သင်ခန်းစာ ၃၇
အဓိကအချက်များကို ပေါ်လွင်စေခြင်း
ဟောပြောချက်တစ်ခု၏ အဓိကအချက်များကား အဘယ်အရာများနည်း။ ယင်းတို့သည် ကြားညှပ်၍ အတိုချုပ်ဖော်ပြသွားသည့် စိတ်ဝင်စားဖွယ် အကြောင်းအချက်မျှသာမဟုတ်ချေ။ ယင်းတို့ကား အကျယ်တဝင့် အဆင့်ဆင့်ဦးတည်ရှင်းလင်းသွားရသည့် အရေးကြီးသော ယူဆချက်များဖြစ်ကြသည်။ သင့်ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်စေရေးအတွက် အရေးပါသည့် ယူဆချက်များဖြစ်ကြသည်။
အဓိကအချက်များပေါ်လွင်စေရေးအတွက် အဓိကသော့ချက်တစ်ခုမှာ သင်၏အကြောင်းအရာကို ပညာရှိရှိ ရွေးချယ်၊ စုစည်းခြင်းဖြစ်သည်။ ဟောပြောချက်အတွက် သုတေသနလုပ်ခြင်းက အချက်အလက်ကို အသုံးပြုနိုင်သည်ထက်ပို၍ ရရှိစေတတ်သည်။ အဘယ်အချက်အလက်ကို အသုံးပြုမည်ကို သင်မည်သို့ဆုံးဖြတ်နိုင်သနည်း။
ပထမ၊ သင့်ပရိသတ်ကို ထည့်စဉ်းစားပါ။ သူတို့အများစုသည် သင်ဟောမည့်အကြောင်းအရာနှင့် အလွန်စိမ်းနေသလော၊ သို့မဟုတ် ယင်းနှင့်အတော်အတန် ရင်းနှီးပါသလော။ ယင်းနှင့်ပတ်သက်၍ ကျမ်းစာပြောဆိုရာကို အများစု သဘောတူသလော သို့မဟုတ် အချို့ သံသယစိတ်ဝင်နေသလော။ နေ့စဉ်ဘဝအသက်တာတွင် အကြောင်းအရာနှင့်ပတ်သက်၍ ကျမ်းစာပြောဆိုရာကို ကျင့်သုံးရန် သူတို့ကြိုးပမ်းကြသည့်အခါ အဘယ်စိန်ခေါ်ချက်များကို သူတို့ရင်ဆိုင်ကြရသနည်း။ ဒုတိယ၊ သင်အသုံးပြုဖို့ရည်ရွယ်ထားသည့် အကြောင်းအရာနှင့်ပတ်သက်၍ ပရိသတ်ကိုဟောပြောရာတွင် သင့်ရည်မှန်းချက် စိတ်တွင် ရှင်းရှင်းလင်းလင်းရှိထားကြောင်း သေချာစေပါ။ ဤလမ်းညွှန်ချက်နှစ်ခုကိုအသုံးပြုကာ အကြောင်းအရာကို ချိန်ဆပြီး အမှန်တကယ် အံဝင်သည့်အရာကိုသာယူပါ။
အဓိကအကြောင်းနှင့် အဓိကအချက်များဖြင့် အခြေခံအောက်လိုင်းကို သင့်အားပေးထားလျှင် ၎င်းကို လိုက်နာသင့်သည်။ သို့ရာတွင် အဓိကအချက်တစ်ချက်စီကို အဆင့်ဆင့်ဦးတည်ရှင်းလင်းသွားသည့်အခါ အထက်ပါအချက်များကို စိတ်စွဲမှတ်ထားပါက သင်တင်ဆက်ရာ၏တန်ဖိုး များစွာတိုးမြှင့်လာမည်။ အောက်လိုင်းပေးထားခြင်းမရှိလျှင် အဓိကအချက်များကို ရွေးချယ်ရန်မှာ သင့်တာဝန်ဖြစ်သည်။
အဓိကအချက်များ သင့်စိတ်တွင် ရှင်းလင်းစွာရှိထားပြီး ဤအဓိကအချက်များအောက်တွင် အသေးစိတ်အချက်အလက်များကို ဖွဲ့စည်းထားပြီးပြီဆိုလျှင် ဟောပြောချက်ပေးရန် ပို၍လွယ်ကူပေလိမ့်မည်။ သင့်ပရိသတ်လည်း ၎င်းမှ အကျိုးပိုရရှိဖို့ အကြောင်းများသည်။
