ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၁ စာ. ၃-၆
  • ဟင်းသီးဟင်းရွက်ခြံတစ်ခြံ စိုက်ပျိုးပါလေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟင်းသီးဟင်းရွက်ခြံတစ်ခြံ စိုက်ပျိုးပါလေ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်မြေကွက်အရွယ်အစား
  • မြေဆီလွှာနှင့်ပတ်သက်သော သတင်းစကား
  • ဟင်းသီးဟင်းရွက်များကို ရွေးချယ်ခြင်းနှင့်စိုက်ပျိုးခြင်း
  • ဥယျာဉ်ခြံကို ဂရုစိုက်ခြင်း
  • သင့်ဥယျာဉ်၌ မွေ့လျော်ပါ
  • ဥယျာဉ်စိုက်ပျိုးခြင်း—သဘာဝမြေသြဇာသုံး၍ ဥယျာဉ်စိုက်ပျိုးနည်း
    နိုးလော့!—၂၀၀၃
  • ဥယျာဉ်ကို ကျွန်ုပ်တို့မြတ်နိုးမှု
    နိုးလော့!—၁၉၉၈
  • လှလိုက်တဲ့ ဥယျာဉ်ကလေး
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဟင်းသီးဟင်းရွက် စားပေးပါ!
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၁/၀၁ စာ. ၃-၆

ဟင်းသီးဟင်းရွက်ခြံတစ်ခြံ စိုက်ပျိုးပါလေ

ဈေးရှိ စားသောက်ကုန်၏ဈေးနှုန်းမှာ လားရာတစ်ဖက်တည်းသို့သွားနေပါသည်—၎င်းမှာ တရိပ်ရိပ်တက်ခြင်းပင်တည်း! ထိုပြဿနာကိုဖြေရှင်းရန် မိသားစုတစ်စုပြီးတစ်စု ခြံစိုက်ပျိုးလျက်ရှိကြ၏။ ယူ.အက်စ်.တွင် ၁၉၇၃ ၌ဥယျာဉ်ခြံ ၁၀,၈၀၀,၀၀၀ ရှိခဲ့ပြီး ၁၉၇၂ ထက် ၃၀ ရာခိုင်နှုန်းကျော်တိုးများလာကြောင်း ဂဲလပ်ဆန္ဒခံယူပွဲတစ်ရပ်က ဖော်ပြသည်။

သို့သော် ခြံစိုက်ပျိုးမှုတိုးလာခြင်းသည် စီးပွားရေးအကြောင်းများထက်မက ပို၍ပါဝင်သည်။ ရုံးဝန်ထမ်းများသည် ခြံတစ်ခြံတွင်လုပ်ကိုင်ခြင်းဖြင့် ‘မြေကြီးနှင့်အနီးကပ်ထိတွေ့ရခြင်း’ သည် မိမိတို့လုပ်နေကျအလုပ်မှ နှစ်မြို့ဖွယ်အပြောင်းအလဲကိုဖြစ်စေကြောင်း တွေ့ရှိကြသည်။ လူတို့သည် စိုက်ပျိုးခြင်းသို့ဦးလှည့်သွားကြသည့် နောက်ထပ်အဓိကအကြောင်းရင်းမှာ မိမိတို့၏စားပွဲအတွက် သာ၍အာဟာရပြည့်ပြီး အရသာရှိသည့်ဟင်းသီးဟင်းရွက်များရရှိရန်ဖြစ်သည်။

ဥယျာဉ်ခြံတစ်ခြံသည် ငယ်ရွယ်သူများအတွက်လည်း အမှန်ပင်အကျိုးဖြစ်ထွန်းစေ၏။ ယင်းက သူတို့အား တာဝန်ရှိသည်ဟူသောသဘောထားကိုလည်းကောင်း၊ တာဝန်ပေးအပ်ထားရာကို မှန်မှန်ဂရုစိုက်ပြုစုရန်ဟူသော လိုအပ်ချက်ကိုလည်းကောင်း သင်ကြားပေးရန်အသုံးပြုနိုင်သည်။ ခြားနားသောအပင်များကို ခွဲခြားသိရှိရန်သင်ယူခြင်းက ကလေးတစ်ဦး၏အသိပညာကို ကျယ်ပြောလာစေပြီး ကျွန်ုပ်တို့၏ကမ္ဘာမြေနေအိမ်ကို အလှဆင်ပေးသောအပင်လောက၏ အလွန့်အလွန်များပြားမှုကို သူကလေးအား သတိမူစေသည်။

