သင်ခန်းစာ ၂၉
အသံအရည်အသွေး
လူတို့သည် ပြောဆိုရာဖြင့်သာမက ပြောဆိုပုံဖြင့်လည်း အကြီးအကျယ် လွှမ်းမိုးခံရသည်။ သင့်အား စကားပြောဆိုနေသူတွင် သာသာယာယာ၊ လှိုက်လှိုက်လှဲလှဲ၊ ရင်းရင်းနှီးနှီးနှင့် ကြင်နာသည့်အသံရှိပါက အေးစက်မာကျောသောအသံထက် ပို၍လိုလိုလားလား သင်နားထောင်လိုသည် မဟုတ်ပေလော။
နှစ်သက်ဖွယ် အသံအရည်အသွေးကို ပြုစုပျိုးထောင်ခြင်းသည် လုံးလုံးလျားလျား အသံပိုင်းဆိုင်ရာအတတ်ပညာမျှသာမဟုတ်ချေ။ ယင်း၌ လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးလည်း ပါဝင်ပတ်သက်နိုင်သည်။ လူတစ်ဦးသည် ကျမ်းစာသမ္မာတရား အသိပညာနှင့် လက်တွေ့ကျင့်သုံးခြင်းတွင် တိုးတက်လာသည်နှင့်အမျှ ထိုသူပြောဆိုပုံတွင် အပြောင်းအလဲများ အထင်အရှားတွေ့လာရသည်။ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ကြင်နာမှု အစရှိသည့် ဘုရားရေးရာ အရည်အချင်းများက သူ၏အသံတွင် ထင်ရှားနေမည်။ (ဂလ. ၅:၂၂၊ ၂၃) အခြားသူများအတွက် အမှန်တကယ်စိုးရိမ်မကင်းစိတ်ခံစားရသည့်အခါ ယင်းသည် သူ့အသံတွင် ပေါ်နေသည်။ ကျေးဇူးသိတတ်သောစိတ်သည် အကျင့်ပါနေသော ဝေဖန်သည့်စိတ်ဓာတ်တွင် အစားဝင်လိုက်သောအခါ ပြောလိုက်သည့်စကားလုံးများနှင့် လေသံနှစ်ခုစလုံးက ယင်းကိုထင်ရှားပြသည်။ (မြည်. ၃:၃၉-၄၂; ၁ တိ. ၁:၁၂; ယု. ၁၆) ပြောဆိုနေသည့် ဘာသာစကားကို သင်နားမလည်သည့်တိုင် လူတစ်ဦးသည် မာနထောင်လွှား၊ သည်းမခံတတ်၊ အပြစ်ရှာဝေဖန်ပြီး ခက်ထန်မာကြောသောအသံထွက်နေကာ အခြားတစ်ဦးမူ နှိမ့်ချ၊ စိတ်ရှည်၊ ကြင်နာပြီး ချစ်ခင်တတ်သည့်အသံထွက်နေလျှင် ဤကွာခြားမှုကိုပြောပြရန် သင့်အတွက် မခဲယဉ်းပေ။
ဖြစ်ရပ်အချို့တွင် နှစ်သက်ဖွယ်မကောင်းသော အသံအရည်အသွေးသည် လူတစ်ဦး၏အသံအိုးကို ပျက်စီးစေသည့် ဖျားနာမှုကြောင့် သို့မဟုတ် မျိုးရိုးလိုက်သည့် ဖွဲ့စည်းတည်ဆောက်ပုံချို့တဲ့မှုကြောင့် ဖြစ်ပေမည်။ ထိုအခြေအနေများသည် ဤအစီအစဉ်စနစ်တွင် လုံးလုံးလျားလျားမပျောက်နိုင်ရာဖြစ်ပေမည်။ သို့ရာတွင် အများအားဖြင့် စကားပြောအင်္ဂါများကို လျောက်ပတ်စွာအသုံးပြုရန် သင်ယူခြင်းက တိုးတက်မှုရစေနိုင်ပါသည်။
