သင်ခန်းစာ ၂၇
ခေါင်းစဉ်နှင့် အဓိကအချက်များကို ပေါ်လွင်စေခြင်း
၁–၄။ ဟောပြောချက်၏ ခေါင်းစဉ်ဟုဆိုရာတွင် အဘယ်အရာကိုဆိုလိုကြောင်း ရှင်းပြပါ။
၁ ဟောပြောချက်တိုင်းသည် ဦးတည်ချက်ရှိရန်နှင့် ယင်း၏အစိတ်အပိုင်းအားလုံးကို နှစ်လိုဖွယ်နည်းဖြင့် စုစည်းပေးနိုင်ရန် ခေါင်းစဉ်တစ်ခုရှိဖို့လိုသည်။ သင့်ခေါင်းစဉ်သည် မည်သို့ပင်ဖြစ်စေကာမူ ဟောပြောချက်တစ်ခုလုံးအတွင်း စိမ့်ဝင်ပျံ့နှံ့နေရမည်။ ယင်းသည် သင့်ဟောပြောချက်၏ လိုရင်းချက်ဖြစ်သည်; စာတစ်ကြောင်းတည်းဖြင့် ယင်းကိုတင်ပြနိုင်သော်လည်း ထိုတွင် တင်ဆက်သောအကြောင်း၏ ကဏ္ဍအသီးသီး ပါဝင်မည်။ ပရိသတ်ရှိသူတိုင်း ခေါင်းစဉ်ကို ကောင်းစွာသိသင့်သည်။ ယင်းကို သင့်တော်သလို အလေးအနက် ဖော်ပြမည်ဆိုလျှင် သိကြပါလိမ့်မည်။
၂ ဟောပြောချက်၏ ခေါင်းစဉ်သည် “ယုံကြည်ခြင်း” ကဲ့သို့သော ကျယ်ပြန့်သည့်အကြောင်းတစ်ခုမျှမဟုတ်ပါ; ထိုအကြောင်းကို ဆွေးနွေးတင်ပြသည့် အထူးကဏ္ဍဖြစ်သည်။ ဥပမာ၊ ခေါင်းစဉ်သည် “သင်၏ယုံကြည်ခြင်း—အဘယ်အထိ တာသွားသနည်း။” သို့မဟုတ် “ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် ယုံကြည်ခြင်းရှိဖို့လို” သို့မဟုတ် “သင့်ယုံကြည်ခြင်း၏ အခြေအမြစ်” သို့မဟုတ် “ယုံကြည်ခြင်း၌ တိုးပွားလျက်နေလော့” တို့ဖြစ်နိုင်သည်။ ဤခေါင်းစဉ်အားလုံးသည် ယုံကြည်ခြင်းပေါ်တွင်ဗဟိုပြုသော်လည်း တစ်ခုစီသည် ယင်းအကြောင်းကို မတူသောရှုထောင့်ဘက်မှ ကြည့်မြင်နေရာ လုံးဝခြားနားသောပုံစံအတိုင်း အသေးစိတ်ဖော်ပြရန် လိုပါသည်။
၃ တစ်ခါတစ်ရံ သင့်ခေါင်းစဉ်ကို မရွေးမီ အကြောင်းအရာနှင့်ဆိုင်သော အချက်အလက်တို့ကို စုဆောင်းရပေမည်။ သို့သော် ဟောပြောချက်အောက်လိုင်းအသွင်ဖြင့် စတင်မပြင်ဆင်မီ၊ သို့မဟုတ် အဓိကအချက်များကို မရွေးမီ ခေါင်းစဉ်ကို အတိအကျသတ်မှတ်ထားရမည်။ ဥပမာ၊ အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပပြီးတိုင်း ယေဟောဝါသက်သေတို့၏ အဖွဲ့အစည်းအကြောင်းကို ဆွေးနွေးလိုပေမည်။ ယင်းသည် ကျယ်ပြန့်သောအကြောင်းဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ အဘယ်အချက်ကို သင်တင်ပြမည်ဟု ဆုံးဖြတ်ရာတွင် သင့်ပရိသတ်နှင့် သင့်ဟောပြောချက်၏ ရည်ရွယ်ချက်ကို ထည့်စဉ်းစားရမည်။ ယင်းကိုအခြေပြု၍ ခေါင်းစဉ်တစ်ခုကို သင်ရွေးချယ်မည်။ လုပ်ငန်းတော်တွင် လူသစ်တစ်ဦးကို စတင်ပါဝင်စေရန် သင်ကြိုးစားနေပါက ယေဟောဝါသက်သေများသည် တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းအားဖြင့် ခရစ်တော်၏ပုံသက်သေကို တုပကြောင်း ဖော်ပြဖို့ သင်ဆုံးဖြတ်နိုင်သည်။ ယင်းသည် သင့်ခေါင်းစဉ်ဖြစ်မည်။ သင်ပြောဆိုသမျှသည် ယေဟောဝါသက်သေများဟူသည့် ကျယ်ပြန့်သောအကြောင်းကို အဆင့်ဆင့်အသေးစိတ်ရှင်းပြရမည်။
၄ သင့်ဟောပြောချက်တွင် ခေါင်းစဉ်တစ်ခုကို မည်သို့အလေးအနက်ဖော်ပြနိုင်မည်နည်း။ ဦးဆုံး၊ ဆီလျော်သော၊ သင့်ရည်ရွယ်ချက်နှင့်ကိုက်ညီသော ခေါင်းစဉ်ကို ရွေးချယ်ရမည်။ ယင်းကိုပြုရန် ကြိုတင်ပြင်ဆင်မှု လိုအပ်သည်။ ခေါင်းစဉ်ကို ရွေးချယ်ပြီး၍ သင့်ဟောပြောချက်က ယင်းကိုလိပ်ပတ်လည်အောင် အသေးစိတ်တင်ပြပြီးနောက် သင်ပြင်ဆင်ထားသည့်အောက်လိုင်းအတိုင်း ဟောပြောမည်ဆိုလျှင် ယင်းကို အလိုအလျောက် အလေးအနက်ဖော်ပြပြီးသားနီးပါးဖြစ်မည်။ သို့ရာတွင် အမှန်တကယ်ဟောပြောသည့်အခါ ခေါင်းစဉ်ပါသော့ချက်စကားလုံးများ၊ သို့မဟုတ် ပင်မသဘောတရားကို ရံဖန်ရံခါ ထပ်မံပြောဆိုခြင်းအားဖြင့် ခေါင်းစဉ်ကို လွယ်ကူစွာစွဲမှတ်စေမည်။
၅၊ ၆။ ခေါင်းစဉ်သည် ဆီလျော်၊ မဆီလျော်ဆိုသည်ကို မည်သို့ဆုံးဖြတ်နိုင်မည်နည်း။
၅ ဆီလျော်သောခေါင်းစဉ်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ခေါင်းစဉ်တစ်ခုကို များသောအားဖြင့် ဖော်ပြပေးထားသောကြောင့် ဆီလျော်သောခေါင်းစဉ်ရွေးရန် ပြဿနာမရှိတတ်ပါ။ သို့သော် သင်ပေးဖို့တောင်းဆိုခံရသည့် ဟောပြောချက်တိုင်း ဤသို့ဖြစ်လိမ့်မည်မဟုတ်။ ထို့ကြောင့် ခေါင်းစဉ်ကို ဂရုစိုက်ဆင်ခြင်သုံးသပ်ခြင်းသည် ပညာရှိရာကျသည်။
