သင်ခန်းစာ ၁၇
စာများ ရေးသားပုံ
၁၊ ၂။ စာရေးခြင်းအားဖြင့် အဘယ်အကျိုးများ ဖြစ်ထွန်းစေနိုင်သနည်း။
၁ ရှေးခရစ်ယာန်အသင်းတော်တွင် အကျိုးပေးသောနည်းမျိုးစုံဖြင့် စာများရေးသားခဲ့ကြ၏။ ယင်းတို့ဖြင့် အသင်းတော်များနှင့် အဆက်အသွယ်ပြုခဲ့ကြသည်။ (ဖိ. ၁:၁) ယင်းတို့ဖြင့် အထူးတာဝန်များထမ်းဆောင်သူများကို အားပေးခဲ့သည်။ (၂ တိ. ၁:၁၊ ၂၊ ၆) စာများသည် ယုံကြည်သူ လူသစ်များ၊ သို့မဟုတ် အခက်အခဲကြုံတွေ့သူများကို ဆောက်တည်မှုပေးသည်။ (၁ သက်. ၁:၁-၇; ၃:၁-၇) အစောပိုင်းခရစ်ယာန်များသည် သခင့်အမှုတော်ကိုဆောင်ရွက်ခြင်းအားဖြင့် ရင်းနှီးခင်မင်လာသူများကို စာနှင့်အဆက်အသွယ်ပြုကြသည်။—၃ ယော. ၁၊ ၁၄။
၂ ယနေ့ သီအိုကရက်တစ်ဓမ္မအမှုဆောင်များသည်လည်း စာရေးရန်အကြောင်း များစွာရှိ၏။ ဤစာများသည် အကျိုးများစွာပြုနိုင်သည်။ တစ်ခါတစ်ရံ အလုပ်အကိုင်နှင့်ပတ်သက်သောစာများ ရေးရန်လိုကောင်းလိုမည်။ နိုင်ငံတော်လုပ်ငန်းနှင့်ပတ်သက်၍ အစိုးရအရာရှိများထံ စာရေးဖို့အကြောင်းပေါ်လာနိုင်သည်။ သီးသန့်အဆောက်အဦများ သို့မဟုတ် ရပ်ကွက်များတွင် နေထိုင်ကြသူများနှင့် စာအားဖြင့်သာလျှင် “သတင်းကောင်း” ကို ဟောနိုင်ပေမည်။ သင့်အသင်းတော်ရှိ ကြေညာသူများသည် အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားပေမည်၊ သို့မဟုတ် ရပ်ဝေးတွင်နေထိုင်သော ဆွေမျိုးများရှိပေမည်။ သူတို့ကိုသတိရကြောင်း စာအားဖြင့် သင်တင်ပြလိုပေမည်။ ထို့ပြင် ကျေးဇူးတင်စာ၊ သို့မဟုတ် ကြေကွဲဝမ်းနည်းကြောင်း ဖော်ပြလိုသည့်စာကို ရေးဖို့အကြောင်းပေါ်မည်။
၃။ ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်သင့်လျော်စေရန် ကျွန်ုပ်တို့၏စာများသည် မည်သို့ဖြစ်သင့်သနည်း။
၃ ကျွန်ုပ်တို့၏စာများသည် ဘုရားပေးဓမ္မအမှုနှင့်သင့်လျော်ရမည်။ ယင်းတို့သည် ခင်မင်မှု၊ လိမ္မာပါးနပ်မှုမက စာဖတ်ရှုသူများကို သက်ညှာစာနာကြောင်း တင်ပြရမည်။ စာရှုသူ၏ယုံကြည်ခြင်းကိုပျက်ပြားစေပြီး စိတ်ဓာတ်ကျစေသည့် မကျေမနပ်ဖြစ်နေကြောင်း အပျက်သဘောကိုတင်ပြမည့်အစား အပြုသဘောပါပြီး ဆောက်တည်မှုပေးသောစာများဖြစ်သင့်သည်။ “မေတ္တာမူကား တည်ဆောက်တတ်၏” ဟုဘုရားသခင့်နှုတ်ကပါဌ်တော်က ဆိုသည်။ (၁ ကော. ၈:၁) ထို့ပြင် စာအားဖြင့် သူတစ်ဖက်သား သိရှိ စွဲမှတ်လိုက်မည့်အရာကိုလည်း ထည့်စဉ်းစားပါ။ သပ်ရပ်မှုအတွက် ဘေးမျဉ်းကွက်လပ်များနှင့် အောက်ကွက်လပ်တို့သည် ညီညီညာညာရှိသင့်သည်။ ပေပျက်ရာများသည် အထင်အမြင်ကောင်းစေမည်မဟုတ်ပါ။ ထို့ပြင် သတ်ပုံမှန်ကန်ဖို့နှင့် ဝါကျအထားအသိုမှန်ဖို့ကိုလည်း ဂရုစိုက်သင့်သည်။ သို့ရာတွင် ယင်းတို့ကို တတ်ကျွမ်းသူမဟုတ်သောကြောင့် မိတ်ဆွေများထံ စာမရေးဘဲမနေပါနှင့်။ ရင်းနှီးခင်မင်မှု၊ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတို့က သတ်ပုံမှားခြင်း၊ ဝါကျမမှန်ကန်ခြင်းတို့ကို ထေပေးပါသည်။ သို့သော် အဘိဓာန်ကိုအသုံးပြုခြင်းအားဖြင့် သတ်ပုံမှန်နိုင်သည်။ ဝါကျမှန်ကန်ဖို့အတွက် အခြားသူများ အရေးအသားကို သတိပြုနိုင်သည်။ ဤအချက်များကို စွဲမှတ်ထားကာ ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်ပတ်သက်၍ တစ်ခါတစ်ရံရေးသားဖို့လိုမည့် စာအမျိုးမျိုးကို စေ့စပ်သေချာစွာ ကြည့်ရှုကြစို့။
၄။ လုပ်ငန်းဆိုင်ရာစာရေးပုံရေးနည်းကို ဖော်ပြပါ။
၄ လုပ်ငန်းဆိုင်ရာစာ။ လုပ်ငန်းဆိုင်ရာစာတစ်စောင်ကို သင်ရေးသားသောအခါ သင့်နာမည်၊ လိပ်စာနှင့် နေ့စွဲကို စာထိပ်တွင်ရေးသင့်သည်။ ယင်းကို ခေါင်းစဉ်ဟုခေါ်ပြီး စာရွက်၏အပေါ် လက်ယာဘက်တွင် ရေးရသည်။ (ကင်းမျှော်စင်အသင်းထံပို့သောစာများသည် အသင်းတော်ကိစ္စနှင့်ပတ်သက်မည်ဆိုလျှင် ခေါင်းစဉ်၌ စာထည့်သူ၏အသင်းတော်နာမည်ပါရမည်။) “အတွင်းလိပ်စာ” ခေါ် စာဖတ်မည့်သူ၏နာမည်နှင့်လိပ်စာကိုကား အောက်အနည်းငယ်ချပြီး လက်ဝဲဘက်တွင် ရေးရသည်။ ထို့နောက် နှုတ်ဆက်စကားဖြစ်သည့် “လူကြီးမင်းခင်ဗျား၊” “ချစ်လှစွာသော ဦး______၊” “ချစ်လှစွာသောညီအစ်ကိုများ၊” “ချစ်လှစွာသောညီအစ်ကို______” အစရှိ၍ နိဒါန်းပျိုးရေးလေ့ရှိသည်။ နိဂုံးတွင် ရိုသေလေးစားလျက် သို့မဟုတ် ညီအစ်ကိုများထံရေးသောစာဖြစ်လျှင် သင့်ညီအစ်ကို၊ သင့်လုပ်ဖော်ဆောင်ဖက်သက်သေခံဟူ၍ စာမျက်နှာတစ်ခြမ်းမှစချီရေးပြီး ပုဒ်ထီးချကာ အောက်တွင် လက်မှတ်ထိုးရ၏။ အသင်းတော် သို့မဟုတ် တိုက်နယ်တစ်ခုအတွက် အသင်းမထံစာရေးလျှင် ရေးသူသည် “ဦးစီးကြီးကြပ်မှူး၊” သို့မဟုတ် “တိုက်နယ်ကြီးကြပ်မှူး” အစရှိသော မိမိ၏တာဝန်ကိုပါ သူ၏လက်မှတ်အောက်တွင် ဖော်ပြလိုပေမည်။
