ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၀၆ စာ. ၄-၈
  • သဘာဝတရားက အဘယ်အရာ သင်ပေးသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝတရားက အဘယ်အရာ သင်ပေးသနည်း
  • နိုးလော့!—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝေလငါး၏ရေယက်တောင်များမှ သင်ယူခြင်း
  • စင်ရော်တောင်ပံကို တုပခြင်း
  • တောက်တဲ့၏ခြေဖဝါးကို တုပခြင်း
  • ဂုဏ်တင်ခံထိုက်သူမှာ မည်သူနည်း
  • ကျိုးကြောင်းညီညွတ်သည့်ကောက်ချက်
  • ဦးစွာ ပုံစံပြုခဲ့သူမှာ မည်သူနည်း
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
  • ကျောခုံးဝေလငါးရဲ့ ရေယက်တောင်
    နိုးလော့!—၂၀၁၃
  • ဖန်ဆင်းရာများတွင် တွေ့မြင်ရသော ယေဟောဝါ၏ဉာဏ်ပညာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သဘာဝ လက်ဦးမှုရထား
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၆
န ၉/၀၆ စာ. ၄-၈

သဘာဝတရားက အဘယ်အရာ သင်ပေးသနည်း

“သားမျိုးနှင့် မိုးကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။ မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။”—ယောဘ ၁၂:၇၊ ၈။

မကြာသေးမီနှစ်များက သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများသည် အပင်များနှင့် တိရစ္ဆာန်များ၏ သွန်သင်ပြသမှုကို အမှန်ပင် ခံယူခဲ့ကြသည်။ သူတို့သည် ပစ္စည်းကိရိယာအသစ်များ ထုတ်လုပ်ရန်နှင့် ရှိပြီးသားစက်ကိရိယာများ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ရန် ကြိုးပမ်းသည့်အနေနှင့် သက်ရှိအမျိုးမျိုး၏ ပုံပန်းသဏ္ဌာန်ကို လေ့လာပြီး တုပနေကြသည်။ ယင်းကို ဇီဝတုပမှုဗေဒဟုခေါ်သည်။ အောက်ပါဥပမာများကို သင်ဆင်ခြင်သုံးသပ်စဉ် ‘ဤပုံစံများကြောင့် အမှန်တကယ် ဂုဏ်တင်ခံထိုက်သူမှာ မည်သူနည်း’ ဟု သင့်ကိုယ်သင် မေးကြည့်ပါ။

ဝေလငါး၏ရေယက်တောင်များမှ သင်ယူခြင်း

လေယာဉ်ပုံစံထုတ်သူများသည် ကျောခုံးဝေလငါးထံမှ အဘယ်အရာကို သင်ယူနိုင်ကြသနည်း။ များစွာသင်ယူနိုင်ပါသည်။ အရွယ်ရောက် ကျောခုံးဝေလငါးတစ်ကောင်သည် တန် ၃၀ ရှိပြီး ကုန်အပြည့်တင်ဆောင်ထားသည့် ထရပ်ကားတစ်စီး၏ အလေးချိန်လောက်ရှိသည်။ ၎င်းတွင် ကြီးမားသောရေယက်တောင်များပါသည့် မာကျောတောင့်တင်းသော ကိုယ်ခန္ဓာရှိသည်။ ပေ ၄၀ ရှည်သည့် ဤသတ္တဝါသည် ရေအောက်တွင် လျင်မြန်စွာ ကူးခတ်သွားလာနိုင်သည်မှာ ထူးခြားလှ၏။ ဥပမာ၊ ကျောခုံးဝေလငါးတစ်ကောင် အစာရှာပုံမှာ အခွံမာရေသတ္တဝါများ၏အောက်မှ ဝက်အူရစ်သဏ္ဌာန် အပေါ်သို့ ကူးခတ်လာပြီး လေပူဖောင်းများ အဆက်မပြတ် မှုတ်ထုတ်သွားခြင်းဖြစ်သည်။ အချင်း ငါးပေရှိသည့် ပိုက်ကွန်နှင့်တူသော ဤလေပူဖောင်းအစုအဝေးသည် ရေမျက်နှာပြင်ရှိ ငါးနှင့် အခွံမာရေသတ္တဝါများကို စုသိမ်းလိုက်သည်။ ထို့နောက် ဝေလငါးသည် စနစ်တကျ ထောင်ဖမ်းထားသည့်အစာများကို ဖမ်းစားလေသည်။

