ဝတ်စားဖြီးလိမ်းမှုက အတားအဆီးဖြစ်ခဲ့
အိုင်လီန် ဘရမ်ဘား ပြောပြသည်
ကျွန်မက အာမစ်ရှ်နဲ့ မဲန်နနိုက် ဘာသာရေးအသင်းတွေနဲ့ ဆင်တူတဲ့ ဂျာမနီက နှစ်ခြင်းညီအစ်ကိုများ ရှေးခေတ်အသင်းသား တစ်ယောက်အဖြစ် ကြီးပြင်းလာတာပါ။ ၁၇၀၈ ခုနှစ်က ဂျာမနီနိုင်ငံမှာ ညီအစ်ကိုများအသင်းဟာ ပိုင်အတစ်စင် အယူဝါဒ လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့တယ်။ ပိုင်အတစ်စင်ဆိုတာ “လူသားတွေဟာ ခရစ်တော်ရဲ့ သတင်းတရားလိုအပ်တယ်ဆိုပြီး ယုံကြည်လက်ခံတဲ့ ဝါဒ” ဖြစ်တယ်လို့ ဘာသာတရား စွယ်စုံကျမ်းက ဆိုတယ်။ အဲဒီခံယူချက်ကြောင့် နိုင်ငံအတော်များများမှာ သာသနာပြုခဲ့ကြတာ အတော်လေး အောင်မြင်လာတယ်။
၁၇၁၉ ခုနှစ်မှာ အလက်ဇန္ဒားမက်ရဲ့ အုပ်စုငယ်လေးက အမေရိကန်နိုင်ငံ၊ ပင်စီဗေးနီယားပြည်ကို ရောက်လာတယ်။ အဲဒီအချိန်ကစပြီး အုပ်စုအသစ်တွေ ဖွဲ့လာတယ်။ အုပ်စုတစ်ခုစီက အလက်ဇန္ဒားမက်ရဲ့သွန်သင်ချက်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်နာလာကြတယ်။ ကျွန်မတို့ရဲ့ အုပ်စုမှာ အသင်းသား ၅၀ ရှိတယ်။ ကျမ်းစာဖတ်ဖို့၊ အသင်းလူကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း သဝေမတိမ်း လိုက်နာဖို့ ပုံသွင်းခံရတယ်။
ကျွန်မရဲ့ မိသားစုဟာ ဒီပုံစံအတိုင်း လိုက်နာခဲ့တာ လူမျိုးဆက် သုံးဆက်ရှိပြီ။ အသက် ၁၃ နှစ်မှာ အသင်းဝင်အဖြစ် နှစ်ခြင်းယူခဲ့တယ်။ မော်တော်ကား၊ လယ်ထွန်စက်၊ တယ်လီဖုန်း၊ ရေဒီယို၊ လျှပ်စစ်ပစ္စည်း တစ်မျိုးမျိုး ပိုင်ဆိုင်တာ၊ အသုံးပြုတာ မှားတယ်လို့ သွန်သင်ခံခဲ့ရတယ်။ အမျိုးသမီးတွေက ရိုးရိုးပဲဝတ်ဆင်ကြတယ်၊ ဆံပင် မညှပ်ကြဘူး၊ အမြဲခေါင်းအုပ်ကြတယ်။ အမျိုးသားတွေကျတော့ မုတ်ဆိတ်မွေးထားကြတယ်။ လောကနဲ့ သီးခြားနေဖို့ အလှမပြင်ကြဘူး။ မာနကြီးစေတဲ့ ခေတ်မီအဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ မဝတ်ဆင်ကြဘူး။
သမ္မာကျမ်းစာကို အလွန်ရိုသေလေးစားကြတယ်။ နေ့တိုင်း မနက်စာမစားခင် ကျွန်မတို့ ဧည့်ခန်းထဲမှာ စုဝေးပြီး ဖေဖေ ကျမ်းစာဖတ်ပြတာကို နားထောင်ကြတယ်။ ပြီးတော့ မှတ်ချက်တွေပေးတယ်။ ဖေဖေ ဆုတောင်းပေးတဲ့အခါ မိသားစုလိုက် ဒူးထောက်ကြတယ်။ အဲဒီနောက် မေမေက သခင့်ဆုတောင်းချက်ကို ရွတ်ပြတယ်။ နံနက်တိုင်း မိသားစု အတူဝတ်ပြုတာကို ကျွန်မ တကယ်ခုံမင်တယ်။