၆ ခေါင်းစဉ်တစ်ခုသည် ဆီလျော်သည်၊ မဆီလျော်သည်ကို အဘယ်အရာက ဆုံးဖြတ်ပေးသနည်း။ များစွာရှိသည်။ ဤသို့ကိစ္စပေါ်ပါက သင့်ပရိသတ်၊ သင့်ဦးတည်ချက်၊ ငုံမိစေရန်သင့်အားပေးထားသည့်အကြောင်းအရာ အစရှိသည်တို့ကို သင်ထည့်စဉ်းစားရမည်။ အလေးအနက်ပြုဖော်ပြသော ခေါင်းစဉ်မပါသည့် ဟောပြောချက်ကို သင်ဟောနေသည်ဆိုလျှင် သင့်ဟောပြောချက်ကို ပင်မသဘောတရားတစ်ခုပေါ်တွင် အမှန်တကယ်တည်ဆောက်နေရာကျမည်မဟုတ်။ သင့်ခေါင်းစဉ်ကို အမှန်အထောက်အကူမပြုသော အချက်အလက်များစွာကို ဟောပြောချက်ထဲဆွဲထည့်ပေမည်။
၇၊ ၈။ ခေါင်းစဉ်ကို ပေါ်လွင်စေနိုင်သော နည်းများကိုဖော်ပြပါ။
၇ ခေါင်းစဉ်စကားလုံးများ သို့မဟုတ် အယူအဆကို ထပ်မံပြောဆိုခြင်း။ ဟောပြောချက်အပိုင်းတိုင်းတွင် ခေါင်းစဉ်ကို ပေါ်လွင်စေနိုင်သည့် နည်းတစ်နည်းမှာ ခေါင်းစဉ်ပါ သော့ချက်စကားလုံးများ၊ သို့မဟုတ် ခေါင်းစဉ်၏ ပင်မသဘောတရားကို ထပ်မံပြောဆိုခြင်းဖြစ်သည်။ တေးဂီတတွင် ပဓာနတေးသွားဟူသည် တေးသီချင်းတစ်ပုဒ်လုံးကို အပြည့်အဝရုပ်လုံးဖော်သည့် အကြိမ်ကြိမ်ထပ်ကျော့သောတေးသွားဖြစ်သည်။ အမှန်မှာ တေးသွားအကန့် အနည်းအကျဉ်းကိုသာ ကြားရရုံနှင့် များသောအားဖြင့် တေးသီချင်းတစ်ပုဒ်လုံးကို ရိပ်မိနိုင်သည်။ ထိုတေးသွားသည် တစ်ပုံစံတည်း အမြဲပြန်ပေါ်လာသည်မဟုတ်ပါ။ တစ်ခါတစ်ရံ တေးသွားတစ်ပိုဒ်နှစ်ပိုဒ်သာပေါ်လာသည်၊ ရံဖန်ရံခါ ပဓာနတေးသွားကို ပြောင်းလဲတီးမှုတ်မည်ဖြစ်သော်လည်း တေးရေးစပ်သူသည် တေးသီချင်းတစ်ပုဒ်လုံးတွင် သူ၏တေးသွားကို ကျွမ်းကျင်စွာထည့်သွင်းထားရာ ယင်းတေးသီချင်းကို ရုပ်လုံးပေါ်သွားစေသည်။
၈ ထို့ကြောင့် ဟောပြောချက်၏ ခေါင်းစဉ်သည်လည်း ဤသို့ဖြစ်သင့်သည်။ ထပ်မံပြောဆိုသော သော့ချက်စကားလုံးများ၊ သို့မဟုတ် ခေါင်းစဉ်၏သဘောတရားသည် တေးသီချင်းတစ်ပုဒ်တွင် ထပ်ကျော့သော တေးသွားနှင့်တူသည်။ ဤစကားလုံးများနှင့် အနက်တူအသံကွဲစကားလုံးများ၊ ပင်မခေါင်းစဉ်သဘောတရားတို့ကို ပြန်ဖော်ပြပြောဆိုခြင်းသည် ခေါင်းစဉ်ကို အပြောင်းအလဲပြု ဖော်ပြခြင်းဖြစ်ပေသည်။ ငြီးငွေ့စရာမဖြစ်ရလေအောင် ဤနည်းကို လိမ္မာပါးနပ်စွာ အသုံးပြုခြင်းက ဟောပြောချက်တစ်ခုလုံး၏ ခေါင်းစဉ်ကို သိသာထင်ရှားစွာ ပေါ်လွင်စေသည့်အတွက် ယင်းအဓိကသဘောကို ပရိသတ်မှတ်မိသွားမည်။
