ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lc စာ. ၁၁-၁၇
  • ဦးစွာ ပုံစံပြုခဲ့သူမှာ မည်သူနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဦးစွာ ပုံစံပြုခဲ့သူမှာ မည်သူနည်း
  • သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝေလငါး၏ ရေယက်တောင်များမှ သင်ယူခြင်း
  • စင်ရော်တောင်ပံကို တုပခြင်း
  • စင်ရော်၏ခြေထောက်ကို တုပခြင်း
  • ဂုဏ်တင်ခံထိုက်သူမှာ မည်သူနည်း
  • ကျိုးကြောင်းညီညွတ်သည့်ကောက်ချက်
  • သဘာဝတရားက အဘယ်အရာ သင်ပေးသနည်း
    နိုးလော့!—၂၀၀၆
  • ပင့်ကူမျှင်
    နိုးလော့!—၂၀၀၈
  • ကျောခုံးဝေလငါးရဲ့ ရေယက်တောင်
    နိုးလော့!—၂၀၁၃
  • သဘာဝ လက်ဦးမှုရထား
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
lc စာ. ၁၁-၁၇
ဇင်ယော်တွေနဲ့ ဝေလငါး

ဦးစွာ ပုံစံပြုခဲ့သူမှာ မည်သူနည်း

မကြာသေးမီနှစ်များက သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများသည် အပင်များနှင့် တိရစ္ဆာန်များ၏ သွန်သင်ပြသမှုကို အမှန်ပင် ခံယူခဲ့ကြသည်။ (ယောဘ ၁၂:၇၊ ၈) သူတို့သည် ပစ္စည်းကိရိယာအသစ်များ ထုတ်လုပ်ရန်နှင့် ရှိပြီးသားစက်ကိရိယာများ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ရန် ကြိုးပမ်းသည့်အနေနှင့် သက်ရှိအမျိုးမျိုး၏ ပုံပန်းသဏ္ဌာန်ကို လေ့လာပြီး တုပနေကြသည်၊ ယင်းကို ဇီဝတုပမှုဗေဒဟုခေါ်သည်။ အောက်ပါဥပမာများကို သင်ဆင်ခြင်သုံးသပ်စဉ် ‘ဤပုံစံများကြောင့် အမှန်တကယ် ဂုဏ်တင်ခံထိုက်သူမှာ မည်သူနည်း’ ဟု သင့်ကိုယ်သင် မေးကြည့်ပါ။

ဝေလငါး၏ ရေယက်တောင်များမှ သင်ယူခြင်း

ဝေလငါးရဲ့ ရေယက်တောင်

လေယာဉ်ပုံစံထုတ်သူများသည် ကျောခုံးဝေလငါးထံမှ အဘယ်အရာကို သင်ယူနိုင်ကြသနည်း။ များစွာသင်ယူနိုင်ပါသည်။ အရွယ်ရောက် ကျောခုံးဝေလငါးတစ်ကောင်သည် တန် ၃၀ ရှိပြီး ကုန်အပြည့်တင်ဆောင်ထားသည့် ထရပ်ကားတစ်စီး၏ အလေးချိန်လောက်ရှိသည်။ ၎င်းတွင် ကြီးမားသော ရေယက်တောင်များပါသည့် မာကျောတောင့်တင်းသော ကိုယ်ခန္ဓာရှိသည်။ ပေ ၄၀ ရှည်သည့် ဤသတ္တဝါသည် ရေအောက်တွင် လျင်မြန်စွာ ကူးခတ်သွားလာနိုင်သည်မှာ ထူးခြားလှ၏။

ကိုယ်ခန္ဓာ မာကျောတောင့်တင်းသည့် ဤသတ္တဝါသည် သေးငယ်သော စက်ဝိုင်းသဏ္ဌာန်ဖြင့် ကွေ့ဝိုက်သွားလာနိုင်ပုံကို သုတေသီများက အထူးစိတ်ဝင်စားကြသည်။ ဝေလငါး၏ရေယက်တောင် တည်ဆောက်ပုံတွင် လျှို့ဝှက်ချက်ရှိကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ ရေယက်တောင်များ၏ ရှေ့အနားစောင်းသည် လေယာဉ်တောင်ပံများကဲ့သို့ ချောမွတ်မနေဘဲ အဖုများရှိနေကာ လွှသွားကဲ့သို့ အတန်းလိုက်ထွက်နေသည်။