အင်ဒီရာနာပြည်နယ်၊ ဒယ်လ်ဖီမြို့မှာ ကျွန်မတို့နေပြီး အသီးအနှံစိုက်ပျိုးကြတယ်။ အဲဒါတွေကို မြင်းလှည်းပေါ်တင်ပြီး လမ်းမှာ၊ ပြီးတော့ တစ်အိမ်ပြီး တစ်အိမ် လိုက်ရောင်းတယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်တာက ဘုရားအမှုတော်ဆောင်တာပဲဆိုပြီး နေ့တိုင်း လုပ်ကြတယ်။ တနင်္ဂနွေနေ့က လွဲရင်ပေါ့။ တစ်ခါတလေဆို မိသားစုလိုက် လယ်မှာ အလုပ်များလွန်းလို့ ကျမ်းစာလေ့လာတာကို ဦးစားမထားမိဘူး။
အိမ်ထောင်ပြုပြီး မိသားစုဘဝ စတင်ခဲ့
အသက် ၁၇ နှစ်၊ ၁၉၆၃ ခုနှစ်မှာ ညီအစ်ကိုများ အသင်းသား ဂျိမ်းစ်နဲ့ ကျွန်မ အိမ်ထောင်ကျတယ်။ သူ့ဘိုးဘွားတွေ လက်ထက်ကတည်းက ညီအစ်ကိုများ အသင်းသားတွေပါ။ ကျွန်မတို့ နှစ်ယောက်စလုံး ကိုယ့်ဘာသာက အမှန်ပဲလို့ ယူဆပြီး ဘုရားအမှုတော် ဆောင်ချင်ကြတာ။
၁၉၇၅ ခုနှစ်မှာ ကလေးခြောက်ယောက်ရှိနေပြီ။ အငယ်ဆုံးကလေးကို ၁၉၈၃ မှာမွေးတယ်။ သမီးဆိုလို့ ဒုတိယကလေး ရေဗက္ကာပဲ။ ကြိုစားပမ်းစားအလုပ်လုပ်၊ မသုံးမဖြုန်း၊ ရိုးရိုးသားသားပဲ နေကြတယ်။ ကလေးတွေကို မိဘတွေနဲ့ အသင်းသားတွေဆီက သင်ယူထားတဲ့ ကျမ်းစာမူတွေကို ပြန်သင်ပေးတယ်။
ကျွန်မတို့အသင်းမှာ လူတွေရဲ့ ပြင်ပန်းသဏ္ဍာန်က အရေးကြီးတယ်။ လူ့နှလုံးကို ဘယ်သူမှ မသိနိုင်တဲ့အတွက် ဝတ်စားဖြီးလိမ်းပုံက အတွင်းစိတ်ကို ဖော်ပြတယ်လို့ ယူမှတ်ကြတယ်။ အမျိုးသမီးတစ်ယောက်က ဆံပင်ကို အလှဆင်ထားရင် မာနကြီးတဲ့ လက္ခဏာပဲ။ အပွင့်ကြီးကြီးအစကို ဂါဝန်ချုပ်ဝတ်တာကလည်း မာနကြီးတာပဲတဲ့။ တစ်ခါတလေ ဒီအယူအဆတွေက ကျမ်းစာထက်တောင် ပိုအရေးကြီးပုံ ပေါက်တယ်။
အကျဉ်းကျတဲ့ အတွေ့အကြုံ
၁၉၆၀ ပြည့်လွန်နှစ် နှောင်းပိုင်းမှာ ကျွန်မခင်ပွန်းရဲ့ညီ ဂျက်စီဟာ စစ်မှုမထမ်းလို့ အကျဉ်းကျခဲ့တယ်။ သူလည်းပဲ ညီအစ်ကိုများ အသင်းသား တစ်ယောက်ပါ။ အကျဉ်းကျနေတုန်း စစ်မှုမှာ ပါဝင်တာ ကျမ်းစာမူတွေနဲ့ မကိုက်ညီဘူးလို့ ခံယူတဲ့ ယေဟောဝါသက်သေတွေနဲ့ တွေ့ဆုံခဲ့တယ်။ (ဟေရှာယ ၂:၄။ မဿဲ ၂၆:၅၂) သူတို့နဲ့ ကျမ်းစာ ဆွေးနွေးရတာကိုရော၊ သူတို့ကိုပါ ဂျက်စီ တကယ်သဘောကျခဲ့တယ်။ သူတို့နဲ့ အတော်ကြာ ကျမ်းစာလေ့လာပြီးနောက် ယေဟောဝါသက်သေ တစ်ယောက်အဖြစ် နှစ်ခြင်းခံလိုက်တာကို ကျွန်မတို့အားလုံး မကြိုက်ကြဘူး။
