ကျန်းမာသောမိခင်များ၊ ကျန်းမာသောကလေးများ
ကျေနပ်တင်းတိမ်နေပြီး ကျန်းမာသော မွေးကင်းစကလေးငယ်လေးကို မိခင်သည် ကြင်နာယုယစွာ ပွေ့ပိုက်ထားသည်။ ဖခင်က လွန်စွာပီတိဖြာနေသည်။ နှစ်စဉ်နှစ်တိုင်း ဤပျော်ရွှင်ဖွယ်မြင်ကွင်းကို ထပ်ခါထပ်ခါ မြင်တွေ့နေရသောကြောင့် ကလေးမွေးဖွားလာခြင်းကို အံ့သြဖွယ်ရာတစ်ခုအနေနှင့် မယူဆကြတော့ချေ။ တကယ်တော့ ယင်းသည် သာမန်ဖြစ်စဉ်တစ်ခုဖြစ်သည်၊ သို့ဆိုလျှင် ယင်းနှင့်ပတ်သက်၍ ဘာစိုးရိမ်စရာရှိသနည်း။
မှန်ပါသည်၊ ကလေးမွေးဖွားခြင်းသည် လွယ်ကူလေ့ရှိ၏။ သို့သော် အမြဲမဟုတ်ပါ။ ပညာရှိသောမိဘလောင်းများသည် မလိုအပ်သော ရောဂါများဖြစ်ခြင်းမှရှောင်ရှားရန် သူတို့တတ်နိုင်သည့်အရာမှန်သမျှကို လုပ်ဆောင်ကြသည်။ ဥပမာ၊ သူတို့သည် ကလေးမွေးဖွားစဉ် ဖြစ်ပေါ်တတ်သော ပြဿနာများအကြောင်း လေ့လာထားကြပြီး မီးမဖွားမီ အရည်အသွေးကောင်းသည့် ပြုစုစောင့်ရှောက်မှုကို ခံယူကြကာ မီးဖွားစဉ်ဖြစ်လာနိုင်သည့် အန္တရာယ်များကိုလျော့ချရန် ရိုးရှင်းသည့်လုပ်ဆောင်မှုအချို့ကို ပြုလုပ်ကြသည်။ ယင်းအချက်များကို ပို၍အသေးစိတ်ကျကျ သုံးသပ်ကြည့်ကြစို့။
ကလေးမွေးဖွားခြင်းပြဿနာများ ဖြစ်ရသည့်အကြောင်းများ
ကလေးမွေးဖွားခြင်းပြဿနာများ ဖြစ်ရသည့်အကြောင်းများထဲမှတစ်ခုမှာ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း မိခင်နှင့်ကလေးငယ်နှစ်ဦးစလုံးသည် ကောင်းစွာဂရုစိုက်မှု မရရှိခဲ့၍ဖြစ်သည်။ “ကိုယ်ဝန်ဆောင်စဉ်အတွင်း ဂရုမစိုက်ခဲ့ပါက သန္ဓေသားကို အန္တရာယ်ကြီးကြီးမားမား ဖြစ်လာစေနိုင်တယ်” ဟု ဟောင်ကောင်မြို့ရှိ ဝေလမင်းသားဆေးရုံမှ မွေးကင်းစကုသဆောင်၏အတိုင်ပင်ခံ ကလေးအထူးကုဆရာဝန် ချန်ကမ်လူက ပြောသည်။ “ထိုမိခင်များထဲမှ အများစုသည် ကျန်းမာသည့် ၀၀ကစ်ကစ်ကလေးလေး မွေးလာမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း တကယ်တမ်းလက်တွေ့မှာ အဲဒီလိုအမြဲဖြစ်မလာတတ်ဘူး” ဟုလည်း သူကဆက်ပြောသည်။
မိခင်များကို ထိခိုက်မှုရှိနိုင်သော ပြဿနာများနှင့်ပတ်သက်၍ အမေရိကန်မှ ဂျာနယ်တစ်စောင် (Journal of the American Medical Women’s Association) တွင် “မီးဖွားစဉ် မိခင်သေဆုံးရသည့် အကြောင်းရင်းနှင့် တိုက်ရိုက်ဆက်နွှယ်ရာများမှာ” သွေးထွက်လွန်ခြင်း၊ မီးဖွားရခက်ခြင်း၊ ရောဂါကူးစက်ခြင်းနှင့် မူမမှန်သော သွေးတိုးလွန်းခြင်းတို့ဖြစ်သည်ဟု ဖော်ပြထားသည်။ သို့သော်၊ ထိရောက်သည့်ကုသနည်းများမှာ လူသိများပြီး ကိစ္စအများစုတွင် “ခေတ်မီဆေးကုသနည်းသည် ခက်ခဲရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများ မလိုအပ်ပါ” ဟုဂျာနယ်က ဖြည့်စွက်သည်။
