ဥယျာဉ်စိုက်ပျိုးခြင်း—သဘာဝမြေသြဇာသုံး၍ ဥယျာဉ်စိုက်ပျိုးနည်း
သင်၏ ဟင်းသီးဟင်းရွက်ခြံထဲမှ မြေကြီးတစ်ဆုပ်ကို ယူကြည့်ပါ။ မြေသည် သက်ရှိပိုးမွှားတစ်ကောင်တလေမျှပင် ရှိပုံမရသည်အထိ ပေါင်းသတ်ဆေးများ၊ ပိုးသတ်ဆေးများ၊ ကြွက်သတ်ဆေးများ၊ မှိုသတ်ဆေးများနှင့် ဝနေသလော။ သို့မဟုတ် တီများ၊ အင်းဆက်ပိုးများ၊ အဏုဇီဝပိုးအမျိုးမျိုးတို့နှင့် ပြည့်နှက်နေသလော။ သင်၏မြေသည် သက်ရှိတို့နှင့်လှုပ်ရွနေလျှင် ဖြစ်နိုင်သည်မှာ သင်သည် သဘာဝမြေသြဇာသုံး စိုက်ပျိုးနည်းကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ အသုံးပြုနေပါသည်။
သဘာဝမြေသြဇာသုံး စိုက်ပျိုးခြင်းတွင် သဘာဝဇီဝရုပ်ပစ္စည်းများသုံး၍ ဥယျာဉ်မြေအရည်အသွေး ပိုကောင်းလာစေသည့်နည်းများ ပါဝင်လေ့ရှိသည်။ ထိုသို့ပြုရသည့်အကြောင်းရင်းတစ်ခုမှာ သီးနှံဖျက်ပိုးမွှားများနှင့် ရောဂါများကို အပင်များတွန်းလှန်နိုင်ရန် ဖန်တီးပေးသော ဂေဟစနစ်ဖြစ်ပေါ်စေဖို့ဖြစ်သည်။ ဥယျာဉ်စိုက်ပျိုးရာ၌ ဓာတုပစ္စည်းများအသုံးပြုလေ့ရှိသော နိုင်ငံများတွင် သဘာဝမြေသြဇာသုံး စိုက်ပျိုးခြင်းကို တိုး၍စိတ်ဝင်စားလာကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းများစွာရှိ၏။
ဦးဆုံး၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် ကပ်ပါလာသည့် ပိုးသတ်ဆေးအကြွင်းအကျန်တို့သည် ရံဖန်ရံခါ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေသည်။ ဥပမာအနေနှင့် “၁၉၈၅ ခုနှစ် နွေကာလတွင် [အမေရိကန်ပြည်ထောင်စု၏] အနောက်ပိုင်းပြည်နယ်အတော်များများနှင့် ကနေဒါမှ လူ ၁,၀၀၀ ခန့်သည် ဖရဲသီးတွင် ကပ်ပါလာသည့် တာမစ်ပိုးသတ်ဆေးအကြွင်းအကျန်ကြောင့် အဆိပ်သင့်ခဲ့ကြောင်း” ပိုးသတ်ဆေးသတိပေးချက်ဟူသောစာအုပ်က ဖော်ပြထားသည်။
ထို့အပြင် သဘာဝမြေသြဇာသုံး စိုက်ပျိုးခြင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သည့်နည်းတစ်နည်းအဖြစ် လူအများယူမှတ်ကြသည်။ အချို့ပိုးမွှားများသည် ဓာတုပိုးသတ်ဆေးများ အကြိမ်ကြိမ်ဖျန်းရ၍ ပိုးသတ်ဆေးပြီးသွားသည်၊ ထို့ကြောင့် သိပ္ပံပညာရှင်များသည် ပိုပြင်းသောအဆိပ်များကို တီထွင်ကြသည်။ အဆိပ်ပြင်းသော ဤဓာတုပစ္စည်းများ မြေအောက်ရေကြောသို့ စိမ့်ဝင်သွားသောအခါ ကျွန်ုပ်တို့၏အဖိုးတန် ရေကို ညစ်ညမ်းစေသည်။
သဘာဝမြေသြဇာသုံး စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးနောက်တစ်ခုမှာ အမှိုက်ပုံကြီးဖြစ်လာစေသည့် စွန့်ပစ်ပစ္စည်းကို လျော့နည်းစေသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ စားကြွင်းစားကျန်များနှင့် ခြံထဲမှအမှိုက်များသည် အတော်အတန်ကြီးသော အမှိုက်ပုံဖြစ်စေသည်။ စွန့်ပစ်မည့်အစား ၎င်းဇီဝဒြပ်စင်များကို စုပုံထားပြီး အဆွေးခံလိုက်ခြင်းဖြင့် သစ်ရွက်ဆွေးမြေသြဇာဟုခေါ်သော မြေဆီမြေနှစ်ဒြပ်ပေါင်းကို ရရှိလာလေသည်။ အဆိုပါဒြပ်နှောသည် မနှစ်မြို့ဖွယ်ဖြစ်နိုင်သော်လည်း အပင်၏အကြိုက် အာဟာရအစာဖြစ်ပေသည်!