ကိုယ်ခန္ဓာမာကျောတောင့်တင်းသည့် ဤသတ္တဝါသည် သေးငယ်သောစက်ဝိုင်းသဏ္ဌာန်ဖြင့် ကွေ့ဝိုက်သွားလာနိုင်ပုံကို သုတေသီများက အထူးစိတ်ဝင်စားကြသည်။ ဝေလငါး၏ရေယက်တောင် တည်ဆောက်ပုံတွင် လျှို့ဝှက်ချက်ရှိကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ ရေယက်တောင်များ၏ ရှေ့အနားစောင်းသည် လေယာဉ်တောင်ပံများကဲ့သို့ ချောမွတ်မနေဘဲ အဖုများရှိနေကာ လွှသွားကဲ့သို့ အတန်းလိုက်ထွက်နေသည်။

ဝေလငါးသည် ရေထဲကူးခတ်သွားလာသည့်အခါ အဆိုပါအဖုများက ရေပင့်အားကို တိုးစေပြီး ရေခံအားကို လျော့နည်းစေသည်။ မည်သို့အားဖြင့်နည်း။ ဝေလငါးသည် ရေအောက်မှ အပေါ်သို့ တည့်တည့်ထောင်၍ကူးခတ်လျှင်ပင် အဖုများက ရေကို ရေယက်တောင်အပေါ်တွင် လှည့်ပတ်စီးဆင်းစေ၍ တွန်းအားပေးကြောင်း Natural History ဂျာနယ်တွင် ရှင်းပြထားသည်။ ရေယက်တောင်၏ရှေ့အနားစောင်းသည် ချောမွတ်နေမည်ဆိုလျှင် ရေသည် ရေယက်တောင်၏ အနောက်ဘက်တွင် ဝဲဂယက်ထနေမည်ဖြစ်ရာ ရေပင့်အားကိုမဖြစ်စေသောကြောင့် သေးငယ်သောစက်ဝိုင်းသဏ္ဌာန်ဖြင့် ကွေ့ဝိုက်သွားလာနိုင်မည်မဟုတ်ချေ။

ဤရှာဖွေတွေ့ရှိချက်မှ အဘယ်အရာကို လက်တွေ့အသုံးပြုနိုင်သနည်း။ အဆိုပါပုံစံကိုကြည့်၍ ပြုလုပ်ထားသော လေယာဉ်တောင်ပံများသည် လေစီးကြောင်းကို ပြောင်းလဲရန် တောင်ပံရွက်အနည်းငယ် သို့မဟုတ် တခြားစက်ကိရိယာသာ လိုအပ်ပုံရပေမည်။ ယင်းသို့သော တောင်ပံများသည် ပို၍ဘေးကင်းပြီး ပြုပြင်ထိန်းသိမ်းရလည်း ပိုလွယ်ကူပေမည်။ မကြာတော့မည့် တစ်ချိန်ချိန်တွင် “ကျောခုံးဝေလငါး၏ ရေယက်တောင်များရှိ အဖုများကဲ့သို့သောအရာများပါသည့် ခရီးသည်တင်ဂျက်လေယာဉ်ကြီးများကို ကျွန်ုပ်တို့တွေ့ မြင်ရဖွယ်ရှိ” ကြောင်း ဇီဝစက်မှုပညာရှင် ဂျွန်လောန်းကယူဆသည်။

