ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၀၇ စာ. ၁၂-၁၅
  • နောဧသင်္ဘောနှင့် ရေကြောင်းဗိသုကာပညာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောဧသင်္ဘောနှင့် ရေကြောင်းဗိသုကာပညာ
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်္ဘောပုံစံ
  • လှိုင်းဒဏ်၊ လေဒဏ်ကိုကောင်းစွာခံနိုင်ခြင်း
  • လုံခြုံပြီး သက်သောင့်သက်သာရှိ
  • လူရှစ်ယောက် အသက်ရှင်လွတ်မြောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ပဋိညာဉ်သေတ္တာတော်ဆိုတာဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • နောဧသင်္ဘော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • လွှမ်းမိုးတဲ့ရေကြီး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁/၀၇ စာ. ၁၂-၁၅

နောဧသင်္ဘောနှင့် ရေကြောင်းဗိသုကာပညာ

အနှစ်လေးဆယ်ကျော်အတွင်း ကျွန်ုပ်သည် ရေကြောင်းဗိသုကာနှင့် ရေကြောင်းအင်ဂျင်နီယာတစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ ကျွန်ုပ်သည် ပုံစံနှင့် အရွယ်အစားအမျိုးမျိုးရှိသည့် သင်္ဘောများကိုသာမက ယင်းတို့ကို မောင်းနှင်သည့်စက်ပိုင်းနှင့် အခြားနည်းစနစ်များကိုပါ ဒီဇိုင်းရေးဆွဲရသည်။ ၁၉၆၃ ခုနှစ်တွင် ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၌ နေထိုင်စဉ် ယေဟောဝါသက်သေတစ်ဦးက ကမ္ဘာဦးကျမ်းတွင် နောဧသင်္ဘောကို သေတ္တာရှည်ကြီးတစ်ခုအဖြစ် ဖော်ပြထားကြောင်း ကျွန်ုပ်အားပြောပြသည်။ ထိုပြောပြချက်ကြောင့် ကျွန်ုပ်စိတ်ဝင်စားသွားကာ ထပ်ဆင့်စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်သည်။

ဘုရားသခင်သည် ရေလွှမ်းမိုးဘေးအားဖြင့် ဆိုးသွမ်းမှုကို ကမ္ဘာမြေပေါ်မှ သုတ်သင်ပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကမ္ဘာဦးကျမ်းမှတ်တမ်းက ဖော်ပြသည်။ ဘုရားသခင်သည် နောဧအား သူကိုယ်တိုင်နှင့် သူ၏မိသားစုသာမက တိရစ္ဆာန်လောကမှ ကိုယ်စားပြုအကောင်များပါ ဤရေလွှမ်းမိုးဘေးကြီးမှလွတ်မြောက်ရန် သင်္ဘောတစ်စင်းဆောက်ဖို့ မိန့်မှာခဲ့သည်။ သင်္ဘောကို အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ် ဆောက်လုပ်ရန် နောဧအား ဘုရားသခင်မှာကြားခဲ့သည်။ (ကမ္ဘာဦး ၆:၁၅) ခန့်မှန်းတွက်ချက်မှုတစ်ခုအရ ဤသင်္ဘောသည် အလျား ၄၃၈ ပေ၊ အနံ ၇၃ ပေနဲ့ အမြင့် ၄၄ ပေရှိမည်။ ထို့ကြောင့် ဤသင်္ဘော၏ထုထည်မှာ ၁,၄၀၀,၀၀၀ ကုဗပေခန့်ရှိသည်။

သင်္ဘောပုံစံ

သင်္ဘောကို သုံးထပ်ဆောက်ထားကာ ယင်းက သင်္ဘောကို ပိုမိုခိုင်မာတောင့်တင်းစေသည်။ ယင်း၏ စုစုပေါင်းကြမ်းပြင်ဧရိယာမှာ စတုရန်းပေ ၉၆,၀၀၀ ခန့်ရှိသည်။ အစေးရှိပြီး ရေစိုခံသည့် ထင်းရှူးသားမျိုးဖြစ်နိုင်သော သစ်သားဖြင့် သင်္ဘောကို တည်ဆောက်ခဲ့သည်။ သင်္ဘောအတွင်း၊ အပြင်ကို ကတ္တရာစေးနှင့်သုတ်ထားသည်။ (ကမ္ဘာဦး ၆:၁၄-၁၆၊ သမ္မာ) သစ်များကို နောဧမည်သို့တွဲဆက်ခဲ့သည်ကို ကျွန်ုပ်တို့မသိရပါ။ သို့သော် သမ္မာကျမ်းစာတွင် ရေလွှမ်းမိုးဘေးအကြောင်း မဖော်ပြခင်ကတည်းက ပန်းတဉ်းသမား၊ ပန်းပဲသမားများအကြောင်း ဖော်ပြထားသည်။ (ကမ္ဘာဦး ၄:၂၂) မည်သို့ပင်ဖြစ်စေ၊ သစ်သားဖြင့်ပြုလုပ်ထားသော သင်္ဘောအချို့ကိုတည်ဆောက်ရန် သစ်သားသပ်များကို ယနေ့အချိန်အထိ အသုံးပြုနေကြသည်။