လူတစ်ဦးသည် မိမိ၏ကိုယ်ပိုင်ခြံကို မည်သို့စိုက်ပျိုးမည်နည်း။ သိနှင့်ပြီးသား၊ လုပ်ဆောင်နှင့်ပြီးသားမဟုတ်ပါက ဤတွင်ပါရှိသော အကြံဉာဏ်ကောင်း အတော်များများနှင့် လက်တွေ့ကျအကြံပြုချက်များက လူတစ်ဦး၏ဦးဆုံးဥယျာဉ်ခြံကို ဖြစ်ထွန်းအောင်မြင်ရန် ကူညီပေးနိုင်သည်။

သင့်မြေကွက်အရွယ်အစား

ဦးစွာ ဥယျာဉ်ခြံမြေ၏အရွယ်အစားကို စဉ်းစားထားရမည်။ မိသားစုကြီးသူတစ်ဦးမှာ တန်ဖိုးနည်းနည်းဖြင့် လတ်ဆတ်သောဟင်းသီးဟင်းရွက်ကို ရရှိရန်အတွက် အတော်အတန်ကျယ်သောဥယျာဉ်ခြံကို အလိုရှိပေမည်။ သို့သော် သူတွင် မဖြစ်မနေလုပ်ဆောင်ရသည့်အလုပ်နှင့် မိမိအာရုံစိုက်ရမည့် အခြားတာဝန်များလည်း ရှိပေမည်။ ထို့ကြောင့် သူ့အနေဖြင့် ဤသို့ချင့်ချိန်သုံးသပ်ရမည်– အဆိုပါခြံသည် ဂရုစိုက်ဖို့အတွက်ပေးရသောအချိန်နှင့် ခွန်အားအပြင် ငွေရင်းနှီးမြှုပ်နှံထိုက်သည့်အထိ ထွက်ရှိပါမည်လော။ မူလကစိတ်တွင်ရှိခဲ့သည်ထက် သာ၍ငယ်သောမြေကွက်တစ်ကွက်ကို သူဆုံးဖြတ်လိုက်ပေမည်။ မှန်ပါသည်၊ ဥယျာဉ်ခြံ၏အရွယ်အစားကို ရရှိနိုင်သောမြေပမာဏဖြင့်လည်း ဆုံးဖြတ်ရပါမည်။

ကျယ်ဝန်းသောအိမ်နောက်ဖေးမြေကွက်များရှိသည့် မိသားစုများသည် သီးနှံဖြစ်ထွန်းသော ဟင်းသီးဟင်းရွက်ခြံတစ်ခြံအတွက် သင့်လျော်သောနေရောင်ခြည်ရရှိသည့်နေရာအဖြစ် တွေ့ရှိနိုင်ကြသည်။ ယင်း၏တည်နေရာမှာ အိမ်နှင့်အနီးဆုံးဖြစ်လေလေ တစ်နေ့တာအတွင်း မိသားစုဝင်များသည် အားလပ်မည့်အချိန်တွင် အဆိုပါခြံကိုအာရုံစိုက်နိုင်ခြေ ရှိလေလေဖြစ်ပေမည်။

သာ၍ကျဉ်းမြောင်းသောအခြေအနေများ၌ နေထိုင်သူများပင် ဥယျာဉ်ခြံတစ်ခြံကို စီစဉ်နိုင်လေ့ရှိသည်။ ကားဝင်ထွက်သောလမ်းတစ်လျှောက်ရှိ သေးငယ်သည့်မြေတန်းရှည်တွင် စိုက်ပျိုးနိုင်ပေသည်။ သို့မဟုတ် ရာဇမတ်ကွက်ဖော်ပဲမျိုးဖြစ်စေ၊ ခရမ်းချဉ်ပင်ဖြစ်စေ စိုက်၍ နွယ်များကိုနံရံတစ်လျှောက် သို့မဟုတ် မြေကွက်လပ်လွတ်ပေါ် တင်ထားနိုင်သည်။ စခန်းချယာဉ်ဖြင့်နေထိုင်ကြသူတို့သည် နေရောင်ကျရောက်ရာဘက်ရှိ နောက်တွဲယာဉ်၏အစွန်အဖျားများအောက်တွင် သီးနှံများကိုစိုက်ပျိုးနိုင်ကြပြီး မြို့နေတိုက်ခန်းတွင်နေကြသူတို့သည် အိမ်ခေါင်မိုးပြန့်ပေါ်နှင့် ပြတင်းပေါက်တို့တွင်သေတ္တာဥယျာဉ်များ ထားရှိနိုင်ကြသည်။