စင်ရော်တောင်ပံကို တုပခြင်း

လေယာဉ်တောင်ပံများသည် ငှက်များ၏တောင်ပံပုံစံကို တုပထားခြင်းဖြစ်၏။ သို့သော် မကြာသေးမီက အင်ဂျင်နီယာများသည် ငှက်များ၏တောင်ပံပုံစံကိုတုပ၍ လေယာဉ်တောင်ပံများကို အဆင့်မြင့်စေခဲ့ကြပြီ။ “ဖလော်ရီဒါတက္ကသိုလ်မှ သုတေသီများသည် စင်ရော်၏ လျင်မြန်စွာ ပျံဝဲနိုင်ခြင်း၊ အောက်သို့ထိုးဆင်းနိုင်ခြင်းနှင့် အထက်သို့ထိုးတက်နိုင်ခြင်းတို့ကို တုပ၍ အဝေးထိန်းလေယာဉ်ပုံစံငယ်တစ်ခုကို တီထွင်ခဲ့ကြသည်” ဟု New Scientist မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

စင်ရော်များသည် ၎င်းတို့၏ ကွေးနိုင်ဆန့်နိုင်သော တောင်ပံများဖြင့် လေထဲတွင် ပျံသန်းသွားလာကြပုံမှာ ထူးခြားလှ၏။ ကွေးနိုင်ဆန့်နိုင်သည့် ဤအတောင်ပုံစံကိုတုပထားသော “၂၄ လက်မအရွယ် လေယာဉ်ပုံစံငယ်တွင် တောင်ပံများကို လှုပ်ရှားစေသည့် သတ္တုချောင်းများကို ထိန်းချုပ်ရန် အသေးစားစက်တစ်ခုကို အသုံးပြုထားသည်” ဟုအဆိုပါမဂ္ဂဇင်းကဆိုသည်။ ကျွမ်းကျင်လိမ္မာစွာ ပုံစံထုတ်ထားသည့် ဤတောင်ပံများကြောင့် အဆိုပါလေယာဉ်ငယ်သည် အထပ်မြင့်အဆောက်အအုံများကြားတွင် ပျံဝဲနိုင်၊ ထိုးဆင်းနိုင်သည်။ ထို့ကြောင့် မြို့ကြီးများတွင် ဓာတု သို့မဟုတ် ဇီဝလက်နက်များရှာဖွေရာ၌ ယင်းသို့သော ထိန်းရလွယ်ကူသည့် အဆင့်မြင့်လေယာဉ်ကို အသုံးပြုရန် နိုင်ငံတစ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းက စိတ်ဝင်စားနေသည်။

တောက်တဲ့၏ခြေဖဝါးကို တုပခြင်း

လူသားတို့သည် ကုန်းနေသတ္တဝါများထံမှလည်း များစွာသင်ယူနိုင်ပါသည်။ ဥပမာ၊ တောက်တဲ့သည် နံရံများပေါ် တွယ်တက်နိုင်ပြီး မျက်နှာကြက်များတွင် ဇောက်ထိုးတွယ်ကပ်နိုင်ကြသည်။ ဤသတ္တဝါ၏အံ့ဖွယ်စွမ်းရည်ကြောင့် ကျမ်းစာခေတ်၌ပင် လူသိများခဲ့၏။ (သု. ၃၀:၂၈၊ ကဘ) တောက်တဲ့သည် ကမ္ဘာ့ဆွဲငင်အားကို ဆန့်ကျင်၍နေနိုင်ခြင်းမှာ အဘယ်ကြောင့်နည်း။

