သင်ခန်းစာ ၁၃
အသံကိုတိုးတက်စေခြင်းနှင့် မိုက်ခွက်များ အသုံးပြုခြင်း
၁–၃။ အသံစွမ်းရည်တွင် အားနည်းချက်အချို့ကား အဘယ်နည်း။ မိမိ၏ကိုယ်ပိုင်ပြဿနာကို သုံးသပ်ရာတွင် အဘယ်အရာက အကူအညီပေးမည်နည်း။
၁ “လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း” ဟုဖန်ဆင်းရှင် ယေဟောဝါက မောရှေအား မေးတော်မူခဲ့သည်။ (ထွ. ၄:၁၀၊ ၁၁) စကားပြောနိုင်သောစွမ်းရည်အတွက် အံ့ဖွယ်လိုအပ်ချက်များကို မည်သူပြုလုပ်သနည်းဟု ထပ်ဆင့်မေးနိုင်သည်။ မောရှေသည် “နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူ” ဖြစ်သော်လည်း သူ၏စကားပြောဆိုနိုင်စွမ်းကို တိုးတက်အောင် ဘုရားသခင် ကူညီပေးနိုင်သည်၊ ပေးလည်းပေးခဲ့သည်ကို နောက်ဆုံး၌ သူသိရှိခဲ့ရသည်။ ထိုပရောဖက်သည် ဣသရေလလူမျိုးအား ထိရောက်စွာ ပြောဆိုနိုင်ခဲ့ပေသည်။
၂ ယနေ့ မိမိတို့၏စကားပြောစွမ်းရည် အားနည်းကြောင်း ကောင်းစွာသိသော ဘုရားသခင့်ကျေးကျွန်မြောက်မြားစွာရှိ၏။ အချို့က အသံပျော့သည်၊ အချို့က အသံစူးရှသည်၊ အချို့မူကား အသံကြမ်းသည် သို့မဟုတ် အသံပြာသည်။ ညည်းသံ၊ နှာသံ၊ သို့မဟုတ် ကြမ်းတမ်းပြတ်တောင်းသောအသံများသည် နာပျော်ဖွယ်မကောင်းပေ။ အတက်အကျမရှိသော၊ တက်ကြွမှုမရှိသောအသံသည် မည်သူ့ကိုမျှ လှုံ့ဆော်မပေးနိုင်။ သင့်အသံသည် ဤကဲ့သို့သောအားနည်းချက်တစ်ခုခု ရှိနေမည်ဆိုလျှင် အားမငယ်ပါနှင့်။ ပြုပြင်၍မရ သို့မဟုတ် တိုးတက်အောင်လုပ်၍မရတော့သည့်အလား လက်မြှောက်အရှုံးပေးရန်မလိုပါ။
၃ တိုးတက်အောင်လုပ်သည်ဆိုရာ၌ တိုးတက်အောင်လုပ်ရမည့် မိမိ၏အားနည်းချက်ကို သိထားဖို့လိုသည်။ ဤတွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့်တကွ ဓမ္မအမှုကျောင်းကြီးကြပ်မှူးပေးသော အသုံးဝင်သည့်အကြံဉာဏ်တို့သည် သင့်အသံ၏အားနည်းချက်ကို သုံးသပ်ရန် ထောက်ကူပေးသည်။ မိမိအသံကိုသွင်းပြီး ပြန်နားထောင်လျှင်လည်း အကူအညီဖြစ်ပေမည်။ ဤသို့နားထောင်ဖူးခြင်းမရှိလျှင် သင်အံ့အားသင့်သွားလိမ့်မည်။ အကြောင်းမှာ သင်စကားပြောသည့်အခါ သင့်ဦးခေါင်းတွင်းရှိအရိုးများ၏တုန်ခါမှုကို သင်ခံစားရ၏။ ယင်းတုန်ခါမှုများက နိမ့်သံကိုအသားပေးသည်။ တိပ်ရီကော်ဒါမူကား သင့်အသံကို သူတစ်ပါး ကြားရသည့်အတိုင်း ဖော်ပြသည်။ အသံကိုတိုးတက်ကောင်းမွန်စေရန် အုတ်မြစ်ချရာတွင် သင်စဉ်းစားမိခြင်းမရှိဘဲ အသုံးပြုလေ့ရှိသည့် သင့်အသံယန္တရားအကြောင်း အနည်းအကျဉ်းသိရှိထားသင့်သည်။
