လူငယ်များ အမေး . . .
ရေ့ဗ်ကပွဲများသည် အန္တရာယ်ကင်းသောပျော်စရာလော
“ကျွန်မရဲ့လက်တွေကိုဆန့်ထုတ်ပြီး ခန္ဓာကိုယ်ထဲတလိမ့်လိမ့်စီးဝင်လာတဲ့ တေးဂီတအသံတွေနဲ့အတူ ကနေတဲ့အခါ တခြားကနေတဲ့သူတွေကြောင့် ခွန်အားတွေပြည့်လာတယ်လို့ခံစားရတယ်။ ဒါဟာ လေထဲမှာလွင့်မျောနေသလိုပဲ။”—ဂျီးန်။
ရေ့ဗ်ကပွဲတက်ရောက်ရခြင်း၏ပီတိဖြစ်မှုကို ဂျီးန်ကထိုသို့ဖော်ပြသည်။ အများအားဖြင့် ညလုံးပေါက်ပြုလုပ်လေ့ရှိသည့် ဤအကပါတီပွဲများသည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဗြိတိန်နိုင်ငံတွင် ပထမဆုံးရေပန်းစားလာခဲ့သည်။ ယခုအခါ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ၊ နယူးဇီလန်၊ တောင်အာဖရိကနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာအနှံ့တွင် နေ့ချင်းညချင်းပေါ်ပေါက်လာသည်။
ရေ့ဗ်ကပွဲများကို ကလပ်များ၊ စွန့်ထားသောသိုလှောင်ရုံများ၊ လွတ်နေသောကွင်းပြင်များ—တစ်ညလုံးစိတ်လွတ်ကိုယ်လွတ် မနားတမ်းကခုန်ရန်အတွက် လူတို့စုရုံးနိုင်သည့်နေရာမှန်သမျှ—တွင်ပြုလုပ်ကြသည်။ “ရေ့ဗ်ကပွဲများသည် လူငယ်တို့အကြိုက်တွေ့သည့်ဖျော်ဖြေမှုအဖြစ် ညကလပ်များတွင် တဖြည်းဖြည်းနေရာယူလာသည်” ဟုတောင်အာဖရိကနိုင်ငံ ဂျိုဟန်စ်ဘတ်ဂ်ျ၊ ဆန်းဒေးတိုင်းမ်စ်မဂ္ဂဇင်းတွင် အာဒမ်လီဗင်ကရေးသားထားသည်။ “သင့်ဆယ်ကျော်သက်ကလေးများက ယင်းကပွဲများအကြောင်းပြောမပြသေးလျှင် သင်တို့ဆက်သွယ်ရေးမကောင်း၍ဖြစ်သည်” ဟုသူထပ်ဆိုခဲ့သည်။
ရေ့ဗ်ကပွဲနယ်ပယ်ကိုဆန်းစစ်ခြင်း
ရေ့ဗ်ကပွဲများကို တစ်ခါတစ်ရံ လျှို့ဝှက်ထားကြရာ၊ ပြုလုပ်သည့်နေ့မရောက်မချင်း ၎င်းနေရာကို ကြေညာလေ့မရှိကြချေ။ သို့သော်ငြားလည်း ရောင်စုံမီးများနှင့် တက္ကနို (techno) တေးဂီတတို့ စည်းချက်မှန်မှန်ဖြင့် စတင်ထွက်ပေါ်လာသောအခါ ဒါဇင်များစွာမှ ထောင်နှင့်ချီသည့်အထိရှိသောလူငယ်များသည် ဆန်းပြားသောအဝတ်အစားများဖြင့် အရပ်အသီးသီးမှတဖွဲဖွဲရောက်ရှိလာကြသည်။ “ယင်းသည် ကနေသောလူများကို ကြီးမားသောစည်းလုံးမှုကြီးတစ်ခုဖြစ်စေပြီး ၎င်းတို့၏ရန်လိုစိတ်များကို ဂီတစည်းချက်ဖြင့် ဖြေဖျောက်လိုက်ကြသည်” ဟုဒုတိယနှစ်ကောလိပ်ကျောင်းသူ ကေတီကဆိုသည်။