တောက်တဲ့သည် ပြောင်ချောနေသည့် မျက်နှာပြင်များပေါ်တွင် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်း၏ခြေဖဝါးရှိ အလွန်သေးငယ်သောအမွေးအမျှင်များကြောင့် ဖြစ်သည်။ ခြေဖဝါးမှ စေးကပ်သည့်ကော်မထွက်ချေ။ ယင်းအစား ၎င်းတို့သည် အလွန်သေးငယ်သော မော်လီကျူးစွမ်းအားကို အသုံးပြုကြသည်။ ဗန်ဒါဝါးလ်အားများဟုခေါ်သည့် အလွန်ပျော့သောဆွဲအားကြောင့် မျက်နှာပြင်နှင့်ခြေဖဝါးပေါ်ရှိ မော်လီကျူးများ တွယ်ကပ်သွားသည်။ သာမန်အားဖြင့်မူ ကမ္ဘာ့ဆွဲငင်အားသည် အဆိုပါပျော့သောဆွဲအားများထက် ဆွဲငင်အားပိုကြီးသည်၊ ယင်းကြောင့်ပင် လူတို့သည် လက်ချည်းသက်သက်ဖြင့် နံရံပေါ်သို့ မတွယ်တက်နိုင်ကြခြင်းဖြစ်သည်။ သို့သော် တောက်တဲ့မှာမူ နံရံနှင့်ထိတွေ့သောအခါ ခြေဖဝါးရှိအမွေးအမျှင်များ ပြန့်ကားသွားရာ တွယ်ကပ်နိုင်သည့် မျက်နှာပြင် ပိုကျယ်လာသည်။ ထိုအခါ ထောင်နှင့်ချီရှိသော အမွေးများအပေါ် ဗန်ဒါဝါးလ်အားများသက်ရောက်သွားရာ တောက်တဲ့၏ကိုယ်အလေးချိန်ကို ကောင်းစွာ ထိန်းထားနိုင်လေသည်။

ဤတွေ့ရှိချက်ကို မည်သို့အသုံးပြုနိုင်သနည်း။ တောက်တဲ့၏ခြေဖဝါးကို တုပ၍ ပြုလုပ်ထားသောပစ္စည်းများကို နိုင်လွန်ကပ်ခွာအစား အသုံးပြုနိုင်သည်။ ယင်းနိုင်လွန်ကပ်ခွာသည်လည်း သဘာဝတရားကို တုပ၍ ပြုလုပ်ထားခြင်းဖြစ်သည်။a တောက်တဲ့၏ခြေဖဝါးရှိ အမွေးများ၏ပုံစံကို တုပထားသည့် ပလတ်စတာသည် “ဓာတုပလတ်စတာများကိုသုံး၍မရသော ဆေးဝါးကုသမှုများတွင်” အထူးအသုံးဝင်သည်ဟူသော သုတေသီတစ်ဦး၏အဆိုကို The Economist ဂျာနယ်တွင် ကိုးကားဖော်ပြထားသည်။

ဂုဏ်တင်ခံထိုက်သူမှာ မည်သူနည်း

အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့သည် ကင်းမြီးကောက်ကဲ့သို့ လမ်းလျှောက်သော ခြေထောက်များစွာပါရှိသည့် စက်ရုပ်တစ်ရုပ်ကို တီထွင်ထုတ်လုပ်နေကြသည်။ ပိုးကောင်ကြီးအလား အတားအဆီးများကို ကျော်လွှားနိုင်သည့် ခြေထောက်ခြောက်ချောင်းပါ ဝန်ချီစက်ကိုမူ ဖင်လန်နိုင်ငံမှ အင်ဂျင်နီယာများက ထုတ်လုပ်ခဲ့ကြသည်။ အခြားသုတေသီများကမူ ထင်းရှူးသီးများ၏ ဖွင့်နိုင်ပိတ်နိုင်သော အကြေးခွံများကိုတုပ၍ အဖတ်ကလေးများပါသော အဝတ်အထည်များကို ဒီဇိုင်းထွင်ခဲ့ကြသည်။ မော်တော်ကားကုမ္ပဏီတစ်ခုသည် သေတ္တာငါး၏ပုံစံကိုတုပကာ ယာဉ်တစ်စီးကို လေခုခံအားအနည်းဆုံးပုံစံဖြင့် တီထွင်ထုတ်လုပ်နေသည်။ ထို့ပြင် အခြားသောသုတေသီများသည် ပို၍ပေါ့ပါးခိုင်ခံ့သည့် ကျည်ကာအင်္ကျီကို ထုတ်လုပ်ရန် အခွံမာငါးများ၏ ဆောင့်ဒဏ်ထိန်းနိုင်စွမ်းကို စူးစမ်းနေကြသည်။