စွန့်စားလုပ်ဆောင်သူတို့သည် ဥယျာဉ်ခြံတစ်ခြံအတွက် မြေကွက်ကိုရရှိဖို့ အခြားနည်းများကိုတွေ့ရှိကြသည်။ မိသားစုတစ်စုသည် တစ်စုံတစ်ဦး၌ မိမိတို့သီးနှံစိုက်ပျိုးနိုင်သည့်မြေကွက်ရှိ၊ မရှိ စုံစမ်းမေးမြန်းသည့်ကြော်ငြာကို ဒေသခံသတင်းစာတစ်စောင်တွင် ကြော်ငြာထည့်သွင်းခဲ့သည်။ တုံ့ပြန်မှုအတော်များများကို သူတို့ရပြီးနောက် မိမိတို့နေအိမ်မှ အကွက်အနည်းငယ်လောက်တွင်သာတည်ရှိသည့် မြေသြဇာအလွန်ကောင်းသော ကျယ်ဝန်းသည့်မြေကွက်တစ်ကွက်ကို နောက်ဆုံးရွေးချယ်လိုက်ကြသည်။

သို့သော် အမှန်အားဖြင့် ကျယ်ဝန်းသည့်ဥယျာဉ်ခြံသည် သေးငယ်သောခြံထက် သာ၍အထွက်နည်းပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကောင်းစွာရွေးချယ်ထားသော မြေကွက်ငယ်တွင် သာ၍ကောင်းသောမြေဆီလွှာရှိသောကြောင့်တည်း။

မြေဆီလွှာနှင့်ပတ်သက်သော သတင်းစကား

အခြေခံအားဖြင့် မြေသုံးမျိုးရှိသည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးကြီးထွားမှုအတွက် ယင်းတို့ထဲမှ အကောင်းဆုံးမှာ နုန်းမြေဖြစ်သည်။ အဘယ်ကြောင့်နည်း။ နုန်းမြေတွင် မြေဆွေးများစွာရှိသည်၊ သေသွားသည့်သက်ရှိတို့မှ ဇီဝပစ္စည်းတစ်ခုဖြစ်ပြီး ဆွေးမြည့်ကာ မြေဆီလွှာပြန်ဖြစ်သွားသည်။ နုန်းမြေသည် မည်းနက်ပျော့ပျောင်း၍ ကြေမွလွယ်သည်။ ရေကိုထိန်းထားစဉ် ရေဆိုးထုတ်ခြင်းကိုလည်းဖြစ်စေပြီး တော်သင့်ရုံတူးဆွရလွယ်ကူ၏။

အခြား အခြေခံမြေကြီးနှစ်မျိုးမှာ ရွှံ့မြေနှင့် သဲမြေတို့ဖြစ်ပြီး အဆီအနှစ်ပြည့်ဝခြင်းမရှိချေ။ သို့သော် ကြိုးစားပမ်းစားလုပ်ဆောင်ကာ ဤမြေများကို သင့်လျော်သောအာဟာရများ ထပ်ဆင့်ကျွေးခြင်းဖြင့် အချို့သောဟင်းသီးဟင်းရွက်များကို သာမန်အားဖြင့် စိုက်ပျိုးရန်ဖြစ်စေနိုင်သည်။ ဥပမာ၊ ရွှံ့မြေကိုသုံးသပ်ကြည့်ပါ။ ယင်းသည် သာမန်အားဖြင့် အရောင်ဖျော့ပြီး အလွန်သေးငယ်သောအမှုန်လေးများပါရှိ၏။ ယင်းတို့ အတူတကွစေးကပ်သွားခြင်းက ရေဆိုးကိုထုတ်ပစ်ရန် အားနည်းစေသည်။ သို့သော် သဲ၊ သစ်ရွက်ဆွေး၊ အရိုးမှုန့်အပြင် အခြားသောမြေဆီလွှာအာဟာရများကို ရွှံ့မြေထဲသို့ရောစပ်လိုက်လျှင် သီးနှံများစိုက်ပျိုးရန်အတွက် ယင်းသည် သင့်တော်သောမြေဖြစ်လာပေမည်။

