အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း
အနောက်အာဖရိကမှ စီးပွားရေးသမားတစ်ဦးသည် ကိုးနှစ်အရွယ်ကလေးတစ်ဦးကိုဝယ်လိုက်သည်။ အာရှတိုက်တွင် မွေးကင်းစကလေးငယ်တစ်ဦးသည် သဲကန္တာရတွင် အရှင်လတ်လတ်မြေမြှုပ်ခံရ၏။ အရှေ့တိုင်းနိုင်ငံတစ်နိုင်ငံတွင် လမ်းလျှောက်တတ်ခါစကလေးငယ်တစ်ဦးသည် မိဘမဲ့ဂေဟာတစ်ခု၌ လိုလားပြုစုစောင့်ရှောက်မခံရဘဲ ငတ်မွတ်သေဆုံးခဲ့၏။ တူညီသောအရာတစ်ခုသည် ဤကြေကွဲဖွယ်ဖြစ်ရပ်များနှင့်ဆက်စပ်နေသည်– သားကောင်များအားလုံးသည် မိန်းကလေးများဖြစ်ကြသည်။ သူတို့အမျိုးသမီးဖြစ်နေကြခြင်းက ပ,ထားခံရသည့်အကြောင်းရင်းဖြစ်သည်။
ဤဖြစ်ရပ်များသည် သီးခြားဖြစ်ရပ်များမဟုတ်ပါ။ အာဖရိကတိုက်တွင် ထောင်နှင့်ချီသောမိန်းကလေးများနှင့် အမျိုးသမီးငယ်များသည် ကျွန်အဖြစ်သို့ရောင်းချခံကြရပြီး အချို့ကို ၁၅ ဒေါ်လာလောက်မျှနှင့် ရောင်းခဲ့ကြသည်။ ထို့အပြင် နှစ်စဉ်ထောင်ချီသောမိန်းကလေးများသည် အများအားဖြင့် အာရှတိုက်၌ ပြည့်တန်ဆာလုပ်ရန် ရောင်းချခံရ သို့မဟုတ် အတင်းအကျပ်ပြုခံရသည်။ သာ၍ဆိုးသည်မှာ နိုင်ငံအချို့ရှိလူဦးရေကိန်းဂဏန်းများက သန်း ၁၀၀ ထက်မကသောမိန်းကလေးများသည် “ပျောက်ဆုံးနေ” ခြင်းဖြစ်သည်။ ယင်းသည် ကိုယ်ဝန်ဖျက်ချခြင်း၊ ကလေးငယ်များကိုသတ်ခြင်း သို့မဟုတ် မိန်းမများကိုသက်သက်လျစ်လျူရှုခြင်းတို့ကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။
ရှေးအချိန်—ရာစုနှစ်နှင့်ချီပြီး နိုင်ငံများစွာတွင် အမျိုးသမီးများသည် ဤသို့ယူမှတ်ခံလာရကြသည်။ အချို့ဒေသများတွင် ဆက်၍ယူမှတ်နေဆဲပင်။ အဘယ်ကြောင့်နည်း။ ထိုသို့သောဒေသများတွင် ယောက်ျားလေးများကို ပို၍တန်ဖိုးထားကြသောကြောင့်ဖြစ်သည်။ ထိုတွင် ယောက်ျားလေးတစ်ဦးသည် မိသားစုမျိုးဆက်ကိုဆက်ထိန်းနိုင်ပြီး အမွေဆက်ခံနိုင်သည်သာမက ဤဒေသများတွင် အသက်ကြီးသူများအတွက် မည်သည့်အစိုးရပင်စင်မျှမရှိသဖြင့် မိဘများအသက်ကြီးလာသောအခါ ပြုစုပေးနိုင်သည်ဟု ယူဆကြ၍ဖြစ်သည်။ “မိန်းကလေးတစ်ဦးကိုပြုစုပျိုးထောင်ပေးခြင်းသည် သင့်အိမ်နီးချင်း၏ဥယျာဉ်ထဲရှိ အပင်တစ်ပင်ကို ရေလောင်းပေးခြင်းနှင့်တူ၏” ဟူသည့်အာရှဆိုရိုးစကားရှိသည်။ သူမကြီးပြင်းလာသောအခါ အိမ်ထောင်ပြုရန်ထွက်သွားမည် သို့မဟုတ် ပြည့်တန်ဆာလုပ်ရန်ပင် ရောင်းချခံရနိုင်၍ အသက်ကြီးသောမိဘများကိုစောင့်ရှောက်ရာတွင် အနည်းငယ် သို့မဟုတ် လုံးဝမကူညီနိုင်တော့ချေ။