အကြောင်းအရာကို စီစဉ်ဖွဲ့စည်းရန် နည်းလမ်းအမျိုးမျိုး။ သင့်ဟောပြောချက်၏စာကိုယ်ကို စီစဉ်ဖွဲ့စည်းရာ၌ ပုံစံအမျိုးမျိုး လိုက်နာနိုင်သည်။ ၎င်းတို့နှင့် သင်ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ သင့်ရည်မှန်းချက်ပေါ်မူတည်၍ အတော်များများက ထိရောက်မှုရှိနိုင်ကြောင်း တွေ့ရပေမည်။
ပြောင်းသာလွဲသာရှိသောပုံစံတွင် အကြောင်းအရာအလိုက် ထပ်ဆင့်ပိုင်းခြားခြင်း ပါဝင်သည်။ (အဓိကအချက်တစ်ခုစီသည် အကြောင်းအရာကို နားထောင်နေသူများ နားလည်မှုတိုးလာစေသောကြောင့် သို့မဟုတ် သင့်ဟောပြောချက်၏ ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်စေသောကြောင့် ယင်းသည် လိုအပ်သည်။) နောက်ထပ်ပုံစံတစ်ခုမှာ ခုနှစ်သက္ကရာဇ်စဉ်အတိုင်းဖြစ်သည်။ (ဥပမာ၊ ရေလွှမ်းမိုးခြင်းမတိုင်မီက အဖြစ်အပျက်များပြီးလျှင် စီ.အီး. ၇၀ တွင် ယေရုရှလင်မြို့မပျက်စီးမီက အဖြစ်အပျက်များလိုက်၍၊ ယင်းနောက်တွင် ကျွန်ုပ်တို့ခေတ်ရှိ အဖြစ်အပျက်များ လိုက်ပေမည်။) တတိယပုံစံမှာ အကျိုးနှင့်အကြောင်းဖြစ်သည်။ (တစ်ခုမဟုတ်တစ်ခုသို့ ဦးတည်ချက်ဖြင့် အဆင့်ဆင့်ရှင်းလင်းနိုင်ပေမည်။ ဥပမာ၊ လတ်တလောအခြေအနေ၊ အကျိုးဆက်ဖြင့်စကာ ယင်းနောက်တွင် အကြောင်းကို ပြနိုင်သည်။) စတုတ္ထနည်းစနစ်တွင် ဆန့်ကျင်ဘက်အရာများ ပါဝင်ပတ်သက်သည်။ (အကောင်းကို အဆိုးဖြင့် သို့မဟုတ် အပြုသဘောကို အပြုသဘောမဆောင်ခြင်းနှင့် နှိုင်းယှဉ်ပြပေမည်။) ရံဖန်ရံခါ ဟောပြောချက်တစ်ခုတွင် နည်းစနစ်တစ်ခုထက်မက ပါဝင်ပေမည်။
သတေဖန်သည် ဂျူးဆဲန်ဟီဒရင်ရှေ့မှောက် မတရားစွပ်စွဲခံရသည့်အခါ ခုနှစ်သက္ကရာဇ်စဉ်အတိုင်းတင်ပြသည့် အားပါသော ဟောပြောချက်ကို သူပေးခဲ့သည်။ တမန်တော် ၇:၂-၅၃ ကိုဖတ်ရှုသောအခါ အချက်များရွေးချယ်မှုသည် ရည်ရွယ်ချက်ရှိကြောင်း သတိပြုပါ။ သတေဖန်က မိမိသည် ပရိသတ်မငြင်းနိုင်သည့်သမိုင်းကို ပြန်ပြောပြနေခြင်းဖြစ်ကြောင်း ရှေးဦးစွာ ရှင်းလင်းစေခဲ့သည်။ ထို့နောက် ယောသပ်သည် မိမိအစ်ကိုများ၏ငြင်းပယ်မှုကို ခံခဲ့ရသော်လည်း ကယ်နုတ်ခံရရန် သူ့ကို ဘုရားသခင်အသုံးပြုခဲ့ကြောင်း သူထောက်ပြခဲ့သည်။ တစ်ဖန် ဂျူးများသည် ဘုရားသခင်အသုံးပြုနေသည့် မောရှေကို နာခံမှုမရှိခဲ့ကြောင်း သူပြသခဲ့သည်။ ယေရှုခရစ်ကိုသေစေခဲ့ကြသူတို့သည် အထက်က ဂျူးလူမျိုးဆက်ပြသကဲ့သည့် စိတ်ဓာတ်မျိုး တင်ပြခဲ့ကြကြောင်း အလေးအနက်ပြုဖော်ပြခြင်းအားဖြင့် သူနိဂုံးချုပ်ခဲ့သည်။