သင်္ဘော၏အတွင်းတွင် အခန်းများဖွဲ့ထားသည်။ ဘေးဘက်တွင် တံခါးပေါက်တစ်ခုရှိကာ အမိုးအောက် တစ်တောင်အကွာတွင် လေဝင်လေထွက်နှင့် အလင်းရောင်ရရှိရန် အပေါက်များဖောက်ထားသည်။ သို့သော် ကမ္ဘာဦးကျမ်းမှတ်တမ်းက သင်္ဘော၏ ကိုယ်ထည်ဘောင် သို့မဟုတ် ဦးပိုင်း၊ ရွက်ထည်၊ လှော်တက် သို့မဟုတ် တက်မတို့အကြောင်းကို မဖော်ပြထားပေ။ အမှန်ဆိုလျှင် “သင်္ဘော” အတွက်ပြန်ဆိုထားသော ဟေဗြဲစကားလုံးကို နိုင်းလ်မြစ်တွင် ပေါလောပေါ်နေစေရန် နို့စို့သူငယ် မောရှေ၏မိခင် အသုံးပြုခဲ့သော ကတ္တရာစေး သုတ်ထားသည့် ခြင်းတောင်းကိုဖော်ပြရန် အသုံးပြုသည်။—ထွက်မြောက်ရာ ၂:၃၊ ၁၀။

လှိုင်းဒဏ်၊ လေဒဏ်ကိုကောင်းစွာခံနိုင်ခြင်း

သင်္ဘော၏အလျားသည် အနံ၏ခြောက်ဆနှင့် အမြင့်၏ဆယ်ဆရှိ၏။ မျက်မှောက်ခေတ်ရှိ သင်္ဘောများစွာသည် နောဧသင်္ဘောနှင့် အချိုးအစားတူကြသည်။ သို့သော် ယင်းတို့သည် ရေထဲတွင် ရွေ့လျားသွားလာနိုင်ရန် လိုအပ်သောစွမ်းအားရရှိဖို့ ထိုအချိုးအစားကို ရွေးချယ်ကြခြင်းဖြစ်သည်။ နောဧသင်္ဘောအတွက်မူပေါလောပေါ်နေရန်သာဖြစ်၏။ ယင်းသည် ရေပေါ်တွင် မည်သို့ပေါ်နေနိုင်မည်နည်း။

လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်စွမ်းသည် သင်္ဘော၏အချိုးအစားနှင့်လည်း ဆက်စပ်နေ၏။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးခဲ့ကြောင်း၊ ဘုရားသခင်သည် နောက်ပိုင်းတွင် လေတိုက်ခတ်စေခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (ကမ္ဘာဦး ၇:၁၁၊ ၁၂၊ ၁၇-၂၀; ၈:၁) လှိုင်းလေမည်မျှထန်သည်ကို သမ္မာကျမ်းစာက မဖော်ပြသော်လည်း ယနေ့အချိန်၌ကဲ့သို့ပင် လှိုင်းလေထန်ကာ မတည်မငြိမ်ဖြစ်ခဲ့ပေမည်။ လေတိုက်ခိုက်မှု အချိန်ကြာပြီး ပြင်းထန်လာလေ လှိုင်းလုံးများပို၍ကြီးမားကာ ကျဲလာလေဖြစ်သည်။ ထို့ပြင် မြေငလျင်လှုပ်လျှင် လှိုင်းများထန်လာနိုင်သည်။