ဝေစုနည်းနည်းရ
ဆင်းရဲနွမ်းပါးမှုဒဏ်ခံရသည့်နိုင်ငံများတွင် ဤသဘောထားကြောင့် မိသားစုဝင်မိန်းကလေးများခမျာ ဝဝလင်လင်မစားရ၊ ကျန်းမာရေးကောင်းစွာဂရုစိုက်မခံရ၊ ကျောင်းကောင်းကောင်းမနေရဖြစ်ရရှာသည်။ ယောက်ျားလေး ၅ ရာခိုင်နှုန်းမျှနှင့်ယှဉ်လျှင် မိန်းကလေး ၁၄ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့ကြသည်ဟု အာရှနိုင်ငံတစ်နိုင်ငံရှိသုတေသီများတွေ့ရှိခဲ့ကြသည်။ တချို့သောနိုင်ငံများတွင် ကျန်းမာရေးဌာနများသို့ ကုသမှုခံယူရန်ခေါ်ဆောင်လာခြင်းခံရသည့် ယောက်ျားလေးများသည် မိန်းကလေးများထက် နှစ်ဆမကပိုများသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ကရှင်းလင်းဖော်ပြသည်။ ထို့အပြင် အာရှတိုက်တောင်ပိုင်းနှင့် အနောက်ပိုင်းအပြင် အာဖရိကရှိအမျိုးသမီးငယ် ၄၀ ရာခိုင်နှုန်းကျော်သည် စာမတတ်ကြချေ။ “အကြီးအကျယ်ကျားမခွဲခြားမှုသည် ဖွံ့ဖြိုးဆဲကမ္ဘာတွင် ဆက်ရှိနေသည်” ဟုယူနီဆက်ဖ်သံတမန်အရာရှိဟောင်းအော်ဒရီ ဟက်ပ်ဘန်းကမြည်တမ်းခဲ့သည်။
ဤ “ကျားမခွဲခြားမှု” သည်မိန်းကလေးများအရွယ်ရောက်လာသည်အထိ ပျောက်ကွယ်မသွားပါ။ ဆင်းရဲမှု၊ ရာဇဝတ်မှုနှင့် ပင်ပင်ပန်းပန်းလုပ်ဆောင်မှုတို့သည် အမျိုးသမီးတစ်ဦး၏အဖြစ်များသော ဘဝကြမ္မာဖြစ်သည်၊ သူမသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့်သာတည်း။ ကမ္ဘာ့ဘဏ်၏ဥက္ကဋ္ဌက ဤသို့ဆိုသည်– “အမျိုးသမီးများသည် ကမ္ဘာ့လုပ်ငန်း၏သုံးပုံနှစ်ပုံကိုလုပ်ကြသည်။ . . . သို့တိုင် သူတို့သည် ကမ္ဘာ့ဝင်ငွေ၏ဆယ်ပုံတစ်ပုံမျှသာရရှိကြပြီး ကမ္ဘာ့ဥစ္စာပစ္စည်း၏တစ်ရာခိုင်နှုန်းအောက်သာ ပိုင်ဆိုင်ကြသည်။ သူတို့သည် ကမ္ဘာ့လူမွဲစာရင်းဝင်အဆင်းရဲဆုံးသူများဖြစ်ကြသည်။”
