ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၃ စာ. ၁၂-၁၃
  • ကောင်းစွာ နားထောင်ပေးသူ ဖြစ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းစွာ နားထောင်ပေးသူ ဖြစ်နိုင်ပုံ
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • သင့်ရဲ့အိမ်ထောင်ဖက်ကို တလေးတစား ပြောဆိုဆက်ဆံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်သောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ပြဿနာ ဖြေရှင်းနည်း
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၁၂/၁၃ စာ. ၁၂-၁၃

မိသားစုတွေအတွက်အကူအညီ | အိမ်ထောင်ရေး

ကောင်းစွာ နားထောင်ပေးသူ ဖြစ်နိုင်ပုံ

အခက်အခဲ

“ရှင် ကျွန်မ ပြောနေတာကို နားမထောင်ဘူး” လို့ သင့်အိမ်ထောင်ဖက်က ပြောလာတယ်။ သင်ကတော့ ‘ငါ နားထောင်ပေးတာပဲ’ လို့ ထင်ပါလိမ့်မယ်။ တကယ်တော့ သင့်အိမ်ထောင်ဖက် ပြောတာကတခြား သင် ကြားတာကတခြား ဖြစ်နေတယ်။ ဒါနဲ့ပဲ နောက်ထပ်ပြဿနာတစ်ခု ထပ်တက်တော့တယ်။

အဲဒီလို ပြဿနာမဖြစ်အောင် ရှောင်နိုင်ပါတယ်။ ဒါပေမဲ့ သင့်အိမ်ထောင်ဖက် ပြောနေတာကိုနားထောင်ပေးနေတယ်လို့ သင်ထင်ရင်တောင် သူပြောချင်တဲ့ အဓိကအချက်တွေ ဘာဖြစ်လို့ လွတ်သွားသလဲဆိုတာကို အရင်ဆုံး နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

စိတ်ရှုပ်ထွေးနေခြင်း၊ မောပန်းနေခြင်း။ ကလေးတွေက ဆူညံနေတယ်၊ တီဗွီကိုလည်း အကျယ်ကြီးဖွင့်ထားတယ်၊ သင်ကလည်း အလုပ်မှာဖြစ်တဲ့ပြဿနာကို စဉ်းစားနေချိန်မှာ သင့်အိမ်ထောင်ဖက်က ဒီည အိမ်ကို ဧည့်သည်တွေလာမယ်လို့ ပြောလာတယ်။ “ကောင်းတာပေါ့” လို့ သင် ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ဘာပြောလိုက်တယ်ဆိုတာကို သင် တကယ်ကော ကြားရဲ့လား၊ ကြားမှာမဟုတ်ဘူး။

တလွဲတွေးခြင်း။ စကားလုံးတွေကိုပဲ အလွန်အမင်း အာရုံစိုက်တဲ့အတွက် သင့်အိမ်ထောင်ဖက် ပြောနေတဲ့စကားရဲ့ နောက်ကွယ်မှာ တစ်ခုခုပြောချင်နေတာရှိရမယ်လို့ သင်တလွဲတွေးမိနိုင်တယ်။ ဥပမာ၊ သင့်အိမ်ထောင်ဖက်က “ဒီတစ်ပတ်အတွင်း အချိန်ပိုဆင်းတာ များတယ်နော်” လို့ပြောလာတယ် ဆိုပါစို့။ ဒီလိုပြောတာကို သင်က တလွဲတွေးပြီး “ငါဆင်းချင်လို့ ဆင်းနေတယ်များ ထင်နေလား။ မင်း အသုံးအဖြုန်းကြီးနေလို့ ငါ အချိန်ပိုဆင်းနေရတာ” လို့ ပြန်ပြောမိနိုင်တယ်။ ဒီအခါမှာ သင့်အိမ်ထောင်ဖက်က “ရှင့်ကို အပြစ်တင်နေတာမဟုတ်ဘူး” လို့ ပြန်အော်တယ်။ တကယ်တော့ သူ့ရည်ရွယ်ချက်က အလုပ်ပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူဖို့ ပြောချင်တာဖြစ်တယ်။