အလားတူ ရွှံ့နှင့်ဆန့်ကျင်ဘက်ဖြစ်၍ ဖွဲ့စည်းတည်ဆောက်မှု၌ ညက်ညောမှုမရှိသောသဲမြေအတွက် အထူးလုပ်ဆောင်မှုလိုအပ်ပေမည်၊ သို့သော် ဟင်းသီးဟင်းရွက်အချို့သည် ယင်းတွင် အမှန်ပင်စိုက်ပျိုးနိုင်ပါသည်။ ဥပမာ၊ ကညွတ်သည် အမှန်အားဖြင့် သဲမြေကို သာ၍နှစ်သက်လေ၏။ သင်၏မြေသည် အဆိုပါအခြေခံမြေသုံးမျိုးပေါင်းစပ်ခြင်းထက် သာ၍ပိုနိုင်ဖွယ်ရာမရှိချေ။ သင်သည် မည်သည့်မြေမျိုးကိုမဆိုအသုံးပြုပါစေ အကောင်းဆုံးဖြစ်ရန်နှင့်ပတ်သက်၍ ပျိုးခင်းတွင်လုပ်ကိုင်သူတစ်ဦးက သင့်အား တိကျသောအကြံပေးချက်ကိုပေးနိုင်သည်။

သင့်ဥယျာဉ်ခြံ၌ အကောင်းဆုံးမြေရှိလင့်ကစား ယင်းကို တော်မှန်စွာစီမံမှသာလျှင် အထွက်ကောင်းမည်ဖြစ်သည်။ ယင်းကို မည်သို့အကောင်းဆုံးပြီးမြောက်စေပုံနှင့်စပ်လျဉ်း၍ ရှုမြင်မှုများကွဲပြားကြသည်။ ခြံစိုက်ပျိုးသူများစွာ၏ ရှုမြင်ချက်အရ အကောင်းဆုံးမှာ နွေဦးတွင်ပျိုးကြဲရန် ယခင်နှစ်ဆောင်းဦးကတည်းက မြေကြီးသည် တစ်စိတ်တစ်ဒေသအားဖြင့် အသင့်ဖြစ်ပြီးသင့်သည်ဟူ၍ဖြစ်၏။ တစ်ပေခန့်အနက်ကို အသေအချာတူးဆွထားခဲ့မည်ဆိုလျှင် ဆောင်းရာသီလများအတွင်း စွတ်စိုမှုမှာ စိမ့်ဝင်သွားလိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် အဆိုပါမြေ၌ မြေသြဇာကိုထည့်သွင်းနိုင်သည်; ယင်းက မြေကြီးကိုပြုပြင်ပေးသည်။

သဘာဝမြေသြဇာအသုံးချ–စိုက်ပျိုးပြုစုနည်းလှုပ်ရှားမှု တိုးများလာနေရာ ဓာတ်မြေသြဇာရှောင်ကြဉ်ခြင်းကို အားပေးထောက်ခံကြသည်။ ထိုခြံစိုက်ပျိုးသူတို့သည် တိရစ္ဆာန်တို့၏မြေသြဇာနှင့် မြေသြဇာအဖြစ်ရောစပ်ထားခြင်းကဲ့သို့သော သဘာဝပစ္စည်းကိုသာအသုံးပြုကြသည်။a တစ်ချိန်က သဘာဝမြေသြဇာပစ္စည်းများကို မွေးမြူရေးခြံများမှသာ ရရှိနိုင်သည်။ သို့သော် ယနေ့ ပျိုးခင်းများတွင် ဓာတ်မြေသြဇာအမျိုးမျိုးကို လွယ်လင့်တကူဝယ်ယူနိုင်သကဲ့သို့ ပြုပြင်စီရင်ထားသောသဘာဝမြေသြဇာများကို ဝယ်ယူနိုင်ကြသည်။

အလားတူ မြို့တွင်နေထိုင်ကြသော ခြံစိုက်ပျိုးသူတို့သည်လည်း သဘာဝမြေသြဇာကို အဖိုးအနည်းငယ် သို့မဟုတ် လုံးဝမပေးဘဲရနိုင်ကြောင်း တွေ့ရှိကြသည်။ မြင်းဇောင်းများနှင့် တိရစ္ဆာန်ဥယျာဉ်များရှိသော မြို့အများစုတွင် မြေသြဇာသုံးရန်ရည်ရွယ်ချက်များအတွက် တိရစ္ဆာန်မစင်များကို ခြံစိုက်သူတို့လာရောက်ယူဆောင်ရန် သို့မဟုတ် ဝယ်ယူရန်ခွင့်ပြုထားကြသည်။ ထို့နောက် ပျစ်ချွဲသောအနယ်အနှစ်သို့ပြုပြင်စီရင်လိုက်သည်။ မြက်အစအနများ သို့မဟုတ် ကောက်ရိုးတို့ဖြင့် ရောစပ်ပြီးသောအခါ ထိုအနည်အနှစ်ကို အကောင်းဆုံးမြေသြဇာအဖြစ် အသုံးပြုနိုင်လေသည်။ ယင်းကို မိလ္လာအညစ်အကြေးများမှ ရရှိသည်။ လှပသောဂေါက်ကွင်းများစွာအတွက် အသုံးပြုကြသည့်မြေသြဇာသည် အမှန်အားဖြင့် ကုန်အမှတ်တံဆိပ်တပ်ကာ ဈေးကြီးကြီးဖြင့်ရောင်းဝယ်ကြသည့် အနည်အနှစ်ရွှံ့ညွန်မျှသာဖြစ်ပါသည်။