၅၊ ၆။ စာတွင် ဦးဆုံးဘာကိုရေးရမည်နည်း။ တုံ့ပြန်မှုကောင်းရရှိရန် အဘယ်အရာက များသောအားဖြင့် အကူအညီပေးသနည်း။
၅ စာရေးရခြင်းရည်ရွယ်ချက်ကို ဦးဆုံးဖော်ပြပါ။ သို့မှသာ လက်ခံရရှိသူသည် သင့်ရည်ရွယ်ချက်ကို ချက်ချင်းသိရှိသွားမည်။ ယခင်စာနှင့်ဆက်စပ်နေလျှင် ပတ်သက်သောအကြောင်းအတိအကျကိုဖော်ပြလျှင်ကောင်းသည်။ ဌာနပေါင်းစုံပါဝင်သောအဖွဲ့အစည်းကြီးထံ ရေးသောစာဖြစ်မည်ဆိုလျှင် ထိုအဖွဲ့မှ နောက်ဆုံးလက်ခံရရှိသည့်စာ၌ပါသော သက်ဆိုင်ရာဌာနအမှတ်အသားများကို ဖော်ပြလျှင် အထောက်အကူပြုမည်။ စာကိုယ်တွင် အကြောင်းတစ်ခုလျှင်တစ်ပိုဒ်စီ ခွဲပြီးရေးလျှင် ရှင်းလင်းကာ သာ၍ကောင်းသောဝန်ဆောင်မှုကိုဖြစ်စေသည်။ လုပ်ငန်းနှင့်ပတ်သက်သောအချက်များကို ဦးစွာရေးပြီးမှ သိစေလိုသောသတင်းကို ဆက်ရေးသင့်သည်။
၆ လိုရင်းတိုရှင်းဖြစ်ပြီး သင်သိစေလိုသောအကြောင်းကို ပြည့်စုံစွာရေးခြင်းသည် အမြဲအကျိုးရှိသည်။ မလိုအပ်သောစကားလုံးများနှင့် ထပ်ခါတလဲတင်ပြသောအကြောင်းများကို ထုတ်ပစ်လျှင် သင့်စာသည် သာ၍ထိရောက်ပေမည်။ စာရေးရခြင်းရည်ရွယ်ချက်နှင့် မဆိုင်သောအကြောင်းများကို ချန်လှပ်ထားမည်ဆိုလျှင် ရေးရခြင်းရည်ရွယ်ချက် ထင်ရှားလိမ့်မည်။ ထို့ပြင် သူတစ်ပါး၏ကြိုးစားမှုကို အမှန်တန်ဖိုးထားလေးမြတ်ကြောင်းကို ဖော်ပြခြင်းသည် လျောက်ပတ်ပေသည်။ အခက်အခဲတစ်ခုကို အသေးစိတ်ဖော်ပြသည့် လုပ်ငန်းဆိုင်ရာစာတွင်ပင် “ဤကိစ္စကို ကျွန်ုပ်အတွက် ဆောင်ရွက်ပေးနေခြင်း (သို့မဟုတ် ဆောင်ရွက်ပေးနိုင်မည့်) အတွက် အလွန်ကျေးဇူးတင်ပါသည်” ဟူသောစကားများပါဝင်လျှင် တုံ့ပြန်မှုသည် များသောအားဖြင့် ကောင်းသည်။
၇–၉။ သက်သေခံလိုသည့်ရည်ရွယ်ချက်နှင့် ရေးသားသောစာတွင် အဘယ်အကြောင်းများ ထည့်ရေးနိုင်သနည်း။
၇ သက်သေခံရန်။ နိုင်ငံတော်သတင်းဟောပြောဖို့အတွက် စာရေးခြင်းသည် အကျိုးရှိကြောင်း တွေ့ရှိခဲ့ရပြီ။ အချို့အရပ်ဒေသများတွင် လူကိုယ်တိုင်သွားရောက်သက်သေမခံနိုင်သော တိုက်ခန်းများ၊ ဟိုတယ်ကြီးများရှိရာ ထိုတွင်နေထိုင်သူများနှင့် စာအားဖြင့် ဆက်သွယ်နိုင်ပါသည်။ ထို့ပြင် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ အကြိမ်ကြိမ်လူမတွေ့ခဲ့သောအိမ်ထံ စာရေးသက်သေခံနိုင်သည်။ ဤနည်းကို အိမ်ပြင်မထွက်နိုင်၊ ထွက်ခဲသောကြေညာသူများ အသုံးပြုနိုင်သည်။