ဖြေရှင်းနည်းကို အလောတကြီးပေးလိုခြင်း။ “တစ်ခါတလေ ကျွန်မရဲ့ ခံစားချက်ကို ပြောပြချင်တာ။ ဒါပေမဲ့ ကျွန်မခင်ပွန်း ကိုထွန်းထွန်းaက ဖြေရှင်းနည်းကိုပဲ ပေးချင်နေတယ်။ ကျွန်မ လိုအပ်နေတာက ဖြေရှင်းနည်းမဟုတ်ဘူး၊ ကျွန်မရဲ့ခံစားချက်ကိုပဲ သူ့ကိုသိစေချင်တာ” လို့ ယုယုဆိုတဲ့ အမျိုးသမီးက ပြောတယ်။ ပြဿနာက ဘာလဲ။ ကိုထွန်းထွန်းက ဖြေရှင်းနည်းကို စဉ်းစားနေတော့ ဇနီးသည်ပြောတဲ့စကား တချို့တစ်ဝက် ဒါမှမဟုတ် အကုန်လုံးကိုတောင် မကြားမိတာ ဖြစ်သွားနိုင်ပါတယ်။

ပြဿနာဖြစ်စေတဲ့အကြောင်းရင်းက ဘာပဲဖြစ်ပါစေ ကောင်းစွာနားထောင်ပေးသူ တစ်ယောက် ဘယ်လိုဖြစ်နိုင်သလဲ။

သင်လုပ်ဆောင်နိုင်ရာ

အပြည့်အဝအာရုံစိုက်ပါ။ သင့်အိမ်ထောင်ဖက်က အရေးကြီးတဲ့ အကြောင်း အရာတစ်ခုကို ပြောနေချိန်မှာ နားထောင်ပေးဖို့ တကယ်အသင့်ရှိနေရဲ့လား။ အသင့်မရှိဘူး ဖြစ်နေနိုင်တယ် ဒါမှမဟုတ် သင့်စိတ်ထဲမှာ တခြားအကြောင်းအရာ တစ်ခုခု ရှိနေနိုင်တယ်။ အဲဒီလို ဖြစ်နေတယ်ဆိုရင် နားထောင်ချင်ယောင် မဆောင်ပါနဲ့။ ဖြစ်နိုင်မယ်ဆိုရင် လုပ်နေတဲ့အလုပ်ကို ခဏထားပြီး သင့်အိမ်ထောင်ဖက် ပြောတာတွေကို အပြည့်အဝ အာရုံစိုက်ပေးပါ။ ဒါမှမဟုတ် သင်အပြည့်အဝ အာရုံစိုက်နားထောင်နိုင်တဲ့ အချိန်ကျမှပြောဖို့ တောင်းဆိုပါ။ —ကျမ်းစာလမ်းညွှန်ချက်– ယာကုပ် ၁:၁၉။

တစ်လှည့်စီပြောဖို့ သဘောတူညီမှုယူပါ။ သူပြောတဲ့အချိန်မှာ ကြားဖြတ်ပြောတာ၊ သဘောမတူကြောင်း ပြောတာတွေကို ရှောင်ပါ။ သင် ပြောရမယ့်အလှည့် ရောက်လာပါလိမ့်မယ်။ အခုတော့ နားထောင်ပေးလိုက်ပါ။—ကျမ်းစာ လမ်းညွှန်ချက်– သုတ္တံ ၁၈:၁၃။

မေးခွန်းမေးပါ။ မေးခွန်းတွေမေးခြင်းက သင့်အိမ်ထောင်ဖက် ဘာပြောချင်သလဲဆိုတာ ပိုနားလည်သဘောပေါက်စေမှာ ဖြစ်တယ်။ အစောပိုင်းမှာဖော်ပြခဲ့တဲ့ ယုယုက “ကိုထွန်းထွန်း မေးခွန်းတွေမေးရင် ကျွန်မ အရမ်းသဘောကျတယ်။ ဒီလိုမေးတာက ကျွန်မပြောနေတာကို သူ တကယ်စိတ်ဝင်စားတယ်ဆိုတာ ပြတယ်။”