စိုက်ပျိုးသည့်ရာသီချိန်ရောက်မှသာ မြေကြီးကို သင်ပြုပြင်မည်ဆိုလျှင် သာ၍ကြိုးပမ်းအားထုတ်ရပေမည်။ ပေါင်းပင်များကို နုတ်ပစ်သင့်ပြီး မြေကြီးကို ခြောက်နိုင်သမျှခြောက် သွေ့စေရသည်။ ထို့နောက် ပြုပြင်စီရင်ထားသော မြေသြဇာကိုထည့်ပေးရသည်။ တစ်ကြိမ်တည်းတွင် လတ်ဆတ်သောမြေသြဇာကိုထပ်ထည့်ခြင်းသည် မိုက်မဲရာကျလေ့ရှိ၏၊ ယင်းက အပင်များကို အပူလောင်စေတတ်သည်။ ထို့နောက် ရေစုမည့်ချိုင့်ခွက်များရှိခြင်းမှတားဆီးရန် မြေကြီး၏မျက်နှာပြင်ကို တူးဆွ၍မြေသားကိုညှိနိုင်သည်။

မည်သည့်နေရာ၌ သင်၏ဥယျာဉ်ခြံတည်ရမည်နှင့် မြေကြီးနှင့်ပတ်သက်သောအကြောင်းအရာကို သိထားခြင်းက ယင်းတွင် မည်သို့သောဟင်းသီးဟင်းရွက်မျိုးကို စိုက်ပျိုးနိုင်ကြောင်းဆုံးဖြတ်နိုင်သည့်အနေအထား၌ သင့်ကိုရှိစေသည်။

ဟင်းသီးဟင်းရွက်များကို ရွေးချယ်ခြင်းနှင့်စိုက်ပျိုးခြင်း

မျိုးစေ့ကက်တလောက်ကို သေချာစွာဖတ်ရှုခြင်းက မည်သည့်ဥယျာဉ်အတွက်မဆို များပြားလှသောအပင်အမျိုးမျိုးကို ရရှိစေနိုင်ကြောင်း ဖော်ပြပေလိမ့်မည်။ သင့်မိသားစု အထူးသဖြင့်ကြိုက်နှစ်သက်သော ဟင်းသီးဟင်းရွက်များကို သင်ဦးစားပေးလိမ့်မည်ကား ရှင်းပါသည်။ စိုက်ပျိုးသည့်ဟင်းသီးဟင်းရွက်များကို ရွေးချယ်ရာ၌ ကလေးများအား ပါဝင်ခွင့်ပြုမည်ဆိုလျှင် သူတို့သည် ထိုစီမံကိန်းတွင် သာ၍ပါဝင်လိုစိတ်ရှိသည်ကိုတွေ့ရမည်ဖြစ်ပြီး သို့နှင့် ၎င်းတို့ကြီးထွားလာစဉ် အဆိုပါဥယျာဉ်ခြံကို ပြုစုဂရုစိုက်ရာ၌ လွယ်လင့်တကူပူးပေါင်းဆောင်ရွက်လာကြမည်။ သို့သော် သုံးသပ်ရန် အခြားကိစ္စများလည်းရှိသည်။

ဈေး၌ ပုံမှန်အားဖြင့် အကုန်အကျပိုများသော ဟင်းသီးဟင်းရွက်များ သို့မဟုတ် အသုံးများသောသီးနှံများကို ရွေးချယ်ပါလေ။ မိသားစုအချို့သည် ခရမ်းချဉ်သီးစိုက်ပျိုးရန် ရွေးချယ်ကြသည်၊ အကြောင်းမှာ မိမိတို့နေထိုင်သောနေရာ၌ ဈေးကြီး၍သာမဟုတ်ဘဲ ခရမ်းချဉ်သီးကို အမျိုးမျိုးအသုံးပြု၍ရခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့ကို အစိမ်းလိုက်သုပ်နိုင်သည်၊ သို့မဟုတ် စည်သွတ်ဘူး၊ ဖျော်ရည်ပြုလုပ်၍ ချက်ပြုတ်နိုင်ကာ သစ်သီးပျော့ဖတ်ရည်နှင့် ဆော့အနှစ်များပြုလုပ်နိုင်သည်။