ဝေလငါးသည် ရေထဲကူးခတ်သွားလာသည့်အခါ အဆိုပါအဖုများက ရေပင့်အားကို တိုးစေပြီး ရေခံအားကို လျော့နည်းစေသည်။ မည်သို့အားဖြင့်နည်း။ ဝေလငါးသည် ရေအောက်မှ အပေါ်သို့ တည့်တည့်ထောင်၍ကူးခတ်လျှင်ပင် အဖုများက ရေကို ရေယက်တောင်အပေါ်တွင် လှည့်ပတ်စီးဆင်းစေ၍ တွန်းအားပေးကြောင်း ဂျာနယ်တစ်စောင် (Natural History) တွင် ရှင်းပြထားသည်။၁၀

သဘာဝတရား၏တီထွင်မှု မူပိုင်ရသူကား မည်သူနည်း

ဤရှာဖွေတွေ့ရှိချက်မှ အဘယ်အရာကို လက်တွေ့အသုံးပြုနိုင်သနည်း။ အဆိုပါပုံစံကိုကြည့်၍ ပြုလုပ်ထားသော လေယာဉ်တောင်ပံများသည် လေစီးကြောင်းကို ပြောင်းလဲရန် တောင်ပံရွက်အနည်းငယ် သို့မဟုတ် တခြားစက်ကိရိယာသာ လိုအပ်ပုံရပေမည်။ ယင်းသို့သော တောင်ပံများသည် ပို၍ဘေးကင်းပြီး ပြုပြင်ထိန်းသိမ်းရလည်း ပိုလွယ်ကူပေမည်။ မကြာတော့မည့် တစ်ချိန်ချိန်တွင် “ကျောခုံးဝေလငါး၏ ရေယက်တောင်များရှိ အဖုများကဲ့သို့သောအရာများပါသည့် ခရီးသည်တင် ဂျက်လေယာဉ်ကြီးများကို ကျွန်ုပ်တို့တွေ့ မြင်ရဖွယ်ရှိ” ကြောင်း ဇီဝစက်မှုပညာရှင် ဂျွန်လောန်းကယူဆသည်။၁၁

စင်ရော်တောင်ပံကို တုပခြင်း

လေယာဉ်တောင်ပံများသည် ငှက်များ၏တောင်ပံပုံစံကို တုပထားခြင်းဖြစ်၏။ သို့သော် မကြာသေးမီက အင်ဂျင်နီယာများသည် ငှက်များ၏ တောင်ပံပုံစံကိုတုပ၍ လေယာဉ်တောင်ပံများကို အဆင့်မြင့်စေခဲ့ကြပြီ။ “ဖလော်ရီဒါတက္ကသိုလ်မှ သုတေသီများသည် စင်ရော်၏ လျင်မြန်စွာ ပျံဝဲနိုင်ခြင်း၊ အောက်သို့ထိုးဆင်းနိုင်ခြင်းနှင့် အထက်သို့ထိုးတက်နိုင်ခြင်းတို့ကို တုပ၍ အဝေးထိန်း လေယာဉ်ပုံစံငယ်တစ်ခုကို တီထွင်ခဲ့ကြသည်” ဟု မဂ္ဂဇင်းတစ်စောင် (New Scientist) တွင် ဖော်ပြထားသည်။12

ဇင်ယော်တောင်ပံကို တုပထုတ်လုပ်ထားတဲ့ လေယာဉ်ငယ်

စင်ရော်များသည် ၎င်းတို့၏ ကွေးနိုင်ဆန့်နိုင်သော တောင်ပံများဖြင့် လေထဲတွင် ပျံသန်းသွားလာကြပုံမှာ ထူးခြားလှ၏။ ကွေးနိုင်ဆန့်နိုင်သည့် ဤအတောင်ပုံစံကိုတုပထားသော “၂၄ လက်မအရွယ် လေယာဉ်ပုံစံငယ်တွင် တောင်ပံများကို လှုပ်ရှားစေသည့် သတ္တုချောင်းများကို ထိန်းချုပ်ရန် အသေးစားစက်တစ်ခုကို အသုံးပြုထားသည်” ဟုအဆိုပါမဂ္ဂဇင်းကဆိုသည်။ ကျွမ်းကျင်ပိုင်နိုင်စွာ ပုံစံထုတ်ထားသည့် ဤတောင်ပံများကြောင့် အဆိုပါလေယာဉ်ငယ်သည် အထပ်မြင့် အဆောက်အအုံများကြားတွင် ပျံဝဲနိုင်၊ ထိုးဆင်းနိုင်သည်။ ထို့ကြောင့် မြို့ကြီးများတွင် ဓာတု သို့မဟုတ် ဇီဝလက်နက်များရှာဖွေရာ၌ ယင်းသို့သော ထိန်းရလွယ်ကူသည့် အဆင့်မြင့်လေယာဉ်ကို အသုံးပြုရန် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တချို့က စိတ်ဝင်စားနေသည်။