အသင့်ရရှိနိုင်သော ဆေးကုသမှုများသည်လည်း ကလေးများစွာကို ထောက်ကူပေးနိုင်သည်။ “လူသိများပြီး ခက်ခဲရှုပ်ထွေးသော ပစ္စည်းကိရိယာများမပါဘဲ ကုသနိုင်သော” ဆေးကုသမှုကို “မိခင်နှင့် မွေးကင်းစကလေးအားလုံး” ခံယူပါက “မွေးကင်းစကလေးသေဆုံးမှု သုံးပုံနှစ်ပုံကို ကာကွယ်တားဆီးနိုင်သည်” ဟု ယူအန်သမိုင်းမှတ်တမ်း စာအုပ်တွင်ဖော်ပြထားသည်။ ၀မ်းနည်းစရာမှာ မိခင်များအပိုင်းမှ ဗဟုသုတမရှိခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ်ကာလ ဂရုမစိုက်ခဲ့ခြင်းတို့သည် အဖြစ်များနေသည်ဟု ဖိလစ်ပိုင်သတင်းဌာနတစ်ခု (Philippines News Agency) ကဖော်ပြသည်။
ကိုယ်ဝန်ဆောင်စဉ် မိခင်နှင့် ကလေးအတွက် အကောင်းဆုံးဂရုစိုက်မှု
“ကျန်းမာသောမိခင်များတွင် ကျန်းမာသောကလေးများရှိသည်” ဟု ယူအန်သမိုင်းမှတ်တမ်း စာအုပ်ကဆိုသည်။ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နှင့် မီးဖွားပြီးနောက် ပြန်နာလန်ထူချိန်အတွင်း ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု လုံလောက်စွာမခံယူခဲ့ သို့မဟုတ် လုံးဝမခံယူခဲ့သောအခါ သူ့ကလေးသည်လည်း ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု အနည်းငယ်သာရရှိသည် သို့မဟုတ် လုံးဝမရရှိဟုလည်း ယင်းစာအုပ်က မှတ်ချက်ချသည်။
အချို့နိုင်ငံများတွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် လုံလောက်သည့်ဂရုစိုက်စောင့်ရှောက်မှု ရရှိရန်ခက်ခဲပေမည်။ သူသည် ခရီးဝေးထွက်ကောင်းထွက်ပေမည် သို့မဟုတ် ဆေးကုသမှုကုန်ကျစရိတ်အတွက် မပေးချေနိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် အနည်းဆုံး ကိုယ်ဝန်ဆောင်စဉ် အထူးကုအချို့၏ ပြုစုစောင့်ရှောက်မှုခံယူသင့်သည်။ မမွေးသေးသည့်ကလေးအပါအဝင် လူ့အသက်ကို မြင့်မြတ်ရာအဖြစ်ဖော်ပြသည့် သန့်ရှင်းသည့်သမ္မာကျမ်းစာတွင်တွေ့ရသော သွန်သင်ချက်များနှင့်အညီနေထိုင်သော အမျိုးသမီးတစ်ဦးအတွက် ယင်းသို့ပြုလုပ်ရန် အထူးသဖြင့်အရေးကြီးသည်။—ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃;a တရားဟောရာ ၂၂:၈။
လုံလောက်စွာပြုစုစောင့်ရှောက်မှုခံယူခြင်းဟူသည် အပတ်တိုင်း ဆရာဝန်နှင့်တွေ့ဆုံခြင်းကို ဆိုလိုပါသလော။ မဟုတ်ပါ၊ ယင်းသို့လုပ်ရန်မလိုအပ်ပါ။ ကိုယ်ဝန်ဆောင်စဉ်နှင့်မီးဖွားစဉ် ဖြစ်ပေါ်လေ့ရှိသော ရောဂါသစ်အချို့နှင့်စပ်လျဉ်း၍ “ကိုယ်ဝန်ဆောင်နေစဉ်အတွင်း လေးကြိမ်သာ ဆရာဝန်နှင့်သွားရောက်တွေ့ဆုံသော အမျိုးသမီးများ” အကျိုးခံစားရမှုသည် “၁၂ ကြိမ် သို့မဟုတ် ထို့ထက်ပို၍တွေ့ဆုံခဲ့ကြသူများနှင့်ယှဉ်သာသည်” ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတွေ့ရှိခဲ့သည်။