**********
၉–၁၃။ ဟောပြောချက်တစ်ခုတွင် အဓိကအချက်များသည် အဘယ်အရာများဖြစ်ကြောင်း ရှင်းပြပါ။ ဥပမာပေးပါ။
၉ သင့်ဟောပြောချက်၏ ခေါင်းစဉ်ကို သတ်မှတ်ပြီးနောက် ဆက်ပြင်ဆင်ရမည့်နောက်တစ်ဆင့်မှာ ယင်းကိုအသေးစိတ်ဖော်ပြရာတွင် သင်အသုံးပြုဖို့ကြံရွယ်ထားသော အဓိကအချက်များကို ရွေးချယ်ရန်ဖြစ်သည်။ ယင်းကို သင့်စကားပြောသွန်သင်ချက်စာရွက်တွင် “အဓိကအချက်များကို ပေါ်လွင်စေခြင်း” ဟူ၍ ဖော်ပြထားသည်။
၁၀ ဟောပြောချက်တစ်ခုတွင် အဓိကအချက်များကား အဘယ်နည်း။ ယင်းတို့သည် စိတ်ဝင်စားဖွယ်ရာ သဘောတရား၊ သို့မဟုတ် ကြားညှပ်ပြောဆိုလိုက်သော အချက်များမျှသာမဟုတ်ပါ။ ယင်းတို့သည် ဟောပြောချက်၏ အဓိကအပိုင်းများဖြစ်ပြီး ရှည်ရှည်ဝေးဝေး အကျယ်တဝင့်ဖော်ပြရသော သဘောတရားဖြစ်သည်။ ယင်းတို့သည် ကုန်စုံဆိုင်ရှိ စင်များပေါ် အဘယ်ပစ္စည်းများကို အဘယ်နေရာတွင် တွေ့ရှိနိုင်ကြောင်း သတ်မှတ်ဖော်ပြပေးသည့် စာတန်းများနှင့်တူ၏။ ယင်းတို့အောက် အဘယ်ပစ္စည်းများရှိမည်၊ မရှိမည်ကို သတ်မှတ်ပါသည်။ စပါးမျိုးစုံ ဟူသောစာတန်းအောက်တွင် ယိုဘူးများ၊ ကျောက်ကျောများအတွက်နေရာမဟုတ်ရာ ထားရှိက ရှုပ်ထွေးသွားရုံသာရှိမည်။ ကော်ဖီနှင့် လက်ဖက်ခြောက် ဟူသောစာတန်းအောက်တွင် ဆန်ကိုထားမည်မဟုတ်ပါ။ ပစ္စည်းများထားရာ၌လည်း များလွန်းသဖြင့် စာတန်းများကို ဖုံးအုပ်ကွယ်ပျောက်စေလျှင် အလိုရှိသောပစ္စည်းကို ရှာတွေ့ဖို့ခက်သည်။ သို့သော် စာတန်းများသည် ထင်ထင်ရှားရှား ပေါ်လွင်နေမည်ဆိုလျှင် လူတစ်ဦးသည် မိမိရှေ့တွင် ရှိသောအရာကို ချက်ချင်းသိမြင်နိုင်ပေမည်။ သင့်ဟောပြောချက်၏ အဓိကအချက်များလည်း ဤနည်းအတိုင်းပင်ဖြစ်သည်။ ၎င်းတို့ကို သဲသဲကွဲကွဲသိမြင်နိုင်ပြီး မှတ်ထားနိုင်မည်ဆိုလျှင် သင့်ပရိသတ်သည် သင်၏ဟောပြောချက်ကို ကောင်းစွာနားလည်သဖြင့် နိဂုံးချုပ်သည်အထိ မှတ်စုအနည်းငယ်သာယူစရာလိုပေလိမ့်မည်။