သို့သော် ရေ့ဗ်ကပွဲသည် အကအတွက်စုဆုံပေါင်းသင်းခြင်းသက်သက်မျှသာမဟုတ်ပါ။ ရေ့ဗ်ကပွဲတက်ရောက်သူများဆိုကြသကဲ့သို့ ယင်းသည် ယဉ်ကျေးမှုတစ်ခု သို့မဟုတ် “နယ်ပယ်” တစ်ခုလည်းဖြစ်သည်။ ရေ့ဗ်နယ်ပယ်၏အခြေခံမူများမှာ မည်သည့်အနွယ်၊ လူမျိုး သို့မဟုတ် လိင်တူလိင်ခြားစိတ်ဝင်စားသူပင်ဖြစ်စေ ငြိမ်းချမ်းခြင်း၊ စည်းလုံးခြင်းနှင့် လေးစားခြင်းတို့ ဖြစ်သည်ဟု အများစုကယူဆကြသည်။ “ကျွန်တော်ဟာ ဒီလိုပါတီပွဲတွေမှာ ယဉ်ကျေးမှုတွေကိုရောယှက်ဖို့ကြိုးစားနေကြတယ်” ဟုအကတေးဂီတတွင် အထူးကျွမ်းကျင်သူစတိုးဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ “စိတ်ကူးကတော့ နီးကပ်ရင်းနှီးမှုအတွက်ဖြစ်ပြီး အတူတူကခုန်ခြင်းဟာ အဲဒါကိုရစေဖို့ ထိရောက်တဲ့နည်းဖြစ်တယ်” ဟုသူကဆက်ပြောသည်။
ထိုသို့မြင့်မြတ်လှသည့်အသွင်ရှိသောစိတ်ကူးကြောင့် ‘ရေ့ဗ်ကပွဲများတွင် အဘယ်မှားယွင်းမှုရှိနိုင်သနည်း’ ဟုသင်မေးပေမည်။ သို့သော် သင်သုံးသပ်သင့်သော ရေ့ဗ်ကပွဲနယ်၏ အခြားကဏ္ဍတစ်ရပ်ရှိသေးသည်။
ရေ့ဗ်ကပွဲများ၏အောက်တန်းကျမှု
ရေ့ဗ်ကပွဲများတွင် အရက်ယမကာသုံးစွဲခဲသည်ဟု အချို့ဆိုကြသည်။ သို့ရာတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းမူ တစ်ကဏ္ဍဖြစ်သည်။ “မူးယစ်ဆေးဝါးတွေအများကြီးသုံးစွဲမှုသာမရှိရင် လူတွေက ရေ့ဗ်ကပွဲတွေကို ဒီလောက်လွယ်လွယ်ကူကူလက်ခံပါ့မလားဆိုတာ စဉ်းစားစရာဖြစ်တယ်” ဟုဘရိုင်ယန်ဆိုသူ ရေ့ဗ်ကပွဲတက်ရောက်သူတစ်ဦးကဝန်ခံသည်။ “မှန်တာပေါ့၊ အဲဒါတွေမပါဘဲ ရေ့ဗ်ကပွဲတွေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို တခြားလူတွေလည်း စဉ်းစားမိကြတယ်” ဟုသူကထပ်၍ဆိုသည်။ဆေးခြောက်နှင့် အယ်လ်အက်စ်ဒီ (LSD) တို့ကို အချို့သောရေ့ဗ်ကပွဲများတွင် သုံးစွဲမှုများလာသော်လည်း ရေ့ဗ်ကပွဲတက်ရောက်သူများပိုနှစ်သက်သည့် မူးယစ်ဆေးဝါးမှာ အက်စတဲ့ဆီ (Ecstasy) ဟုလူသိများသော အမ်ဒီအမ်အေ (MDMA) ဖြစ်ဖွယ်ရှိသည်။ အက်စတဲ့ဆီသည် အတော်အတန်ဘေးကင်းသည်ဟု သုံးစွဲသူများကဆိုကြသည်။ ယင်းသည် တစ်ညလုံးကစေနိုင်ရုံမျှဖြစ်ပြီး သူတို့၏ရွှင်ပျသောခံစားချက်များကို တိုးမြှင့်ပေးသည်ဟု သူတို့အခိုင်အမာဆိုကြသည်။ သို့တိုင် သည်နယူးယောက်တိုင်းမ်စ် က “ခေတ်ပေါ်မူးယစ်ဆေးဝါးများသည် ဦးနှောက်ကိုထိခိုက်စေနိုင်” ဟူသောခေါင်းစီးအောက်တွင် အက်စတဲ့ဆီသည် “ရေရှည်တွင် အအိပ်၊အစား၊ စိတ်နေသဘောထား၊ စိတ်လှုံ့ဆော်မှုစွမ်းအားနှင့် အခြားစိတ်ပိုင်းဆိုင်ရာဆောင်ရွက်မှုများကို ထိခိုက်စေနိုင်သည်” ဟုဖော်ပြထားသည်။ ထိုမျှသာမကသေးပါ။ “အက်စတဲ့ဆီကြောင့် သေဆုံးသူတချို့ရှိခဲ့ပြီး၊ ဆေးပုံမှန်စားသုံးခဲ့သူတချို့သည် နှလုံးအားနည်းခြင်း၊ အသည်းအားနည်းခြင်း သို့မဟုတ် မေ့မြောခြင်းတို့ဖြစ်ခဲ့ကြသည်” ဟုဒေါက်တာ ဟောင်းဝပ်ဒ်မက်ကင်နီကဆိုသည်။ ထို့ကြောင့် ဒေါက်တာ စီလ်ဗင် ဒီ မီရန်ဒါက ဤသို့ဆိုရခြင်းဖြစ်သည်– “အက်စတဲ့ဆီသုံးဆောင်သည့် ရေ့ဗ်ကပွဲတက်ရောက်သူများသည် သေမင်းနှင့်ကခုန်နေကြခြင်းဖြစ်သည်။”
ဆေးဘက်ဝင်အပင်များဖြင့်ဖော်စပ်ထားသောအက်ဆစ်၊ အက်ဆဲလ်ရေးရှင်း (Accele-ration)၊ ဆေးဘက်ဝင်အပင်များဖြင့်ဖော်စပ်ထားသောအက်စတဲ့ဆီ သို့မဟုတ် ရာ့ရှ် (Rush) စသည့် ဇီဝဆေးဝါးများသည်ပင် ဘေးဖြစ်စေနိုင်သည်။ ဥပမာ၊ အချို့သောအခြေအနေများတွင် ဇီဝအက်ဆဲလ်ရေးရှင်းမူးယစ်ဆေး (the organic drug Acceleration) သည် နှလုံးရပ်တန့်ခြင်းနှင့် သေခြင်းကိုပင်ဖြစ်စေနိုင်သည်ဟု ဆိုကြသည်။
ရေ့ဗ်ကပွဲများတွင် သုံးစွဲသောမူးယစ်ဆေးဝါးများသည် ဘေးကင်းသည်ဟု အခိုင်အမာဆိုသူတို့အတွက် နောက်ထပ်သုံးသပ်စရာရှိသေးသည်။ အက်စတဲ့ဆီအဖြစ် ရောင်းကြသောမူးယစ်ဆေးဝါး ၉၀ ရာခိုင်နှုန်းသည် အက်စတဲ့ဆီအစစ်အမှန်မဟုတ်ဟု ကနေဒါလူမျိုးရဲထောက်လှမ်းရေးအီယန် ဘရစ်ဂ်ျ ကဆိုသည်။ “ယင်းအနက်အမြောက်အမြားသည် ပီစီပီ (PCP) သို့မဟုတ်ဘေးဖြစ်စေသည့်အခြားသောမူးယစ်ဆေးဝါးများဖြစ်သည်” ဟုသူကဆိုသည်။ ဤဆေးဝါးများကိုရောင်းချနေသူများသည် မသမာသူများဖြစ်ကြသည်။ သူတို့သည် မူးယစ်ဆေးဝါးများစတင်၍ အာနိသင်ပြလာသည်နှင့် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားကြသည်။”a
အချို့သောရေ့ဗ်ကပွဲများသည် မူးယစ်ဆေးများနှင့်လွတ်ကင်းမည်မှာ မငြင်းသာပေ။ သို့ရာတွင် ရေ့ဗ်ကပွဲတစ်ခုကိုတက်ရောက်သူမည်ရွေ့မည်မျှသည် တရားမဝင်ပစ္စည်းသုံးစွဲလာကြမည်ကို ကြိုတင်မခန့်မှန်းနိုင်ဟု ရေ့ဗ်ကပွဲတက်ရောက်သူများကပင် ဝန်ခံကြပါလိမ့်မည်။
ရေ့ဗ်ကပွဲများသည် အမှန်ပင်သင့်အတွက်လော