ဂျက်စီက သူသိလာတဲ့ အကြောင်းတွေကို ကျွန်မခင်ပွန်း ဂျိမ်းစ်ကို ပြောပြတဲ့အပြင် ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို ပုံမှန် ပို့ပေးတယ်။ အဲဒါတွေကို ဂျိမ်းစ်ဖတ်လေ စိတ်ဝင်စားလာလေပဲ။ သူက ဘုရားသခင်ရဲ့ အမှုဆောင် ဖြစ်ချင်နေတာ။ ဒါပေမဲ့ ဘုရားနဲ့ မရင်းနှီးဘူးလို့ ခံစားနေရတဲ့အတွက် အခု ဘုရားကို သိကျွမ်းလာရလို့ သိပ်ဝမ်းသာနေတာ။
ဒီလောကနဲ့ပတ်သက်နေတယ်လို့ ကျွန်မတို့ခံယူထားတဲ့ အာမစ်ရှ်နဲ့ မဲန်နနိုက်အပြင် တခြားညီအစ်ကိုများ ဘာသာရေးအသင်းတွေရဲ့ စာပေတွေကို ဖတ်ဖို့ သင်းအုပ်ဆရာတွေက အားပေးတယ်။ ယေဟောဝါသက်သေတွေကိုတော့ အဖေက အတော်လေး မကြိုက်တာ။ ကင်းမျှော်စင်နဲ့ နိုးလော့!ကို မဖတ်ခိုင်းဘူး။ အဲဒါတွေကို ဂျိမ်းစ် ဖတ်နေတာမြင်တော့ ကျွန်မ ဘယ်ကြိုက်ပါ့မလဲ။ မဟုတ်မမှန်တာတွေ သူလက်ခံမိမှာ စိုးရိမ်နေတာ။
တကယ်တော့ ဂျိမ်းစ်ဟာ တနင်္ဂနွေနေ့မှာ ပင်ပန်းတဲ့ အလုပ်တွေလုပ်ရင် အပြစ်ရှိတယ်ဆိုတဲ့ ကျမ်းစာမှာ မပါတဲ့ သွန်သင်ချက်လိုမျိုးကို မကျေမနပ် ဖြစ်နေတာ။ တနင်္ဂနွေနေ့မှာ တိရစ္ဆာန်တွေကို ရေတိုက်လို့ရတယ်၊ ပေါင်းပင်တော့ မနုတ်ရဘူး ဆိုတာမျိုးတွေ ညီအစ်ကိုများ အသင်းက သွန်သင်တယ်။ ဒီစည်းမျဉ်း ထုတ်ထားတာကို ကျမ်းစာအထောက်အထား မပြနိုင်ကြဘူး။ ဒါနဲ့ပဲ အဲဒီလို သွန်သင်ချက်တွေကို ကျွန်မပါ သံသယဝင်လာပါရော။
ကျွန်မတို့ရဲ့ အသင်းပဲ ဘုရားသခင့်အသင်းတော်လို့ ယုံကြည်ထားတာ ကြာပြီ။ ဒီအသင်းက ထွက်ရင် ဘာဖြစ်မယ်ဆိုတာ သိလို့လည်း ညီအစ်ကိုများ အသင်းကနေ ထွက်ဖို့ မစဉ်းစားရဲဘူး။ တစ်ချိန်တည်းမှာ ကျမ်းစာနဲ့ အပြည့်အဝ မကိုက်ညီတဲ့ ဘာသာရေးအသင်းမှာ ဆက်ရှိနေဖို့ အသိစိတ်က ခွင့်မပြုတော့ဘူး။ ဒါနဲ့ ၁၉၈၃ မှာ အသင်းကနေ ထွက်စာတင်ပြီး အသင်းတော်မှာ ဖတ်ပြဖို့ တောင်းဆိုတယ်။ အသင်းကနေ ကျွန်မတို့ နှင်ထုတ်ခံရတော့တာပေါ့။
စစ်မှန်တဲ့ ဘာသာတရား ရှာပုံတော်
အဲဒီနောက် စစ်မှန်တဲ့ ဘာသာတရားကို စရှာကြတော့တယ်။ သွန်သင်ချက်တွေအတိုင်း ကိုယ်တိုင်လိုက်နာတဲ့ ဘာသာကို လိုက်ရှာကြတယ်။ ဦးဆုံး၊ စစ်မှုမထမ်းတဲ့ ဘာသာဖြစ်ရမယ်။ ရိုးရှင်းတဲ့ဘဝ၊ မပေါ်လွင်တဲ့ ဝတ်စားဆင်ယင်မှုက ဒီလောကနဲ့မပတ်သက်တဲ့ အမှတ်အသားလို့ ခံယူတဲ့အတွက် “ရိုးရှင်းတဲ့” ဘာသာကိုပဲ ကြိုက်ကြတာ။ ၁၉၈၃ ကနေ ၁၉၈၅ ခုနှစ်အထိ မဲန်နနိုက်၊ ကွေကာစတဲ့ “ရိုးရှင်းတဲ့” ဘာသာရေး အုပ်စုတွေကို လေ့လာဖို့ တစ်နိုင်ငံလုံး ခရီးထွက်ခဲ့တယ်။