၁၁ အခြားအချက်တစ်ချက်။ အဓိကအချက်များကို ရွေးချယ်ပြီး အသုံးပြုခြင်းသည် သင့်ပရိသတ်နှင့် သင့်ရည်ရွယ်ချက်အရ အပြောင်းအလဲရှိမည်။ ယင်းကြောင့် ကျောင်းကြီးကြပ်မှူးသည် မိမိအထင်နှင့် ကြိုတင်ရွေးချယ်ထားသည့်အချက်များအပေါ် အခြေပြု အကဲဖြတ်မည့်အစား ကျောင်းသား ရွေးချယ်ထားသည့် အဓိကအချက်များကို သူအသုံးပြုပုံအပေါ် အခြေပြု၍ သွန်သင်ချက်ပေးသင့်သည်။
၁၂ အဓိကအချက်များကို ရွေးချယ်သည့်အခါ မပါမဖြစ်သောအချက်များကိုသာ ရွေးပါ။ ယင်းကြောင့် အချက်တစ်ချက်ကို အဘယ်အရာက မပါလျှင်မဖြစ်သောအချက် ဖြစ်စေသနည်းဟု မေးကြည့်ပါ။ ယင်းအချက်မပါလျှင် ဟောပြောချက်၏ရည်ရွယ်ချက် မဖြစ်မြောက်ပါက ယင်းသည် မပါလျှင်မဖြစ်သောအချက်ဖြစ်သည်။ ဥပမာ၊ ရွေးနုတ်ဖိုးအကြောင်းကို အကျွမ်းတဝင်မရှိသူတစ်ဦးနှင့် ယင်းအကြောင်း ဆွေးနွေးမည်ဆိုလျှင် ယေရှုမြေကြီးပေါ်ရှိစဉ် ကိုယ်တော်၏လူဇာတိအဖြစ်ကို အချေချပေးရန် အရေးကြီးသည်။ သို့မဟုတ်လျှင် ကိုယ်တော့်ယဇ်ပူဇော်သကာ၏ အရည်အသွေးတူကို တင်ပြနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ယင်းသည် ဆွေးနွေးခန်းတွင် အဓိကအချက်တစ်ချက်ဖြစ်သည်ဟု သင်ယူမှတ်မည်။ သို့သော် ထိုသူအား သုံးပါးတစ်ဆူသည် မှားယွင်းသောအယူအဆဖြစ်ကြောင်းကို သက်သေပြထားနှင့်ပြီဆိုလျှင် လူသားအဖြစ် ယေရှု၏အနေအထားကို သူလက်ခံထားပြီဖြစ်သောကြောင့် ယင်းအကြောင်း ဆွေးနွေးခြင်းသည် အဓိကမဟုတ်တော့ချေ။ ယင်းကြောင့်လည်း ယေရှု၏ရွေးနုတ်ဖိုး၏တန်ဖိုးတူကို အခြေချပေးရန် သာ၍လွယ်ကူသွားပေမည်။ ဤအခါတွင် ယေရှု၏လူဇာတိအဖြစ်ကို ဆွေးနွေးခြင်းသည် မရှိမဖြစ်သောအချက် ဖြစ်တော့မည်မဟုတ်ပါ။