ဆရာဝန်များလုပ်နိုင်ရာ
မိခင်နှင့် မမွေးသေးသောကလေး၏ ရှေ့အလားအလာ တိုးတက်ကောင်းမွန်စေရန်အတွက် သားဖွားပညာအထူးပြု ကျန်းမာရေးစောင့်ရှောက်သော အထူးကုများသည် အောက်ပါအဆင့်များကို ပြုလုပ်သည်–
◼ သူတို့သည် လူနာ၏ဆေးရာဇဝင်ကို ပြန်သုံးသပ်သည်၊ အန္တရာယ်ကို စိစစ်သတ်မှတ်ရန်နှင့် မိခင် သို့မဟုတ် ကြီးထွားနေသော ကလေးငယ်တို့တွင်ဖြစ်နိုင်သည့် ဆင့်ပွားရောဂါများကို ကြိုတင်ကာကွယ်ရန် စမ်းသပ်စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။
◼ သွေးအားနည်းရောဂါ၊ ရောဂါကူးစက်ခြင်း၊ အာရ်အိပ်ချ် သဟဇာတမဖြစ်ခြင်း (Rh incompatibility) နှင့် သွေးချိုဆီးချို၊ ဂျိုက်သိုးရောဂါ (rubella)၊ လိင်ဆိုင်ရာကူးစက်ရောဂါများနှင့် သွေးတိုးစေသည့် ကျောက်ကပ်ရောဂါများကဲ့သို့သော ပြဿနာများကို စစ်ဆေးရန် သွေးနှင့်ဆီး နမူနာများကို ရယူပေမည်။
◼ သူတို့သည် လူနာအတွက် သင့်လျော်ပြီး လက်သင့်ခံနိုင်သည်ဟုယူဆပါက တုပ်ကွေး၊ မေးခိုင်ရောဂါနှင့် အာရ်အိပ်ချ် သဟဇာတမဖြစ်ခြင်းကဲ့သို့သောအရာများအတွက် ကာကွယ်ဆေးထိုးရန် အကြံပေးပေမည်။
◼ ဗီတာမင်ဖြည့်စွက်အစာများ၊ အထူးသဖြင့် ဖောလစ်အက်စစ် သောက်သုံးရန်လည်း အကြံပေးနိုင်သည်။
ဆရာဝန်များသည် ကိုယ်ဝန်ဆောင်ခြင်းနှင့်ဆက်နွှယ်သော အန္တရာယ်များကို ခွဲခြားသိမြင်လာသောအခါ လိုအပ်သည့်ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ကာ သို့မဟုတ် မိခင်အား ထိုသို့လုပ်ရန်ကူညီပေးခြင်းဖြင့် သူနှင့် မမွေးသေးသော သူ့ကလေးအတွက် ပို၍အလားအလာကောင်းမွန်စေသည်။
မီးဖွားချိန်အတွင်း အန္တရာယ်များကို နည်းနိုင်သမျှနည်းစေခြင်း
“ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအတွက် အန္တရာယ်အရှိဆုံးအချိန်မှာ အသည်းအသန်ဖြစ်နေသော မီးဖွားချိန်ဝန်းကျင်တွင်ဖြစ်သည်” ဒဗလျူအိပ်ချ်အို (WHO) ရှိ မိသားစုနှင့် လူမျိုးစုကျန်းမာရေး၏ ယခင်လက်ထောက်အထွေထွေဒါရိုက်တာ ဂျိုင်းပူမာပီ ကပြောသည်။ ယင်းအသည်းအသန်ဖြစ်နေချိန်တွင် စိုးရိမ်ရသောပြဿနာများ၊ အသက်အန္တရာယ်ရှိရာကိုပင် ကာကွယ်ရန် ဘာပြုလုပ်နိုင်သနည်း။ အမှန်မှာ လုပ်ဆောင်နိုင်သည့်အဆင့်များသည် ရိုးရှင်းပါသည်၊ သို့သော် ကြိုတင်၍ လုပ်ဆောင်ဖို့လိုအပ်သည်။b ယင်းသည် အထူးသဖြင့် ကျမ်းစာအခြေပြု အကြောင်းပြချက်များကြောင့် သွေးသွင်းရန်ငြင်းဆန်သူများ သို့မဟုတ် ထင်ရှားသည့် ဆေးဘက်ဆိုင်ရာ ဖြစ်လာနိုင်ဖွယ်အန္တရာယ်များကြောင့် သွေးကို ကြဉ်ရှောင်သူများအတွက် အရေးကြီးပါသည်။—တမန်တော် ၁၅:၂၀၊ ၂၈၊ ၂၉။