အဲဒီအတောအတွင်း အင်ဒီရာနာပြည်နယ်၊ ကမ်ဒန်မြို့က ကျွန်မတို့ရဲ့ စိုက်ပျိုးရေးခြံဆီ ယေဟောဝါသက်သေတွေ ရောက်လာတယ်။ ဂျိမ်းဘုရင် ဘာသာပြန်ကျမ်းကိုပဲ အသုံးပြုဖို့ တောင်းဆိုပြီး သူတို့ပြောတာကို နားထောင်တယ်။ စစ်မှုနဲ့ပတ်သက်ပြီး သူတို့ ပြောသမျှ ကျွန်မလက်ခံတယ်။ ဒါပေမဲ့ ဒီလောကနဲ့ မပတ်သက်တဲ့ ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ဖို့ လိုတာကို အသိအမှတ်မပြုရင်တော့ မှန်တဲ့ဘာသာ မဖြစ်နိုင်ဘူးပဲ။ မာနကြီးတဲ့လူတွေပဲ ဆန်းဆန်းပြားပြား ဝတ်စားကြတာ။ ပစ္စည်းဥစ္စာပိုင်ဆိုင်သူတွေဟာ မာနကြီးသူတွေပဲလို့ ကျွန်မခံယူထားတာကိုး။
ဂျိမ်းစ်က သားတွေနဲ့အတူ ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမသွားတာကို ကျွန်မ မကြိုက်ဘူး။ လိုက်ခဲ့ဖို့ ခေါ်ပေမဲ့ မလိုက်ချင်ဘူး။ တစ်နေ့ကျတော့ သူက “သက်သေခံတွေရဲ့ သွန်သင်ချက်အားလုံးကို မင်းလက်မခံနိုင်ရင်တောင် အချင်းချင်း ဘယ်လိုဆက်ဆံကြတယ်ဆိုတာ လိုက်လာကြည့်ပါ” လို့ ပြောတယ်။ အဲဒါက သူ့အတွက် အတော်လေး စွဲမှတ်စရာဖြစ်နေတာ။
နောက်ဆုံး၊ လိုက်သွားမယ်၊ ဒါပေမဲ့ အထူးသတိထားမယ်ဆိုပြီး နိုင်ငံတော်ခန်းမထဲ ရိုးရှင်းတဲ့ ဂါဝန်နဲ့ ကက်ဦးထုပ်ကလေးဆောင်းပြီး ဝင်သွားတယ်။ သားငယ်တချို့ဆို ရိုးရိုးအဝတ်အစားနဲ့ပဲ။ ဖိနပ်တောင်မစီးဘူး။ ဒါနဲ့တောင် ကျွန်မတို့ကို ဖော်ဖော်ရွေရွေနဲ့ လာနှုတ်ဆက်ကြတယ်။ ဒီအခါ ကျွန်မက ‘ငါတို့ ဝတ်စားပုံက သူတို့နဲ့မတူပေမဲ့ ကြိုဆိုကြသားပဲ’ လို့ စဉ်းစားမိရော။
သူတို့ရဲ့ ချစ်ခင်ရင်နှီးပုံကို သဘောကျပေမဲ့ ဆက်လေ့လာကြည့်ချင်သေးတယ်။ သီချင်းတွေ ဆိုတဲ့အခါ မတ်တတ်မရပ်ဘူး။ ဆိုလည်း မဆိုဘူး။ အစည်းအဝေးပြီးတော့ သူတို့လုပ်နေတာ မမှန်ဘူးလို့ ထင်တာတွေ၊ ကျမ်းချက်တစ်ခုက ဘာကိုဆိုလိုတာလဲဆိုပြီး အမေးထူပါလေရော။ မေးမြန်းပုံက မယဉ်ကျေးပေမဲ့ လူတိုင်း စိတ်ဝင်တစားနဲ့ ပြန်ဖြေပေးကြတယ်။ အဲဒီအပြင် အမေးတစ်ခုကို ဘယ်သူ့ကိုမေးမေး အဖြေတစ်မျိုးတည်းရတာက ကျွန်မအတွက် စွဲမှတ်စရာပဲ။ တစ်ခါတလေ အဖြေကို ရေးပေးကြလို့ နောက်ပိုင်း ကျွန်မဘာသာ ပြန်လေ့လာနိုင်တယ်။