စင်ရော်၏ခြေထောက်ကို တုပခြင်း

စင်ရော်ငှက်တစ်ကောင်သည် ရေခဲပြင်ပေါ်တွင် ရပ်နေလျှင်ပင် အေးခဲမသွားပါ။ ဤသတ္တဝါသည် သူ့ကိုယ်ခန္ဓာအပူချိန်ကို မည်သို့ထိန်းထားသနည်း။ အေးသည့်ဒေသများတွင်နေထိုင်သော တိရစ္ဆာန်အတော်များများတွင် တွေ့ရသည့် စိတ်ဝင်စားဖွယ် ဒီဇိုင်းသွင်ပြင်တွင် လျှို့ဝှက်ချက်တချို့ကို တွေ့ရှိနိုင်သည်။ ယင်းဒီဇိုင်းကို ပြောင်းပြန်စီးကြောင်းဖြင့် အပူဖလှယ်ခြင်း ဟုခေါ်သည်။

စင်ရော်ငှက်ရဲ့ ခြေထောက်မှာရှိတဲ့ ပြောင်းပြန်စီးကြောင်းဖြင့် အပူဖလှယ်ခြင်းက ရေခဲပြင်ပေါ် ရပ်စေနိုင်

အပူဓာတ်ကူးပြောင်းသွား၊ ခန္ဓာကိုယ်ထဲတွင်ဆက်ရှိနေ၊ အအေးဓာတ်သည် ခြေထောက်တွင်ရှိမြဲရှိနေ

ပြောင်းပြန်စီးကြောင်းဖြင့် အပူဖလှယ်ခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းကိုနားလည်ရန် ပူးတွဲချည်ထားသောရေပိုက်နှစ်ခုကို ပုံဖော်ကြည့်ပါ။ ပိုက်တစ်ခုတွင် ရေပူစီးနေပြီး အခြားတစ်ခုတွင် ရေအေးစီးနေသည်။ ရေပိုက်ထဲရှိ ရေပူရေအေးတို့သည် ဦးတည်ရာတစ်ခုတည်းသို့စီးဆင်းနေပါက ရေပူမှ အပူဓာတ်တစ်ဝက်ခန့်သည် ရေအေးဖက်သို့ ကူးပြောင်းသွားပေမည်။ သို့သော် ရေပူနှင့်ရေအေးတို့သည် ဆန့်ကျင်ဘက်ဦးတည်ချက်ဖြင့် စီးဆင်းနေပါက ရေပူမှ အပူဓာတ်အားလုံးနီးပါးသည် ရေအေးဖက်သို့ ကူးပြောင်းသွားပေမည်။

စင်ရော်ငှက်တစ်ကောင်သည် ရေခဲပြင်ပေါ်တွင် ရပ်နေသောအခါ ယင်းခြေထောက်ရှိ အပူဖလှယ်ခြင်းက ငှက်၏အေးနေသော ခြေထောက်မှလာသော သွေးများကိုနွေးစေသည်။ အပူဖလှယ်ခြင်းက ငှက်၏ကိုယ်ခန္ဓာထဲရှိ အပူဓာတ်ကိုထိန်းပေးပြီး ခြေထောက်မှ အပူဓာတ်ဆုံးရှုံးသွားခြင်းကို ကာကွယ်ပေးသည်။ ယင်းဒီဇိုင်းသည် “အပူဖလှယ်ခြင်းဖြင့် အပူဓာတ်ပြန်လည်ပတ်စေရာတွင် ကမ္ဘာ့အထိရောက်ဆုံး အရာများထဲမှ တစ်ခု” ဖြစ်ကြောင်း စက်မှုနှင့် လေကြောင်းအင်ဂျင်နီယာ အောသာ ပီ. ဖရစ်က ဖော်ပြခဲ့သည်။၁၃ ယင်းဒီဇိုင်းသည် အလွန်ပိုင်နိုင်လှသည်ဖြစ်ရာ ယင်းကို အင်ဂျင်နီယာများ တုပခဲ့ကြပြီ။