ရှေးဦးစွာ အသံ၏ထူးခြားသောအင်္ဂါရပ်များသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသည်ကို သဘောပေါက်ထားရန် အရေးကြီးသည်။ သင့်ရည်မှန်းချက်မှာ အခြားသူတစ်ဦး၏အသံကို တုနိုင်သည့်အသံမျိုး ရလာစေဖို့ မဖြစ်သင့်ချေ။ သို့အစား၊ သင့်ကိုယ်ပိုင်အသံတွင် ထူးခြားသော အင်္ဂါရပ်များရှိရာ ယင်းကိုဖွံ့ဖြိုးလာစေရန် ပြုစုပျိုးထောင်ပေးပါ။ ယင်းကို လုပ်ဆောင်ရန် အဘယ်အရာက သင့်ကိုကူညီပေးနိုင်သနည်း။ အဓိက မရှိမဖြစ်လိုအပ်ရာနှစ်မျိုး ရှိပါသည်။
ထွက်သက်ဝင်သက်ကို လျောက်ပတ်စွာ ထိန်းပေးပါ။ သင့်အသံကိုအသုံးပြုရာတွင် အကောင်းဆုံးရလဒ်ဖြစ်ပေါ်စေရန် ထွက်သက်ဝင်သက်ကို သင့်လျော်စွာထိန်းပေးခြင်းနှင့်အတူ ပုံမှန်လေအလုံအလောက်ရှိဖို့လိုသည်။ ယင်းတို့မရှိပါက သင့်အသံသည် သဲ့သဲ့သာကျန်ကာ သင့်ဟောပြောပုံ ပြတ်တောင်းပြတ်တောင်းဖြစ်သွားနိုင်သည်။
အဆုတ်၏အကြီးဆုံးအပိုင်းသည် ရင်ဘတ်၏အထက်ပိုင်းတွင် မရှိပါ; ပခုံးရိုးများကြောင့်သာ ကျယ်နေပုံရှိခြင်းဖြစ်သည်။ အမှန်မှာ ဒိုင်ယာဖရမ်ခေါ် ရင်ဝမ်းခြားကြွက်သားအထက်လေးတွင် အဆုတ်၏ အကျယ်ဆုံးအပိုင်းရှိသည်။ ရင်ဝမ်းခြားကြွက်သားသည် အောက်ပိုင်းနံရိုးများနှင့်တွဲနေရာ ရင်နှင့်ဝမ်းခေါင်းကို ပိုင်းခြားထားသည်။
သင်အသက်ရှူသွင်းသည့်အခါ အဆုတ်၏အပေါ်ပိုင်းကိုသာ လေဖြည့်ပေးပါက မကြာမီပင် လေပြတ်သွားပေမည်။ သင့်အသံသည် အသံသြဇာကင်းမဲ့သွားကာ လွယ်လွယ်ကူကူပင် မောပန်းသွားမည်။ လျောက်ပတ်စွာ အသက်ရှူရန် မတ်မတ်ထိုင် သို့မဟုတ် မတ်မတ်ရပ်ဖို့လိုပြီး ပခုံးကိုနောက်ပစ်ထားပါ။ စကားပြောဆိုရန် အသက်ရှူသွင်းသောအခါ ရင်အုပ်အပေါ်ပိုင်းလောက်ကိုသာ ကျယ်လာစေခြင်းကို သတိနှင့်ရှောင်ကြဉ်ပါ။ ဦးဆုံး အဆုတ်၏အောက်ပိုင်းကို လေဖြည့်ပေးပါ။ ထိုအပိုင်း ပြည့်သွားသောအခါ နံရိုးအိမ်၏အောက်ပိုင်းသည် ဘေးဘက်သို့ ကားလာမည်။ တစ်ချိန်တည်းတွင် ရင်ဝမ်းခြားကြွက်သားသည် အောက်ဘက်သို့ရွေ့သွားကာ အစာအိမ်နှင့် အူသိမ်အူမများနေရာတွင် အသာအယာ အစားထိုးဝင်ရောက်သွားသည်၊ ထို့ကြောင့် သင့်ခါးမှခါးပတ် သို့မဟုတ် ဝမ်းပျဉ်းပေါ်ရှိ အခြားအဝတ်အစားများ တင်းကျပ်လာသည်ကို သင်ခံစားရသည်။ သို့သော် အဆုတ်သည် ဝမ်းပျဉ်းတွင်မရှိပါ; ၎င်းတို့သည် နံရိုးအိမ်အတွင်းတွင် ရှိကြသည်။ သင်ကိုယ်တိုင် စမ်းသပ်ကြည့်ရန် သင့်နံရိုးအိမ်အောက်ပိုင်း၏ တစ်ဖက်တစ်ချက်စီပေါ်တွင် လက်တစ်ဖက်စီ တင်ထားပါ။ ထို့နောက် အသက်ပြင်းပြင်းရှူသွင်းပါ။ သင်သည် ပုံမှန်အသက်ရှူပါက ဝမ်းဗိုက်ကို ရှုံ့သွားစေခြင်းနှင့် ပခုံးများမြင့်သွားခြင်း ဖြစ်မည်မဟုတ်ချေ။ ယင်းအစား နံရိုးများ မသိမသာကြွကာ ကားသွားသည်ကို ခံစားရပေမည်။