ထိုကဲ့သို့သော လူနာများသည် ဆရာဝန်ဖြစ်စေ၊ သားဖွားဆရာမဖြစ်စေ သူတို့၏ကျန်းမာရေးစောင့်ရှောက်ပေးသူသည် သွေးအစားထိုးကုသရာတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသူဖြစ်ကြောင်း သေချာစေသင့်သည်။ ကလေးရတော့မည့်မိဘများသည် သူတို့တက်ရောက်မည့် ဆေးရုံ သို့မဟုတ် သားဖွားဆောင်ရှိ ဝန်ထမ်းများသည် ပူးပေါင်းလိုစိတ်ရှိကြောင်းသေချာစေခြင်းမှာလည်း ပညာရှိရာကျပေမည်။c ဆရာဝန်ကိုမေးရန် မေးခွန်းကောင်းနှစ်ခုမှာ– ၁။ မိခင် သို့မဟုတ် ကလေးသည် သွေးပမာဏ သိသိသာသာ ကျဆင်းသွားပါက၊ အခြားဆင့်ပွားရောဂါများ ရှိနေပါက သင်ဘာလုပ်မည်နည်း။ ၂။ ကလေးမွေးသည့်အချိန်တွင် သင်မရှိပါက ကျွန်ုပ်၏ဆန္ဒများကိုလေးစားကြောင်းသေချာစေရန် တခြားအဘယ်အစီအစဉ်များ ပြုလုပ်ထားမည်နည်း။
အမြော်အမြင်ရှိသော အမျိုးသမီးသည် မီးမဖွားမီ သူ့သွေးပမာဏမှာ ပုံမှန်အခြေအနေအတွင်း မြင့်နိုင်သမျှအမြင့်ဆုံးဖြစ်ကြောင်းသေချာစေရန် ဆရာဝန်နှင့်စစ်ဆေးပေမည်။ ဆရာဝန်သည် လူနာ၏သွေးဥအရေအတွက် လျော့နည်းလာသည်ကို သတိပြုမိပါက ဖောလစ်အက်စစ်နှင့် အခြားဘီအုပ်စု ဗီတာမင်များအပြင် သံဓာတ်အစားထိုးပစ္စည်းများကို သောက်သုံးရန် ထောက်ခံပေမည်။
ဆရာဝန်သည် အခြားအကြောင်းရင်းများကိုလည်း သုံးသပ်ပါလိမ့်မည်။ ဥပမာ၊ ကိုယ်ဝန်ဆောင်စဉ် ဂရုစိုက်ရန်လိုမည့် ကျန်းမာရေးပြဿနာတစ်ခုခု တွေ့ရှိပါသလော။ မိခင်လောင်းသည် မတ်တတ်ရပ်လွန်းခြင်းကို ရှောင်သင့်ပါသလော။ ပို၍အနားယူရန် လိုအပ်သလော။ အလေးချိန်တက်ဖို့ သို့မဟုတ် လျော့ဖို့ သို့မဟုတ် ပို၍လေ့ကျင့်ခန်းလုပ်ဖို့ လိုမည်လော။ ခံတွင်းသန့်ရှင်းခြင်းအပါအဝင် တစ်ကိုယ်ရေသန့်ရှင်းဖို့ ပို၍အာရုံစိုက်ရန် လိုအပ်သလော။
ကိုယ်ဝန်ဆောင်မိခင်ရှိ သွားဖုံးရောဂါသည် ရုတ်တရက်သွေးတိုးခြင်း၊ အလွန်ခေါင်းကိုက်ခြင်းနှင့် ဖောရောင်ခြင်း (တစ်သျှူးများတွင် အရည်များလွန်းခြင်း) ဖြစ်သည့် ကိုယ်ဝန်ဆောင်အဆိပ်တက်မည့် အန္တရာယ်ဖြစ်နိုင်ခြေကို ပိုများစေခြင်းနှင့်ဆက်နွှယ်နေကြောင်း လေ့လာမှုများကဖော်ပြသည်။d ကိုယ်ဝန်ဆောင်အဆိပ်တက်ခြင်းသည် လမစေ့ဘဲမွေးဖွားစေနိုင်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန္ဓေသားနှင့် မိခင်ကို သေစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။
