို့မင်္ဂလာဆောင်စဉ်က

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

၁၉၆၁ ခုနှစ်က ကျွန်မတို့မိသားစု လက်ဝဲဘက်မှ လက်ယာဘက်သို့– ဗစ်တိုးရီယား၊ ဝိုင်၊ ရစ်ချက်ဒ်၊ ဝိုလ်ဒန်၊ တောမ်၊ တီ.ဝိုင်.၊ ဝင်းဖရက်ဒ်နှင့် ရှေ့တန်းမှ ဂလိုရီ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယနေ့ ဝိုင်ချင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