တေးဂီတနှင့်ကခြင်းတို့သည် ပင်ကိုအားဖြင့် မှားသည်ဟုမဆိုနိုင်သကဲ့သို့ ပျော်ရွှင်ဖွယ်အချိန်ရလိုခြင်းကို မလျောက်ပတ်ဟုမဆိုနိုင်ပါ။ အရေးအကြီးဆုံးမှာ ‘ရွှင်လန်းရသောအချိန်’ နှင့် “ကခုန်ရသောအချိန်” ရှိ၏ဟု သမ္မာကျမ်းစာကဆိုထားသည်။ (ဒေ. ၃:၄) “အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။” (ဒေ. ၁၁:၉) ထို့ကြောင့် ဖန်ဆင်းရှင်သည် သင့်အားပျော်ရွှင်စေလို၏! သို့ငြားလည်း “လောကီသားအပေါင်းတို့သည် [စာတန်]၏လက်၌ရှိကြသည်ကို” သတိရပါ။ (၁ ယောဟန် ၅:၁၉) ထို့ကြောင့် ဤလောက ကအမွှမ်းတင်သော ဖျော်ဖြေမှုပုံစံများသည် အကျိုးမပေးသောအရာများနှင့်ငြိစွန်းတတ်သည်ကို မအံ့သြလေနှင့်။
ဥပမာ၊ ရေ့ဗ်ကပွဲများတက်ရောက်သူတို့အကြောင်း စဉ်းစားကြည့်ပါ။ သူတို့သည် “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ” ရန်သမ္မာကျမ်းစာသတိပေးချက်ကို လိုက်လျှောက်နေကြသလော။ (၂ ကောရိန္သု ၇:၁) ရေ့ဗ်ကပွဲတက်ရောက်သူများသည် ငြိမ်းချမ်းရေး၊ မေတ္တာနှင့် စည်းလုံးမှုတို့ကို အားပေးထောက်ခံကြသည်မှာ မှန်ပါသည်။ သို့သော် “အထက်အရပ်မှပညာသည်” သာ၍ “ငြိမ်းချမ်း၏;” သာ၍လည်း “စင်ကြယ်၏။” (ယာကုပ် ၃:၁၅၊ ၁၇၊ ကဘ) ‘ရေ့ဗ်ကပွဲများမကြာခဏတက်ရောက်သူတို့၏အကျင့်များသည် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင်တွေ့ရသော စံနှုန်းများနှင့်ကိုက်ညီသလော။ ကျွန်ုပ်သည် “ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ” တို့နှင့်တစ်ညလုံးအချိန်ကုန်လိုသလော ဟူ၍သင့်ကိုသင်မေးကြည့်ပါ။’—၂ တိမောသေ ၃:၄; ၁ ကောရိန္သု ၆:၉၊ ၁၀; ဟေရှာယ ၅:၁၁၊ ၁၂ နှိုင်းယှဉ်။
“မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏” ဟုပေါလုရေးသားခဲ့သောကြောင့် ဤအရာများသည် သုံးသပ်ဖို့ကောင်းသည့် အရေးကြီးသောမေးခွန်းများဖြစ်သည်။ (၁ ကောရိန္သု ၁၅:၃၃) ဘုရားသခင့်ပညတ်များကို လျစ်လျူရှုသူတို့နှင့်ပေါင်းသင်းခြင်းသည် လုံးလုံးဘေးဖြစ်စေပါလိမ့်မည်၊ အကြောင်းမှာ သမ္မာကျမ်းစာက ဤသို့ဖော်ပြထားသောကြောင့်ဖြစ်သည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။”—သု. ၁၃:၂၀။