နောက်ဆုံးတွင် သဘာဝမြေသြဇာသုံး စိုက်ပျိုးခြင်းကို အချို့က လေ့ကျင့်ခန်းယူရန်၊ နေပူစာလှုံရန်၊ မြေတူးဆွရန်နှင့် သေးငယ်သောအစေ့မှ သန်မာထွားကြိုင်းသော အပင်ဖြစ်လာသည်ကို စောင့်ကြည့်သော နည်းတစ်ခုအဖြစ် ရှုမြင်ကြသည်။ သဘာဝမြေသြဇာသုံး စိုက်ပျိုးခြင်းသည် သင့်အတွက် ဆွဲဆောင်မှုဖြစ်ပါသလော။ သို့ဖြစ်လျှင် စလိုက်ကြပါစို့! ဦးဆုံး သင့်ဥယျာဉ်ထဲရှိမြေကို ကြည့်ကြမည်။
သင့်ဥယျာဉ်ကို မည်သို့စိုက်ပျိုးပြုစုသနည်း
ဥယျာဉ်များစွာတွင် ရွှံ့စေးမြေ သို့မဟုတ် သဲမြေ မြေတစ်မျိုးမျိုးပါဝင်သည်။ သဲမြေတွင် ရေနှင့် အာဟာရဓာတ်များကို အမြစ်အဖွဲ့အစည်းသို့ လျင်မြန်စွာစီးဆင်းစေသည့် သဲပွင့်ကြီးများပါရှိသည်။ တစ်ဖက်တွင်မူ ရွှံ့စေးမြေသည် အလွန်စေးကပ်သောမြေလွှာပါးများရှိရာ မာကျောသောမျက်နှာပြင်ကို ရေစိမ့်ဝင်နိုင်၊ စိမ့်ထွက်နိုင်ခြင်းမရှိ သို့မဟုတ် ရေတင်နေသဖြင့် အပင်၏အမြစ်များကို ရေဝပ်သွားစေသည်။
အမြစ်များခြောက်မသွားစေရန် အစိုဓာတ်ကို ထိန်းပေးထားနိုင်ပြီး တစ်ချိန်တည်းတွင် ရေမဝပ်ရန် စီးထွက်နိုင်သည့် ရွှံ့စေးနှင့်သဲမျှသော မြေဆီလွှာအမျိုးအစားတွင် အပင်၏အမြစ်များ ရှင်သန်ကြီးထွားကြသည်။ ဥယျာဉ်မှူးများက ယင်းမြေနှောကို နုန်းမြေဟုခေါ်ကြသည်။ ဤမြေမျိုးသည် လေဝင်လေထွက်ကောင်းရာ အဏုဇီဝရုပ်များက ၎င်းတို့၏တာဝန်ကိုလုပ်ဆောင်နိုင်သဖြင့် မြေကြီးကို မြေဆီမြေနှစ်တိုးစေသည်။
အချိုးအစားညီမျှရန် ရွှံ့စေးမြေနှင့် သဲမြေနှစ်ခုစလုံးတွင် ဇီဝဒြပ်အတော်များများ—သစ်ရွက်ဆွေးမြေသြဇာ—ထည့်ပေးသင့်သည်။ တူးရွင်းပြားဖြင့် သစ်ရွက်ဆွေးမြေသြဇာကို မြေကြီးထဲထည့်လိုက်သောအခါ ယင်းက မြေကိုပြုပြင်ပေးသည်။ ယင်းသည် ရေမြှုပ်တစ်ခုအလား အစိုဓာတ်ကိုထိန်းပေးသောကြောင့် ရေလောင်းဖို့သိပ်မလိုပေ။ ၎င်းမြေသြဇာတွင် ပုပ်ပျက်နေသောဒြပ်များကို ဆွေးမြေ့စေ၍ အပင်ရှင်သန်ကြီးထွားစေဖို့ လိုအပ်သောအာဟာရဓာတ်များအဖြစ်သို့ ပြောင်းလဲပေးမည့် အကျိုးပြုသောဗက်တီးရီးယား သန်းပေါင်းများစွာပါဝင်သည်။ သစ်ရွက်ဆွေးမြေသြဇာသည် အချဉ်ဓာတ်ရော အငန်ဓာတ်ပါ မများရန်လည်း ထိန်းညှိပေးသည်။