၁၉၈၅ ခုနှစ်၊ နွေရာသီမှာ မိသားစုလိုက် တက်နက်စီပြည်နယ်၊ မန်ဖစ်မြို့မှာ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးကို လေ့လာတဲ့သဘောနဲ့ သွားတက်ခဲ့တယ်။ ဂျိမ်းစ်မှာ မုတ်ဆိတ်မွေးရှိတုန်းပဲ၊ ကျွန်မတို့လည်း ရိုးရိုးကြီးဝတ်နေတုန်းပဲ။ အစည်းအဝေး နားချိန်အတွင်းမှာ လူတိုင်းက ကျွန်မတို့ကို လာနှုတ်ဆက်ကြတယ်။ မေတ္တာပြတယ်၊ ဂရုစိုက်ကြတယ်၊ လက်ခံကြတယ်။ သူတို့ရဲ့ စည်းလုံးမှုနဲ့ ဘယ်နေရာမှာ အစည်းအဝေးတက်တက် တူညီတဲ့ သွန်သင်ချက်တွေကို သဘောကျတယ်။
ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုပြလို့ ကျမ်းစာသင်ဖို့ ဂျိမ်းစ် လက်ခံလိုက်တယ်။ သူသိခဲ့တာတွေ မှန်မမှန် သူကိုယ်တိုင် အသေးစိတ် ပြန်စစ်ဆေးတယ်။ (တမန်တော် ၁၇:၁၁။ ၁ သက်သာလောနိတ် ၅:၂၁) နောက်တော့ အမှန်တရားကို ရှာတွေ့ပြီလို့ ဂျိမ်းစ် ပြောတယ်။ ကျွန်မကတော့ ဝေခွဲမရသေးဘူး။ မှန်တာကို လုပ်ချင်ပေမဲ့ “ခေတ်ဆန်တဲ့သူ” “လောကဆန်တဲ့သူ” မဖြစ်ချင်ဘူး။ ကျွန်မ ကျမ်းစာ စသင်တဲ့အချိန်မှာ လမ်းလွဲမခံချင်လို့ ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်းကိုရော နောက်ဆုံးထုတ် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုပါ အသုံးပြုပြီး ကျမ်းချက်တိုင်းကို စစ်ဆေး ဖတ်ရှုတာ။
ယုံကြည်သက်ဝင်လာပုံ
ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတော့ ကောင်းကင်ဘုံရှင် ဘုရားသခင်ဟာ သုံးပါးပေါင်းတစ်ဆူ မဟုတ်ဘဲ တစ်ပါးတည်းပါလား။ ကျွန်မတို့မှာ မသေနိုင်တဲ့ ဝိညာဉ်မရှိမှန်းလည်း သိလာရတယ်။ (ကမ္ဘာဦး ၂:၇။ တရားဟောရာ ၆:၄။ ယေဇကျေလ ၁၈:၄။ ၁ ကောရိန္သု ၈:၅၊ ၆) အဲဒီအပြင် ငရဲဆိုတာ မီးနဲ့ညှဉ်းဆဲခံရတဲ့ နေရာမဟုတ်ဘဲ လူအားလုံး ရောက်သွားတဲ့ သင်္ချိုင်းပဲ။ (ယောဘ ၁၄:၁၃။ ဆာလံ ၁၆:၁၀။ ဒေသနာ ၉:၅၊ ၁၀။ တမန်တော် ၂:၃၁) မီးငရဲအကြောင်း အမှန်တရားကို သိလာရတာ အကြိုက်ဆုံးပဲ။ ညီအစ်ကိုများအသင်းက မီးငရဲကို လက်ခံထားလို့လေ။
ယေဟောဝါသက်သေတွေဟာ ဒီလောကနဲ့ပတ်သက်နေကြတော့ စစ်မှန်တဲ့ဘာသာ ဘယ်လိုဖြစ်နိုင်မလဲလို့ အခုထိ ကျွန်မ ဇဝေဇဝါ ဖြစ်တုန်းပဲ။ မဖြစ်မနေ လုပ်ဖို့လိုတယ်လို့ထင်တဲ့ “ရိုးရှင်းတဲ့” ဘဝအသက်တာနဲ့ သူတို့ အသက်မရှင်ကြတာ ကြည့်လေ။ တစ်ချိန်တည်းမှာ လူမျိုးအားလုံးကို နိုင်ငံတော်သတင်းကောင်း ဟောပြောနေကြတာဆိုတော့ ကျွန်မ အတော်ဝေခွဲရ ခက်နေပြီ။—မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။