အဓိကအချက်မများလွန်းပါစေနှင့်။ မည်သည့်အဓိကအကြောင်းကိုမဆို အဆင့်ဆင့်တည်ဆောက်သွားရာတွင် မရှိမဖြစ်လိုအပ်ရာ အနည်းငယ်သာရှိပေသည်။ များသောအားဖြင့် အဓိကအချက်ငါးချက်ထက်မပိုချေ။ သင်သည် ၅ မိနစ်၊ ၁၀ မိနစ်၊ မိနစ် ၃၀ သို့မဟုတ် ယင်းထက်ပို၍ကြာကြာ ဟောပြောစေကာမူ ယင်းကမှန်ပေသည်။ အချက်ပေါင်းများစွာ ပေါ်လွင်စေဖို့မကြိုးစားပါနှင့်။ ပရိသတ်သည် ဟောပြောချက်တစ်ခုမှ သီးခြားအကြောင်းအချက် အနည်းငယ်မျှသာ သဘောပေါက်နိုင်ကြသည်။ ဟောပြောချက်ရှည်လေ သော့ချက်များသည် ပိုခိုင်လုံ၍ ပိုသဲကွဲပြတ်သားလေဖြစ်ရမည်။
အဓိကအချက် သင်မည်မျှအသုံးပြုစေကာမူ တစ်ချက်စီကို လုံလောက်စွာ အဆင့်ဆင့်ရှင်းလင်းသွားရန် သေချာစေပါ။ သူတို့၏စိတ်ထဲတွင် မြဲမြံစွာ စွဲထင်ကျန်ရစ်သွားစေရန် ပရိသတ်အား အဓိကအချက်တစ်ချက်စီကို ဆင်ခြင်ချိန် အလုံအလောက်ပေးပါ။
သင့်ဟောပြောချက်သည် ရှင်းပုံပေါ်သင့်သည်။ သို့ဖြစ်စေရန် အကြောင်းအရာများများစားစား တင်ပြသည့်အပေါ် အမြဲမူတည်သည်မဟုတ်ပါ။ အကယ်၍ သင့်ယူဆချက်များကို အဓိကခေါင်းစဉ်အနည်းငယ်အောက်တွင် ရှင်းရှင်းလင်းလင်း စုစည်းထားပြီး ယင်းတို့ကို တစ်ကြိမ်လျှင်တစ်ခုသာ ရှင်းလင်းတင်ပြသွားမည်ဆိုလျှင် ဟောပြောချက်ကို လိုက်မီရန်လွယ်ကူမည်ဖြစ်ကာ မှတ်မိလွယ်စေသည်။
သင်၏အဓိကအချက်များကို ပေါ်လွင်စေပါ။ သင့်အကြောင်းအရာကို လျောက်ပတ်စွာ ဖွဲ့စည်းထားလျှင် သင်၏ဟောပြောပုံအားဖြင့် အဓိကအချက်များ၏အရေးကြီးရာကို ပေါ်လွင်စေရန်မှာ မခဲယဉ်းချေ။
အဓိကအချက်ကို ပေါ်လွင်စေသည့်နည်းတစ်နည်းမှာ သက်သေအထောက်အထားပြချက်များ၊ ကျမ်းချက်များနှင့် အခြားအကြောင်းအရာများသည် အဓိကအယူအဆကို ရည်စူးဦးတည်ပြီး အကျယ်တဝင့် ရှင်းပြပေးသည့်နည်းဖြင့် တင်ပြရန် ဖြစ်သည်။ အချက်ငယ်များအားလုံးသည် အဓိကအချက်ကို ရှင်းလင်း၊ သက်သေပြသင့် သို့မဟုတ် အကျယ်တဝင့်ရှင်းပြပေးသင့်သည်။ စိတ်ဝင်စားဖွယ်ကောင်းရုံမျှဖြင့် မသက်ဆိုင်သည့် အယူအဆများကို