ရေ့ဗ်ကပွဲများစွာသည် မူးယစ်ဆေးဝါးပါတီပွဲများသာဖြစ်ကာ တက်ရောက်သူတို့သည် ခါးသီးသောဆိုးကျိုးများကိုရိတ်သိမ်းရနိုင်သည်။ ဥပမာ၊ အချို့သောရေ့ဗ်ကပွဲများသည် တရားမဝင်ပြုလုပ်ခြင်းကြောင့်လည်းကောင်း၊ မူးယစ်ဆေးဝါးများသုံးစွဲမှုကြောင့်လည်းကောင်း ရဲများ၏ဝင်ရောက်စီးနင်းမှုနှင့် ပိတ်ပင်မှုကိုခံရသည်။ ဥပဒေမလိုက်နာသူများတွင် သင်ကောပါလိုသလော။ (ရောမ ၁၃:၁၊ ၂) ဥပဒေချိုးဖောက်ခြင်းမရှိလျှင်ပင် ထိုသို့သောပါတီပွဲတစ်ခုကိုတက်ရောက်ပြီး “လောကီအညစ်အကြေးနှင့်ကင်းစင်” နိုင်သလော။ (ယာကုပ် ၁:၂၇) သမ္မာကျမ်းစာ၌ ဆူညံစွာပျော်ပါးစားသောက်သည့်ပွဲများ သို့မဟုတ် “ထင်ရာစိုင်းသောပါတီပွဲများ” (ဘိုင်အင်တန်) ကိုပြစ်တင်ထားသောကြောင့် ရေ့ဗ်ကပွဲတစ်ခုတက်ရောက်ခြင်းသည် ဘုရားသခင်နှင့်လူတို့ရှေ့ ကြည်လင်သည့်ကိုယ်ကိုကိုယ်သိသောစိတ်ကို ထိန်းသိမ်းစေနိုင်ပါမည်လော။—ဂလာတိ ၅:၂၁; ၂ ကောရိန္သု ၄:၁၊ ၂; ၁ တိမောသေ ၁:၁၈၊ ၁၉။
ခရစ်ယာန်များသည် ရေ့ဗ်ကပွဲများ၏အန္တရာယ်ကိုသတိပြုသင့်သည်မှာ ရှင်းပါသည်။ သို့သော် စိတ်ပျက်မသွားပါနှင့်။ သင်ပျော်မွေ့နိုင်သည့် ဖျော်ဖြေမှုများစွာရှိဆဲဖြစ်သည်။ ဥပမာ၊ ယေဟောဝါသက်သေမိသားစုများစွာသည် အကျိုးပေးသောမိတ်ဆုံပွဲများကိုစီစဉ်ခဲ့ကြသည်။b ဂရုတစိုက်စီစဉ်ကြပ်မတ်ပေးခြင်းဖြင့် တက်ရောက်သူအားလုံးသည် ဝိညာဉ်ရေးနှင့် ကာယရေးလန်းဆန်းမှုများခံစားကြရသည်။ သာ၍အရေးကြီးသည်မှာ တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းခြင်းသည် မိမိလူတို့ကိုဝမ်းမြောက်စေလိုသည့် “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါနှစ်သက်တော်မူစေသည်။—၁ တိမောသေ ၁:၁၁; ဒေ. ၈:၁၅။
[အောက်ခြေမှတ်ချက်များ]
a ပီစီပီ (ဖင်စီလီဒင်း) သည် တစ်ခါတစ်ရံ စိတ်ကြွစေရန် တရားမဝင်သုံးစွဲသောမေ့ဆေးတစ်မျိုးဖြစ်သည်။
b နောက်ထပ်အချက်အလက်များအတွက် ၁၉၉၂၊ ဩဂုတ် ၁၅ ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၁၅-၂၀ နှင့် ၁၉၉၇၊ မေ ၂၂ ထုတ်နိုးလော့! [လိပ်] စာမျက်နှာ ၈-၁၀ တို့ကိုရှု။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
တက္ကနိုဟူသည်အဘယ်နည်း
ရိုးရိုးဆိုရလျှင် တက္ကနိုသည် အီလက်ထရွန်းနစ်အကတေးဂီတကိုဆိုလိုသည်။ ယင်းတွင် အမျိုးအစားများစွာပါဝင်သည်။ ယင်းသည် အများအားဖြင့် တစ်မိနစ်လျှင် စည်းချက် ၁၁၅ နှင့် ၁၆၀ ကြားထွက်ပေါ်လေ့ရှိသောကြောင့် တက္ကနိုကို စည်းချက်မှန်ကန်မှုရှိသည်ဟုဆိုကြပေလိမ့်မည်။
