ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—မျှော်လင့်နိုင်စရာများနှင့် စိုးရိမ်ပူပန်စရာများ
“ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် ကျွန်ုပ်တို့ခေတ်ကာလ၏ စီးပွားရေးဆိုင်ရာ ထူးခြားသောဖြစ်ပျက်မှုကြီးတစ်ခုဖြစ်သည်။ . . . ယင်းသည် ယခုအခါ ကမ္ဘာတစ်ဝန်း သန်းချီရှိသောလူတို့ကို မကြုံစဖူးသော အခွင့်အရေးများ ဆောင်ကြဉ်းပေးလျက်ရှိသည်။”—မာတင်ဝုဖ်၊ ဘဏ္ဍာရေးပင်တိုင်ဆောင်းပါးရှင်။
“ကျွန်ုပ်တို့ ကမ္ဘာသူကမ္ဘာသားများသည် မိသားစုကြီးတစ်စုဖြစ်၏။ ဤခေတ်သစ်သည် စိန်ခေါ်ချက်အသစ်များနှင့် ပတ်ဝန်းကျင်ရုတ်တရက်ကပ်ဆိုက်မှု၊ သဘာဝသယံဇာတကုန်ခန်းမှု၊ သွေးချောင်းစီးသော ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုအစရှိသည့် ကမ္ဘာချီပြဿနာအသစ်များကို ပေါ်ပေါက်စေသည်။”—အက်ဒွါ့ ရှီဗာနာဇီ၊ ဂျော်ဂျီယာသမ္မတ။
၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ယူ.အက်စ်.အေ.၊ စီအဲတဲလ်မြို့၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကပြုလုပ်သည့် အစည်းအဝေးတစ်ခုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ အခြေအနေကိုထိန်းရန် ရဲတို့က မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်ဆံများဖြင့်ပစ်ခတ်ခြင်းနှင့် ငရုတ်ရည်စပရေးတို့ဖြင့်ဖျန်းခြင်းများ ပြုလုပ်ခဲ့ရ၏။ အဆုံးတွင်၊ ရာနှင့်ချီသော ကန့်ကွက်ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ကြသည်။
ဤစီအဲတဲလ်ရုန်းရင်းခတ်မှုကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ အလုပ်လက်မဲ့ဖြစ်မည့်အခြေအနေ၊ ပတ်ဝန်းကျင်နှင့် လူမှုရေးမမျှတမှုတို့နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကြောင့်ဖြစ်၏။ သို့ရာတွင်၊ ရိုးရိုးကလေးဖော်ပြရလျှင် ဆန္ဒပြသူများသည် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်ကြောင့် လူသားတို့နှင့်ကမ္ဘာဂြိုဟ်အပေါ် သက်ရောက်လာမည့်အကျိုးဆက်ကို စိုးရွံ့နေကြ၍ ဤသို့ပြုခြင်းဖြစ်သည်။
၎င်းတို့၏စိုးရွံ့မှုမှာ လျော့နည်းသွားသည်မရှိချေ။ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ် ဆန့်ကျင်ဆန္ဒပြမှုများသည် ၁၉၉၉ ခုနှစ်ကတည်းက အရွယ်အစားရော အရှိန်အဟုန်ပါ တစ်စတစ်စ ကြီးထွားတိုးမြှင့်လာခဲ့သည်။ ယခုအခါ ကမ္ဘာ့ခေါင်းဆောင်များက ကိစ္စရပ်အချို့တွင် အစည်းအဝေးအစီအစဉ်များကို ကန့်ကွက်ဆန္ဒပြသူများက ဖရိုဖရဲဖြစ်အောင် လုပ်ဖို့မလွယ်ကူသည့် ဝေးလံသီခေါင်သောဒေသများတွင် ၎င်းတို့၏ ထိပ်သီးအစည်းအဝေးများကို ကျင်းပရန် ကြိုးပမ်းနေကြသည်။
ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်ကို အန္တရာယ်ပေးမည့်အရာတစ်ခုအဖြစ် လူတိုင်းမရှုမြင်ကြသည်မှာ မှန်ပါသည်။ ယင်းကို တချို့က ကမ္ဘာ့ပြဿနာများ၏မိခင်ဟု စွပ်စွဲနေကြသော်လည်း အခြားသူများကမူ ကမ္ဘာ့ပြဿနာအများစုကို ကုစားနိုင်သည့် ကုထုံးအဖြစ် တစ်ခဲနက်ကြိုဆိုကြသည်။ မှန်ပါသည်၊ ဆက်ဖြစ်နေသော ဤအငြင်းပွားမှုသည် လူသားအများစုနှင့် မသက်ဆိုင်နေပုံရပေမည်၊ အများစုက ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၌ အဘယ်အရာ အမှန်ပါဝင်နေသည်ကိုပင် သဲသဲကွဲကွဲမသိရှိကြသေးချေ။ သို့သော် သင့်အမြင် မည်သို့ပင်ရှိနေပါစေ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် သင့်အပေါ် အကျိုးသက်ရောက်လျက်ရှိနေပြီး အနာဂတ်တွင် ပို၍ပင်အကျိုးသက်ရောက်လာဦးမည်။
ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်ဟူသည် အတိအကျအဘယ်နည်း
“ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်” ဟူသည် လူနှင့် နိုင်ငံများ အပြန်အလှန်အမှီသဟဲပြုမှု ကမ္ဘာချီ ကြီးထွားလာခြင်းကို ဖော်ပြရန် လူတချို့အသုံးပြုသည့် အသုံးအနှုန်းဖြစ်သည်။ ဤဖြစ်စဉ်သည် လွန်ခဲ့သောဆယ်စုနှစ် သို့မဟုတ် ထိုထက်မကအတွင်း သိသိသာသာ အရှိန်တိုးမြှင့်လာခဲ့၏၊ အဓိကအားဖြင့် နည်းပညာရပ်တွင် အလွန့်အလွန် တိုးတက်လာခဲ့၍ဖြစ်၏။ (စာမျက်နှာ ၅ မှလေးထောင့်ကွက်ကိုရှု။) ဤအချိန်အတောအတွင်း၊ သဘောထားကွဲလွဲနေသည့် နိုင်ငံရေးအုပ်စုများ၏ စစ်အေးတိုက်ပွဲမှာ အဆုံးသတ်လုဖြစ်သွားပြီ၊ ကုန်သွယ်ရေးအနှောင့်အယှက်များ ကျဆင်းသွားသည်၊ ကမ္ဘာ့ငွေကြေးဈေးကွက်များ ပေါင်းစည်းလာကြပြီး ခရီးသွားခြင်းသည်လည်း ပို၍ဈေးသက်သာကာ ပို၍လွယ်ကူချောမွေ့လာခဲ့သည်။
ဤသို့ကမ္ဘာချီပေါင်းစည်းမှု တိုးတက်လာခြင်းက စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဆက်တသီတတန်းကြီးကို ဖြစ်ပွားစေခဲ့သည်။ အကြောင်းမလှစွာ၊ အကျိုးဆက်တချို့မှာ ဆိုးကျိုးဖြစ်စေနိုင်ပါသည်။ ယူနိုက်တက်နေးရှင်းကထုတ်ဝေသော လူ့ဖွံ့ ဖြိုးတိုးတက်မှုအစီရင်ခံစာ ၁၉၉၉ ကဤသို့ရှင်းပြခဲ့သည်– “ကမ္ဘာတစ်ဝန်း လူသားများ၏အသက်တာသည် ယခင်ကထက် ပို၍စေ့စပ်သေချာစွာ၊ ပို၍တက်ကြွစွာ၊ ပို၍တိုက်ရိုက်ကျစွာ ဆက်စပ်ပေါင်းစည်းနေသည်။ ယင်းက အခွင့်အရေးများစွာကို လမ်းဖွင့်ပေးသည်၊ အကောင်းကော အဆိုးပါ ဖြစ်စေနိုင်စွမ်းလည်းရှိသည်။” လူ့အောင်မြင်မှုများစွာကဲ့သို့ပင် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်တွင် ကောင်းကွက်နှင့်ဆိုးကွက် ဒွန်တွဲနေ၏။
ကမ္ဘာကြီး သာ၍စည်ပင်ကြွယ်ဝလာဖို့ မျှော်လင့်စရာများ
ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် “ကမ္ဘာကြီးကို သိပ္ပံပညာရပ်ပိုင်း၊ ယဉ်ကျေးမှုပိုင်းတို့တွင် ကြွယ်ဝစေသည့်အပြင် စီးပွားရေးအရလည်း လူများစွာတို့အား အကျိုးပေးနေပြီ” ဟု စီးပွားရေး နိုဗယ်လ်ဆုရှင် အမာတီးယား ဆင်က ပြောဆိုလိုက်သည်။ အလားတူ လူ့ဖွံ့ ဖြိုးတိုးတက်မှုအစီရင်ခံစာ ၁၉၉၉ ကလည်း ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် “၂၁ ရာစုအတွင်း ဆင်းရဲမွဲတေမှုကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းရန် ဖြစ်နိုင်ခြေအလားအလာများကို အကြီးအကျယ်ကမ်းလှမ်းပေး” ကြောင်း ထောက်ပြသည်။ ဤအကောင်းမြင်ဝါဒအတွက် အကြောင်းပြချက်မှာ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၏ အကျိုးဆက်အနေနှင့် စည်ပင်ကြွယ်ဝမှုတွင် အကြီးအကျယ် တိုးတက်လာခြင်းဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်တွင် သာမန်မိသားစုတစ်စု၏ဝင်ငွေမှာ လွန်ခဲ့သောအနှစ် ၅၀ ကထက် သုံးဆရှိသည်။a
ဆန်းစစ်လေ့လာသူအချို့က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၏ နောက်အကျိုးဆက်တစ်ခုကို တွေ့ မြင်ကြလေသည်– ယင်းသည် နိုင်ငံများစွာအား စစ်တိုက်လိုစိတ်ကို သာ၍လျော့ပါးစေသည်ဟု သူတို့ထင်မှတ်ကြ၏။ သောမတ်စ် အယ်လ်. ဖရက်မန်က သူ၏ The Lexus and the Olive Tree ဟူသည့်စာအုပ်တွင် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် “စစ်မဖြစ်ပွားရေးအတွက် လှုံ့ဆော်အားပေးမှုများကို တိုးမြှင့်ပေးသည်၊ ထို့အပြင် ခေတ်သစ်သမိုင်းတွင်ဖြစ်စေ၊ လွန်ခဲ့သော အဘယ်ခေတ်မဆိုတွင်ဖြစ်စေ အခြားသောနည်းလမ်းများထက် စစ်စရိတ်များကို ပို၍တိုးများလာစေသည်” ဟု အခိုင်အမာပြောဆိုသည်။
လူသားအချင်းချင်း အပြန်အလှန်အကျိုးပြုမှုတိုးလာခြင်းက ကမ္ဘာချီ စည်းလုံးညီညွတ်မှု တိုးတက်စေရေး အလားအလာလည်းရှိလာသည်။ တချို့သော လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများသည် မိမိတို့၏ရည်စူးချက်များကို ပို၍ထိရောက်စွာတင်ပြရန် အင်တာနက်ပေါ် တင်ပေးနိုင်ခဲ့ကြပြီ။ ဥပမာ၊ ၁၉၉၇ ခုနှစ် နိုင်ငံတကာ မြေမြှုပ်မိုင်း တရားမဝင်ကြောင်းကြေညာရေးစာချုပ်သည် ကမ္ဘာတစ်ဝန်းရှိ မြေမြှုပ်မိုင်းနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်နေကြသည့် အုပ်စုအသီးသီးကို စည်းရုံးရန် အီလက်ထရောနစ်စာပို့စနစ်ကို အသုံးပြုခြင်းအားဖြင့် တစ်စိတ်တစ်ပိုင်းအနေနှင့် အထမြောက်ခဲ့၏။ အောက်ခြေလူတန်းစားများပါဝင်နေသည့် ဤစေ့စပ်နည်းကို “ကမ္ဘာချီ လူလူချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကာလကို ရင်ဆိုင်ဖြေရှင်းရန် အစိုးရနှင့် ပြည်သူများ အတူတကွရင်းရင်းနှီးနှီး လုပ်ဆောင်သော နိုင်ငံတကာသံတမန်ရေးကိစ္စဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းသစ်တစ်ရပ်” အဖြစ် ကြိုဆိုခဲ့ကြသည်။