၄–၆။ စကားပြောနိုင်စွမ်းသည် မည်သို့ဖြစ်ပေါ်လာသနည်း။
၄ စကားပြောနိုင်စွမ်း ဖြစ်ပေါ်လာပုံ။ စကားသံအားလုံး၏ အခြေခံကား ဖားဖိုကဲ့သို့အလုပ်လုပ်သည့်အဆုတ်မှ ထွက်လာသောလေပင်ဖြစ်သည်။ လေသည် လေပြွန်မှတစ်ဆင့် လည်ချောင်းအလယ်၌ရှိသော အသံအိုးသို့ ဝင်ရောက်သည်။ အသံအိုးထဲ၌ အသံကြိုးခေါ် သေးငယ်သောကြွက်သားနှစ်မျှင်ရှိသည်။ ၎င်းတို့သည် စကားသံထွက်ပေါ်စေသော အဓိကကိရိယာများဖြစ်သည်။ “အသံအမြှေးများ” ဟူ၍လည်းခေါ်သော အသံကြိုးများသည် အသံအိုးအတွင်းနံရံရှိ လှုပ်ရှားတတ်သောစင်များနှင့်တူသည်။ ယင်းတို့၏ အဓိကတာဝန်မှာ လေဝင်လေထွက်အတွက် ဖွင့်ပိတ်ပေးရန်နှင့် အဆုတ်ထဲသို့ မဝင်စေလိုသောအရာများကို ကာဆီးပေးရန် ဖြစ်သည်။ အဆုတ်မှတက်လာသောလေသည် ဤအသံကြိုးများကို တုန်ခါစေသည်။ မှုတ်ထုတ်လိုက်သောလေသည် ၎င်းတို့ကို တုန်ခါစေသဖြင့် အသံဖြစ်ပေါ်လာသည်။ ဥပမာ၊ လေပူဖောင်းထဲသို့ လေမှုတ်သွင်းပြီး အဝကို ဘေးတစ်ဖက်တစ်ချက်သို့ တင်းတင်းဆွဲထားလိုက်၍ လေကိုလွှတ်ပေးမည်ဆိုလျှင် ရာဘာတုန်ခါလျက် အသံမြည်လာသည်။ ထို့ကြောင့် သင်စကားပြောသည့်အခါ အသံအိုးရှိ အမြှေးများ သို့မဟုတ် ကြိုးများသည် တင်းလာသည်။ ၎င်းတို့အကြားရှိ ဗွီပုံစံအပေါက်သည် ပိတ်သွား၏။ ဤကြိုးများကို တင်းတင်းဆွဲလေ၊ တုန်ခါနှုန်း ပိုမြန်လေဖြစ်ပြီး အသံပိုမြင့်လေဖြစ်သည်။ တစ်ဖက်မှကြည့်ပြန်လျှင် လေကြိုးလျော့လေ အသံနိမ့်လေဖြစ်သည်။
၅ အသံအိုးမှတစ်ဆင့် လေလှိုင်းသည် ဖားရင့်ခေါ် လည်ချောင်းအထက်ပိုင်းရှိ အာခေါင်ပေါက်ထဲဝင်သည်။ ၎င်းမှ သင့်ပါးစပ်နှင့် နှာခေါင်းလမ်းကြောင်းထဲဝင်သည်။ ဤတွင် မူလအသံအပေါ် ထပ်ဆင့်အသံများ ရောဝင်လာသည်။ ၎င်းထပ်ဆင့်အသံတို့က အသံကို ပြောင်းလဲပေးသည်၊ ချဲ့ပေးသည်၊ အားဖြည့်ပေးသည်။ ခံတွင်းနံရံသား၊ လျှာ၊ သွား၊ သွားဖုံး၊ မေးရိုးနှင့် နှုတ်ခမ်းတို့က စုပေါင်း၍ တုန်ခါသောအသံလှိုင်းကို ဖြိုခွဲပြီး သရသံများ၊ ဗျည်းသံများအဖြစ်သို့ ပုံသွင်းပေးခြင်းဖြင့် နားလည်နိုင်သောဘာသာစကား ထွက်ပေါ်လာလေသည်။