၁၃ ထို့ကြောင့် မိမိကိုယ်ကို ဤသို့မေးပါ– ကျွန်ုပ်၏ပရိသတ်သည် အဘယ်အကြောင်းကို သိထားနှင့်ပြီနည်း။ ကျွန်ုပ်၏ရည်ရွယ်ချက် အောင်မြင်ဖို့ရန် အဘယ်အချက်ကို အခြေချပေးရမည်နည်း။ ပထမမေးခွန်း၏အဖြေကို သင်သိမည်ဆိုလျှင် လိုအပ်သောအချက်အလက်များကို စုလိုက်ကာ သိပြီးသားအချက်များကို ခေတ္တဘေးဖယ်ပြီး ကျန်ကြွင်းသောအချက်များကို အနည်းဆုံးအုပ်စုများအဖြစ်သို့ ခွဲထုတ်လိုက်ခြင်းအားဖြင့် ဒုတိယမေးခွန်း၏အဖြေကို သင်ရရှိပါလိမ့်မည်။ ဤအုပ်စုများသည် ပရိသတ်ထံ သင်တင်ပြပြောဆိုရမည့် ဝိညာဏအစာကို သတ်မှတ်ပေးသည့်စာတန်းများဖြစ်လာသည်။ ဤစာတန်းများ သို့မဟုတ် အဓိကအချက်များကို ဘယ်သောအခါမျှ ကွယ်မနေစေရပါ။ ၎င်းတို့သည် ပေါ်လွင်စေရမည့် သင်၏အဓိကအချက်များဖြစ်သည်။
၁၄–၁၇။ အဓိကအချက်များ အဘယ်ကြောင့် မများလွန်းသင့်ကြောင်း ရှင်းပြပါ။
၁၄ အဓိကအချက်များ မများလွန်းရ။ မည်သည့်အကြောင်းအရာအတွက်မဆို မရှိမဖြစ်သောအချက်အလက် အနည်းငယ်သာရှိသည်။ များသောအားဖြင့် ယင်းတို့ကို လက်တစ်ဖက်တည်းနှင့် ရေတွက်နိုင်ရမည်။ ယင်းအချက်များကိုတင်ပြရန် အချိန်မည်မျှပင်ရရှိထားစေကာမူ ဤသို့ပင်ဖြစ်သည်။ အချက်ပေါင်းမြောက်မြားစွာကို ပေါ်လွင်စေဖို့ကြိုးစားသည့် ဤရောက်တတ်လေ့ရှိသောကျော့ကွင်းထဲ အကျမခံပါနှင့်။ ကုန်စုံဆိုင်တစ်ဆိုင်သည် အလွန်ကြီးမားလွန်းပြီး ကုန်ပစ္စည်းများလွန်းမည်ဆိုလျှင် လမ်းညွှန်မှုတောင်းခံရပေမည်။ သင့်ပရိသတ်သည် တစ်ထိုင်တည်းတွင် သဘောတရားများစွာကိုသာ အတော်အသင့်ရသွားနိုင်မည်။ ဟောပြောချက်ကြာရှည်လေ နားလည်ရ လွယ်ကူလေဖြစ်စေရပြီး သင့်သော့ချက်များသည် ပိုခိုင်လုံ၍ ပိုသဲကွဲပြတ်သားစေရမည်။ ထို့ကြောင့် သင့်ပရိသတ်ကို အချက်ပေါင်းများစွာ မှတ်မိစေရန် မကြိုးစားပါနှင့်။ သူတို့စွဲမြဲမှတ်ထားသင့်သည်ဟု ယူမှတ်သောအချက်များကို ရွေးချယ်ပြီး ယင်းတို့အကြောင်း အချိန်များများယူကာ တင်ပြပြောဆိုပါ။
၁၅ အချက်အလက်များလွန်းသည်၊ မများလွန်းသည်ကို အဘယ်အရာက ဆုံးဖြတ်သနည်း။ ရိုးရိုးပြောရလျှင် သဘောတရားတစ်ခုကို ချန်လှပ်ထားပါလျက်နှင့် ဟောပြောချက်၏ရည်ရွယ်ချက်ကို ဖြစ်မြောက်စေနိုင်တုန်းဖြစ်မည်ဆိုလျှင် ထိုအချက်သည် သော့ချက်မဟုတ်ပါ။ ဟောပြောချက်ကို ပြီးပြတ်သွားစေရန် အကြောင်းတစ်ခုနှင့်တစ်ခု ဆက်စပ်ပေးဖို့အတွက် သို့မဟုတ် သတိပြန်ရစေဖို့အတွက် ထိုအချက်ကို အသုံးပြုလိုပေမည်။ သို့သော် ယင်းသည် မပါလျှင်မဖြစ်သည့်အချက်များကဲ့သို့ မပေါ်လွင်စေသင့်ပါ။