အဆိုပါအကောင်းဘက်မှ အကျိုးရလဒ်များရှိနေလင့်ကစား ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၏ ဆိုးကျိုးများသည် ယင်း၏ကောင်းကျိုးများထက် ပိုပြီးအလေးသာနေမည်ကို လူများစွာက စိုးရွံ့နေကြဆဲပင်။
ကမ္ဘာကြီး သာ၍အစိတ်အစိတ်အမြွှာမြွှာဖြစ်မည့် စိုးရွံ့ဖွယ်ရာများ
ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အကြီးမားဆုံးစိုးရိမ်ဖွယ်ရာမှာ ချမ်းသာသူများနှင့် ဆင်းရဲသူများစပ်ကြား ကွာဟမှုကို ကျယ်လာစေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်း ချမ်းသာကြွယ်ဝမှု တိုးများလာခဲ့သည်မှာ ယုံမှားဖွယ်မရှိသော်လည်း လူနည်းစုနှင့် နိုင်ငံအနည်းစုတွင်သာဖြစ်၏။ ယခုအခါ ကမ္ဘာပေါ်တွင် အကြွယ်ဝဆုံးလူအယောက် ၂၀၀ ၏အသားတင်ပိုင်ဆိုင်ရာမှာ ကမ္ဘာဂြိုဟ်ပေါ်နေထိုင်သည့် လူ ၄၀ ရာခိုင်နှုန်း—လူပေါင်း ၂.၄ ဘီလီယံခန့်—၏ဝင်ငွေစုစုပေါင်းထက် ကျော်လွန်နေလေသည်။ ချမ်းသာကြွယ်ဝသောနိုင်ငံများတွင် လုပ်အားခမှာ ဆက်၍မြင့်တက်နေသော်လည်း ဆင်းရဲနွမ်းပါးသော နိုင်ငံ ၈၀ မှပျမ်းမျှဝင်ငွေမှာ လွန်ခဲ့သောဆယ်နှစ်ကျော်ကထက် ယုတ်လျော့လာခဲ့သည်ကို အမှန်တွေ့မြင်ခဲ့ကြရသည်။
စိုးရိမ်ပူပန်စရာ နောက်အခြေခံအကြောင်းရင်းသည် ပတ်ဝန်းကျင်အရေးနှင့်ပတ်သက်သည်။ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် ကမ္ဘာဂြိုဟ်ကိုကာကွယ်ပေးရေးထက် အကျိုးအမြတ်များများရဖို့ကိုသာ ပို၍စိတ်ဝင်စားကြသည့် ဈေးကွက်တွန်းအားများကြောင့် မီးလောင်ရာလေပင့်ဖြစ်ခဲ့ရပြီ။ အင်ဒိုနီးရှားနိုင်ငံ သဘာဝထိန်းသိမ်းရေး ကမ္ဘာချီရန်ပုံငွေအဖွဲ့ခေါင်းဆောင် ဩဂပ်စ် ပါနိုမာက အကျပ်ရိုက်သည့်အခြေအနေကို ဤသို့ရှင်းပြ၏– “ကျွန်ုပ်တို့သည် ဖွံ့ ဖြိုးတိုးတက်မှုနှင့်အတူ မနားတမ်းပြိုင်ပွဲဝင်နေကြသည်။ . . . ဆယ်စုနှစ်အတွင်းတွင် ကျွန်ုပ်တို့အားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို သတိပြုမိလာကြမည်ဖြစ်ပြီး အကာအကွယ်ပေးစရာဘာမျှမကျန်တော့မည်ကို ပူပန်မိသည်။”
ထို့ပြင် လူတို့သည် မိမိတို့၏အလုပ်အကိုင်နှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်နေကြ၏။ ကုမ္ပဏီများ ကမ္ဘာနှင့်ချီ၍ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း၊ အကြီးအကျယ်ပြိုင်ဆိုင်လာခြင်းတို့က ကုမ္ပဏီလုပ်ငန်းများကို ထိရောက်ပြီး တွက်ခြေကိုက်သည့်နည်းလမ်းသုံးရန် ဖိအားပေးလာကြသည်နှင့်အမျှ အလုပ်အကိုင်ကော ဝင်ငွေပါ ပို၍မရေမရာဖြစ်လာခဲ့ရသည်။ အကျိုးအမြတ် တိုးပွားလာမှုကို ရှေးရှုသည့် ကုမ္ပဏီတစ်ခုအဖို့ လက်ငင်းဈေးကွက်လိုအပ်ရာများနှင့်အညီ အလုပ်သမားများကို ငှားရမ်းခြင်းနှင့် အလုပ်ဖြုတ်ခြင်းတို့သည် လုပ်သင့်လုပ်ထိုက်ပုံရသော်လည်း ယင်းသို့ပြုခြင်းသည် လူတို့၏ဘဝအသက်တာကို နင်းခြေပစ်လိုက်ရာကျသည်။