သင့်ခြံအတွက် ဟင်းသီးဟင်းရွက်များကို ပညာရှိရှိရွေးချယ်ခြင်းက နောက်ပိုင်းတွင် ပိုးမွှားအချို့ကိုစောင့်ကြပ်နေရခြင်း၌ အပြန်အလှန်ကာကွယ်မှုလည်း ဖြစ်စေမည်။ ဥပမာ၊ ပဲနှင့် အာလူးသည် ခြံစိုက်ပျိုးရာ၌ ကောင်းသော “အဖော်အဖက်များ” ဖြစ်ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ပဲသည် ကိုလာရာဒိုအာလူးစား ပိုးတောင်မာများကိုမောင်းနှင်ပြီး အာလူးသည် မက္ကစီကန်ပဲစား ပိုးတောင်မာများမှ ပဲမျိုးကိုကာကွယ်ပေးသောကြောင့်ဖြစ်သည်။ ခရမ်းချဉ်သီးနှင့် ကညွတ်တို့မှာ နောက်ထပ် ပညာရှိပေါင်းစပ်ရာဖြစ်သည်။

ဥယျာဉ်ကို မည်သည့်နေရာတွင်တည်မည်၊ ယင်း၏အရွယ်အစားနှင့် မည်သည့်ဟင်းသီးဟင်းရွက်မျိုး သင်စိုက်ပျိုးမည်ကိုသိရှိထားပြီးနောက် သင်သည် ဥယျာဉ်၏အစိတ်အပိုင်းအသီးသီး၌ မည်သည့်အပင်ကိုစိုက်ပျိုးမည်ဖြစ်ကြောင်း ဖော်ပြခြင်းငှာ စာရွက်ပေါ်တွင် ရိုးရှင်းသောစီမံချက်တစ်ရပ်ကို ဆွဲရပေမည်။ ဟင်းသီးဟင်းရွက်တစ်မျိုးစီ၏ အတန်းလိုက်စပ်ကြားရှိ လိုအပ်သောအကွာအဝေးပမာဏကို ထည့်သွင်းစဉ်းစားပါ။ မုန်လာဥ၊ ဆလတ်၊ ကြက်သွန်နီမျိုးနှင့် ဂေါ်ဖီထုပ်တို့မှာ စောစောရင့်သန်သောကြောင့် စားရန်အသင့်ဖြစ်သောအခါ ခူးရလွယ်ကူစေဖို့ ဥယျာဉ်တွင်း အဆင်ပြေသောနေရာ၌ သင်စိုက်ပျိုးလိုပေလိမ့်မည်။ ထို့ပြင် ပြောင်းဖူးကဲ့သို့သော သာ၍ကြီးသောမည်သည့်အပင်ကိုမဆို အပင်ငယ်များမှလိုအပ်သော နေရောင်ခြည်ကိုမကွယ်စေသောနေရာ၌ သင်စိုက်ပျိုးလိုပေမည်။

သင်ရေးဆွဲထားရာနှင့်အညီ သင့်ခြံ၌စိုက်ပျိုးပါ၊ မျိုးစေ့များကို တော်မှန်သောအကွာအဝေးတစ်ခုနှင့်တစ်ခုအကြား အသေအချာကြဲကာ မြေကြီးထဲတွင် သင့်တော်သောအနက်၌ရှိစေပါ။ (ဤကိစ္စတွင် ဤဆောင်းပါးနှင့်အတူပါရှိသော ပုံစံကားချပ်က သင့်ကိုထောက်ကူပါလိမ့်မည်။) ဥယျာဉ်ခြံ၌စိုက်ပျိုးပြီးသည်နှင့် ယင်းကို ပုံမှန်ဂရုစိုက်ရန်လိုအပ်ပါမည်။