၆ လူ့အသံသည် မည်သည့်လူလုပ်ကိရိယာနှင့်မျှ မယှဉ်နိုင်လောက်အောင် စွယ်စုံရသော အံ့ဖွယ်တစ်ပါးဖြစ်သည်။ ယင်းသည် ကြင်နာသနားခြင်းမေတ္တာမှစပြီး ကြမ်းတမ်းခက်ထန်၍ ခါးသီးစွာမုန်းတီးခြင်းအထိ ကျယ်ဝန်းသည့်ခံစားမှု၊ စိတ်လှုပ်ရှားမှုအမျိုးမျိုးကို ဖော်ပြနိုင်စွမ်းရှိသည်။ မစုံလင်သည့်တိုင်အောင် လူ့အသံသည် အနိမ့်အလယ်အမြင့်ဟူ၍ အသံသုံးမျိုးအထိဆိုနိုင်ပြီး ကောင်းစွာလေ့ကျင့်ထားလျှင် နာပျော်ဖွယ်တေးများကို သီဆိုနိုင်ရုံမက ၎င်းကို စိတ်လှုပ်ရှားစေနိုင်သည့် မိန့်ခွန်းအမျိုးမျိုးကိုပင် ပြောကြားနိုင်စွမ်းရှိ၏။ အသံတိုးတက်ကောင်းမွန်ရေးအတွက် အဓိကအရေးကြီးသောအချက်နှစ်ချက်ရှိကြောင်း ကျွန်ုပ်တို့တွေ့ရပေမည်။
၇–၁၀။ လေဝင်လေထွက်ကို မည်သို့ထိန်းချုပ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၇ လေဝင်လေထွက်ကို ထိန်းချုပ်ခြင်း။ အကောင်းဆုံးအကျိုးဖြစ်ထွန်းစေရန် ဟောပြောသူသည် ပုံမှန်လေအလုံအလောက်ရှိဖို့နှင့် စနစ်တကျလေကိုထိန်းတတ်ဖို့လိုသည်။ လူအများသည် ဟောပြောနေစဉ် စနစ်တကျ လေကိုရှူသွင်းရှူထုတ်ခြင်း မပြုလုပ်တတ်ကြချေ။ ယင်းကြောင့် အဆုတ်၏အပေါ်ပိုင်းကိုသာ အသုံးပြုကြသဖြင့် မြန်မြန်ပြောသောအခါ လေကိုရှိုက်၍ အလုအယက်ရှူရကြသည်။ အများယူဆသကဲ့သို့ အဆုတ်၏အကျယ်ဆုံးပိုင်းသည် ရင်ဘတ်၏အထက်ပိုင်းတွင်မရှိပါ; ပခုံးရိုးများကြောင့်သာ ကျယ်နေပုံရှိခြင်းဖြစ်သည်။ အမှန်မှာ ဒိုင်ယာဖရမ်ခေါ် ရင်ဝမ်းခြားကြွက်သားအထက်လောက်တွင် အဆုတ်၏အကျယ်ဆုံးအပိုင်းရှိသည်။ အဆိုပါ သန်မာ၍ကွေးနေသောကြွက်သားသည် ရေစုပ်စက်ပမာ လေသန့်ကိုစုပ်ယူ၍ လေညစ်ကိုထုတ်ပစ်ရန် အဆုတ်အား အထောက်အကူပြုသည်။ ရင်ဝမ်းခြားကြွက်သားသည် အောက်ပိုင်းနံရိုးနှင့်တွဲနေသဖြင့် ရင်ခေါင်းနှင့် ဝမ်းခေါင်းကို ပိုင်းခြားထားသည်။ အသက်ရှူရာတွင် ဤလိပ်ခုံးသဏ္ဌာန်ရှိကြွက်သားကို အဓိကအသုံးပြုသည်။ ဒိုင်ယာဖရမ်၏လိပ်ခုံးပုံအပိုင်းသည် အထက်သို့ကြွတက်သည့်အခါ အဆုတ်မှလေကိုတွန်းထုတ်၍ ပြန်ကျသွားသည့်အခါ အဆုတ်ထဲသို့လေဝင်သည်။