“အကျွမ်းမဝင်သူတို့အတွက် တက္ကနိုတေးသံများသည် သွားဆရာဝန်၏သွားဖောက်လွန်မှအသံနှင့် သင်စိတ်ကူး၍ရသည့် သောဒုံမြို့နှင့်ဂေါမောရမြို့ဖျက်ဆီးခံခဲ့ရသည့်ညက အော်ဟစ်ဆူညံသံနှစ်ခုပေါင်းစပ်လိုက်သည့်အသံနှင့်တူသည်” ဟုသည်ယူရိုပီယန်ကဆိုသည်။ သို့ရာတွင် အချို့သောနားထောင်သူများသည် တက္ကနို၏ပုံမှန်ထွက်ပေါ်လာသည့် စည်းချက်၏ဆွဲဆောင်မှုကိုခံရသည်။ “ကျွန်မအတွက် ဒီတေးဂီတဟာ အကန့်အသတ်မရှိတဲ့လွတ်လပ်မှုကိုခံစားရစေတယ်” ဟု ၁၈ နှစ်အရွယ်ရှိခရစ္စတင်းကဆိုသည်။ ဇော်န်ညာလည်း အလားတူခံစားရသည်။ “အစမှာတော့ တက္ကနိုတေးဂီတကို ကျွန်မမကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ပိုနားထောင်လေလေ၊ ပိုကြိုက်လာလေလေပါပဲ။ တကယ်လို့ ကျယ်ကျယ်လောင်လောင်နဲ့ဖွင့်မယ်ဆိုရင် ပြင်းထန်တဲ့စည်းချက်ကနေ ဘယ်လိုမှလွတ်နိုင်မှာမဟုတ်ဘူး။ အလိုလိုလှုပ်ရှားလာတယ်။ သတိမထားမိရင် စည်းချက်က ခင်ဗျားခန္ဓာတစ်ခုလုံးကို ထိန်းချုပ်သွားနိုင်တယ်။” ၁၉ နှစ်အရွယ်ရှာလီသည် တက္ကနိုကိုပို၍အလေးအနက်သဘောထားသည်။ “ဒါဟာတေးဂီတသက်သက်မဟုတ်ဘူး၊ အဝတ်အစားနှင့်ဘာသာစကားတွေနဲ့ဖော်ပြတဲ့ ဘဝလမ်းစဉ်တစ်ခုလုံးဖြစ်တယ်။”
ခရစ်ယာန်များသည် “သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို ဆက်၍သေချာစေ” လိုကြသည်။ (ဧဖက် ၅:၁၀၊ ကဘ) ထို့ကြောင့် သူတို့သည် အခြားသောတေးဂီတအမျိုးအစားမှန်သမျှကို သတိဖြင့်ဆင်ခြင်သကဲ့သို့ တက္ကနိုကိုလည်း သတိနှင့်ဆင်ခြင်သင့်သည်။ သင်သည် တက္ကနို၏ဆွဲဆောင်မှုကိုခံနေရကြောင်းသတိပြုမိလျှင် သင့်ကိုသင်ဤသို့မေးပါ– ‘ဤတေးဂီတပုံစံသည် ကျွန်ုပ်အပေါ် မည်သို့အာနိသင်သက်ရောက်သနည်း။ ယင်းသည် ပျော်ရွှင်မှု၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုတို့ကိုဖြစ်စေသလော။ သို့မဟုတ် ကျွန်ုပ်၏စိတ်ကိုနှိုးဆွသလော။ ဒေါသကိုလှုံ့ဆော်သလော သို့မဟုတ် အကျင့်သိက္ခာပျက်ပြားစေသော အတွေးများကိုလှုံ့ဆော်သလော။ ဤတေးဂီတအမျိုးအစားကိုလိုက်စားခြင်းသည် ယင်း၏ဘဝပုံစံနှင့်ပိုရင်းနှီးစေမည်လော။ ဤတေးဂီတအမျိုးအစားကိုနားထောင်ရန် သို့မဟုတ် ကခုန်ရန် ရေ့ဗ်ပွဲတက်ရောက်ဖို့သွေးဆောင်ခံရမည်လော။’
မှန်ပါသည်၊ အရေးအကြီးဆုံးမှာ ဤသို့– မည်သည့်တေးဂီတကိုသင်နှစ်သက်ပါစေ ယင်းကို သင်နှင့်သင့်ကောင်းကင်ခမည်းတော်စပ်ကြား ဝင်ရောက်ခွင့်လုံးဝမပြုပါနှင့်။