ဥယျာဉ်ခြံကို ဂရုစိုက်ခြင်း

များသောအားဖြင့် တစ်ပတ်တစ်ခါ ပေါက်ပြားဖြင့်ပေါင်းသင်ခြင်းက အဆိုပါဥယျာဉ်ခြံကို ပေါင်းမြက်ကင်းစေ၏။ ဤဖြစ်စဉ်က မြေမျက်နှာပြင်တွင် ပါးလွှာသောမြေဆွေးကိုလည်းဖန်တီးပေးပြီး ဤအကူအညီက ရေကိုထိန်းထားပေးသည်။ မြေကြီးစိုစွတ်နေချိန်၌ စိုက်ပျိုးခြင်းကိုရှောင်ရှားခြင်းက ပညာရှိရာကျသည်၊ ယင်းက မြေစိုင်မြေခဲငယ်များကိုဖြစ်စေပြီး ၎င်းတို့ခြောက်သွေ့သွားစဉ် မာကျောသွားသောကြောင့်ဖြစ်သည်။ ဂရုစိုက်ရန်လိုသေးသည့်အရာမှာ သစ်ပင်များ၏အမြစ်များအနီးတွင် ပေါက်ပြားဖြင့်ပေါင်းပင်ရှင်းသောအခါ ၎င်းတို့ကိုမပျက်စီးစေရန်ဖြစ်သည်။

ရေလောင်းစဉ် ပုံမှန်အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အပင်များကိုကောင်းစွာရေလောင်းခြင်းက အကောင်းဆုံးဖြစ်သည်။ မကြာခဏ ရေတိမ်တိမ်လောက်သာလောင်းခြင်းထက် လေးလက်မမှခြောက်လက်မအထိ ရေကိုတိုးဝင်သွားစေရန် အသေအချာစိမ့်ဝင်စေခြင်းက သာ၍ကောင်းသည်။ မကြာမကြာရေလောင်းခြင်းက ဆိုးကျိုးသက်ရောက်စေနိုင်သည်၊ အပင်များ၏အာဟာရမှီဝဲရာအမြစ်များကို မြေမျက်နှာပြင်အနီးသို့ ဆွဲထုတ်ရာကျသည်။ သို့ရာတွင် သစ်ပင်အမြစ်များသည် နက်ရှိုင်းစွာထိုးဖောက်ဝင်သွားသင့်သည်၊ သို့မှသာ နေရောင်အားဖြင့် ၎င်းတို့သည် အပူလောင်မည်မဟုတ်ချေ။ သို့ဖြစ်၍ သင့်တင့်သောရေလောင်းခြင်းသည် သန်စွမ်းသည့်သီးနှံများရရှိရန် မရှိမဖြစ်လိုအပ်သည်။

ခြံစိုက်ပျိုးသူများစွာအတွက် နှံဖျက်ပိုးမွှားများသည် အဓိကပြဿနာတစ်ရပ်ဖြစ်၏။ အင်းဆက်ပိုးများကို သေစေရန် အတော်အတန်ဘေးကင်းသည့် ဆေးမှုန့်အတော်များများ ဈေးတွင်ရှိသည်။ အညွှန်းအတိုင်းအသုံးပြုလျှင် ခြံစိုက်ပျိုးသူနှင့် သူ၏အိမ်မွေးတိရစ္ဆာန်များအပြင် အပင်များကို ထိခိုက်မည်မဟုတ်ချေ။ သို့တစေ ဤတွင်တစ်ဖန် များစွာသောခြံစိုက်ပျိုးသူတို့သည် ပိုးကောင်များကို နိုင်နင်းရန် “သဘာဝနည်းလမ်းများ” ဟုသူတို့ခေါ်ဆိုကြရာကို ပိုနှစ်သက်ကြသည်။

ခြံစိုက်ပျိုးသူအချို့သည် မိမိတို့စိတ်ချသောပိုးနိုင်ဆေးရည်ကိုဖန်တီး၍ ပက်ဖျန်းကြသည်။ ဥပမာ၊ များစွာသော ပူစပ်သည့်ငရုပ်ကောင်းများအတွဲလိုက်ကို အမှုန့်ကြိတ်၍ ရေဆတူရောကာ ဘာမျှမရောစပ်ထားသော ပန်းကန်ဆေးသန့်စင်ဆေးဆီအနည်းငယ်နှင့် (ရောစပ်ထားရာကိုစွဲကပ်စေရန်) ပေါင်းစပ်ကြသည်; ယင်းက နှံဖျက်ပိုးမွှားများကို ဆီးတားပေးသည်။ အခြားသူတို့က သကာရည်ကိုရေ ၅၀ အချိုးဖြင့်ရောစပ်ပြီး ပိုးနိုင်ဆေးဖျန်းရည်အဖြစ်အသုံးပြုကြ၏။ အချို့တို့ကလည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပင်စိမ်းမျိုးဝင် ပူဒီနာနှင့် ရေမွှေးပန်းအရွက်များ၊ အမြိတ်စားကြက်သွန်မျိုး၊ မုန်လာဥမျိုးများ၊ ငရုပ်ကောင်းမျိုးနှင့် ပန်းဂေါ်ဖီပွင့်စေ့များ အမျိုးမျိုးပါဝင်သည့် ဖော်စပ်ထားရာများကို တီထွင်ပြုလုပ်ကြသည်။