သင်္ဘော၏အချိုးအစားသည် ယင်းကို တည်ငြိမ်စေကာ မမှောက်ရန် ကာကွယ်ပေး၏။ လှိုင်းလေထန်နေသောပင်လယ်ပြင်တွင် ဦးစိုက်လိုက် မော့လိုက်မဖြစ်ရန်လည်း သင်္ဘောကို ဒီဇိုင်းရေးဆွဲထားသည်။ သင်္ဘောဦးစိုက်လိုက် မော့လိုက်အဖြစ်များသည့်အခါ သင်္ဘောပေါ်ရှိ လူနှင့်တိရစ္ဆာန်များ အလွန်အနေရခက်ပေမည်။ ဦးစိုက်လိုက် မော့လိုက်ဖြစ်ခြင်းက သင်္ဘောကိုလည်း များစွာထိခိုက်စေ၏။ လှိုင်းလုံးကြီးများက သင်္ဘော၏ ဦးပိုင်းနှင့်ပဲ့ပိုင်းနှစ်ခုစလုံးကို တစ်ပြိုင်တည်းပင့်တင်သည့်အခါ ခါးအိပြီးမကျိုးသွားရန် အခိုင်အမာတည်ဆောက်ထားရမည်။ သို့သော် လှိုင်းလုံးကြီးတစ်လုံးက သင်္ဘောကို အလယ်မှပင့်တင်ကာ ဦးပိုင်းနှင့်ပဲ့ပိုင်းတွင် လွတ်နေသောအခါ ၎င်းဦးပိုင်းနှင့်ပဲ့ပိုင်းသည် အောက်ဘက်သို့ ကွေးကျလာနိုင်သည်။ ဘုရားသခင်သည် နောဧအား အလျားနှင့် အမြင့်ကို ၁၀ အချိုး ၁ အသုံးပြုရန် မှာကြားခဲ့သည်။ နောင်တွင် သင်္ဘောတည်ဆောက်သူများသည် ထိုသို့သောအချိုးအစားက ယင်းသို့သောထိခိုက်မှုများ မဖြစ်စေနိုင်ကြောင်း ခါးသီးသောအတွေ့အကြုံများဖြင့်သာ သိရှိကြမည်ဖြစ်သည်။

လုံခြုံပြီး သက်သောင့်သက်သာရှိ

သင်္ဘောကြီးသည် သေတ္တာပုံစံရှိခြင်းကြောင့် ဖော့ကဲ့သို့ ပေါလောပေါ်နိုင်သောစွမ်းအားသည် ဦးပိုင်းမှပဲ့ပိုင်းတိုင်အောင် တညီတည်းဖြစ်နေပေမည်။ ယင်း၏အလေးချိန်သည်လည်း မျှနေပေမည်။ နောဧသည် တိရစ္ဆာန်များနှင့် တစ်နှစ်ကျော်စာ စားနပ်ရိက္ခာအပါအဝင် ကုန်ပစ္စည်းများကို အလေးချိန်မျှအောင် နေရာချ၍ တင်ခဲ့ပေမည်။ အလေးချိန်မျှအောင် နေရာချထားခြင်းက သင်္ဘောပေါ်တင်ထားသည့် ကုန်ပစ္စည်းများ၏ အလေးဒဏ်ကို လျော့နည်းစေသည်။ ထို့ကြောင့် သင်္ဘောနှင့် ယင်းပေါ်ရှိ ခရီးသည်များအား ကမ္ဘာချီရေလွှမ်းမိုးဘေးမှ ဘေးကင်းစွာလွတ်မြောက်စေနိုင်သည့် အဓိကအကြောင်းရင်းနှစ်ခုမှာ ယေဟောဝါရေးဆွဲခဲ့သည့် သင်္ဘောဒီဇိုင်းနှင့် ကိုယ်တော်၏ ကာကွယ်စောင့်ရှောက်မှုတို့ဖြစ်သည်။ ဘုရားသခင်သည် သင်္ဘောကို လုံခြုံပြီး သင့်လျော်သောနေရာတွင် တင်စေခဲ့သည်မှာသေချာသည်။

ဤအကြောင်းအရာကို ကျွန်ုပ် သေသေချာချာ ဆန်းစစ်လေ့လာကြည့်ရာ နောဧသင်္ဘောနှင့်ပတ်သက်၍ သမ္မာကျမ်းစာဖော်ပြချက်သည် လက်တွေ့ကျပြီး မျက်မှောက်ခေတ် သင်္ဘောတည်ဆောက်နည်းနှင့် ကိုက်ညီမှုရှိသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။ အမှန်ဆိုလျှင် သင်္ဘောနှင့် ရေလွှမ်းမိုးဘေးနှင့်ပတ်သက်၍ ကမ္ဘာဦးကျမ်းမှတ်တမ်းတွင် မဖော်ပြထားသည့် အသေးစိတ်အချက်အလက်များစွာ ရှိပါသေးသည်။ အချိန်ကြာကြာ၊ ဝီရိယရှိရှိတည်ဆောက်ခဲ့ရသော သင်္ဘောအားဖြင့် ဆက်လက်တည်ရှိနိုင်ခဲ့သည့် လူ့မိသားစုများနှင့် တိရစ္ဆာန်များအလယ်၊ ဤကမ္ဘာမြေပေါ်တွင် ရှင်ပြန်ထမြောက်လာမည့်နောဧနှင့် တွေ့ဆုံရမည့်နေ့ကို ကျွန်ုပ်မျှော်လင့်နေပါသည်။ (တမန်တော် ၂၄:၁၅; ဟေဗြဲ ၁၁:၇) ဦးဆုံး၊ နောဧနှင့် သူ၏မိသားစုကို ကျေးဇူးတင်ကြောင်းပြောမည်။ ထို့နောက် သူ့ကို မေးခွန်းများစွာ မေးမည်။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်္ဘော၏ပုံစံငယ်