ဒါပေမဲ့ ယေဟောဝါသက်သေတွေ ပြတဲ့မေတ္တာကြောင့် ကျမ်းစာ ဆက်လေ့လာခဲ့တာ။ ကျွန်မတို့ မိသားစုကို အသင်းတော်တစ်ခုလုံး စိတ်ဝင်စားမှု ပြတယ်။ သူတို့က နွားနို့နဲ့ ကြက်ဥ ဝယ်ချင်လို့ပါ အကြောင်းပြပြီး ဖြစ်ဖြစ်၊ အလည်သက်သက် လာကြတဲ့အခါဖြစ်ဖြစ် တကယ်ကြင်နာတဲ့ လူကောင်းတွေ ပါလားလို့ သိရတယ်။ တခြားသက်သေခံ တစ်ယောက်နဲ့ ကျမ်းစာဖတ်နေတာပဲဆိုပြီး အလည်မလာကြတာမျိုးလည်း မရှိဘူး။ အဲဒီအစား ကျွန်မတို့အိမ် အနီးအနားရောက်တိုင်း ဝင်လည်ကြတာချည်းပဲ။ သူတို့နဲ့ ရင်းနှီးလာဖို့ လိုနေတဲ့ အချိန်မှာ ကျွန်မတို့ကို တကယ်စိတ်ဝင်စားပြီး နွေးထွေးတဲ့ မေတ္တာပြတာက အားရှိစရာပါ။
ဒီလိုပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှု ပြတာဟာ အနီးအနား အသင်းတော်က ယေဟောဝါသက်သေတွေပဲ မဟုတ်ဘူး။ သင့်တော်တဲ့ ဝတ်စား ဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ကျွန်မ ချီတုံချတုံ ဖြစ်နေတဲ့အချိန်မှာ သိပ်မဝေးလှတဲ့ အသင်းတော်က ညီအစ်မ ကေ ဘရစ် အလည်ရောက်လာတယ်။ သူက ရိုးရိုးယဉ်ယဉ် ဝတ်စားပြီး မိတ်ကပ်မသုံးဘူး။ ဒီတော့ သူနဲ့ လွတ်လွတ်လပ်လပ် စကားပြောဆိုနိုင်တာပေါ့။ တစ်ရက်ကျတော့ “ရိုးရှင်းတဲ့ဘာသာ” မှာ ကြီးပြင်းလာတဲ့ ညီအစ်ကို လူးဝစ္စ ဖလော်ရာ လာလည်တယ်။ ကျွန်မရဲ့ အခက်အခဲကို သူသဘောပေါက်ပြီး စိတ်သက်သာရာရဖို့ ဆယ်မျက်နှာရှည်တဲ့ စာတစ်စောင် ရေးပို့တယ်။ သူ့ရဲ့ကြင်နာမှုကြောင့် ကျွန်မ မျက်ရည်တောင်ကျမိတယ်။ စာကိုလည်း အကြိမ်ကြိမ် ဖတ်ဖြစ်တယ်။
နယ်လှည့်ကြီးကြပ်မှူး ညီအစ်ကို အိုဒဲလ်ကို ဟေရှာယ ၃:၁၈-၂၃ နဲ့ ၁ ပေတရု ၃:၃၊ ၄ တို့ကို ကျွန်မရှင်းပြခိုင်းတယ်။ “ဒီကျမ်းချက်တွေအတိုင်းဆိုရင် ဘုရားမျက်နှာသာရဖို့ ရိုးရိုးယဉ်ယဉ် ဝတ်စားသင့်တယ် မဟုတ်လား” လို့ မေးကြည့်တယ်။ သူက “ကက်ဦးထုပ် ဆောင်းတာ မှားလား။ ဆံပင် ကျစ်တာကော” လို့ မေးတယ်။ အသင်းတော်ဟောင်းမှာ ကလေးမလေးတွေရဲ့ ဆံပင်ကို ကျစ်ပေးပြီး အမျိုးသမီးတွေ ဦးထုပ် ဆောင်းတတ်ကြတာ။ အဲဒီအခါ အရေးမကြီးတာတွေ သဘောပေါက်လာပြီး နယ်လှည့်ကြီးကြပ်မှူးရဲ့ စိတ်ရှည်မှုနဲ့ ကြင်နာတဲ့ သဘောထားကိုပါ လေးစားမိလာတယ်။