ဂုဏ်တင်ခံထိုက်သူမှာ မည်သူနည်း

သေတ္တာငါးနဲ့ အဲဒီငါးရဲ့ ဒီဇိုင်းကို တုပထားတဲ့ ကား

ကားပုံစံငယ်တစ်ခုသည် သေတ္တာငါး၏ ရေခုခံအားကိုနည်းစေပုံနှင့် ယင်း၏တည်ငြိမ်သောဒီဇိုင်းကို တုပထား

အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့သည် ကင်းမြီးကောက်ကဲ့သို့ လမ်းလျှောက်သော ခြေထောက်များစွာပါရှိသည့် စက်ရုပ်တစ်ရုပ်ကို တီထွင်ထုတ်လုပ်နေကြသည်။ ပိုးကောင်ကြီးအလား အတားအဆီးများကို ကျော်လွှားနိုင်သည့် ခြေထောက်ခြောက်ချောင်းပါ ဝန်ချီစက်ကိုမူ ဖင်လန်နိုင်ငံမှ အင်ဂျင်နီယာများက ထုတ်လုပ်ခဲ့ကြသည်။ အခြားသုတေသီများကမူ ထင်းရှူးသီးများ၏ ဖွင့်နိုင်ပိတ်နိုင်သော အကြေးခွံများကိုတုပ၍ အဖတ်ကလေးများပါသော အဝတ်အထည်များကို ဒီဇိုင်းထွင်ခဲ့ကြသည်။ ယင်းအဝတ်အထည်က ဝတ်ဆင်သူ၏ ကိုယ်ခန္ဓာအပူချိန်ကို ချိန်ညှိပေးသည်။ မော်တော်ကားကုမ္ပဏီတစ်ခုသည် သေတ္တာငါး၏ ပုံစံကိုတုပကာ ယာဉ်တစ်စီးကို လေခုခံအားအနည်းဆုံးပုံစံဖြင့် တီထွင်ထုတ်လုပ်နေသည်။ ထို့ပြင် အခြားသုတေသီများသည် ပို၍ပေါ့ပါးခိုင်ခံ့သည့် ကျည်ကာအင်္ကျီကို ထုတ်လုပ်ရန် အခွံမာ ရေသတ္တဝါများ၏ ဆောင့်ဒဏ်ထိန်းနိုင်စွမ်းကို စူးစမ်းနေကြသည်။

လင်းပိုင်များ

ရေအောက်တွင် အသံလှိုင်းဖြင့် တည်နေရာရှာဖွေနိုင်သည့် လင်းပိုင်၏စွမ်းရည်သည် လူတို့တုပထားရာများထက်သာလွန်

ကောင်းမွန်များပြားလှသည့် တီထွင်ကြံဆမှုများကို သဘာဝတရားမှ ရရှိသဖြင့် သုတေသီများသည် မျိုးပေါင်းစုံလင်လှသော ဇီဝစနစ်ဆိုင်ရာ အချက်အလက်များစွာကို စုဆောင်းခဲ့ကြသည်။ သိပ္ပံပညာရှင်များသည် “ဒီဇိုင်းနှင့်ပတ်သက်သော ပြဿနာများအတွက် သဘာဝတရား၏ ဖြေရှင်းနည်းများ” ရရှိရန် ဤအချက်အလက်များထဲတွင် ရှာဖွေလေ့လာနိုင်ကြောင်း မဂ္ဂဇင်းတစ်စောင် (The Economist) ကဆို၏။ ဤအချက်အလက်များထဲတွင် သိမ်းဆည်းထားသည့် သဘာဝစနစ်များကို ဇီဝဗေဒဆိုင်ရာ မူပိုင်ခွင့်များ ဟုခေါ်သည်။ အများအားဖြင့် တီထွင်မှု မူပိုင်ရသူတစ်ဦးသည် စိတ်ကူးကြံစည်မှုသစ်တစ်ခု သို့မဟုတ် စက်ကိရိယာသစ်တစ်ခုကို ဥပဒေအရ မှတ်ပုံတင်ထားသည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခုဖြစ်သည်။ ဇီဝဗေဒဆိုင်ရာ မူပိုင်ပြုလုပ်ထားသည့် ဤအချက်အလက်များအကြောင်း မဂ္ဂဇင်းတစ်စောင်တွင် ဤသို့ဖော်ပြထား၏– “ ‘ဇီဝဗေဒဆိုင်ရာ မူပိုင်ခွင့်များ’ ကို ဇီဝတုပမှုဆိုင်ရာစိတ်ကူး သို့မဟုတ် ပုံစံများဟုခေါ်ဆိုခြင်းဖြင့် သဘာဝတရားသည်သာ တီထွင်မှု မူပိုင်ရသူဖြစ်ကြောင်း သုတေသီများက အလေးထားပြောဆိုနေကြသည်။”၁၄