ထို့နောက် လေထွက်နှုန်းကို လုပ်ဆောင်ပါ။ လေတစ်ဟုန်ထိုး ထွက်သွားစေခြင်းဖြင့် လေကို မဖြုန်းတီးပါနှင့်။ တဖြည်းဖြည်း ထုတ်လွှတ်ပေးပါ။ သင့်လည်ချောင်းကိုတင်းထားခြင်းဖြင့် ယင်းကိုထိန်းချုပ်ဖို့ မကြိုးစားပါနှင့်။ ယင်းက သဘာဝမကျသည့်အသံ သို့မဟုတ် သာမန်မဟုတ်ဘဲ စူးရှသောအသံ ထွက်လာစေပေမည်။ ဝမ်းဗိုက်ကြွက်သားများနှင့် နံကြားကြွက်သားမျှင်များ (နံရိုးများအကြား) မှ ထွက်ပေါ်လာသည့်ဖိအားက လေကို လွှတ်ထုတ်ကာ ရင်ဝမ်းခြားကြွက်သားက မည်မျှလျင်မြန်စွာ လွှတ်ထုတ်သည်ကို လွှမ်းမိုးထားသည်။
အပြေးသမားတစ်ဦးသည် အပြေးပြိုင်ပွဲအတွက် လေ့ကျင့်သကဲ့သို့ ဟောပြောသူသည် သင့်လျော်သောထွက်သက်ဝင်သက်ထိန်းချုပ်ခြင်းကို လေ့ကျင့်ပျိုးထောင်နိုင်ပါသည်။ ပခုံးနောက်ပစ်၍ မတ်မတ်ရပ်ကာ အဆုတ်အောက်ပိုင်းကို လေဖြည့်ပေးရန် လေရှူပါ၊ ထို့နောက် ဖြည်းဖြည်းချင်း လေရှူထုတ်ရင်း လေတစ်ရှိုက်တည်းတွင် ချောမောပြေပြစ်စွာ တစ်နှစ်သုံးလေး စသည်ဖြင့် အများဆုံးရွတ်ဆိုင်နိုင်သမျှ ရွတ်ဆိုခြင်းပြုနိုင်ပါသည်။ ထို့နောက် ထိုနည်းအတိုင်း အသက်ရှူစဉ် အသံထွက်ဖတ်ခြင်းကို လေ့ကျင့်ပါ။
တင်းနေသော ကြွက်သားများကို ဖြေလျှော့ထားပါ။ ကောင်းမွန်သော အသံအရည်အသွေးအတွက် အခြားအရေးကြီးသောအချက်မှာ ဖြေလျှော့ထားခြင်းဖြစ်သည်! ဟောပြောနေစဉ် ဖြေလျှော့တတ်ရန် သင်ယူခြင်းအားဖြင့် တိုးတက်မှုရှိလာသည်ကို အံ့သြဖွယ်တွေ့ရပေမည်။ စိတ်ရောကိုယ်ပါ ဖြေလျှော့ထားရမည်။ အကြောင်းမှာ စိတ်တင်းနေလျှင် ကြွက်သားများပါတောင့်တင်းလာတတ်သည်။
သင်၏နားထောင်နေသူများအပေါ် မှန်သောအမြင်ထားရှိခြင်းအားဖြင့် စိတ်တင်းမာမှုကို ဖြေလျှော့ပါ။ သင့်ပရိသတ်သည် လယ်ကွင်းတွင် သင်တွေ့ဆုံသူများဖြစ်လျှင် သင်ကျမ်းစာလေ့လာသည်မှာ လအနည်းငယ်သာရှိသေးသည့်တိုင် သူတို့အား ဝေမျှပေးနိုင်သည့် ယေဟောဝါ၏ ရည်ရွယ်တော်မူချက်နှင့်ပတ်သက်၍ တန်ဖိုးရှိသောအရာများကို သင်သိကြောင်း သတိရပါ။ သူတို့နားလည်သဘောပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ သူတို့တွင် အကူအညီလိုအပ်သောကြောင့် သူတို့ဆီသို့ သင်လာခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်မူ သင်သည် နိုင်ငံတော်ခန်းမတွင် ဟောပြောနေပါက ပရိသတ်တွင်းရှိအများစုမှာ ယေဟောဝါ၏လူမျိုးတော် ဖြစ်ကြသည်။ သူတို့သည် သင်၏ မိတ်ဆွေများဖြစ်ကြပြီး သင့်အား အောင်မြင်စေလိုကြသည်။ ကမ္ဘာပေါ်ရှိ မည်သူမျှ ကျွန်ုပ်တို့မှန်မှန်ရရှိသည့်နည်းတူ ဤမျှရင်းနှီးချစ်ခင်သောပရိသတ်မျိုးနှင့် မျက်နှာချင်းဆိုင် ဟောပြောခွင့်မရကြပါ။