တဖြည်းဖြည်း အဲဒါကို လက်ခံနိုင်ပေမယ့် အမျိုးသမီးတွေ ဆံပင်ညှပ်တာက ပြဿနာ ဖြစ်နေတုန်းပဲ။ ဆံပင်ရှည် ထားနိုင်တဲ့ အမျိုးသမီး တချို့ရှိသလို မထားနိုင်သူတွေလည်းရှိတယ်လို့ အကြီးအကဲတွေ ရှင်းပြတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ဆံပင်ဟာ တခြားတစ်ယောက်ရဲ့ ဆံပင်ထက် ပိုကောင်းတယ်လို့ ပြောလို့ရမလားတဲ့။ ဝတ်စားဖြီးလိမ်းတဲ့ကိစ္စဟာ အသိစိတ်နဲ့ဆိုင်မှန်း သဘောပေါက်လာဖို့ ကူညီပေးကြတယ်။ အိမ်မှာ ပြန်ဖတ်နိုင်ဖို့ အချက်အလက်တွေလည်း ရေးပေးလိုက်သေးတယ်။
သိလာတဲ့အတိုင်း လုပ်ဆောင်ခြင်း
ကျွန်မတို့ ရှာနေတဲ့ အကျင့်ကောင်းရှိသူတွေကို တွေ့ခဲ့ပြီ။ “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်” လို့ ယေရှုပြောတယ်။ (ယောဟန် ၁၃:၃၅) ယေဟောဝါသက်သေတွေဟာ စစ်မှန်တဲ့မေတ္တာပြကြမှန်း ယုံကြည်သွားပြီ။ ဒါပေမဲ့ သားကြီး နာသန်နဲ့ သမီးရေဗက္ကာတို့က အသင်းတော်ဟောင်းမှာ နှစ်ခြင်းခံပြီးသားဆိုတော့ ဘယ်လိုလုပ်ရမှန်း မသိဘူး။ နောက်ပိုင်း သူတို့သိလာတဲ့ ကျမ်းစာအမှန်တရားနဲ့ သက်သေခံတွေပြတဲ့ မေတ္တာက သူတို့စိတ်ကို ထိမိစေခဲ့တယ်။
ရေဗက္ကာဆိုရင် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး အမြဲရှိချင်ခဲ့တာ။ ဘုရားသခင်က လူတစ်ယောက်ရဲ့ ကံကြမ္မာကို ကြိုမသတ်မှတ်ဘူးဆိုတာ သူသိလာတော့ ဆုတောင်းဖို့ ပိုလွယ်သွားတယ်။ ဘုရားသခင်က သုံးပါးတစ်ဆူမဟုတ်ဘူး၊ လူသားတွေ တုပနိုင်တဲ့ တကယ့်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ အချက်ကလည်း ဘုရားနဲ့ ပိုရင်းနှီးသွားစေတယ်။ (ဧဖက် ၅:၁) ကိုယ်တော်ကို ဆုတောင်းတဲ့အခါ သီးသန့်အသုံးအနှုန်းတွေ သုံးစရာ မလိုတော့ဘူးဆိုတော့ သူပျော်နေတာ။ ဘယ်လိုဆုတောင်းရမယ့်အပြင် ကမ္ဘာမြေမှာ လူသားတွေ ထာဝစဉ်နေဖို့ဆိုတာ ဘုရားသခင့် အဓိကရည်ရွယ်ချက်ဖြစ်မှန်း ရေဗက္ကာ သိလာတဲ့အခါ ဖန်ဆင်းရှင်နဲ့ ပိုရင်းနှီးလာတယ်။—ဆာလံ ၃၇:၂၉။ ဗျာဒိတ် ၂၁:၃၊ ၄။
ကျွန်မတို့ရတဲ့ ကောင်းချီးများ