အခွံမာ ရေသတ္တဝါ

သိပ္ပံပညာရှင်များသည် အခွံမာရေသတ္တဝါများ၏ ဆောင့်ဒဏ်ထိန်းနိုင်စွမ်းကို စူးစမ်းနေကြ

သဘာဝတရားသည် ထူးခြားကောင်းမွန်သော အဆိုပါစိတ်ကူးများကို မည်သို့ရရှိခဲ့သနည်း။ သဘာဝတရားတွင် ထင်ရှားပေါ်လွင်နေသည့် တီထွင်ထားပုံကောင်းသော ပုံစံများသည် နှစ်ပေါင်းသန်းနှင့်ချီ၍ နည်းအမျိုးမျိုးဖြင့် ဆင့်ကဲပြောင်းလဲလာကြသည်ဟု သုတေသီအများက ယူမှတ်ကြပေမည်။ သို့သော် အခြားသုတေသီများကမူ သဘောမတူကြချေ။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်ထုတ် မဂ္ဂဇင်းတစ်စောင် (The New York Times) တွင် အဏုဇီဝဗေဒပညာရှင် မိုက်ကယ် ဂျေ. ဘီဟီက ဤသို့ရေးသားခဲ့သည်– “[သဘာဝတရားရှိ] ဒီဇိုင်းပုံစံ၏ ထင်ရှားပေါ်လွင်သော အသွင်အပြင်က ယုံကြည်လက်ခံဖွယ် ရိုးရှင်းသည့် ဤအဆိုကို ဖော်ပြသည်– တစ်စုံတစ်ရာဟာ ဘဲပုံပေါက်၊ ဘဲလိုလျှောက်၊ ဘဲလိုအော်နေပြီး ဘဲမဟုတ်ကြောင်း လုံလောက်တဲ့အထောက်အထားလည်းမရှိဘူးဆိုရင် ဘဲလို့ပဲသတ်မှတ်ရမယ်။” ဘီဟီ၏ကောက်ချက်ကား အဘယ်နည်း။ “ဒီဇိုင်းပုံစံတွင် သိသာထင်ရှားလွန်းသည့်အရာရှိနေလျှင် ယင်းကို လျစ်လျူမရှုသင့်ချေ။”၁၅

တောက်တဲ့ခြေထောက်

တောက်တဲ့သည် မော်လီကျူးစွမ်းအားကိုသုံး၍ အချောမွေ့ဆုံးမျက်နှာပြင်တွင် တွယ်ကပ်နိုင်

ပို၍ဘေးကင်းပြီး စွမ်းဆောင်နိုင်ရည် ပိုမြင့်မားသော လေယာဉ်တောင်ပံကို ပုံစံပြုသူ အင်ဂျင်နီယာအား သူ၏ပုံစံရေးဆွဲမှုအတွက် အမှန်ပင် ဂုဏ်တင်ထိုက်ပေသည်။ အလားတူ ပို၍သက်သောင့်သက်သာရှိသည့် အထည်တစ်မျိုး သို့မဟုတ် စွမ်းဆောင်နိုင်ရည် ပိုမြင့်မားသော မော်တော်ယာဉ်တစ်မျိုးကို တီထွင်ထုတ်လုပ်သူသည်လည်း သူ၏ပုံစံရေးဆွဲမှုအတွက် ဂုဏ်တင်ခံထိုက်ပေသည်။ မှန်ပါသည်၊ အခြားသူတစ်ဦး ထုတ်လုပ်ထားသည့် ပုံစံကို တုပထုတ်လုပ်သူတစ်ဦးသည် မူလထုတ်လုပ်သူအား အသိအမှတ်မပြု သို့မဟုတ် ဂုဏ်မတင်ပါက ရာဇဝတ်သားဟု ရှုမြင်ခံရနိုင်သည်။