ကမ္ဘာလုံးဆိုင်ရာငွေကြေးဈေးကွက်များ ပေါင်းစပ်ဆောင်ရွက်မှုသည် မတည်မငြိမ်ဖြစ်စေသည့် နောက်အကြောင်းရင်းတစ်ခုဖြစ်သည်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် ငွေကို အလုံးလိုက်အရင်းလိုက် မြှုပ်နှံကြသည်၊ သို့သော် နောက်ပိုင်းတွင် စီးပွားရေးအခြေအနေ ဆိုးရွားလာမည့်လက္ခဏာတွေ့ရသောအခါ ၎င်းတို့၏ငွေအလုံးအရင်းကို ချက်ချင်းပြန်ထုတ်သွားကြလေသည်။ ထိုသို့ ငွေကို အလုံးအရင်းလိုက် ထုတ်ယူလိုက်ခြင်းသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ စီးပွားရေးအကျပ်အတည်းတွင် နစ်မွန်းသွားစေနိုင်သည်။ ၁၉၉၈ ခုနှစ်အတွင်း အရှေ့အာရှတွင်ဖြစ်ပွားခဲ့သည့် ငွေကြေးဆိုင်ရာအကျပ်အတည်းကြောင့် လူပေါင်း ၁၃ သန်း အလုပ်ဆုံးရှုံးခဲ့ရ၏။ အင်ဒိုနီးရှားနိုင်ငံတွင် အလုပ်ဆက်ရသော အလုပ်သမားများပင် မိမိတို့၏လစာ တစ်ဝက်တိတိအလျှော့ခံလိုက်ရသည်ကို ကြုံတွေ့ခဲ့ကြရသည်။
သို့ဖြစ်၍ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် မျှော်လင့်အားထားစရာလည်းရှိ၊ စိုးရွံ့ဖွယ်ရာများလည်းရှိနေသည်ကို နားလည်နိုင်ပါသည်။ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်ကို စိုးရွံ့စရာအကြောင်း သင်၌ရှိသလော။ သို့မဟုတ် ယင်းသည် သင့်အသက်တာကို ပို၍ကြီးပွားတိုးတက်စေရန် ပြုလုပ်ပေးမည့်အရာအဖြစ် မျှော်လင့်နိုင်ပါသလော။ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် ကျွန်ုပ်တို့အား အနာဂတ်နှင့်စပ်လျဉ်း၍ အကောင်းမြင်နိုင်စရာရှိစေပါသလော။ ကျွန်ုပ်တို့၏ နောက်ဆောင်းပါးက အဆိုပါမေးခွန်းများကို ဖြေရှင်းပေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
a သို့ရာတွင် အထူးသဖြင့် ကမ္ဘာနှင့်အဝန်းရှိ ပျမ်းမျှခြင်းများကို အထင်မှားနိုင်ပေသည်။ လွန်ခဲ့သောအနှစ် ၅၀က အချို့မိသားစုများ၏ဝင်ငွေမှာ အဆပေါင်းများစွာ တိုးပွားလာခဲ့ကြသော်လည်း ဒေသများစွာရှိ မိသားစုဝင်ငွေမှာ ခြူးတစ်ပြားသားမျှ တိုးလာခဲ့ခြင်းမရှိချေ။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
ကမ္ဘာပေါ်တွင် အကြွယ်ဝဆုံးလူ အယောက် ၂၀၀ ၏ အသားတင်ပိုင်ဆိုင်ရာသည် ကမ္ဘာ့လူ ၄၀ ရာခိုင် နှုန်း၏ ပိုင်ဆိုင်ရာစုစုပေါင်းထက် ကျော်လွန်နေသည်
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်ကို ပံ့ပိုးပေးသည့် နည်းပညာ
နည်းပညာသည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း ဆက်သွယ်ရေးစနစ်ကို ခေတ်ပြောင်းတော်လှန်ပစ်လိုက်သည်။ ကမ္ဘာ့မည်သည့်နေရာ၌မဆို လူနှင့် သတင်းအချက်အလက်ကို ပို၍မြန်မြန်ဆန်ဆန်၊ သက်သက်သာသာနှင့် လွယ်လွယ်ကူကူ ဆက်သွယ်အသုံးပြုနိုင်ပြီ။