ကုလသမဂ္ဂသတင်းအရ အလွန်ဆင်းရဲသောဒေသတွင် နေထိုင်သော ကမ္ဘာ့လူဦးရေ ၁.၃ ဘီလီယံတွင် ၇၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်ကြ၏။ “ယင်းသည် သာ၍ဆိုးရွားလျက်ရှိသည်။ လုံးဝချွတ်ခြုံကျစွာအသက်ရှင်နေရသည့် ကျေးတောသူဦးရေသည် လွန်ခဲ့သောအနှစ်နှစ်ဆယ်ကျော်အတွင်း ၅၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာသည်။ ဆင်းရဲမှုသည် အမျိုးသမီးတစ်ဦး၏မူပိုင်ပို၍ပို၍ဖြစ်လာသည်” ဟုထိုသတင်းတွင် ထပ်၍ဖော်ပြထားသည်။
ဆင်းရဲတွင်းနက်ခြင်းထက်ပင် ပို၍ထိခိုက်စေသည့်အရာမှာ အမျိုးသမီးများစွာ၏ဘဝကိုဖျက်ဆီးပစ်သည့် အကြမ်းဖက်မှုဖြစ်သည်။ ခန့်မှန်းချက်တစ်ခုအရ မိန်းကလေးသန်းတစ်ရာခန့်သည် အဓိကအားဖြင့် အာဖရိကတိုက်တွင် လိင်အင်္ဂါဇာတ်ခွဲစိတ်ဖြတ်တောက်ခြင်းကိုခံရသည်။ မုဒိမ်းမှုသည် နေရာအနှံ့ဖြစ်ပွားလျက်ရှိရာ အချို့နိုင်ငံများတွင် အမျိုးသမီး ၆ ယောက်တွင် ၁ ယောက်သည် သူမ၏အသက်တာအတွင်း ဗလက္ကာရပြုခံရကြောင်း လေ့လာမှုများကဖော်ပြသော်လည်း အချို့ဒေသများတွင် အများအားဖြင့် မှတ်တမ်းမှတ်ရာမရှိပေ။ စစ်မှုများသည် အမျိုးသားများရော အမျိုးသမီးများကိုပါ ထိခိုက်သော်လည်း ၎င်းတို့၏အိမ်မှ ထွက်ပြေးရန် အတင်းအကျပ်ပြုခံရသည့် ဒုက္ခသည်အများစုသည် အမျိုးသမီးများနှင့်ကလေးငယ်များဖြစ်ကြသည်။
မိခင်များနှင့် ထောက်ပံ့သူများ
မိသားစုကိုစောင့်ရှောက်ရသည့်ဝန်သည် မိခင်များအပေါ်ပိုပိလေ့ရှိသည်။ သူမသည် နာရီများစွာလုပ်ရဖို့အကြောင်းရှိပြီး တစ်ခါတစ်ရံ တစ်ဦးတည်းသော ထောက်ပံ့သူဖြစ်တတ်ပေသည်။ အာဖရိကကျေးလက်ဒေသအချို့တွင် မိသားစုထက်ဝက်နီးပါးကို အမျိုးသမီးများကဦးဆောင်ဦးရွက်ပြုကြရသည်။ အနောက်တိုင်းရှိတချို့သောဒေသများတွင် မိသားစု၏ကြီးမားသောအပိုင်းကဏ္ဍကို အမျိုးသမီးများက ဦးဆောင်ဦးရွက်ပြုကြရသည်။
ထို့အပြင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးသမီးများသည် ထုံးတမ်းစဉ်လာအရ ထင်းခွေရေခပ်ကဲ့သို့သော အပင်ပန်းဆုံးအလုပ်အချို့ကို လုပ်ဆောင်ကြရ၏။ သစ်တောပြုန်းတီးခြင်းနှင့် တိရစ္ဆာန်စားကျက်များအကြီးအကျယ်ထွင်ခြင်းတို့ကြောင့် ဤတာဝန်များသည် ပို၍ခက်သွားစေသည်။ မိုးခေါင်သည့်နိုင်ငံတချို့တွင် အမျိုးသမီးများသည် ထင်းရှာရေးတွင် တစ်နေ့လျှင် သုံးနာရီ သို့မဟုတ် ထို့ထက်မကအကုန်ခံရကာ ရေခပ်ဖို့အတွက် တစ်နေ့လျှင် လေးနာရီအကုန်ခံကြရသည်။ ဤငြီးငွေ့ဖွယ်တကုပ်ကုပ်လုပ်ရသောအလုပ်ကို လုပ်ပြီးမှသာလျှင် သူတို့တာဝန်ရှိသည့် အိမ်အလုပ်၊ မြေယာလုပ်ငန်းကို စလုပ်နိုင်ကြသည်။
ဆင်းရဲမှု၊ ငတ်မွတ်မှု သို့မဟုတ် ပဋိပက္ခဖြစ်မှုကိုရင်ဆိုင်နေရသောနိုင်ငံများတွင် အမျိုးသားများရောအမျိုးသမီးများပါ ဆင်းရဲခြင်းကိုနေ့စဉ်ကြုံတွေ့နေကြသည်မှာ ထင်ရှားသည်။ သို့သော် အမျိုးသမီးများသည် မချိမဆံ့ခံနေရ၏။ ဤအခြေအနေသည် ပြောင်းလဲပါဦးမည်လော။ တစ်နေ့တွင် နေရာတိုင်းရှိအမျိုးသမီးများ လေးလေးစားစားနှင့် ထောက်ထားစာနာစွာဆက်ဆံခံရမည့် သေချာသောအလားအလာတစ်ခုခုများရှိပါသလော။ ယခုပင် အမျိုးသမီးများသည် ၎င်းတို့၏ခံစားရမှုကို တိုးတက်စေနိုင်သည့်အရာတစ်ခုခုများရှိပါသလော။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
မိန်းကလေးပြည့်တန်ဆာများ—မည်သူ့ကိုအပြစ်တင်ရမည်နည်း
ခန့်မှန်းချက်တစ်ခုအရ နှစ်စဉ်ကလေးငယ်တစ်သန်း—အများအားဖြင့် မိန်းကလေးများ—သည် ပြည့်တန်ဆာလုပ်ရန် အတင်းအကျပ်ပြုခံရသည် သို့မဟုတ် ရောင်းစားခံရသည်။ အရှေ့တောင်အာရှမှလာသော အရေယာaကသူ၏အတန်းဖော်အချို့၏အဖြစ်အပျက်ကို ဤသို့ပြန်ပြောပြသည်။ “ကူလ်ဗေဒီဟာ ၁၃ နှစ်အရွယ်လေးမှာပဲ ပြည့်တန်ဆာတစ်ယောက်ဖြစ်သွားတယ်။ သူဟာ မိန်းမကောင်းလေးတစ်ယောက်ပါ၊ ဒါပေမဲ့ သူ့အမေဟာ ခဏခဏအရက်မူးပြီး ပိုကာကစားလေ့ရှိတော့ သမီးဖြစ်သူကို ဂရုစိုက်ဖို့အချိန်မရှိဘူးလေ။ ကူလ်ဗေဒီအမေက သူ့ကို အမျိုးသားတွေနဲ့အတူ ငွေထွက်ရှာခိုင်းတယ်၊ သိပ်မကြာပါဘူး၊ သူဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်တော့တာပဲ။”
“ကျွန်မအတန်းထဲက နောက်ကျောင်းသူတစ်ယောက်ဖြစ်တဲ့ ဆီဗွန်ဟာ နိုင်ငံရဲ့မြောက်ပိုင်းကဖြစ်တယ်။ သူ့မိဘတွေက သူ့ကို ပြည့်တန်ဆာလုပ်ဖို့ မြို့တော်ကိုပို့ခဲ့ကြတဲ့အချိန်တုန်းက ၁၂ နှစ်ပဲရှိသေးတယ်။ မိဘတွေက သူ့ကိုနှစ်နှစ်လုပ်ခိုင်းဖို့စာချုပ်ချုပ်ထားတယ်။ ကျွန်မအတန်းထဲက မိန်းကလေး ၁၅ ယောက်ထဲက ၅ ယောက်ဟာ ပြည့်တန်ဆာဖြစ်သွားကြတော့ ဆီဗွန်နဲ့ ကူလ်ဗေဒီတို့လည်းဖြစ်သွားတာ မဆန်းပါဘူး။”