ထပ်မထည့်ပါနှင့်။ အချက်ငယ်များကို သင်ရှင်းလင်းတင်ပြသွားသည်နှင့်အမျှ ၎င်းတို့ထောက်မပေးထားသည့် အဓိကအချက်နှင့်ဆက်နွှယ်မှုကို ရှင်းရှင်းလင်းလင်း တင်ပြပါ။ ယင်းကို ပရိသတ်အား မှန်းဆမနေစေပါနှင့်။ အဓိကအယူအဆကိုဖော်ပြသည့် သော့ချက်စကားလုံးများကို ထပ်တလဲလဲပြောခြင်းအားဖြင့် သို့မဟုတ် အခါအားလျော်စွာ အဓိကအချက်၏လိုရင်းအချုပ်ကို ထပ်မံပြောခြင်းအားဖြင့် ဆက်စပ်မှုကို ပြသနိုင်ပါသည်။
ဟောပြောသူအချို့တို့သည် အဓိကအချက်များကို နံပါတ်တပ်ထားခြင်းအားဖြင့် ပေါ်လွင်စေကြသည်။ ယင်းသည် အဓိကအချက်များကို ပေါ်လွင်စေသည့် နည်းတစ်နည်းဖြစ်သော်လည်း အကြောင်းအရာကိုယ်နှိုက်ကို သေချာစွာရွေးချယ်ထားခြင်းနှင့် ကျိုးကြောင်းဆီလျော်စွာတင်ဆက်ခြင်းကိုမူ အစားမထိုးလိုက်သင့်ချေ။
ထောက်မပေးသော အချေအတင်ပြောဆိုချက်မတင်ဆက်မီ အစပြုကတည်းက အဓိကအချက်ကိုဖော်ပြရန်ပင် သင်ရွေးချယ်ပေမည်။ ယင်းက ပရိသတ်အား ဆက်ဖော်ပြမည့်အကြောင်း၏တန်ဖိုးကို လေးမြတ်စေရန် ကူညီပေးပြီး ထိုအဓိကအချက်ကိုလည်း လေးနက်စေပါလိမ့်မည်။ အချက်အလက်ကို ပြည့်ပြည့်ဝဝ အဆင့်ဆင့်ရှင်းလင်းသွားပြီးနောက် ၎င်းကို အကျဉ်းချုံးလိုက်ခြင်းဖြင့် ပိုခိုင်မာစေမည်။
လယ်ကွင်းဓမ္မအမှုတွင်။ အထက်တွင် ဆွေးနွေးထားသောမူများသည် စနစ်တကျဟောပြောချက်များနှင့်သာမက လယ်ကွင်းဓမ္မအမှုပြောဆိုမှုများနှင့်လည်း သက်ဆိုင်သည်။ ပြင်ဆင်သည့်အခါ ရပ်ကွက်၌ လူတို့၏စိတ်တွင်ရှိသည့် အဓိကအခြေအနေဟူသမျှကို ထည့်တွက်စဉ်းစားပေးပါ။ ထိုအခြေအနေကို ဖြေရှင်းပေးမည့် မျှော်လင့်ချက်ကို သမ္မာကျမ်းစာက မည်သို့ကမ်းလှမ်းထားကြောင်း ပြသခွင့်ရစေသည့် အဓိကအကြောင်းတစ်ခုကို ရွေးပါ။ ထိုအဓိကအကြောင်းအား အဆင့်ဆင့်ဦးတည်ရှင်းလင်းရန် အဓိကအချက်နှစ်ချက်ကို ရွေးချယ်ပါ။ ယင်းအချက်အလက်များကို ထောက်မရန် အဘယ်ကျမ်းချက်များ သင်အသုံးပြုမည်ကို ဆုံးဖြတ်ပေမည်။ ထို့နောက် သင့်ဆွေးနွေးခန်းအား မည်သို့အစပြုမည်ကို စီစဉ်ပါ။ ထိုကဲ့သို့သော ပြင်ဆင်မှုသည် စကားလက်ဆုံပြောဆိုရာတွင် လိုအပ်သည့် ပြောင်းသာလွဲသာကို ပြုစေနိုင်သည်။ အိမ်ရှင်များ မှတ်မိမည့်အရာတစ်ခုခုကိုပြောဆိုခြင်းသည်လည်း သင့်အတွက် အထောက်အကူရသည်။