ယခု ဤအချက်အလက်များကို သုံးသပ်ကြည့်ပါ– အဆင့်မြင့်သုတေသီများသည် သဘာဝတရား၏ ဖွဲ့စည်းပုံကို အနီးစပ်ဆုံး တုပကာ ခက်ခဲသော အင်ဂျင်နီယာဆိုင်ရာ ပြဿနာများကို ဖြေရှင်းကြသည်။ သို့သော် အချို့သည် အသိဉာဏ်ရှိရှိ ဖန်တီးထားသော မူလစိတ်ကူးကို ဂုဏ်တင်မည့်အစား အသိဉာဏ်မဲ့သည့် ဆင့်ကဲဖြစ်စဉ်ကို ဂုဏ်တင်ခဲ့ကြပေမည်။ ယင်းသည် သင့်အတွက် ယုတ္တိရှိပုံရသလော။ တုပထုတ်လုပ်ရန်ပင် အသိဉာဏ်ရှိသော ပုံစံပြုသူတစ်ဦးလိုအပ်လျှင် မူရင်းနှင့်ပတ်သက်၍ကော အသို့ဆိုမည်နည်း။ အမှန်တကယ် ဂုဏ်တင်ခံထိုက်သူမှာ မည်သူနည်း။ ကျွမ်းကျင်အင်ဂျင်နီယာလော သို့မဟုတ် သူ၏နည်းပညာကိုတုပသည့် ပညာသင်လော။

ကျိုးကြောင်းညီညွတ်သည့်ကောက်ချက်

သဘာဝတရားတွင် ထင်ရှားပေါ်လွင်နေသည့် ပုံစံများကို ဆင်ခြင်သုံးသပ်ပြီးနောက် လူအများက ကျမ်းရေးသူပေါလု၏ ဤစကားများကို သံယောင်လိုက်ကြသည်– “[ဘုရားသခင်၏] ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့် အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏။”—ရောမ ၁:၁၉၊ ၂၀။

သင်မည်သို့ဖြေဆိုမည်နည်း။

  • သဘာ၀တွင်တွေ့ရသော ထူးခြားကောင်းမွန်သည့် စက်မှုပညာရပ်များသည် မတော်တဆဖြစ်ပေါ်လာသည်ဟု ယုံကြည်ခြင်းက သင့်အတွက် ယုတ္တိရှိပုံရပါသလော။

  • သက်ရှိများကို ပုံစံပြုထားသည်ဟု ထင်ရရုံသာရှိကြောင်း ဆိုကြသူတို့ကို သင်မည်သို့ တုံ့ပြန်မည်နည်း။

ပင့်ကူ

ပုံစံပြုထားခြင်းလော

တုပထုတ်လုပ်ရန်ပင် ပုံစံပြုသူတစ်ဦးလိုအပ်လျှင် မူရင်းနှင့်ပတ်သက်၍ကော အသို့နည်း။

အမျှင်များ

  • ကက်ဗ်လာအမျှင်ကို ရစ်နေ

    လူ့ထုတ်လုပ်မှု– ကက်ဗ်လာ (Kevlar) ဆိုသည်မှာ ကျည်ကာအင်္ကျီများကဲ့သို့ အရာများတွင်အသုံးပြုသော လူသားများပြုလုပ်သည့် ခိုင်ခံ့သော အမျှင်ဖြစ်သည်။ ကက်ဗ်လာထုတ်လုပ်ရန် အပူချိန်ပြင်းပြင်းနှင့် အန္တရာယ်ရှိသော ပျော်ဝင်နိုင်သည့်အရည် အသုံးပြုဖို့ လိုအပ်၏။