ဆီဗွန်နှင့် ကူလ်ဗေဒီတို့ကဲ့သို့သော လူငယ်သန်းနှင့်ချီရှိကြသည်။ “လိင်ရောင်းဝယ်မှုလုပ်ငန်းသည် အရှိန်အဟုန်ဖြင့်သွားနေသော ဧရာမဈေးကွက်တစ်ခုဖြစ်နေသည်” ဟုယူနက်စကို (ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) မှဝေ့ဆေးလ်အာ တမ်ဆေးလီကညည်းခဲ့သည်။ “၁၄ နှစ်အရွယ်မိန်းကလေးကိုရောင်းစားခြင်းသည် ရိုးအီနေသော သာမညကိစ္စဖြစ်လာသည်။” ဤမိန်းကလေးများသည် လိင်ကျေးကျွန်အဖြစ်အရောင်းခံရပြီးနောက် ယင်းငွေကိုပြန်ဆပ်နိုင်ခြေသိပ်မရှိတော့ချေ။ မန်ဂျူကို ၁၂ အရွယ်တွင် ဖခင်ကရောင်းစားခဲ့ရာ ခုနစ်နှစ်ကြာပြည့်တန်ဆာလုပ်ပြီးနောက်ပင် (ယူ.အက်စ်) ဒေါ်လာ ၃၀၀ ကြွေးတင်ဆဲဖြစ်သည်။ “ကျွန်မဘာမှမတတ်နိုင်တော့ဘူး—ထောင်ချောက်ထဲကျသွားပြီ” ဟုသူကရှင်းပြသည်။
မိန်းကလေးများအဖို့ အေအိုင်ဒီအက်စ်မှလွတ်မြောက်ရေးမှာ သူတို့ကိုကျွန်ပြုသည့်ပြည့်တန်ဆာခေါင်းများ၏လက်မှ လွတ်မြောက်ရေးနီးပါးမျှ ခက်လှပေသည်။ ဤကလေးပြည့်တန်ဆာ ၃၃ ရာခိုင်နှုန်းသည် အေအိုင်ဒီအက်စ်ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု အရှေ့တောင်အာရှတွင်ပြုလုပ်သောလေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ဒေါ်လာသန်းငါးထောင်တန် ပြည့်တန်ဆာလုပ်ငန်းထွန်းကားနေသ၍ ဤမိန်းကလေးများသည် ဆက်၍ကိုယ်စိတ်ဆင်းရဲမှုခံနေရဖို့အကြောင်းများသည်။
ဤစက်ဆုပ်ဖွယ်ကောင်းလှသည့် လုပ်ရပ်အတွက် မည်သူ့ကိုအပြစ်တင်ရမည်နည်း။ မိန်းကလေးများကို ဝယ်သူဖြစ်စေ၊ ရောင်းသူတို့ဖြစ်စေ အများဆုံးအပြစ်တင်ထိုက်သူများဖြစ်သည်မှာ ရှင်းပါသည်။ သို့သော် ကာမရာဂစိတ်ကိုဖြေသိမ့်ရန် မိန်းကလေးများကိုအသုံးပြုသော စက်ဆုပ်ဖွယ်ကောင်းသည့်အမျိုးသားများကိုလည်း အပြစ်တင်ရမည်ဖြစ်သည်။ ထိုသို့သောအကျင့်ယိုယွင်းသူများမရှိလျှင် ဤမိန်းကလေးများ၏ပြည့်တန်ဆာအလုပ်လည်း ရှိတော့မည်မဟုတ်ချေ။
[အောက်ခြေမှတ်ချက်]
a အမည်များကိုပြောင်းထားသည်။
[ရုပ်ပုံ]
နှစ်စဉ် မိန်းကလေးတစ်သန်းခန့်သည် ပြည့်တန်ဆာလုပ်ရန်အတင်းအကျပ်ပြုခံရ
