“အဲဒီလိုမေတ္တာမျိုးကို မြင်ရတော့ ရင်ထဲ ထိသွားတာပဲ”
အိန္ဒိယနိုင်ငံရဲ့ မြောက်ဘက်၊ တောတောင်ထူထပ်တဲ့ နီပေါနိုင်ငံမှာ ၂၀၁၅၊ ဧပြီ ၂၅၊ စနေနေ့တုန်းက ပြင်းအား ၇.၈ ရှိတဲ့ ငလျင် လှုပ်ခတ်သွားတယ်။ မြို့တော် ခတ္တမန္ဒူရဲ့ အနောက်မြောက်ဘက် မိုင် ၅၀ ခန့် (၈၀ ကီလိုမီတာ) အကွာမှာ ငလျင် လှုပ်ခတ်သွားတယ်။ ဝမ်းနည်းစရာက လူ ၈,၅၀၀ ကျော် သေဆုံးပြီး နီပေါနိုင်ငံရဲ့ သမိုင်းမှာ သေကျေမှုအများဆုံး သဘာဝဘေးဒဏ်ဖြစ်ခဲ့တယ်။ အိမ်ခြေ သန်းတစ်ဝက်ကျော် ပျက်စီးသွားတယ်။ နီပေါနိုင်ငံမှာ ယေဟောဝါသက်သေ ၂,၂၀၀ ရှိတယ်။ အဲဒီထဲက အများစုဟာ ငလျင်ဒဏ်သင့်တဲ့ ဒေသမှာ နေထိုင်ကြတယ်။ ဝမ်းနည်းစရာက သက်သေခံအမျိုးသမီးတစ်ဦးနဲ့ သူ့သမီးနှစ်ယောက် သေဆုံးသွားတယ်။
“ငလျင်ဒဏ် အခံရဆုံးဒေသမှာရှိတဲ့ အသင်းတော်တွေဟာ ငလျင်လှုပ်ချိန်မှာ အသင်းတော်အစည်းအဝေး တက်နေကြတာ။ လူတွေ အိမ်မှာရှိနေချိန် ငလျင်လှုပ်မယ်ဆိုရင် ပိုပြီး အသေအပျောက်များမှာပဲ” ဆိုပြီး မီရှယ်လ်လို့ခေါ်တဲ့ သက်သေခံ ပြောပြတယ်။ အစည်းအဝေးတက်နေသူတွေ ဘာကြောင့် အသက်ဘေးက လွတ်သွားတာလဲ။ အဓိက အကြောင်းရင်းတစ်ခုကတော့ နိုင်ငံတော်ခန်းမတွေရဲ့ ဒီဇိုင်းကြောင့်ပဲ။
“အခုတော့ အကျိုးကျေးဇူးကို မြင်ရပြီ”
နီပေါနိုင်ငံမှာရှိတဲ့ ခေတ်မီနိုင်ငံတော်ခန်းမတွေကို ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ထားတယ်။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ပါဝင်ခဲ့တဲ့ မန်ဗဟာဒူးက “အဆောက်အအုံ သေးသေးလေးအတွက် အုတ်မြစ်က ဘာကြောင့် ဒီလောက်ကြီးရတာလဲလို့ မကြာခဏ အမေးခံရတယ်။ အခုတော့ အကျိုးကျေးဇူးကို မြင်ရပြီ” လို့ပြောတယ်။ ငလျင်လှုပ်ပြီးတဲ့နောက် နိုင်ငံတော်ခန်းမတွေမှာ ခိုလှုံခွင့် ရခဲ့ကြတယ်။ နောက်ဆက်တွဲငလျင်တွေ လှုပ်ပေမဲ့ ယေဟောဝါသက်သေတွေနဲ့ သူတို့ရဲ့ အိမ်နီးချင်းတွေ ဘေးကင်းလုံခြုံခဲ့ကြတယ်။
ယေဟောဝါသက်သေတွေနဲ့ အိမ်နီးချင်းတွေ နိုင်ငံတော်ခန်းမမှာ ခိုလှုံကြ
ခရစ်ယာန်အကြီးအကဲတွေက ပျောက်နေတဲ့ အသင်းသားတွေကို လိုက်ရှာကြတယ်။ “အကြီးအကဲတွေက သူတို့အရေးထက် အသင်းတော်ရဲ့အရေးကို ပိုဦးစားပေးတယ်။ အဲဒီလိုမေတ္တာမျိုးကို မြင်ရတော့ ရင်ထဲထိသွားတာပဲ” ဆိုပြီး ဘာဘီတာလို့ခေါ်တဲ့ သက်သေခံတစ်ဦး ပြောတယ်။ ငလျင်လှုပ်ပြီး နောက်တစ်နေ့၊ နီပေါနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ကြီးကြပ်တဲ့ ကော်မတီဝင်သုံးဦးဟာ နယ်လှည့်အမှုဆောင် ဒါမှမဟုတ် တိုက်နယ်ကြီးကြပ်မှူးတွေနဲ့အတူ လိုအပ်တာတွေ သိနိုင်ဖို့၊ ဒေသခံအကြီးအကဲတွေကို ကူညီနိုင်ဖို့ အသင်းတော်တွေဆီ သွားရောက် လည်ပတ်ကြတယ်။
ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်က ညီအစ်ကို ဂယ်ရီဘရို ငလျင်ဒဏ်ခံရသူတွေဆီ လည်ပတ်
ငလျင်လှုပ်ပြီး ခြောက်ရက်မြောက်မှာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်က ညီအစ်ကို ဂယ်ရီဘရိုနဲ့ ဇနီး ရူဘီဟာ နီပေါကို ရောက်လာတယ်။ “ခတ္တမန္ဒူမြို့မှာ ကသောင်းကနင်းဖြစ်နေပြီး နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်နေတဲ့အတွက် ညီအစ်ကို ဂယ်ရီဘရို လာနိုင်ပါ့မလားဆိုပြီး စိတ်ထင့်နေကြတာ။ ဒါပေမဲ့ သူ ဒီကိုလာဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း အရောက်လာခဲ့တယ်။ သူရောက်လာလို့ ဒေသခံသက်သေခံတွေ အလွန်ကျေးဇူးတင်ကြတယ်” ဆိုပြီး အထက်မှာဖော်ပြခဲ့တဲ့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ရူဗန် ပြောတယ်။
‘အရင်ကထက် ပိုရင်းနှီးလာတယ်’
နီပေါနိုင်ငံမှာရှိတဲ့ သက်သေခံတွေရဲ့ ဌာနခွဲရုံးမှာ အလုပ်လုပ်နေတဲ့ စိုင်းလတ်စ်က “ဖုန်းလိုင်းတွေ ပြန်ကောင်းလာတာနဲ့ နေ့ရောညပါ ဖုန်းတွေဝင်လာတယ်။ ကမ္ဘာတစ်ဝန်းက သက်သေခံတွေဟာ ကျွန်တော်တို့အတွက် စိုးရိမ်ပေးကြတယ်။ သူတို့ထဲက တချို့ပြောတဲ့ ဘာသာစကားကို နားမလည်ပေမဲ့ ကျွန်တော်တို့အပေါ်ထားတဲ့ သူတို့ရဲ့ မေတ္တာနဲ့ အားတက်သရော ကူညီချင်စိတ်ကို ခံစားမိတယ်” လို့ပြောတယ်။
ဥရောပကနေ ရောက်လာတဲ့ ဆေးကုသရေးအဖွဲ့ ငလျင်ဒဏ်ခံရသူတွေကို ကူညီပေး
ငလျင်လှုပ်ပြီး ရက်အတော်ကြာတဲ့အထိ ဒေသခံသက်သေခံတွေဟာ လိုအပ်နေသူတွေအတွက် စားစရာတွေ နိုင်ငံတော်ခန်းမဆီ ယူလာပေးတယ်။ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးကော်မတီကို ဖွဲ့စည်းပြီး မကြာခင်မှာပဲ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ဂျပန်ကနေ အထောက်အပံ့ပစ္စည်းတွေ တဖွဲဖွဲ ရောက်လာတယ်။ ရက်အနည်းငယ်အတွင်း ဥရောပကနေ သက်သေခံ ငါးယောက်ပါတဲ့ ဆေးကုသရေး အဖွဲ့ ရောက်လာတယ်။ နိုင်ငံတော်ခန်းမမှာ အခြေစိုက်ပြီး ချက်ချင်းပဲ ဆေးကုသပေးတယ်။ ငလျင်ဒဏ်ခံရသူတွေရဲ့ အပြင်ပန်း ထိခိုက်ဒဏ်ရာတွေကို ကုသပေးရုံလောက်ပဲ မဟုတ်ဘူး၊ စိတ်ဒဏ်ရာတွေကိုပါ ကုစားနိုင်အောင် ကူညီ ပေးကြတယ်။
“ဒီငလျင်ဟာ တော်တော် ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီးနောက်မှာ ကျွန်မတို့ဟာ တကယ့်မိသားစုကြီးအတိုင်းပဲ အရင်ကထက် ပိုရင်းနှီးလာတယ်” ဆိုပြီး အတ်ထရာလို့ခေါ်တဲ့ အမျိုးသမီး ပြောပြတယ်။ ဒီငလျင်ကြောင့် ယေဟောဝါနဲ့ အချင်းချင်းအပေါ်ထားတဲ့ မေတ္တာ မလျော့နည်းသွားဘူး။ အဲဒီအစား ပိုလို့တောင် မေတ္တာ တိုးများလာတယ်။