မြေကြီးကိုထွန်ယက်တူးဆွပေးသောအခါ သုံးရွက်ဆိုင်ပဲရိုင်းပင်နှင့် လူဆန်ပဲပင်တို့ကဲ့သို့ အမြစ်နက်နက်ဆင်းသော သီးနှံမျိုးတို့သည် မြေခဲများကို ခွဲပစ်ပြီး သဘာဝမြေသြဇာဒြပ်ကို တိုးပွားစေသည်။ မြေငွေ့ထိန်းပေးခြင်း—ဥပမာ၊ မြက်တိုမြက်စများ သို့မဟုတ် လွှစာမှုန့်ဖြင့် မြေပြင်ကို အုပ်ထားပေးခြင်း—ကလည်း မြေဆီလွှာပေါင်းစပ်ဖွဲ့စည်းမှုပြောင်းလဲရာ၌ အသုံးဝင်သည်။
သင့်ခြံထဲရှိမြေဆီလွှာ တိုးတက်ကောင်းမွန်စေရာ၌ အံ့ဖွယ်တီကောင်သည် အဓိကဇာတ်ကောင်ဖြစ်သည်။ ယင်းသည် မြေအောက် ၁၂ ပေအထိ လိုဏ်ခေါင်းတူးနိုင်သည်ဖြစ်ရာ မြေကြီးကို လေဝင်စေသည်၊ မြေပြင်ပေါ်သို့ သတ္တုဓာတ်အမျိုးမျိုးပို့ပေး၍ ရေစီးရေလာကောင်းမွန်စေသည်။ အဆင့်ဆင့်ဖြစ်စဉ်၌ ယင်းသည် သဘာဝမြေသြဇာသုံး ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းအဆင့်ဆင့်စာအုပ်အရ “ပတ်ပတ်လည်မြေထက် နိုက်ထရိုဂျင်၊ ဖော့စ်ဖရတ်နှင့် ပိုတက်စီယံ ငါးဆကြွယ်ဝသော” တီကျစ်စာများကို စွန့်ပစ်ခဲ့သည်။
ဖားပြုပ်များ၊ ငှက်များနှင့် ပိုးကောင်များ—သင့်ဥယျာဉ်မိတ်ဆွေများ
‘ဒါပေမဲ့ သီးနှံဖျက်ပိုးတွေကျတော့ကော၊ ပိုးသတ်ဆေးတွေမသုံးဘဲ ဘယ်လိုရှင်းပစ်နိုင်မလဲ’ ဟုသင်မေးပေမည်။ ပိုးသတ်ဆေးများက သတ်ပစ်သည်မှာ မလိုချင်သောသီးနှံဖျက်ပိုးများသာမကကြောင်း မမေ့ပါနှင့်။ ၎င်းတို့သည် အကူအညီပေးသည့် တီများနှင့် မှိုများကဲ့သို့သော သက်ရှိများကိုလည်း သုတ်သင်ပစ်သည်။ ဖားပြုပ်များသည်လည်း ဥယျာဉ်ကိုအကျိုးပြုသူများဖြစ်ကြောင်း သတိရပါ။ ဖားပြုပ်တစ်ကောင်သည် သုံးလတာအတွင်း သီးနှံဖျက်ပိုးမွှား ၁၀,၀၀၀ ကျော်ကို စားပစ်နိုင်သည်။ ဖားပြုပ်များသည် အစာမရွေးကြပါ။ ၎င်းတို့၏ဓာတ်စာတွင် အပင်များကို အန္တရာယ်ပြုသော ပုရစ်များ၊ ဘူး၊ ဖရုံဘတ်ပိုးများ၊ ခူကောင်များ၊ အာမီဝမ်းများ၊ ဂျစ်ပစီပိုးဖလံမျိုးနှင့် အခွံမပါပက်ကျိစသည်တို့ ပါဝင်သည်။