သင်သည် ပူးတွဲပါပုံစံကို အသုံးပြု၍ သင့်ကိုယ်ပိုင် သင်္ဘောပုံစံငယ်ကို စမ်းသပ်ပြုလုပ်နိုင်သည်။ (အောက်တွင်ဖော်ပြထားသည့် ပုံစံကို အချိုးကျကျချဲ့ခြင်းဖြင့် သာ၍ကြီးသောပုံစံတစ်ခုကို တည်ဆောက်နိုင်ပေမည်။) ရိုးရိုးစက္ကူတစ်ရွက်ကို ဖယင်း သို့မဟုတ် ရောင်စုံဖယင်းခဲတံဖြင့် ပွတ်တိုက်ပေးခြင်းဖြင့် ရေလုံအောင် ပြုလုပ်နိုင်သည်။ ထို့နောက် စာရွက်ကိုချိုးကာ ထောင့်စွန်းများကို တိပ် သို့မဟုတ် ကော်ဖြင့်ကပ်ပါ။ သင့်ပုံစံငယ်၏ကြမ်းခင်းတွင် တူညီသောငွေအကြွေစေ့အချို့ကို ညီညာစွာထည့်ပြီး တိပ် သို့မဟုတ် ကော်ဖြင့်ကပ်ပါ။ ရေထဲတွင် သင်္ဘောပုံစံငယ်အမြင့်၏သုံးပုံတစ်ပုံနှင့် တစ်ဝက်ကြားမြှုပ်သည်အထိ ယင်းအကြွေစေ့များကို ထည့်ပါ။

ပင်လယ်ခရီးအတွက် သင်္ဘော၏လှိုင်းလေဒဏ်ခံနိုင်မှုကို သရုပ်ဖော်ရန် သင်ပြုလုပ်ထားသောပုံစံငယ်ကို ရေချိုးကန်အလယ်တွင် အလျားလိုက်ယှဉ်၍ထည့်ပါ။ လေးထောင့်ရှိသည့် နို့ဘူးခွံအလွတ် သို့မဟုတ် အလားတူပစ္စည်းတစ်ခုကို ကိုင်ထားပြီး ရေချိုးကန်၏ထိပ်တစ်ဖက်တွင် ကန့်လန့်ဖြတ်၍ ရေထဲတွင် ဖြည်းဖြည်းမှန်မှန် နှစ်လိုက်ဖော်လိုက် လုပ်ပေးခြင်းဖြင့် ပုံမှန်ရေလှိုင်းလေးများဖြစ်အောင် လုပ်ကြည့်ပါ။

[ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ခေါက်ချိုးချိုးပါ ခေါက်ချိုးချိုးပါ

ခေါက်ချိုးချိုးပါ ခေါက်ချိုးချိုးပါ

[ရုပ်ပုံ]

နောဧသင်္ဘော၏အချိုးအစားသည် ပင်လယ်ကူးသင်္ဘောတစ်စင်း၏ အချိုးအစားနှင့်တူ

[စာမျက်နှာ ၁၃ ပါ ပုံကြမ်း/ရုပ်ပုံများ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရှေ့ဘက်

ဘေးဘက်

အပေါ်ဘက်

ရှေ့ဘက်

ဘေးဘက်

အပေါ်ဘက်

[ရုပ်ပုံများ]

နောဧ၏သင်္ဘောသည် ၄၃၈ ပေခန့်ရှည်ပြီး“တိုင်တဲန်းနစ်” သင်္ဘောအရှည်၏ထက်ဝက်နီးပါးရှိသည်

[Credit Lines]

Titanic plan: Courtesy Dr. Robert Hahn/​www.titanic-plan.com; photo: Courtesy of The Mariners’ Museum, Newport News, VA

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