၁၆ ထို့နောက် အချက်တစ်ချက်စီကို အောင်မြင်ပြီးမြောက်စွာ အသေးစိတ်တင်ပြဖို့ အချိန်အလုံအလောက်ရှိရမည်။ အချိန်တိုကလေးအတွင်း ပြောဆိုစရာ များစွာရှိနေမည်ဆိုလျှင် ပရိသတ်သိထားနှင့်ပြီးသောအကြောင်းများကို အနည်းအကျဉ်းသာ တင်ပြပါ။ အကျွမ်းတဝင်မရှိသည့် အချက်အလက်များကိုသာ ဖော်ပြပြောဆိုရာတွင် ပရိသတ် မမေ့နိုင်လောက်အောင် ရှင်းလင်းပြတ်သားစွာ တင်ပြပါ။
၁၇ နောက်ဆုံး၊ သင့်ဟောပြောချက်သည် ရိုးရိုးကလေးနှင့် စွဲမှတ်သွားစေရမည်။ သို့ဖြစ်စေရန် အကြောင်းအရာ မည်မျှများများတင်ပြသည့်အပေါ် အမြဲမူတည်သည်မဟုတ်ပါ။ သင်၏အချက်အလက်များကို မည်သို့စုစည်းထားသည့်ပုံစံအပေါ် မူတည်ပေမည်။ ဥပမာ၊ ကုန်ပစ္စည်းများကို အခန်းအလယ်တွင် ရောကောသောကော စုပုံထားသည့် ဆိုင်ခန်းတစ်ခုထဲဝင်သွားလျှင် ပစ္စည်းများစုပုံနေရာ အလွန်စိတ်ရှုပ်သွားပေမည်။ သင်အလိုရှိသောအရာကို ရှာဖွေရန် ခဲယဉ်းလိမ့်မည်။ သို့သော် အားလုံးကို သူ့နေရာနှင့်သူ၊ စနစ်တကျ စီစဉ်ထားပြီး အပိုင်းအကန့်လိုက် စာတန်းများဖြင့် အမှတ်အသားပြထားမည်ဆိုလျှင် အကျိုးမှာ အလွန်မျက်စိရှင်းပြီး မည်သည့်ပစ္စည်းကိုမဆို လွယ်ကူစွာ ရယူနိုင်၏။ ထိုနည်းတူ အဓိကအယူအဆ အနည်းငယ်အောက် သင့်စဉ်းစားထားချက်များကို စုစည်းထားခြင်းအားဖြင့် သင့်ဟောပြောချက်ကို ရိုးရိုးကလေးဖြစ်စေပါ။
၁၈။ အဓိကအချက်များကို မည်သို့အသေးစိတ်ဖော်ပြသင့်သနည်း။
၁၈ အဓိကအယူအဆများကို အကျယ်တဝင့် သီးသန့်တင်ပြခြင်း။ အဓိကစဉ်းစားထားချက်တစ်ခုစီကို သီးခြားစီဖြစ်ရမည်။ တစ်ခုစီကို အသေးစိတ်သီးသန့်တင်ပြရမည်။ ယင်းကြောင့် သင့်ဟောပြောချက်၏ နိဒါန်း သို့မဟုတ် နိဂုံးချုပ်တွင် အဓိကခေါင်းစဉ်များကို အတိုချုပ် မဖော်ပြရဟူ၍မဆိုလိုပါ။ သို့သော် ဟောပြောချက်၏ကိုယ်မ၌ တစ်ခါတွင် အဓိကအချက်တစ်ခုကိုသာ တင်ပြသင့်သည်၊ ဆက်သွယ်မှုပြုရန်၊ သို့မဟုတ် လေးနက်မှုကိုတင်ပြရန်အတွက် လိုအပ်မှသာ အဓိကစိတ်ကူးများကို ထပ်ပြောခြင်း၊ သို့မဟုတ် နောက်ကြောင်းပြန်တင်ပြခြင်းကို ပြောဆိုသင့်သည်။ အကြောင်းအရာလိုက် အောက်လိုင်းကို ရေးဆွဲတတ်ခြင်းသည် အဓိကအချက်များကို အသေးစိတ်သီးသန့်တင်ပြနိုင်မနိုင် ဆုံးဖြတ်ပေးရန် များစွာအကူအညီဖြစ်မည်။
၁၉–၂၁။ အချက်ငယ်များကို မည်သို့အသုံးပြုသင့်သနည်း။
၁၉ အချက်ငယ်များသည် အဓိကအယူအဆများပေါ်တွင်စုဆုံ။ သက်သေအထောက်အထားပြချက်များ၊ ကျမ်းချက်များ သို့မဟုတ် တင်ပြသည့် အခြားအကြောင်းအရာများသည် အဓိကအယူအဆကို အာရုံပြုသင့်ပြီး အကျယ်တဝင့် ရှင်းပြသင့်သည်။
၂၀ ပြင်ဆင်ရာတွင် အဓိကမကျသောအချက်များကို စစ်ဆေးသုံးသပ်ပြီးနောက် အဓိကအချက်ကို အထောက်အထားနှင့်ရှင်းပြသော သို့မဟုတ် အကျယ်တဝင့် ရှင်းပြသော တိုက်ရိုက်ပံ့ပိုးပေးသည့်အချက်များကိုသာ ချန်ထားပါ။ မသက်ဆိုင်သောအချက် ရှိသမျှကို ဖယ်ထုတ်သင့်သည်။ ယင်းတို့သည် အကြောင်းအရာကို ရှုပ်ထွေးစေရုံသာရှိသည်။
၂၁ အဓိကအယူအဆနှင့် ဆက်စပ်သော မည်သည့်အချက်မဆိုကို သင်ပြောဆိုသောစကားဖြင့် ထိုစဉ်းစားထားချက်နှင့် တိုက်ရိုက်ဆက်စပ်ပေးသင့်သည်။ သက်ဆိုင်ပုံကို ပရိသတ်ကိုယ်တိုင် စဉ်းစားယူစေရန် ချန်လှပ်မထားပါနှင့်။ ဆက်စပ်ပုံကို ရှင်းလင်းစွာ ဖော်ပြပါ။ မည်သို့ဆက်စပ်ကြောင်း ပြောဆိုပါ။ မပြောပြလျှင် များသောအားဖြင့် သဘောပေါက်နားလည်လိမ့်မည်မဟုတ်ပါ။ အဓိကစဉ်းစားထားချက်ကို ဖော်ပြသည့် သော့ချက်စကားလုံးများကို ထပ်မံပြောဆိုခြင်း၊ သို့မဟုတ် အဓိကအချက်၏ အယူအဆကို မကြာခဏ ထပ်မံပြောဆိုခြင်းအားဖြင့် ယင်းကိုပြီးမြောက်စေနိုင်သည်။ သင့်ဟောပြောချက်၏ အဓိကအချက်များပေါ်တွင် အချက်ငယ်များကို စုဆုံကျရောက်စေခြင်းနှင့် အဓိကအချက် တစ်ခုစီကို ခေါင်းစဉ်နှင့် ဆက်စပ်ဆီလျော်စေခြင်းတွင်တတ်ကျွမ်းပြီဆိုလျှင် သင့်ဟောပြောချက်များသည် ဟောပြောရလွယ်ကူပြီး မမေ့ပျောက်နိုင်အောင်ဖြစ်စေသည့် နာပျော်ဖွယ်ကောင်းအောင် ရိုးရှင်းပေလိမ့်မည်။