၈ အသံကို တိုးတက်ကောင်းမွန်စေရန် ဦးဆုံးကြိုးစားသင်ယူရမည်ကား လေဝင်လေထွက်ကို ထိန်းချုပ်တတ်ရန် ဖြစ်သည်။ စကားပြောဆိုရန် အသက်ရှူသောအခါ အထက်ရင်အုပ်ပိုင်း ချဲ့ကားခြင်းကို သတိနှင့်ရှောင်ကြဉ်ပါ။ အဆုတ်အောက်ပိုင်းကို ကားပေးပါ။ ထို့နောက် ရင်ဝမ်းခြားကြွက်သားကို ဝမ်းဗိုက်ကြွက်သားများဖြင့် ညင်သာစွာဖိပေးပြီး လေကို တဖြည်းဖြည်းချင်းလွှတ်၍ လေထွက်နှုန်းကို ထိန်းချုပ်ပေးပါ။ ဤသို့အားဖြင့် လေတစ်ဟုန်ထိုးထွက်မသွားအောင် ကာကွယ်ပေးသည်။ မထိန်းချုပ်လျှင် ဟောပြောသူသည် လေကုန်မြန်ကာ သူ၏အသံလည်း လေရှိုက်သံပါလာ၏။ သို့မဟုတ် မသဲမကွဲဖြစ်လာ၏။
၉ လူအများသည် လည်ချောင်းကို တင်းကျပ်စေခြင်းဖြင့် လေဝင်လေထွက်ကိုထိန်းချုပ်တတ်ကြသည်။ ဤသို့ပြုလုပ်ခြင်းက အသံပြာစေပြီး မောပန်းသံပေါက်စေသည်။ ထိုသို့မဖြစ်စေရန် လည်ချောင်းကြွက်သားများကို သက်သောင့်သက်သာထားပေးပါ။
၁၀ အပြေးသမားတစ်ယောက်သည် အပြေးပြိုင်ပွဲအတွက် လေ့ကျင့်သကဲ့သို့ ဟောပြောသူသည် ရင်ဝမ်းခြားကြွက်သား ထိန်းချုပ်ခြင်းကို လေ့ကျင့်ပေးသင့်သည်။ မတ်မတ်ရပ်ပြီး အသက်ပြင်းပြင်းဝဝရှူကာ ဖြည်းဖြည်းချင်း လေပြန်ထုတ်ရင်း လေတစ်ရှိုက်တည်းတွင် ဗျည်းအက္ခရာများကို တတ်နိုင်သမျှ ချောမောပြေပြစ်စွာ ဖြည်းဖြည်းမှန်မှန်ရွတ်ဆိုခြင်း၊ သို့မဟုတ် တစ်နှစ်သုံးလေး စသည်ဖြင့် အများဆုံးရွတ်ဆိုနိုင်သမျှ ရွတ်ဆိုခြင်းပြုနိုင်သည်။ ထို့ပြင် အသံကျယ်ကျယ်နှင့် စာဖတ်လေ့ကျင့်နိုင်သည်။
၁၁–၁၅။ ကြွက်သားများတင်းနေခြင်းသည် အသံစူးရှခြင်း၊ နှာခေါင်းသံပါခြင်း၊ စကားပြောစွမ်းရည်ကို ဝိုးတိုးဝါးတားဖြစ်ခြင်းနှင့် မည်သို့ဆက်စပ်သနည်း။
၁၁ တင်းနေသော ကြွက်သားများကို သက်သောင့်သက်သာထားခြင်း။ အသံပြဿနာ အများဆုံးကို ဖြေရှင်းနိုင်သည့် အခြားအရေးကြီးသောအချက်မှာ သက်သောင့်သက်သာရှိခြင်းဖြစ်သည်။ စိတ်သက်သောင့်သက်သာမထားတတ်သူကို အသံတိုးတက်ကောင်းမွန်အောင် ကူညီပေးရန် မလွယ်ကူပေ။ သို့သော် ဟောပြောစဉ်တွင် သက်သောင့်သက်သာဖြစ်အောင် သင်ယူခြင်းအားဖြင့် တိုးတက်မှုရှိလာသည်ကို အံ့သြဖွယ်တွေ့ရပေမည်။ စိတ်ရောကိုယ်ပါ သက်သောင့်သက်သာရှိရမည်။ အကြောင်းမှာ စိတ်တင်းလျှင် ကြွက်သားများပါတင်းလာတတ်သည်။ သင်၏ပရိသတ်အပေါ် မှန်သောအမြင်ထားရှိခြင်းအားဖြင့် စိတ်တင်းမာမှုကို ဖြေလျှော့ပါ။ သင်၏ပရိသတ်သည် များသောအားဖြင့် ယေဟောဝါ၏လူများဖြစ်လေ့ရှိသည်။ သင့်မိတ်ဆွေများသည် တန်းစီ၍ထိုင်နေကြသည့်အတွက် ရုတ်တရက် သင့်ရန်သူများ ဖြစ်သွားသလော။ မဖြစ်ပါ။ ကမ္ဘာပေါ်ရှိ မည်သူမျှ ကျွန်ုပ်တို့နည်းတူ ရင်းနှီးချစ်ခင်သောပရိသတ်မျိုးနှင့် မျက်နှာချင်းဆိုင် ဟောပြောခွင့်မရပါ။
၁၂ ပထမတွင် သက်သာစွာနေတတ်ဖို့ တမင်သတိထားရပေမည်။ မဟောပြောမီ ကြောက်စိတ်ကြောင့် အသက်ရှူ ကျပ်နေပေမည်။ ဤချို့ယွင်းချက်ကို ဖြည်းဖြည်းနှင့် မှန်မှန် သတိနှင့်အသက်ရှူခြင်းအားဖြင့် ပြုပြင်ပေးနိုင်သည်။ တစ်ကြိမ်တည်းတွင် လည်ချောင်းကြွက်သားများကို ချောင်ချိစွာရှိစေရန် ကြိုးစားပါ။
၁၃ ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း အသံကြိုးများတင်းလေ အသံမြင့်လေဖြစ်သဖြင့် များစွာတင်းလျှင် အသံပို၍မြင့်လာပေမည်။ ဤသို့ဖြင့် တင်းမာ၍ စူးရှသောအသံဖြစ်လာစေပြီး ပရိသတ်၏စိတ်ကိုလည်း တင်းသွားစေမည်။ ဤအားနည်းချက်ကို မည်သို့ပြုပြင်နိုင်မည်နည်း။ အသံကြိုးများသည် လေဖြတ်သန်းခြင်းအားဖြင့် တုန်ခါကြောင်းကို မမေ့ပါနှင့်။ တယောကြိုးကို လျှော့ပေး၊ တင်းပေးခြင်းအားဖြင့် အသံပြောင်းစေနိုင်သကဲ့သို့ လည်ချောင်းရှိ ကြွက်သားများကို လျှော့ပေးခြင်း၊ တင်းပေးခြင်းအားဖြင့် အသံပြောင်းလဲလိမ့်မည်။ အသံကြိုးတို့ကို လျှော့လျှင် အသံနိမ့်သည်။ ထို့ကြောင့် လည်ချောင်းကြွက်သားများကို သက်သောင့်သက်သာထားဖို့သာလိုသည်။ စိတ်တင်းမာမှုသည် အသံကြိုးကိုထိန်းချုပ်သောကြွက်သားတို့အပေါ် အစာမျိုကြွက်သားများကို ဆန့်ကျင်ဘက်ပြုစေသဖြင့် မာကြောသောအသံထွက်လာစေသည်။ ကြွက်သားများကို သတိနှင့် သက်သောင့်သက်သာထားလျှင် တိုးတက်မှုရှိလာမည်။
၁၄ ရံဖန်ရံခါ လည်ချောင်းနှင့် ပါးစပ်ကြွက်သားများကို တင်းစေလျှင် နှာခေါင်းလမ်းကြောင်း ပိတ်ဆို့သဖြင့် လေ လျှောလျှောရှူရှူမထွက်နိုင်သောကြောင့် နှာသံထွက်လာတတ်သည်။ ဤတွင်လည်း သက်သောင့်သက်သာရှိရန်လိုလာပြန်သည်။ သို့ရာတွင် အချို့ကိစ္စများ၌ နှာခေါင်းပိတ်နေ၍လည်းဖြစ်နိုင်သည်။