သင့်ဥယျာဉ်၌ မွေ့လျော်ပါ

အချိန်တန်သော် သင့်ကြိုးပမ်းမှုမှာ အကောင်အထည်ပေါ်လိမ့်မည်—ဟင်းသီးဟင်းရွက်များ ဖြစ်ထွန်းလာမည်ပါတကား! ၎င်းတို့ကို အရင့်လွန်သွားမှမခူးဆွတ်မိဖို့ အသေအချာဂရုစိုက်ပါ။ ပဲတောင့်များကို သင့်လျော်သောအချိန်၌ ဆွတ်ခူးပါက အလွန်အရသာရှိသည်; နွယ်ပင်ပေါ်တွင် အချိန်ကြာမြင့်စွာထားပါက ၎င်းတို့မှာ မာကျောလာသည်။ ပဲတောင့်ရှည်များကို အပင်တွင် ကြာမြင့်စွာရှိနေစေခြင်းကလည်း “အကြောအမျှင်ထူ” စေသည်။

သင်စိုက်ပျိုးသောသီးနှံများကို ဆွတ်ခူးရခြင်း၊ စိတ်ရှည်စွာဂရုစိုက်ရခြင်းနှင့် သင့်မိသားစုကမြိန်ရေရှက်ရေစားသောက်ခြင်းကို တွေ့မြင်ရခြင်းက ကျေနပ်မှုများစွာဖြစ်စေသည်။ ခြံစိုက်ပျိုးသူအများစုက ဤကျေနပ်မှုကို ဟင်းသီးဟင်းရွက်ခြံတစ်ခြံစိုက်ပျိုးခြင်းအတွက် အကောင်းဆုံးသောအကျိုးကျေးဇူးဟု ယူဆကြသည်။ (g74 5/22)

[အောက်ခြေမှတ်ချက်များ]

a သင်၏ကိုယ်ပိုင်မြေသြဇာကို မည်သို့ဖော်စပ်ရန်အကြောင်း နိုးလော့! ၁၉၆၉၊ နိုဝင်ဘာ ၂၂ [လိပ်]၊ စာမျက်နှာ ၂၀-၂၂ တွင်ဆွေးနွေးထားပါသည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

သာမန်ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံ

ကြား ကြား

အကွာအဝေး အကွာအဝေး

မျိုးစေ့ကြဲရမည့်အနက် အတန်း အပင်

ဟင်းသီးဟင်းရွက်များ (လက်မ) (ပေ) (လက်မ)

ပဲ (ပဲကျား) ၁ ၂ ၁/၂ မှ ၃ ၃ မှ ၄

ပဲ (ပဲတောင့်ရှည်) ၁ ၂ မှ ၃ ၃ မှ ၄

မုန်လာဥနီ ၁/၂ မှ ၁ ၁ မှ ၁ ၁/၂ ၄ မှ ၆

ဂေါ်ဖီထုပ်ငယ်များ ၁/၂ ၂ မှ ၂ ၁/၂ ၁၂ မှ ၁၈

ဂေါ်ဖီထုပ် ၁/၂ ၁ ၁/၂ မှ ၂ ၁၂ မှ ၁၈

မုန်လာဥဝါ ၁/၄ မှ ၁/၂ ၁ မှ ၁ ၁/၂ ၃ မှ ၄

ပန်းဂေါ်ဖီပွင့် ၁/၂ ၁ ၁/၂ မှ ၂ ၁၄ မှ ၁၈

ပြောင်းဖူး ၁ မှ ၁ ၁/၂ ၁ ၁/၂ မှ ၂ ၁/၂ ၁၈ မှ ၂၄

ဆလတ် (ဆလတ်ရိုး) ၁/၂ ၁ မှ ၁ ၁/၂ ၈ မှ ၁၀

ပဲမျိုး (အဦးကျသော) ၁ မှ ၂ ၁ ၁/၂ မှ ၂ ၄ မှ ၅

မုန်လာဥဖြူ ၁/၂ ၁ ၁ ၁/၂ မှ ၂

ဟင်းနုနွယ် ၁/၂ ၁ မှ ၁ ၁/၄ ၃ မှ ၄

ခရမ်းချဉ်သီး (အပင်ပေါက်) ၁/၄ မှ ၁/၂ ၃ ၁၆ မှ ၁၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