ဂျိမ်းစ်၊ ကျွန်မနဲ့ ကလေးအကြီး ငါးယောက် နေသန်၊ ရေဗက္ကာ၊ ဂျော့ဂျ်၊ ဒန်နီယယ်လ်၊ ဂျောန်တို့ဟာ ၁၉၈၇၊ နွေရာသီမှာ နှစ်ခြင်းယူခဲ့ကြတယ်။ ဟာလီက ၁၉၈၉၊ စိုင်မွန်က ၁၉၉၄ မှာ နှစ်ခြင်းခံခဲ့ကြတယ်။ တစ်မိသားစုလုံး ယေရှုခရစ် လုပ်ခိုင်းတဲ့ ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းကို အခုထိ ဟောပြောနေကြတယ်။
သားကြီးငါးယောက် နေသန်၊ ဂျော့ဂျ်၊ ဒန်နီယယ်လ်၊ ဂျောန်နဲ့ ဟာလီတို့ရော သမီး ရေဗက္ကာပါ ယေဟောဝါသက်သေများရဲ့ အမေရိကန် ဌာနခွဲမှာ အမှုထမ်းဆောင်ခဲ့ဖူးပြီ။ ဂျော့ဂျ်ဟာ အဲဒီမှာ ၁၄ နှစ်တိုင် အမှုဆောင်ခဲ့ပြီးနောက်၊ ၂၀၀၁ ခုမှာ ကျောင်းပြီးခဲ့တဲ့ စိုင်မွန်နဲ့ အခုထိ အမှုဆောင်နေတုန်းပဲ။ သားတွေက ယေဟောဝါသက်သေ အသင်းတော်တွေမှာ အကြီးအကဲတွေ၊ အသင်းတော်အမှုထမ်းတွေပါ။ ကျွန်မခင်ပွန်းက မစ်စိုရီပြည်နယ်၊ သေယာအသင်းတော်က အကြီးအကဲတစ်ယောက်ပါ။ ကျွန်မလည်း အမှုဆောင်လုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်နေဆဲပါ။
အခု ဂျက်စီကာ၊ လတီရှာနဲ့ ကေလဗ်ဆိုတဲ့ မြေးသုံးယောက်ရှိပြီ။ သူတို့မိဘတွေက ယေဟောဝါကိုချစ်တတ်ဖို့ သွန်သင်ပေးနေတာတွေ့ရလို့ ဝမ်းသာတယ်။ ကျွန်မတို့ မိသားစုကို ယေဟောဝါသွေးဆောင်ပြီး ဘုရားကိုချစ်တဲ့စိတ်ရှိသူ နာမတော်ခံယူထားသူတွေနဲ့ ပူးပေါင်းလာစေလို့ ဝမ်းသာလို့ မဆုံးဘူး။
ဘုရားမျက်နှာသာရချင်ပေမဲ့ ကျမ်းစာအစား ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှု ခံနေရသူတွေကို ကိုယ်ချင်းစာတယ်။ ဒါကြောင့် အခု ခြံထွက်ကုန်တွေနဲ့ မဟုတ်တော့ဘဲ ဘုရားသခင့်နိုင်ငံတော်က ပြုလုပ်ဆောင်ရွက်ပေးတော့မယ့် သတင်းကောင်းကို တစ်အိမ်ပြီးတစ်အိမ် ပြောပြနေပါတယ်။ ကျွန်မတို့ရရှိထားတဲ့ ရွှင်လန်းမှုမျိုး တခြားသူကိုလည်း ခံစားစေချင်လို့ပါ။ ယေဟောဝါနာမတော်ကို ခံယူထားသူတွေက ကျွန်မတို့ကို စိတ်ရှည်ရှည်နဲ့ မေတ္တာပြခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးတင်လို့ မဆုံးနိုင်အောင်ပါပဲ။
[ရုပ်ပုံ]
ကျွန်မ အသက်ခုနစ်နှစ်အရွယ်နဲ့ နောက်ပိုင်းကြီးလာတဲ့အခါ
[ရုပ်ပုံ]
ရိုးရိုးအဝတ်အစားတွေနဲ့ ဂျိမ်းစ်၊ ဂျော့ဂျ်၊ ဟာလီနဲ့ စိုင်မွန်
[ရုပ်ပုံ]
ခြံထွက်အသီးအနှံတွေကို စျေးပို့နေတဲ့ သတင်းစာထဲက ကျွန်မရဲ့ပုံ
[Credit Line]
အင်ဒီယာနာပြည်နယ်၊ လာဖရက်မြို့ထုတ် Journal and Courier သတင်းစာ
[ရုပ်ပုံ]
ဒီနေ့အချိန် မိသားစုနဲ့အတူ