၁၅ မေးရိုးကိုလည်း သက်သောင့်သက်သာထားပါ။ ၎င်းခိုင်မာနေလျှင် ပါးစပ်ကောင်းစွာမပွင့်သဖြင့် လေသည် သွားကြားထဲမှ တိုးထွက်လာရသဖြင့် စကားမပီ ကြမ်းတမ်းပြတ်တောင်းသောအသံ ဖြစ်ပေါ်လာသည်။ သို့ရာတွင် မေးရိုးကို သက်သောင့်သက်သာထားခြင်းဆိုရာ၌ စကားပြောဆိုမှုလျော့ရဲခြင်းကိုမဆိုလိုပါ။ ပီသစွာအသံပြုသည့်အကျင့်နှင့် ဒွန်တွဲနေရမည်။
၁၆၊ ၁၇။ အသံဟိန်းခြင်းကို တိုးတက်စေရန် အဘယ်အရာက အကူအညီဖြစ်စေမည်နည်း။ ယင်းသည် အဘယ်ကြောင့် အရေးကြီးလှသနည်း။
၁၆ ကိုယ်ခန္ဓာကြွက်သားများကို လျှော့ထားခြင်းက အသံဟိန်းဖို့ များစွာအထောက်အကူပြုသည်။ သက်သောင့်သက်သာထားသော လည်ချောင်းမှ ရှင်းလင်းကျစ်လစ်သည့်လေသံ ထွက်လာသည်နှင့် အသံအောင်စေရန် အသံဟိန်းခြင်းကို ဖြည့်စွက်ပေးမည်။ ခန္ဓာကိုယ်တစ်ခုလုံးကို အသံဟိန်းကိရိယာအဖြစ် အသုံးပြုတတ်လျှင် အသံဟိန်းလာမည်။ သို့သော် တင်းမာမှုက အတားအဆီးဖြစ်သည်။ အသံအိုးထဲ ဖြစ်ပေါ်လာသောအသံသည် နှာခေါင်းပေါက်များသို့သာမက ရင်ခေါင်း၊ သွားများ၊ ပါးစပ်အမိုးနှင့် ဆိုင်နပ်စ် အရိုးများအတွင်းရှိ အခေါင်းကလေးများသို့လည်း ပဲ့တင်ရိုက်ခတ်သည်။ ယင်းတို့အားလုံးက အသံဟိန်းခြင်းကို ပံ့ပိုးနိုင်၏။ တယောအိုးပေါ်တွင် အလေးတစ်ခုတင်ထားပါက အသံသည် လျော့ပါးသွားသည်; ယင်းသည် လွတ်လပ်စွာ တုန်ခါရန်လို၏။ ကြွက်သားများဖြင့် ခိုင်မြဲအောင် ထိန်းကိုင်ထားသော ခန္ဓာကိုယ်၏ အရိုးအင်္ဂါများလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ အသံဟိန်းခြင်းဖြင့် သင်သည် များစွာကြိုးစားဖို့မလိုဘဲ၊ တအားအော်ဖို့မလိုဘဲ သက်သောင့်သက်သာဖြင့် ကြီးမားသောပရိသတ်ကို ကြားစေနိုင်လိမ့်မည်။ အသံမဟိန်းပါက စကားသံတာသွားရန်၊ သံနေသံထား အတက်အကျပြုလုပ်ရန် သို့မဟုတ် ခံစားချက် အတိမ်အနက်ကို ပေါ်လွင်စေရန် ခဲယဉ်း၏။