ကောင်းမွန်များပြားလှသည့် တီထွင်ကြံဆမှုများကို သဘာဝတရားမှရရှိသဖြင့် သုတေသီများသည် မျိုးပေါင်းစုံလင်လှသော ဇီဝစနစ်ဆိုင်ရာ အချက်အလက်များစွာကို စုဆောင်းခဲ့ကြသည်။ သိပ္ပံပညာရှင်များသည် “ဒီဇိုင်းနှင့်ပတ်သက်သော ပြဿနာများအတွက် သဘာဝတရား၏ဖြေရှင်းနည်းများ” ရရှိရန် ဤအချက်အလက်များထဲတွင် ရှာဖွေလေ့လာနိုင်ကြောင်း The Economist မဂ္ဂဇင်းကဆို၏။ ဤအချက်အလက်များထဲတွင် သိမ်းဆည်းထားသည့် သဘာဝစနစ်များကို “ဇီဝဗေဒဆိုင်ရာ မူပိုင်ခွင့်များ” ဟုခေါ်သည်။ အများအားဖြင့် တီထွင်မှုမူပိုင်ရသူတစ်ဦးသည် စိတ်ကူးကြံစည်မှုသစ်တစ်ခု သို့မဟုတ် စက်ကိရိယာသစ်တစ်ခုကို ဥပဒေအရ မှတ်ပုံတင်ထားသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခုဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ မူပိုင်ပြုလုပ်ထားသည့် ဤအချက်အလက်များအကြောင်း The Economist မဂ္ဂဇင်းတွင် ဤသို့ဖော်ပြထား၏– “ ‘ဇီဝဗေဒဆိုင်ရာ မူပိုင်ခွင့်များ’ ကို ဇီဝတုပမှုဆိုင်ရာစိတ်ကူး သို့မဟုတ် ပုံစံများဟုခေါ်ဆိုခြင်းဖြင့် သဘာဝတရားသည်သာ တီထွင်မှုမူပိုင်ရသူဖြစ်ကြောင်း သုတေသီများက အလေးထားပြောဆိုနေကြသည်။”

သဘာဝတရားသည် ထူးခြားကောင်းမွန်သော အဆိုပါစိတ်ကူးများကို မည်သို့ရရှိခဲ့သနည်း။ သဘာဝတရားတွင် ထင်ရှားပေါ်လွင်နေသည့် တီထွင်ထားပုံကောင်းသော ပုံစံများသည် နှစ်ပေါင်းသန်းနှင့်ချီ၍ နည်းအမျိုးမျိုးဖြင့် ဆင့်ကဲပြောင်းလဲလာကြသည်ဟု သုတေသီအများက ယူမှတ်ကြပေမည်။ သို့သော် အခြားသုတေသီများကမူ သဘောမတူကြချေ။ ၂၀၀၅ ခုနှစ်ထုတ် The New York Times မဂ္ဂဇင်းတွင် အဏုဇီဝဗေဒပညာရှင် မိုက်ကယ်ဘီဟီက ဤသို့ရေးသားခဲ့သည်– “[သဘာဝတရားရှိ] ဒီဇိုင်းပုံစံ၏ ထင်ရှားပေါ်လွင်သော အသွင်အပြင်က ယုံကြည်လက်ခံဖွယ် ရိုးရှင်းသည့် ဤအဆိုကို ဖော်ပြသည်– တစ်စုံတစ်ရာဟာ ဘဲပုံပေါက်၊ ဘဲလိုလျှောက်၊ ဘဲလိုအော်နေရင် ဘဲလို့ပဲသတ်မှတ်ရမယ်။” ဘီဟီ၏ကောက်ချက်ကား အဘယ်နည်း။ “ဒီဇိုင်းပုံစံတွင် သိသာထင်ရှားလွန်းသည့်အရာရှိနေလျှင် ယင်းကို လျစ်လျူမရှုသင့်ချေ။”