သင်၏စိတ်ကို ထိုကြွက်သားများအပေါ်အာရုံစိုက်ထားကာ ယင်းတို့ကို တောင့်တင်းမှုနည်းအောင် သတိရှိရှိလုပ်ထားခြင်းဖြင့် လည်ချောင်းကြွက်သားများကို ဖြေလျှော့ထားပါ။ ယင်းတို့ကို လေဖြတ်သန်းသွားသောအခါ သင့်အသံကြိုးများ တုန်ခါသွားကြောင်း သတိရပါ။ ဂစ်တာကြိုး၏အသံ သို့မဟုတ် တယောကြိုး၏အသံသည် ကြိုးတင်းနေသည့်အခါ သို့မဟုတ် ကြိုးလျော့နေသည့်အခါ အသံပြောင်းသွားသကဲ့သို့ လည်ပင်းကြွက်သားများ တောင့်တင်း သို့မဟုတ် ဖြေလျှော့သွားသည့်အခါ အသံပြောင်းသည်။ သင်၏အသံကြိုးများကို ဖြေလျှော့ထားသောအခါ အသံနိမ့်သွားသည်။ လည်ချောင်းကြွက်သားများကို ဖြေလျှော့ထားရှိခြင်းက နှာခေါင်းလမ်းကြောင်းကို ဖွင့်ထားစေရန်လည်း ကူညီပေးရာ ယင်းက သင့်အသံ၏အရည်အသွေးပေါ် ဧကန်အကျိုးသက်ရောက်မှု ရှိစေပါလိမ့်မည်။
သင့်ကိုယ်ခန္ဓာတစ်ခုလုံး—ဒူး၊ လက်၊ ပခုံး၊ လည်ပင်း—ကို ဖြေလျှော့ထားပါ။ ယင်းက အသံအောင်စေရန် လိုအပ်သည့် အသံဟိန်းမှုကို ဖြစ်စေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို အသံပြုခုံအဖြစ် အသုံးပြုတတ်လျှင် အသံဟိန်းလာမည်၊ သို့သော် တောင့်တင်းမှုက အတားအဆီးဖြစ်သည်။ အသံအိုးထဲမှ ဖြစ်ပေါ်လာသောအသံသည် နှာခေါင်းဂလိုင်များတွင်သာမက အရိုးထည်များဖြစ်သော ရင်ခေါင်း၊ သွားများ၊ ပါးစပ်အမိုးနှင့် ဆိုင်နပ်စ်အရိုးအသားမျှင်များရှိ အခေါင်းများကိုလည်း ရိုက်ခတ်ပဲ့တင်ထပ်သည်။ ယင်းတို့အားလုံးက အသံသြဇာအရည်အသွေးကို ပံ့ပိုးနိုင်၏။ ဂစ်တာအိုးပေါ်တွင် အလေးတစ်ခုတင်ထားပါက အသံသည် တိမ်သွားမည်; ပုံမှန် အသံဟိန်းထွက်စေရန် ဂစ်တာအိုးသည် လွတ်လပ်စွာ တုန်ခါရမည်။ ကြွက်သားများဖြင့် ခိုင်မြဲအောင် ထိန်းထားသော ခန္ဓာကိုယ်၏အရိုးထည်များလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ အသံဟိန်းခြင်းဖြင့် အသံကို သင့်လျော်စွာညှိပေးရန်နှင့် ခံစားချက်၏ ကွဲပြားခြားနားမှုများကို ပေါ်လွင်စေရန် ပြုလုပ်နိုင်ပါလိမ့်မည်။ ဖျစ်ညှစ်အော်ဖို့မလိုဘဲ ကြီးမားသောပရိသတ်ကို ကြားစေနိုင်လိမ့်မည်။