၁၇ ကိုယ်ခန္ဓာကို အသိရှိရှိ ဖြေလျှော့ခြင်းနှင့်အတူ နှုတ်ခမ်းကိုစေ့၍ အသံပြုသော လေ့ကျင့်ခြင်းနည်းဖြင့် အသံဟိန်းခြင်းကို တိုးတက်စေနိုင်၏။ နှုတ်ခမ်းနှစ်လွှာသည် တင်းကျပ်စွာ စေ့မထားရ။ ထိရုံကလေး ခပ်လျှော့လျှော့ စေ့ထားသင့်သည်။ ဤသို့ဖြင့် တင်းကျပ်သောကြွက်သားများက အသံတုန်ခါမှုကို ပိတ်ဆို့ဟန့်တားခြင်း သို့မဟုတ် နှာခေါင်းမှတစ်ဆင့် ထွက်အောင် ပြုခြင်းမျိုး ကင်းဝေးသွားလိမ့်မည်။ အချို့သောစကားလုံးများကို ထပ်တလဲလဲဆိုခြင်းနှင့် ng, m, n နှင့် l အသံများကို ခပ်ကြာကြာ အသံဟိန်း၍ဆိုခြင်းသည် အထောက်အကူဖြစ်ကြောင်း တွေ့လိမ့်မည်။ အသံစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် အခြားလေ့ကျင့်နည်းတစ်ခုမှာ သရသံများကို အသံရွတ်၍ဆိုခြင်း၊ ယင်းတို့ကို အာခေါင်ကျယ်ကျယ်ဖွင့်၍ မေးရိုးကိုဖြေလျှော့ထားပြီး အသံပမာဏ အနည်းငယ်ဖြင့် ကြာကြာဆွဲခြင်းဖြစ်သည်။
၁၈–၂၂။ မိုက်ခွက်များကို ထိရောက်စွာ အသုံးပြုခြင်းနှင့်ပတ်သက်၍ အဘယ်အကြံပေးချက်ကို စွဲမှတ်ထားသင့်သနည်း။
၁၈ မိုက်ခွက်များကို မှန်ကန်စွာ အသုံးပြုခြင်း။ ကြီးမားသောစည်းဝေးကြီးများတွင် စကားပြောသူ၏ ဝန်ထုပ်ဝန်ပိုးကို သက်သာစေရန်နှင့် ပရိသတ်သက်သောင့်သက်သာ နားထောင်နိုင်ရန်အတွက် လူ၏အသံကို လျှပ်စစ်ပညာနည်းဖြင့် ချဲ့ဖို့ လိုအပ်လာသည်။ ဤသို့ဖြင့် စကားပြောသူအနေနှင့် အသံပမာဏ ကျယ်လာရန် ခွန်အားများများ စိုက်ထုတ်ဖို့မလိုတော့။ ပရိသတ်အတွက်လည်း နားထောင်ရ သက်သာ၏။ အသင်းတော်များစွာတို့၌ မိုက်ခွက်များကို စင်မြင့်ပေါ်တွင်သာမက ပရိသတ်ထဲမှ ဖြေဆိုသူတို့အတွက်ပါ အသုံးပြုကြသည်။ ဖြေဆိုချက်ကို အများက ကောင်းစွာကြားနိုင်ရန်ဖြစ်၏။ ဒေသနိုင်ငံတော်ခန်းမများ၌ အသုံးမပြုလျှင်လည်း အစည်းအဝေးကြီးများတွင် သုံးလေ့ရှိကြသည်။ သို့ဖြစ်၍ မှန်ကန်စွာ အသုံးပြုနည်းကို သိထားရန် လိုအပ်သည်။
၁၉ သင်၏နှုတ်သည် မိုက်ခွက်နှင့် မည်မျှနီးကပ်သင့်သနည်း။ ထုံးစံမှာ လေးလက်မမှ ခြောက်လက်မဖြစ်သည်။ မကြာခဏ အများဆုံးတွေ့ရသည့်ပြဿနာမှာ စကားပြောသူအနေဖြင့် ယင်းမှ အလွန်ဝေးကွာလွန်းနေတတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အကွာအဝေးကို ဂရုစိုက်ပါ။ ထို့အပြင် သင်၏အသံကို မိုက်ခွက်ဆီသို့လည်းကောင်း၊ ယင်းဖမ်းယူနိုင်သောဘောင်အတွင်း၌လည်းကောင်း ဦးတည်စေပါ။ သို့မဟုတ်ပါက အသံချဲ့စက်ထိန်းသူအနေဖြင့် ပရိသတ်ကို ကောင်းမွန်ကြည်လင်ပြတ်သားစွာ ကြားနိုင်အောင် ထိန်းညှိရာ၌ အခက်တွေ့လိမ့်မည်။ မိုက်ခွက်အနီး၌ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လည်ချောင်းရှင်းခြင်းတို့ကို ရှောင်ကြဉ်ရမည်။
