တဖြည်းဖြည်း မွန်းကျပ်လျက်ရှိသော မြို့ကြီးများ
ကမ္ဘာတစ်ဝန်းလုံးတွင် တိုးပွားလျက်ရှိသော မြို့ကြီးပြကြီးများသည် အလုပ်အကိုင်၊ အိုးအိမ်နှင့် မြို့ပြလူနေမှုဘဝ၏ သက်သာလွယ်ကူမှု ပစ္စည်းများ ရှာဖွေသူ သန်းပေါင်းများစွာကို ဆွဲဆောင်လျက်ရှိသည်။ သို့သော် ပေးရသည့် အဖိုးအခမှာလည်း ကြီးမားလှပေသည်။ ပြန့်ကျဲလျက်ရှိသော အဆိုပါ မြို့ကြီးပြကြီးများတွင် အသက်တစ်ချက် ရှူလိုက်သည့်အခါတိုင်း လူတို့၏ ကျန်းမာရေးကို ယခင်ကထက် ပို၍ အန္တရာယ်ပေးလာလေသည်။
ကမ္ဘာ့အကြီးဆုံး မြို့ကြီး ၂၀ ၏ လေထုညစ်ညမ်းမှုသည် အကြီးအကျယ် ဆိုးရွားလာနေကြောင်း ယူအင်အီးပီ (ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ထံမှ မကြာမီက ရရှိသည့် အစီရင်ခံစာက ဖော်ပြထားသည်။ “အချို့သော အခြေအနေများ၌ လေထုညစ်ညမ်းမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော လန်ဒန် မီးခိုးမြူတမျှ ဆိုးရွားသည်” ဟု ကင်ညာနိုင်ငံတွင် ယူအင်အီးပီမှ ထုတ်ဝေသည့် Our Planet မဂ္ဂဇင်းက ဆိုသည်။ မက္ကဆီကိုစီတီး မြို့သူမြို့သားတို့သည် ဤကိစ္စ၌ အဆိုးဆုံး ခံရကြသည်၊ သို့သော်လည်း ဘန်ကောက်၊ ပီကင်း၊ ကိုင်ရိုနှင့် ဆောပေါ်လို ကဲ့သို့သော မြို့ကြီးပြကြီးများ၌ နေထိုင်ကြသော သန်းပေါင်းများစွာသော ပြည်သူတို့သည်လည်း အခြေအနေ ပို၍ ထူးခြားခြင်း မရှိပေ။
အဆိုပါ မြို့ကြီးပြကြီးများ၏ လေသည် မည်မျှ အန္တရာယ် ကြီးမားသနည်း။ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်နှင့် ခဲကဲ့သို့သော အဓိကညစ်ညမ်းပစ္စည်းများ၏ မြင့်မားသည့် ရေချိန်တို့သည် နည်းအမျိုးမျိုးဖြင့် အန္တရာယ်ပြုသည်။ လူ့ခန္ဓာပေါ်တွင် သက်ရောက်သည့် ၎င်းတို့၏ အာနိသင်များမှာ ကျယ်ဝန်းလှသည်။ ယင်းတို့မှာ အသက်ရှူခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ၊ နဗ်ကြောနှင့် ရိုးတွင်းခြင်ဆီ ထိခိုက်ပျက်စီးခြင်း၊ အသည်းနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ကြသည်။
ညစ်ညမ်းမှု ဖြစ်ရသည့် အကြောင်းရင်းကား အဘယ်နည်း။ Our Planet မဂ္ဂဇင်းအဆိုအရ အဆိုပါ မြို့ကြီးပြကြီးများ၌ ညစ်ညမ်းမှု ဖြစ်စေသည့် တစ်ခုတည်းသော အကြီးဆုံး အကြောင်းရင်းမှာ မော်တော်ယာဉ်များပင် ဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်တွင် မော်တော်ယာဉ် အစီးပေါင်း သန်း ၆၃၀ ရှိနေရာမှ “လာမည့်အနှစ် ၂၀-၃၀ အတွင်း အများအားဖြင့် မြို့ကြီးပြကြီးများ၌ နှစ်ဆ တိုးလာမည်” ဟု မျှော်မှန်းထားသည့်အတွက် မြို့ကြီးပြကြီးများဆိုင်ရာ လေထု၏ အနာဂတ် အလားအလာမှာ မှောင်မိုက်လျက် ရှိသည်။ ပို၍ ဆိုးသည်မှာ လူတို့သည် ကြိုတင်ကာကွယ်တားဆီးမှု အလုံအလောက် ပြုလုပ်ထားခြင်း မရှိခြင်းပင်။ အစီရင်ခံစာက တင်ပြသည့်အတိုင်း မြို့ကြီးပြကြီးအများ၌ “ဤပြဿနာ၏ လေးနက်မှုကို သိမြင်နားလည်သူ အနည်းငယ်သာ ရှိသည်။” ယင်းကြောင့် ထိုသို့သော မြို့ကြီးပြကြီးများအနေနှင့် လေထုသန့်ရှင်းရေးကို အထူး ဦးစားပေး လုပ်ဆောင်ရန် Our Planet မဂ္ဂဇင်းက တိုက်တွန်းရေးသားထားသည်မှာ မထူးဆန်းပေ။ ဤသို့ မပြုလုပ်လျှင် အနာဂတ်အတွက် နိမိတ်မကောင်းလှပေ။ အဆိုပါ ဂျာနယ်၏ ခန့်မှန်းချက်အရ “မြို့ကြီးပြကြီးများ၏ လေထုအခြေအနေ ပို၍ ပို၍ ဆိုးလာသည်နှင့်အမျှ ၎င်းမြို့ကြီးများသည် တဖြည်းဖြည်း မွန်းကျပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရပေမည်။”