ပို၍ဘေးကင်းပြီး စွမ်းဆောင်နိုင်ရည် မြင့်မားသောလေယာဉ်ကို ပုံစံပြုသူ အင်ဂျင်နီယာအား အမှန်ပင် ဂုဏ်တင်ထိုက်ပေသည်။ အလားတူ ဘက်စုံသုံးနိုင်သောပတ်တီး၊ သက်သောင့်သက်သာရှိသည့် အထည်တစ်မျိုး သို့မဟုတ် စွမ်းဆောင်နိုင်ရည်မြင့်မားသော မော်တော်ယာဉ်တစ်မျိုးကို တီထွင်ထုတ်လုပ်သူသည်လည်း ဂုဏ်တင်ခံထိုက်ပေသည်။ မှန်ပါသည်၊ အခြားသူတစ်ဦးထုတ်လုပ်ထားသည့် ပုံစံကို တုပထုတ်လုပ်သူတစ်ဦးသည် မူလထုတ်လုပ်သူအား အသိအမှတ်မပြု သို့မဟုတ် ဂုဏ်မတင်ပါက ရာဇဝတ်သားဟု ရှုမြင်ခံရနိုင်သည်။

သို့ဆိုလျှင် သဘာဝတရား၏ဖွဲ့စည်းပုံကို အနီးစပ်ဆုံးတုပကာ ခက်ခဲသော အင်ဂျင်နီယာဆိုင်ရာ ပြဿနာများကို ဖြေရှင်းကြသည့် အဆင့်မြင့်သုတေသီများသည် အသိဉာဏ်ရှိရှိ ဖန်တီးထားသော မူလစိတ်ကူးကို ဂုဏ်တင်မည့်အစား အသိဉာဏ်မဲ့သည့် ဆင့်ကဲဖြစ်စဉ်ကို ဂုဏ်တင်ခြင်းက သင့်အတွက် ယုတ္တိရှိပုံရသလော။ တုပထုတ်လုပ်ရန်ပင် အသိဉာဏ်ရှိသော ပုံစံပြုသူတစ်ဦးလိုအပ်လျှင် မူရင်းနှင့်ပတ်သက်၍ကော အသို့ဆိုမည်နည်း။ အမှန်တကယ် ဂုဏ်တင်ခံထိုက်သူမှာ မည်သူနည်း။ ကျွမ်းကျင်ပညာရှင်လော သို့မဟုတ် သူ၏နည်းပညာကိုတုပသည့် ပညာသင်လော။

ကျိုးကြောင်းညီညွတ်သည့်ကောက်ချက်

သဘာဝတရားတွင် ထင်ရှားပေါ်လွင်နေသည့် ပုံစံများကို ဆင်ခြင်သုံးသပ်ပြီးနောက် စဉ်းစားဉာဏ်ရှိသူအများက ဆာလံဆရာ၏ ဤစကားများကို သံယောင်လိုက်ကြသည်– ‘အိုထာဝရဘုရားသခင် ကိုယ်တော်စီရင်ပြုပြင်တော်မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။’ (ဆာလံ ၁၀၄:၂၄) ကျမ်းရေးသူပေါလုကလည်း အလားတူကောက်ချက်ချကာ ဤသို့ရေးသားခဲ့သည်– “အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။”—ရောမ ၁:၁၉၊ ၂၀။

သို့သော် သမ္မာကျမ်းစာကိုလေးမြတ်ပြီး ဘုရားသခင်အား ယုံကြည်ကြသည့် စိတ်ရင်းမှန်ရှိသူများက ဘုရားသခင်သည် သဘာဝလောက၏ အံ့ဖွယ်ရာများကို ဖန်ဆင်းရန် ဆင့်ကဲဖြစ်စဉ်ကို အသုံးပြုခဲ့ရပေမည်ဟုဆိုကြသည်။ သို့သော် သမ္မာကျမ်းစာက မည်သို့သွန်သင်သနည်း။

[အောက်ခြေမှတ်ချက်]

a နိုင်လွန်ကပ်ခွာဟူသည် ကပ်စေးနှဲသီး၏ပုံစံကိုကြည့်၍ ပြုလုပ်ထားသော ချိတ်နှင့်ကွင်းများပါသည့် တွယ်ကပ်ပစ္စည်းတစ်မျိုးဖြစ်သည်။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