  • သဘာဝထုတ်လုပ်မှု– စက်ဝိုင်းပုံ ပိုးမျှင်အိမ်ဖွဲ့တတ်သော ပင့်ကူများ (orb-weaving) သည် အမျှင် ခုနစ်မျိုးကို ထုတ်လုပ်သည်။ အခိုင်ခံ့ဆုံးအမျှင် (Dragline silk) ဟုလူသိများသောအရာသည် ဝါဂွမ်းထက် ပို၍ပေါ့ပြီး အလေးချိန် တူသောသံမဏိ နှင့် ကက်ဗ်လာထက် ပို၍ခိုင်ခံ့သည်။ ပင့်ကူမျှင်ကို လက်မဝက်နီးပါး (၀.၄ လက်မ) ထူသည့်အထိချဲ့လိုက်ပြီး တစ်ခုနှင့်တစ်ခု တစ်လက်မခွဲကျော် (၁.၆ လက်မ) ခြားထားသော ဘောလုံးကွင်းအရွယ်ရှိ ပင့်ကူအိမ်အဖြစ်ချဲ့လိုက်ပါက ပျံသန်းနေသော အလွန်ကြီးမားသည့် လေယာဉ်ပျံတစ်စင်းကိုပင် ရပ်တန့်သွားစေနိုင်၏။ ပင့်ကူများသည် ယင်းအခိုင်ခံ့ဆုံးအမျှင်ကို အခန်းအပူချိန်တွင် ထုတ်လုပ်ပြီး ပျော်ဝင်နိုင်သည့်အရည် အဖြစ် ရေကိုအသုံးပြုသည်။

လမ်းကြောင်းပြခြင်း

  • ဂျက်လေယာဉ်

    လူ့ထုတ်လုပ်မှု– စီးပွားဖြစ်ခရီးသည်တင် လေယာဉ်အချို့သည် ကွန်ပျူတာဖြင့် အလိုအလျောက် ယာဉ်ထိန်းစနစ်ကို သုံးကြပြီး ယင်းစနစ်က လေယာဉ်ကို တစ်နိုင်ငံမှတစ်နိုင်ငံသို့ လမ်းညွှန်နိုင်ရုံသာမက မြေပြင်သို့ပါ ဆင်းစေနိုင်သည်။ အလိုအလျောက်ယာဉ်ထိန်းစနစ် တစ်ခုကို လက်တွေ့စမ်းသပ်သည့် ကွန်ပျူတာသည် မှတ်ပုံတင်ကတ် အရွယ်မျှသာရှိသည်။

  • သဘာဝထုတ်လုပ်မှု– ဘုရင်လိပ်ပြာသည် ဘောလ်ပင်ထိပ်ဖျား အရွယ်ရှိ ဦးနှောက်ကိုသုံးကာ မိုင်ပေါင်း ၁,၈၀၀ ဝေးသော ကနေဒါ မှ မက္ကဆီကို နိုင်ငံသစ်တောရှိ အကွက်ငယ်တစ်ခုသို့ ပြောင်းရွေ့နေထိုင်သည်။ ဤလိပ်ပြာသည် လမ်းကြောင်းကိုသိနိုင်ရန် နေကိုအမှီပြုပြီး ကောင်းကင်ရှိ နေ၏ရွေ့လျားမှုနှင့်အညီ ချိန်ညှိနိုင်စွမ်းရှိသည်။

မှန်ဘီလူးများ

  • ပင်အပ်ခေါင်းအရွယ် စုပေါင်းမျက်စိအတု

    လူ့ထုတ်လုပ်မှု– အင်ဂျင်နီယာများသည် ပင်အပ်ခေါင်းအရွယ်နေရာအတွင်း မှန်ဘီလူးပေါင်း ၈,၅၀၀ ထည့်သွင်းကာ အင်းဆက်မျက်လုံးအတု (artificial compound eye) ထုတ်လုပ်ခဲ့ကြသည်။ ယင်းမှန်ဘီလူးများကို မြန်နှုန်းမြင့် ရွေ့လျားမှုတိုင်းကိရိယာများနှင့် ဘက်ပေါင်းစုံရိုက်နိုင်သည့် အလွန်ပါးလွှာသော ကင်မရာများတွင်အသုံးပြုကြသည်။

  • သဘာဝထုတ်လုပ်မှု– ပုစဉ်း၏ မျက်လုံးတစ်လုံးစီတွင် မှန်ဘီလူး ၃၀,၀၀၀ ခန့် ပါဝင်သည်။ ယင်းမှန်ဘီလူးများသည် ပေါင်းစပ် မြင်ကွင်းကျယ် ဖြစ်လာရန် စုပေါင်းသွားသည့် ပုံရိပ်များကိုထုတ် ပေးသည်။ ပုစဉ်း၏မျက်လုံးသည် ရွေ့လျားမှုကိုထောက်လှမ်းရာတွင် အလွန်ကောင်းသည်။

    ပုစဉ်း
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