၂၀ အသံချဲ့စက်ကို အသုံးပြုသောအခါ လော့စပီကာမှ ထွက်လာသော သင့်အသံကို နားထောင်ပါ။ ထိုအခါ သင်၏အသံပမာဏကို အကဲဖြတ်ပြီး သင်၏အနေအထားကို လိုအပ်လျှင် ပြုပြင်နိုင်၏။ မိုက်ခွက်သို့ ပို၍နီးကပ်အောင် တိုးခြင်း သို့မဟုတ် တစ်လက်မနှစ်လက်မခန့် နောက်ဆုတ်ပေးခြင်းဖြင့် ပြုပြင်နိုင်၏။ အချို့စကားပြောသူများအနေဖြင့် အသံပမာဏလွန်ကဲခြင်းကို ရှောင်ရှားရန်လိုသည်။ ထိုသို့လွန်ကဲခြင်းက သူတို့၏ အသံကို ပို၍ရုပ်ပျက်စေပြီး ပရိသတ်ကိုလည်း မသက်မသာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်၏။ ဟောပြောနေစဉ်တစ်လျှောက် ထိမိရန် သင်၏အသံကို ဤတွင် ထိုတွင် တိုးတိုးကလေးပြောလိုပါကလည်း ဤခေတ်သစ်အံ့ဖွယ်ကောင်းသော အသံချဲ့စက်၏အစွမ်းကြောင့် တိုးတိုးပြောသည့်အသံကိုပင် ပရိသတ်ကကြားနိုင်ခြင်းသည် ကျေးဇူးတင်စရာပင်။
၂၁ အသံချဲ့စက်အသုံးပြုမှုဆိုင်ရာ ဂရုမူရမည့် အခြားသတိပေးချက်များလည်း ရှိသေး၏။ “ပ” အသံသည် တစ်ခါတစ်ရံ ပူဖောင်းပေါက်ကွဲသံမျိုးထွက်တတ်သည်ကို သတိပြုမိဖူးပါသလော။ မိုက်ခွက်နှင့် အလွန်နီးကပ်စွာပြောလျှင် ထိုသို့ဖြစ်တတ်၏။ စူးရှသော “s” သံများကလည်း ဒုက္ခပေးနိုင်၏။ ယင်းတို့ကို အသံချဲ့စနက်က လွန်ကဲစွာချဲ့ပြီး ရွှီးရွှီးသံ ထွက်လာစေတတ်သဖြင့် လျှော့၍ ထွက်ဆိုရန်လို၏။ မည်သို့ဖြေရှင်းရမည်ကို သိမြင်ထားပါက ပြုမူရန် မခက်တော့ပါ။
၂၂ ကျွန်ုပ်တို့၏ စကားသံယန္တရားစနစ်သည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ထံမှ အံ့ဖွယ်ဆုလာဘ်တစ်ပါးဖြစ်သည်။ လျှပ်စစ်ဓာတ်အားနှင့် တီထွင်ဖန်တီးတတ်သော ဉာဏ်တို့သည်လည်း ကိုယ်တော်ထံမှ လက်ဆောင်တော်များပင်ဖြစ်ကြပြီး ယင်းတို့က မိုက်ခွက်နှင့်စကားပြောခြင်းကိုဖြစ်စေသည်။ အသံချဲ့စက်ကိရိယာသုံး၍ဖြစ်စေ၊ မသုံးဘဲဖြစ်စေ ကျွန်ုပ်တို့၏အသံကို အသုံးပြုတိုင်း ကျွန်ုပ်တို့သည် စကားပြောဆိုနိုင်ခြင်း၏ တီထွင်ဖန်တီးရှင်အား ဂုဏ်ပြုသောနည်းဖြင့် အသုံးပြုကြစို့။