သဘာဝတရားသည် ကောင်းမွန်များပြားလှသည့် စိတ်ကူးများကို မည်သို့ ရရှိခဲ့သနည်း။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

သဘာဝတရား၏ တီထွင်မှု မူပိုင်ရသူကား မည်သူနည်း။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

တုပထုတ်လုပ်ရန်ပင် အသိဉာဏ်ရှိသော ပုံစံပြုသူတစ်ဦး လိုအပ်လျှင် မူရင်းနှင့်ပတ်သက်၍ကော အသို့ဆိုမည်နည်း

ထိန်းရလွယ်ကူသည့် ဤအဆင့်မြင့်လေယာဉ်သည် စင်ရော်တောင်ပံကို တုပထားခြင်းဖြစ်

တောက်တဲ့၏ခြေဖဝါးသည် ညစ်ပတ်မနေပါ။ ခြေရာလည်းမထင်ပါ။ တွယ်ကပ်၍မရသော ပလတ်စတစ် တစ်မျိုးမှလွဲ၍ မည်သည့်နေရာ၌မဆို အားထုတ်စရာမလိုဘဲ တွယ်ကပ်နိုင်၊ ခွာနိုင်သည်။ ယင်းကိုတုပရန် သုတေသီများ ကြိုးစားနေကြသည်

သေတ္တာငါး၏ ရေခုခံအားကို နည်းစေသည့်ပုံစံက ယာဉ်တစ်မျိုးကို တီထွင်ထုတ်လုပ်ရန် စိတ်ကူးရစေခဲ့

[Credit Lines]

Airplane: Kristen Bartlett/ University of Florida; gecko foot: Breck P. Kent; box fish and car: Mercedes-Benz USA

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ပင်ကိုအသိဉာဏ်ရှိသည့် လမ်းကြောင်းကျွမ်းကျင်သူများ

တိရစ္ဆာန်များစွာတွင် ကမ္ဘာတစ်ခွင် လမ်းကြောင်းရှာ၍ သွားလာနေထိုင်နိုင်သည့် ပင်ကိုအသိဉာဏ်ရှိကြသည်။ နမူနာနှစ်ခုကို သုံးသပ်ကြည့်ပါ။

◼ ပုရွက်ဆိတ်လမ်းကြောင်းထိန်းချုပ်မှု အစာရှာထွက်ကြသည့် ပုရွက်ဆိတ်များသည် ၎င်းတို့၏ အသိုက်အအုံသို့ မည်သို့လမ်းကြောင်းရှာ၍ ပြန်လာနိုင်ကြသနည်း။ ပုရွက်ဆိတ်အချို့သည် အနံ့များထားခဲ့ခြင်းဖြင့် အမှတ်အသားလုပ်ထားကြသည့်အပြင် အသိုက်အအုံကို အလွယ်တကူ ရှာတွေ့စေသည့် ခြေရာကြောင်းများကို ပြုလုပ်ရန် ဂျီသြမေတြီပညာကို အသုံးပြုကြကြောင်း ဗြိတိန်နိုင်ငံမှ သုတေသီများ လေ့လာတွေ့ရှိခဲ့ကြသည်။ ဥပမာ၊ အဖျက်ကောင်တစ်မျိုးဖြစ်သော ပုရွက်ဆိတ်လေးသည် “အသိုက်အအုံမှနေ၍ ၅၀ ဒီဂရီ၊ ၆၀ ဒီဂရီထောင့်ဖြင့် ခွဲထွက်သည့် လမ်းခွဲလေးများ ထွင်သွားသည်” ဟု New Scientist မဂ္ဂဇင်းကဆို၏။ ဤပုံစံနှင့်ပတ်သက်၍ ထူးခြားသည့်အရာကား အဘယ်နည်း။ ပုရွက်ဆိတ်တစ်ကောင်သည် အသိုက်အအုံသို့ပြန်လာ၍ ခြေရာကြောင်း၏ လမ်းခွသို့ရောက်သောအခါ ပင်ကိုအသိဉာဏ်ဖြင့် မိမိအသိုက်အအုံသို့ လမ်းကြောင်းမလွဲဘဲ တန်းတန်းမတ်မတ် ဝင်သွားသည်။ “ပုရွက်ဆိတ်များသည် လမ်းခွများနှင့်ဆိုင်သော ဂျီသြမေတြီပညာဖြင့် လမ်းကြောင်းကွန်ရက်တစ်လျှောက် ကောင်းစွာ စီတန်းသွားလာနိုင်သည်။ အထူးသဖြင့် ဦးတည်ရာလမ်းကြောင်းနှစ်ကြောင်းနှင့် သွားလာသည့်အခါတွင်ဖြစ်၏။ ဤသို့ဖြင့် လမ်းကြောင်းမှားခြင်းကြောင့် ကုန်ခန်းမည့် စွမ်းအင်ပမာဏကို လျော့နည်းစေသည်” ဟုမဂ္ဂဇင်းဆောင်းပါးတွင် ဖော်ပြထား၏။

