“လူဦးရေပေါက်ကွဲနေသော မြို့ကြီးများ”
“လူသားတို့သည် တစ်ခါနှင့်မျှမတူအောင် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့လျက်ရှိ၏၊ မိမိတို့၏ဇာတိကို စွန့်ခွာကြသူအများစုသည် ပို၍ကောင်းသောအသက်တာကို ရှာဖွေရန် မြို့ကြီးပြကြီးသို့ ရွှေ့ပြောင်းကြသည်။”
နိုင်ငံခြားရေးကိစ္စများ ဟူသည့်စာစောင်က “ဖွံ့ဖြိုးဆဲလောကမှ လူဦးရေပေါက်ကွဲနေသော မြို့ကြီးများ” ဟူသည့် ဆောင်းပါးတစ်ပုဒ်၏နိဒါန်းတွင် ထိုသို့ဆိုခဲ့သည်။ ထိုဆောင်းပါးအရ၊ လူများစွာတို့သည် “ထိန်လင်းတောက်ပသော အလင်းရောင်များကြောင့် ဆွဲဆောင်ခံခဲ့ကြသည် သို့မဟုတ် နိုင်ငံရေးနှင့်စီးပွားရေး ကယောက်ကယက်ဖြစ်မှု၊ လူဦးရေကြောင့်ကျပ်တည်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာဂေဟစနစ်များ ပျက်ယွင်းလာမှုတို့ကြောင့် ကျေးလက်ဒေသမှ မဖြစ်မနေရွှေ့ပြောင်းခဲ့ကြသည်။”
မြို့ကြီးများ မည်သို့လျင်မြန်စွာတိုးပွားနေသနည်း။ ခန့်မှန်းချက်တချို့အရ တစ်ပတ်လျှင် လူပေါင်း တစ်သန်းထက်မကသည် အလွန်ထိတ်လန့်ဖွယ်သောနှုန်းဖြင့် မြို့ကြီးပြကြီးများသို့ အုပ်လိုက်သင်းလိုက် ရွှေ့ပြောင်းလျက်ရှိကြသည်! ဖွံ့ဖြိုးဆဲဒေသများရှိ မြို့ကြီးပေါင်း ၂၀၀ ကျော်တွင် လူဦးရေသည် ယခုအခါ သန်းအမှတ်ကျော်နေပြီဖြစ်သည်။ မြို့ကြီး ၂၀ ခန့်မှာ ဆယ်သန်းအမှတ်ကို ရောက်ရှိခဲ့ပြီဖြစ်သည်! ထို့ပြင် လျော့ကျသွားမည့်ပုံ မမြင်ချေ။ ဥပမာအနေနှင့်၊ နိုင်ဂျီးရီးယားနိုင်ငံ၊ လားဂိုးစ်မြို့ကိုကြည့်ပါ။ ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံချက်အရ၊ “၂၀၁၅ ခုနှစ်ရောက်သော် လားဂိုးစ်မြို့သည် လူပေါင်း ၂၅ သန်းနီးပါးတို့၏ ဌာနေဖြစ်ကောင်းဖြစ်လာနိုင်ရာ ကမ္ဘာ့ ၁၃ ခုမြောက် အကြီးဆုံးမြို့ကြီးမှ တတိယအကြီးဆုံးမြို့အဖြစ်သို့ တိုးတက်သွားမည်။”
ယင်းသည် အနာဂတ်အတွက် ကောင်းသောလက္ခဏာမဟုတ်ဟု ကျွမ်းကျင်ပညာရှင်များစွာက ယူဆကြသည်။ ၂၀၃၅ ခုနှစ်ရောက်သော် “လူသန်းပေါင်း သုံးထောင်ကျော်သည် ယနေ့တည်ရှိနေသည့် မြို့ပြဒေသများတွင် နေထိုင်ကြလိမ့်မည်” ဟုကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ [UNESCO] ၏ အထွေထွေညွှန်ကြားရေးမှူးဟောင်း ဖက်ဒရီကို မေယာက သတိပေးလိုက်သည်။ ဤထိတ်လန့်ဖွယ် လူဦးရေတိုးပွားလာမှုကို တာဝန်ယူကြည့်ရှုရန် “လာမည့်နှစ်ပေါင်းလေးဆယ်တွင် တစ်နှစ်လျှင် မြို့ကြီး ၂၅ မြို့နှုန်းဖြင့် လူဦးရေသုံးသန်းနေထိုင်မည့် မြို့ကြီးပေါင်းတစ်ထောင်ကို တည်ဆောက်ရမည်။”
မြို့ပြလူဦးရေ လျင်မြန်စွာတိုးပွားလာမှုသည် ကမ္ဘာတစ်ဝန်းရှိမြို့ကြီးများကို ပျက်စီးစေသည်ဟုလည်း ကျွမ်းကျင်ပညာရှင်များက ဆိုကြသည်။ ယင်းတွင် စက်မှုလက်မှုထွန်းကားသော မြို့ကြီးများလည်း ပါဝင်သည်။ အဘယ်ပြဿနာများကို မြို့ကြီးများရင်ဆိုင်နေရပြီး၊ ယင်းက သင့်အပေါ် အဘယ်သြဇာသက်ရောက်နိုင်သနည်း။ ဖြေရှင်းနည်းများကို တွေ့မြင်ရသလော။ ဤအကျပ်ရိုက်စေသောကိစ္စများကို နောက်ဆောင်းပါးများက စိစစ်ဖော်ပြပါလိမ့်မည်။