ဥယျာဉ်၌ရှိသော အဖျက်ပိုးများကိုထိန်းချုပ်ရာတွင် ငှက်များကလည်း အကျိုးပြုသည်။ အဆိပ်အတောက်မပါသော ဥယျာဉ်စိုက်ပျိုးနည်းဟူသောစာအုပ်အရ အိမ်နေနှံပြီစုတ်တစ်ကောင်သည် “နွေရာသီမွန်းလွဲပိုင်းတစ်ခုတွင် ယင်း၏သားငယ်ကို ပင့်ကူနှင့် ခူကောင် ၅၀၀” ကျွေးမွေးသည်ကို တွေ့ရှိခဲ့ကြသည်။ သင်သည် နှံပြီစုတ် သို့မဟုတ် အင်းဆက်ပိုးစားသည့် အခြားငှက်အချို့ကို ဖိတ်ခေါ်လိုပါက မြင်လွယ်သောနေရာ၌ ငှက်စာ သို့မဟုတ် အသိုက်လုပ်ရာ၌အသုံးပြုသည့် ပစ္စည်းအချို့ကို ချိတ်ဆွဲထားပါ။ များမကြာမီ သင်၏ “ဖိတ်ခေါ်မှု” ကိုလက်ခံကြောင်း တွေ့ရှိရပါလိမ့်မည်! ဘတ်ပိုးများကော။ ဥယျာဉ်ကိုအကျိုးပြုသည့် အင်းဆက်ပိုးများစွာတို့သည် အဖျက်ပိုးများကိုစားသုံးကြသည်။ လေဒီဘတ်ပိုးတောင်မာများကိုဝယ်ယူပြီး သင်၏ဥယျာဉ်ထဲ၌ လွှတ်ထားမည်ဆိုလျှင် သူတို့အနှစ်သက်ဆုံးအစာဖြစ်သော ပျကောင်များကို ချက်ချင်းရှာဖွေစားသောက်ကြပါလိမ့်မည်။ အလားတူ ရှိခိုးကောင် ဥအိမ်များကိုလည်း ဝယ်ယူပြီး ခြံထဲ၌ထားနိုင်ပါသည်။ ဥများပေါက်လာသောအခါ ၎င်းရှိခိုးကောင်များသည် မိမိတို့လမ်းပေါ်ဖြတ်လျှောက်ရဲသော အင်းဆက်ပိုးအားလုံးနီးပါးကို အားပါးတရစားပါလိမ့်မည်။
အပင်များနှင့် ပင်ဖျက်ပိုးထိန်းချုပ်မှု
သင့်ခြံထဲရှိ ပိုးမွှားကောင်ရေကိုထိန်းချုပ်ရန် အချို့အပင်များကို အသုံးပြုနိုင်သည်။ အကာအကွယ်လိုသောအပင်များအနီးတွင် အဖျက်ပိုးများရှောင်ကြဉ်သည့် အပင်များကိုစိုက်ထားပါ။ ဥပမာအနေနှင့် ပင်မြစ်များကို ဖျက်ဆီးပြီး အပင်ကိုချိနဲ့သွားစေသော နီမာတိုဒါကပ်ပါးပိုးများသည် အထပ်တစ်ရာပန်းပင်များမှ ဝေးဝေးနေရန် သတိထားကြသည်။ ရို့စ်မေရီပင်၊ ကလျာဏီပင် သို့မဟုတ် စမုန်ဖြူပင်များကို ဂေါ်ဖီထုပ်အနီး စိုက်ထားသောအခါ ဂေါ်ဖီထုပ်လိပ်ပြာဖြူများကို ယင်းအပင်တို့က နှင်ထုတ်ပေးသည်။ သို့သော် သတိပေးချက်တစ်ခုမှာ အချို့အပင်များသည် သီးနှံဖျက်ပိုးများကို ဆွဲဆောင်တတ်သည်။
သီးနှံပင်များကို အလှည့်ကျစိုက်ပျိုးခြင်းသည် ပိုးမွှားရောဂါထိန်းချုပ်ရာ၌ လက်တွေ့ကျသောနည်းတစ်ခုဖြစ်သည်။ အပင်တစ်မျိုးတည်းကို တစ်နေရာတည်း၌ တစ်နှစ်ပြီးတစ်နှစ် စိုက်ပျိုးမည့်အစား သင်သည် ခြံထဲတွင် အပင်များကို အလှည့်ကျစိုက်လိုပေမည်။ ထိုနည်းအားဖြင့် ရောဂါနှင့် ပိုးမွှားပြန့်ပွားမှုသံသရာကို သင်ရပ်စဲပစ်ရာရောက်မည်။