ဂရုစိုက်သောဆရာဝန်သည် မိခင်လောင်းတွင်ရှိနိုင်သော မည်သည့်ကူးစက်ရောဂါလက္ခဏာကိုမဆို အာရုံစိုက်ပါလိမ့်မည်။ လမစေ့ဘဲ ဗိုက်နာလာပါက ချက်ချင်းဆေးရုံသွားရန် အကြံပေးပါလိမ့်မည်၊ ယင်းက အသက်ကို ကယ်တင်စေနိုင်ပါသည်။
“အမျိုးသမီးများသည် အသက်ရင်း၍ ကလေးမွေးရသည်” ဟု ဒဗလျူအိပ်ချ်အိုမှ ကိုယ်ဝန်ဆောင်ဘေးကင်းရေးဌာန၏ ဒါရိုက်တာ ဒေါက်တာ ကွာဇီ မိုနီယူရယ် အက်စ်လမ် ကပြောသည်။ သို့သော် ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နှင့် မီးဖွားပြီးနောက်ပိုင်း ချက်ချင်း ကောင်းစွာဆေးကုသစောင့်ရှောက်မှုခံယူပါက ဆင့်ပွားရောဂါများစွာ၊ သေခြင်းကိုပင် ကာကွယ်ရန် ထောက်ကူပေးနိုင်ပါသည်။ အရေးအကြီးဆုံးမှာ ကျန်းမာရေးကောင်းနေအောင် ကြိုးစားပါ။ အချုပ်အနေနှင့် သင်သည် ကျန်းမာသောရင်သွေးလိုချင်ပါက ကျန်းမာသောမိခင်ဖြစ်ရန် သင့်ဘက်မှ အတတ်နိုင်ဆုံးကြိုးစားရန် လိုအပ်သည်။
[အောက်ခြေမှတ်ချက်]
a မူရင်းဟေဗြဲကျမ်းစာသားသည် မိခင်ကိုဖြစ်စေ၊ မမွေးသေးသည့်ကလေးကိုဖြစ်စေ အသက်အန္တရာယ်ဖြစ်စေသည့် မတော်တဆဖြစ်မှုကို ရည်ညွှန်းသည်။
b “ကိုယ်ဝန်ဆောင်စဉ်အတွင်း ကြိုတင်ပြင်ဆင်ခြင်း” လေးထောင့်ကွက်ကိုကြည့်ပါ။
c ယေဟောဝါသက်သေမောင်နှံစုံများသည် ကလေးမမွေးခင် ယေဟောဝါသက်သေများအတွက် ဒေသခံဆေးရုံဆက်သွယ်ရေးကော်မတီ (ဆဆက) နှင့်ဆွေးနွေးတိုင်ပင်နိုင်သည်။ ကော်မတီအဖွဲ့ဝင်များသည် ဆေးရုံသို့သွားရောက်လည်ပတ်ကာ သက်သေခံလူနာများအား သွေးမဲ့ကုသမှုအစီအစဉ်နှင့်ပတ်သက်၍ ဆေးဘက်ဆိုင်ရာအချက်အလက်များကို ဆရာဝန်များအား ပေးပေမည်။ ထို့ပြင်၊ လူနာ၏ယုံကြည်ချက်များကိုလေးစားသော၊ သွေးမဲ့ကုသမှုတွင် အတွေ့အကြုံရှိသော ဆရာဝန်တစ်ဦးကိုရှာတွေ့ရန် ဆဆကအဖွဲ့က ကူညီပေးနိုင်ဖွယ်ရှိသည်။
d သွားဖုံးရောဂါသည် ကိုယ်ဝန်ဆောင်အဆိပ်တက်ခြင်း ဖြစ်နိုင်ခြေကို တိုးများစေခြင်းရှိမရှိ ဆုံးဖြတ်နိုင်ရန် ပို၍လေ့လာရန်လိုအပ်သော်လည်း သွားဖုံးနှင့်သွားကို ကောင်းစွာဂရုစိုက်ခြင်းသည် အမြဲပညာရှိရာကျသည်။
[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေခဲ့သောစာရင်းများအရ ကိုယ်ဝန်ဆောင်ခြင်းနှင့်ဆက်နွှယ်သည့်ပြဿနာများကြောင့် တစ်မိနစ်နီးပါးတိုင်း အမျိုးသမီးတစ်ဦး—တစ်နှစ်လျှင် ၅၃၆,၀၀၀—သေဆုံးသည်။ —ကုလသမဂ္ဂလူဦးရေရန်ပုံငွေ
[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]