ရုပ်မြင်သံကြား ယခုအခါ ကမ္ဘာပေါ်တွင် လူအများစုသည် ရုပ်မြင်သံကြား ကိုယ်ပိုင်မရှိသည့်တိုင် ကြည့်နိုင်ကြပြီ။ ၁၉၉၅ ခုနှစ်အချိန်က ကမ္ဘာတစ်ဝန်း လူအယောက် ၁,၀၀၀ တိုင်းတွင် ရုပ်မြင်သံကြားစက် ၂၃၅ လုံးရှိရာ ၁၉၈၀ ပြည့်နှစ်ကထက် နှစ်ဆနီးပါးရှိသည်။ ဝေးလံသီခေါင်သည့် အရပ်ဒေသများတွင် နေထိုင်ကြသည့် လူတို့သည် ကမ္ဘာတစ်ဝန်းမှ ထုတ်လွှင့်ချက်များကို ဂြိုဟ်တုစလောင်းသေးသေးလေးဖြင့် ဖမ်းယူနိုင်ကြပြီ။ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပါမောက္ခဖြစ်သူ ဖရန်စစ် ဖူကူယာမာက “ယနေ့ ကမ္ဘာ့မီဒီယာနှင့် တသီးတခြားဖြစ်နေသည့် နိုင်ငံဟူ၍ မရှိတော့ချေ” ဟု ထောက်ပြပြောဆိုလိုက်သည်။
အင်တာနက် အင်တာနက် ချိတ်ဆက်အသုံးပြုသူများမှာ အပတ်စဉ် ၃၀၀,၀၀၀ ခန့်တိုးလျက်ရှိသည်။ ၁၉၉၉ ခုနှစ်အတွင်း ခန့်မှန်းထားချက်အရ ၂၀၀၁ ခုနှစ်ရောက်သော် လူပေါင်းသန်း ၇၀၀ သည် အင်တာနက်နှင့်ဆက်သွယ်လာကြမည်ဟု မျှော်လင့်ထားခဲ့၏။ စာရေးဆရာ သောမတ်စ် အယ်လ်. ဖရက်ဒ်မန်းက “ရလဒ်မှာ ကမ္ဘာ့သမိုင်းတွင် မည်သည့်အခါကမျှနှင့်မတူဘဲ လူများစွာသည် အခြားလူများစွာတို့၏ အသက်တာ၊ ထုတ်ကုန်များနှင့် အယူအဆတို့နှင့်ပတ်သက်၍ သင်ယူလေ့လာနိုင်ကြပြီ” ဟုရှင်းပြသည်။
တယ်လီဖုန်း ဆက်သွယ်ရေးအလင်းဖန်မျှင်ကြိုးများနှင့် ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်များသည် တယ်လီဖုန်းကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချပစ်လိုက်သည်။ နယူးယောက်မြို့မှ လန်ဒန်မြို့သို့ သုံးမိနစ်စာဖုန်းဆက်ခသည် ၁၉၃၀ ပြည့်နှစ်က ၂၄၅ ဒေါ်လာ ရှိရာမှ ၁၉၉၉ ခုနှစ်ရောက်သော် .၃၅ ဆင့်အထိ လျော့သွားခဲ့၏။ ကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်များသည် မိုဘိုင်းဖုန်းကို ကွန်ပျူတာကဲ့သို့ နေရာတကာတွင်တွေ့နေရသော အရာတစ်ခုဖြစ်စေခဲ့သည်။ ၂၀၀၂ ခုနှစ်အဆုံးရောက်သော် လူပေါင်း တစ်ဘီလီယံသည် မိုဘိုင်းဖုန်းများကို အသုံးပြုနေကြလိမ့်မည်ဟုခန့်မှန်းရပြီး အဆိုပါအသုံးပြုသူများမှ များစွာတို့သည် အင်တာနက်အသုံးပြုခွင့်ရရန် မိမိတို့၏ဖုန်းများကို အသုံးပြုနိုင်ကြပေလိမ့်မည်။
မိုက်ကရိုချစ်ပ် အထက်ဖော်ပြပါ စွမ်းပကားအားလုံးသည် အမြဲမပြတ် အဆင့်မြင့်အောင်လုပ်ထားသည့် မိုက်ကရိုချစ်ပ်များအပေါ် အမှီသဟဲပြုသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က မိုက်ကရိုချစ်ပ်များ၏ တွက်ချက်နိုင်သည့်စွမ်းအားသည် ၁၈ လတိုင်း နှစ်ဆတိုးမြှင့်သွားခဲ့သည်။ တစ်ခါကမျှ ထိုမျှသေးငယ်သည့် အချပ်ကလေးထဲတွင် သတင်းအချက်အလက် အမြောက်အမြား မထည့်သွင်းနိုင်ခဲ့ဖူးချေ။