သဘာဝမြေသြဇာသုံး စိုက်ပျိုးခြင်းသည် ခက်ခဲနိုင်သည်၊ အချိန်နှင့် စိတ်ရှည်မှုလိုအပ်နိုင်သည်။ သဘာဝမြေသြဇာဖြင့် သင်၏မြေဆီလွှာ ကောင်းမွန်စေရန်လုပ်ဆောင်ဖို့ လပေါင်းများစွာ ကြာနိုင်သည်။ နှောင့်နှေးကြန့်ကြာမှုကို သင်ကြုံတွေ့ရနိုင်ပြီး ထိုသို့ဖြစ်သောအခါ ဓာတုဖျန်းဆေးကို လက်လှမ်းရန် ဆွဲဆောင်ခံရပေမည်။ သို့ရာတွင် ထိုသို့မပြုမီ ဓာတုအဆိပ်အတောက်များရှောင်ခြင်း၏ ရေရှည်အကျိုးကျေးဇူးများကို ရပ်တန့်စဉ်းစားပါ။ သို့သော် သင်စိတ်ရှည်မည်ဆိုလျှင် အခြားဥယျာဉ်ခြံများထက် သီးနှံဖျက်ပိုးမွှားနှင့် ရောဂါသာ၍နည်းသော၊ အရသာရှိသည့် သဘာဝမြေသြဇာသုံး ဟင်းသီးဟင်းရွက်များထွက်သော ဥယျာဉ်ခြံတစ်ခုကို များမကြာမီ သင်ပိုင်ဆိုင်နိုင်သည်။ သင်၏ဥယျာဉ်ခြံသည် ပြောစရာမရှိအောင်ကောင်းမွန်လာမည်မဟုတ်သော်လည်း နှစ်လိုဖွယ်အကျိုးဆက်များကြောင့် သင် ပီတိဖြာနိုင်သည်။ ထို့ကြောင့် သင်သည် ဥယျာဉ်စိုက်ပျိုးခြင်း၌ ပျော်မွေ့မည်ဆိုလျှင် သင့်ကိုယ်ပိုင် သဘာဝမြေသြဇာသုံးဥယျာဉ်ခြံတစ်ခြံ တည်ကြည့်ပါလေ။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရွှံ့စေးမြေ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
သဲမြေ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
နုန်းမြေ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
သင့်ဥယျာဉ်မိတ်ဆွေများ
ဖားပြုပ်တစ်ကောင်သည် သုံးလတာအတွင်း သီးနှံဖျက်ပိုးမွှား ၁၀,၀၀၀ ကျော်ကို စားပစ်နိုင်
အိမ်နေနှံပြီစုတ်တစ်ကောင်သည် “နွေရာသီမွန်းလွဲပိုင်းတစ်ခုတွင် ယင်း၏သားငယ်ကို ပင့်ကူနှင့် ခူကောင် ၅၀၀” ကျွေးမွေးသည်ကို တွေ့ရှိခဲ့ကြ
တီကောင်သည် မြေကြီးကို လေဝင်စေပြီး မြေပြင်ပေါ်သို့ သတ္တုဓာတ်အမျိုးမျိုး ယူလာပေး
လေဒီဘတ်ပိုးတောင်မာ၏ အနှစ်သက်ဆုံးအစာမှာ အဖျက်ပိုးတစ်မျိုးဖြစ်သော ပျကောင်ဖြစ်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
သစ်ရွက်ဆွေးမြေသြဇာကို တူးရွင်းပြားဖြင့် မြေကြီးထဲထည့်သောအခါ ယင်းက မြေဆီလွှာကို ပြုပြင်ပေး