“နှစ်စဉ် ကလေး ၃.၃ သန်း အသေမွေးပြီး ကမ္ဘာလောကထဲသို့ ရောက်ရှိလာသော မွေးကင်းစကလေး ၄ သန်းကျော်သည် ၂၈ ရက်အတွင်း သေဆုံးသည်။” —ယူအန်သမိုင်းမှတ်တမ်း
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]
ကိုယ်ဝန်ဆောင်စဉ်အတွင်း ကြိုတင်ပြင်ဆင်ခြင်း
၁။ ကြိုတင်လေ့လာခြင်းဖြင့် ဆေးရုံ၊ ဆရာဝန် သို့မဟုတ် သားဖွားဆရာမကို ပညာရှိစွာရွေးချယ်ပါ။
၂။ သင့်ဆရာဝန် သို့မဟုတ် သားဖွားဆရာမထံ ပုံမှန်သွားပြပါ၊ ယုံကြည်စိတ်ချရသော၊ ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်ပါ။
၃။ သင့်ကျန်းမာရေးကို ကောင်းစွာဂရုစိုက်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် သင့်တော်သောဗီတာမင်များကို သုံးဆောင်ပါ၊ သို့သော် သင့်ဆရာဝန် မထောက်ခံသော ဆေးဝါးများ (ဆရာဝန်ခွင့်ပြုချက်မပါဘဲဝယ်ယူနိုင်သည့် ဆေးဝါးများပင်) သုံးစွဲခြင်းကိုရှောင်ပါ။ အရက်ယမကာကို ရှောင်ကြဉ်ခြင်းသည် ပညာရှိရာရောက်သည်။ “အရက်အလွန်အကျွံသောက်သုံးသော မိခင်၏ကလေးအတွက် အန္တရာယ်အလွန်ရှိသော်လည်း အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း မည်သည့်အရက်ကိုမဆို သောက်သုံးရာတွင် ဘေးကင်းခြင်းရှိမရှိဆိုသည့်အချက်မှာ မရှင်းမလင်းဖြစ်နေ” ကြောင်း အရက်တလွဲသုံးခြင်းနှင့် အရက်စွဲခြင်းဆိုင်ရာ အမျိုးသားတက္ကသိုလ် (National Institute on Alcohol Abuse and Alcoholism) ကပြောသည်။
၄။ သင်သည် လမစေ့ဘဲ (၃၇ ပတ်မတိုင်မီ) ဗိုက်နာလာပါက သင့်ဆရာဝန် သို့မဟုတ် သားဖွားဌာနကို ချက်ချင်းဆက်သွယ်ပါ။ ချက်ချင်းအလေးဂရုပြုခြင်းက လမစေ့ဘဲမွေးဖွားခြင်းနှင့် ဖြစ်လာနိုင်ဖွယ် ဆင့်ပွားရောဂါများကို ကြိုတင်ကာကွယ်ရန် ထောက်ကူပေးပေမည်။e
၅။ ဆေးကုသမှုခံယူခြင်းနှင့်ဆက်နွှယ်သည့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များရေးထားသောစာရွက်စာတမ်းများ ထားပါ။ ဥပမာ၊ ဆေးဘက်ဆိုင်ရာညွှန်ကြားချက်ကတ်ပြား (DPA) ကို ကြိုတင်ဖြည့်စွက်ထားခြင်းသည် အလွန်ထောက်အကူပြုကြောင်း လူများစွာ တွေ့ ရှိခဲ့ကြသည်။ သင့်နိုင်ငံတွင် အသုံးပြုရာနှင့် တရားဝင်လက်ခံထားရာများကို သိရှိပါ။
၆။ မီးဖွားပြီးနောက် သင်နှင့် သင့်ကလေး—အထူးသဖြင့် လစေ့ဘဲမွေးလာသည့်ကလေး—၏ကျန်းမာရေးကို ကောင်းစွာဂရုစိုက်ဖို့ သတိရပါ။ အခက်အခဲတစ်ခုခုရှိပါက ကလေးအထူးကုနှင့် ချက်ချင်းတိုင်ပင်ပါ။
[အောက်ခြေမှတ်ချက်]
e သွေးနီဆဲလ်များ အလုံအလောက်မထုတ်ပေးနိုင်သောကိုယ်အင်္ဂါများရှိသည့် လမစေ့ဘဲမွေးလာသော သွေးအားနည်းသည့်ကလေးများကို သွေးသွင်းပေးလေ့ရှိသည်။