စကားလုံးကိုမဟုတ်ဘဲ ဆိုလိုရင်းကို အာရုံစိုက်ပါ။ ကိုယ်ဟန်အမူအရာ၊ မျက်နှာနေမျက်နှာထားနဲ့ ပြောနေတဲ့လေသံတွေကို အာရုံစိုက်ပါ။ “ကောင်းတယ်” ဆိုတဲ့စကားက ပြောနေတဲ့ လေသံပေါ်မူတည်ပြီး “မကောင်းဘူး” ဆိုတဲ့အဓိပ္ပာယ်လည်း သက်ရောက်နိုင်တယ်။ “မင်းသဘောပဲ” ဆိုတဲ့စကားက လေသံပေါ်မူတည်ပြီး “ငါသဘောမတူဘူး” ဆိုတဲ့အဓိပ္ပာယ်လည်း သက်ရောက်သွားနိုင်တယ်။ ဘာမှမပြောဘူးဆိုရင်တောင်မှ ဘာပြောချင်နေသလဲဆိုတာကို သိအောင်ကြိုးစားပါ။ သူ ပြောချင်တာကို သဘောမပေါက်ရင် စကားလုံးတွေကြောင့် ရန်ဖြစ်ပြီး အဆုံးသတ်သွားပါလိမ့်မယ်။

ဆက်နားထောင်ပေးပါ။ သင်မကြိုက်တာကို ပြောနေတယ်ဆိုရင်တောင် တကယ်နားမထောင်ဘဲ နားထောင်နေသယောင်လုပ်တာမျိုး၊ ထထွက်သွားတာမျိုး မလုပ်ပါနဲ့။ ဥပမာ၊ သင့်ကို အပြစ်တင်နေတယ်ဆိုရင်လည်း “ဆက်နားထောင်ပေးပါ။ သင့်အိမ်ထောင်ဖက်ပြောဆိုနေတာတွေကို စိတ်ရင်းမှန်နဲ့ စာနာနားလည်ပေးပါ။ ဒီလိုလုပ်နိုင်ဖို့အတွက် ရင့်ကျက်မှုအတော်အတန် လိုအပ်တယ်ဆိုပေမဲ့ ကြိုးစားရကျိုးနပ်ပါတယ်” လို့ အိမ်ထောင်သက် အနှစ် ၆၀ ကျော်ပြီဖြစ်တဲ့ ဂရယ်ဂရီ က အကြံပေးတယ်။—ကျမ်းစာလမ်းညွှန်ချက်– သုတ္တံ ၁၈:၁၅။

သင့်အိမ်ထောင်ဖက်ကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုပြပါ။ ကောင်းစွာနားထောင်ပေးခြင်းဆိုတာ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။ သင့်အိမ်ထောင်ဖက် ပြောတာတွေကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုပြမယ်ဆိုရင် ဘာအားထုတ်မှုမှမလိုဘဲ အလိုလိုနားထောင်ပေးတာမျိုး ဖြစ်လာမယ်။ အဲဒီလိုလုပ်တာက “သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာနေခြင်း ဖြစ်ပါတယ်။—ဖိလိပ္ပိ ၂:၄။

a ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။

အဓိကကျမ်းချက်များ

  • “နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။”—ယာကုပ် ၁:၁၉။

  • “အဖြေမပေးမီ မေးခွန်းကို ပြီးအောင် နားထောင်လော့။”—သုတ္တံ ၁၈:၁၃၊ ခမ။

  • ‘ပညာရှိသောသူ၏နားသည် ပညာစကားကိုရှာတတ်၏။’—သုတ္တံ ၁၈:၁၅။

သင်စကားပြောမယ်ဆိုရင်

သင့်အိမ်ထောင်ဖက်က တခြားအခန်းမှာရှိနေချိန် ဒါမှမဟုတ် တခြားအရာတစ်ခုခုကို အာရုံစိုက်နေချိန်မှာ စကားပြောဖို့ ကြိုးစားမယ်ဆိုရင် သင်ပြောတဲ့စကားကို သူကြားနိုင်ပါ့မလား။ သင့်အိမ်ထောင်ဖက် အာရုံစိုက်နိုင်မယ့်အချိန် ဒါမှမဟုတ် သင့်တော်မယ့်အချိန်ကို စောင့်ပြီးပြောတာက ပိုကောင်းပါတယ်။ —၁ ပေတရု ၃:၈။

ကျမ်းစာဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ– ယေရှုက နှိမ့်ချခြင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်ကို ပြောချင်တဲ့အခါမှာ လွတ်ခနဲပြောချလိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ တပည့်တွေနားထောင်နိုင်မယ့် အချိန်အခါကို စောင့်ပြီးမှ ပြောချင်တဲ့အချက်ကို ပြောခဲ့တယ်။—မာကု ၉:၃၃-၃၅; ၁၂:၄၁-၄၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