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဗဟိုအာဖရိကရှိ အမျိုးသမီးတစ်ဦး၏ပုံမှန်အလုပ်ချိန်
အမျိုးသမီးသည် ခြောက်နာရီတွင်ထပြီး နံနက်ကိုးနာရီတွင်စားရန် သူ့မိသားစုနှင့်သူ့အတွက် အစာကိုပြင်ဆင်၏။ အနီးရှိချောင်းထဲမှ ရေကိုခပ်ပြီးနောက် သူ၏မြေကွက်ငယ်ဆီသို့ ဦးတည်သွားရ၏– ယင်းသည် တစ်နာရီကြာလမ်းလျှောက်ရသည့်ခရီးဖြစ်နိုင်ပေသည်။
မွန်းလွဲ လေးနာရီမတိုင်မီခန့်အထိ သူသည် လုပ်နေဆဲ၊ ပေါင်းနုတ်နေဆဲ သို့မဟုတ် ရေလောင်းနေရဆဲဖြစ်ပြီး သူယူလာသည့်အစာကိုစားဖို့ ခဏမျှသာနား၏။ ကျန်ရှိသည့်နေ့နှစ်နာရီကို ထင်းခုတ်ရန်နှင့် မိသားစုအတွက် ပီလောပီနံ သို့မဟုတ် အခြားဟင်းသီးဟင်းရွက်များကို ရှာဖွေခူးဆွတ်ရန်အသုံးပြုကာ ယင်းတို့အားလုံးကို အိမ်သို့သယ်လာရသည်။
သူသည် နေဝင်ချိန်တွင် အိမ်ကိုရောက်လေ့ရှိသည်။ ယခု ညစာပြင်ဆင်ရန်ရှိသေး၏၊ နှစ်နာရီ သို့မဟုတ် ယင်းထက်မကလုပ်ရမည့် တာဝန်ဖြစ်သည်။ တနင်္ဂနွေနေ့များ၌ ဒေသရှိချောင်းတွင် အဝတ်အစားများလျှော်ဖွပ်ပြီး ခြောက်သွားသည်နှင့် မီးပူတိုက်ရသည်။
သူ၏ခင်ပွန်းသည် ဤပင်ပန်းသည့်အလုပ်အားလုံးကို လေးမြတ်ခဲသည် သို့မဟုတ် သူ၏အကြံများကို နားထောင်ခဲသည်။ ဇနီးစိုက်ပျိုးထွန်ယက်နိုင်ဖို့ သစ်ပင်များကိုခုတ်ရန် သို့မဟုတ် ချုံနွယ်ပိတ်ပေါင်းများကို မီးရှို့ပေးသော်လည်း ယင်းထက်ပို၍မလုပ်ပေ။ ရံဖန်ရံခါ သူသည် ကလေးများရေချိုးရန် မြစ်ဆီသို့ခေါ်သွားတတ်ပြီး၊ သူသည် အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းကို အနည်းငယ်လုပ်ပေမည်။ သို့သော် သူ၏တစ်နေ့တာအချိန်အများစုသည် ရွာမှအခြားသောအမျိုးသားများနှင့်အတူ စကားပြောနေတတ်သည်။
လင်သားဖြစ်သူသည် တတ်နိုင်သူဖြစ်လျှင် နှစ်အနည်းငယ်ကြာပြီးနောက် သူ၏ချစ်သည်းလေးဖြစ်မည့် ဇနီးသစ်ငယ်ငယ်လေးကို အိမ်သို့ခေါ်လာပါလိမ့်မည်။ သို့သော် သူ၏မယားကြီးသည် ကျန်းမာရေးမကောင်းသည့်အထိ သို့မဟုတ် သေသည့်အထိ ခါတိုင်းကဲ့သို့ဆက်၍လုပ်မြဲလုပ်ရပါလိမ့်မည်။
အာဖရိကအမျိုးသမီးများသည် ပင်ပန်းလှသောအလုပ်ဝန်ကိုထမ်းနေကြ