◼ ငှက်ကိုယ်တွင်းရှိ သံလိုက်အိမ်မြှောင် ငှက်များစွာတို့သည် မိုးလေဝသအခြေအနေ မည်သို့ပင်ရှိနေပါစေ ဝေးလံသည့်ဒေသများသို့ တန်းတန်းမတ်မတ် ပျံသန်းနိုင်ကြ၏။ မည်သို့အားဖြင့်နည်း။ ငှက်များသည် ကမ္ဘာ့သံလိုက်စက်ကွင်းကို အာရုံခံနိုင်စွမ်းရှိကြောင်း သုတေသီများ လေ့လာသိရှိခဲ့ကြသည်။ သို့သော် ကမ္ဘာ့ “သံလိုက်စက်ကွင်းလမ်းကြောင်းများသည် တစ်နေရာနှင့်တစ်နေရာ မတူညီသဖြင့် မြောက်အရပ်ကို အမှန်အတိုင်း အမြဲမညွှန်ပြ” ကြောင်း Science ဂျာနယ်ကဆို၏။ အဘယ်အရာက ငှက်များအား လမ်းကြောင်းမှန်ဖြင့် ပျံသန်းသွားလာစေသနည်း။ ငှက်များသည် ၎င်းတို့၏ကိုယ်တွင်းရှိ သံလိုက်အိမ်မြှောင်ကို ဆည်းဆာနေဖြင့် အလိုက်သင့်ချိန်ညှိနိုင်ပုံရှိသည်။ လတ္တီတွဒ်၊ ရာသီဥတုနှင့်အညီ နေဝင်ရာအရပ် ပြောင်းလဲသွားရာ ငှက်များသည် “တစ်နှစ်တာ၏အချိန်ကာလကို ညွှန်ပြသည့် ဇီဝနာရီ” ကြောင့် အဆိုပါအပြောင်းအလဲများနှင့်အညီ ချိန်ညှိနိုင်ခြင်းဖြစ်ရမည်ဟု သုတေသီများက ယူမှတ်ကြကြောင်း Science ဂျာနယ်တွင်ဆိုထားသည်။

မည်သူသည် ပုရွက်ဆိတ်ကို ဂျီသြမေတြီပညာသင်ပေးခဲ့သနည်း။ မည်သူသည် ငှက်များအား သံလိုက်အိမ်မြှောင်၊ ဇီဝနာရီနှင့် ယင်းတို့ မှရရှိသည့် အချက်အလက်များကို နားလည်နိုင်စွမ်းရှိသည့်ဦးနှောက် ပေးခဲ့သနည်း။ အသိဉာဏ်မဲ့သည့် ဆင့်ကဲဖြစ်စဉ်လော။ သို့မဟုတ် အသိဉာဏ်ရှိသည့် ဖန်ဆင်းရှင်တစ်ပါးလော။

[Credit Line]

© E.J.H. Robinson 2004

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