၈ ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံရန်စာမျိုးကို ရေးသားသည့်အခါ သင့်ကိုယ်ကို ဦးဆုံးမိတ်ဆက်ပါ။ လူကိုယ်တိုင် မရောက်လာဘဲ စာအားဖြင့်ဆက်သွယ်ရခြင်းအကြောင်းကိုလည်း ပြောပြလိုပေမည်။ သို့ပြုလျှင် စာကိုလက်ခံရရှိသူသည် သင့်စေတနာစိတ်ကို သိရှိပြီး သူ့အတွက်စွဲမှတ်စရာဖြစ်မည်။ ထို့နောက် ကိုယ်တိုင်သာ လာနိုင်မည်ဆိုလျှင် သူ့အား ပြောဆိုလိုသည့်အကြောင်းကို တင်ပြပါ။ ဓမ္မအမှုကျောင်းတွင် သင်တတ်သိထားသောမူများကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် ခဲယဉ်းမည်မဟုတ်ပါ။ နောက်ဆုံးထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှကျမ်းစာတင်ပြချက်တစ်ခု၊ သို့မဟုတ် ကင်းမျှော်စင် သို့မဟုတ် နိုးလော့! သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်မှ အပိုဒ်တစ်ပိုဒ်ကို ကိုယ်ပိုင်စကားဖြင့် တင်ပြလိုပေမည်။ ဝေစာ၊ မဂ္ဂဇင်း၊ သို့မဟုတ် စာအုပ်ငယ်တစ်ခုကို ထည့်ပေးလိုက်ပြီး ဖတ်ကြည့်ပါရန် အားပေးလိုပေမည်။ ယင်းအကြောင်းသည် အဘယ်ကြောင့်အရေးကြီးသည်ကို ရှင်းပြပါ။ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ သင်ပြုသကဲ့သို့ ကျမ်းချက်များကို မိမိကိုယ်ပိုင်ကျမ်းစာအုပ်ကိုအသုံးပြုပြီး ဖွင့်ရှာဖတ်ရန် အကြံပြုလိုပေမည်။ ထို့နောက် စိတ်ဝင်စားမှု နှိုးဆွပေးနိုင်မည့်မျှော်လင့်ချက်ဖြင့် သင်နှင့်မည်သို့ဆက်သွယ်နိုင်ကြောင်း၊ ဆက်သွယ်ဖို့လည်း အားပေးပါ။ သင့်နာမည်နှင့်လိပ်စာကို ရှင်းလင်းပြတ်သားစွာ ရေးပေးပါ။ သို့မှသာ သူသည် စာရေးပြီးကျေးဇူးတင်လိုလျှင်သော်လည်းကောင်း၊ ကင်းမျှော်စင် နှင့် နိုးလော့! ကိုနှစ်စဉ်ကြေးယူလိုလျှင်သော်လည်းကောင်း မည်သို့ဆက်သွယ်နိုင်ကြောင်း သိရှိလိမ့်မည်။
၉ စာအိတ်အပြင်ဘက်တွင် သင့်လိပ်စာကို အမြဲရေးပါ။ အထူးသဖြင့် ဝေစာ၊ စာအုပ်ကလေး ထည့်ပေးသောအခါ တံဆိပ်ခေါင်းအလုံအလောက် ကပ်မကပ် စစ်ဆေးပါ။ တံဆိပ်ခေါင်းဖိုး အလုံအလောက်မကပ်မိလျှင် အိမ်ရှင်ထံမှ တံဆိပ်ခေါင်းဖိုး တောင်းခြင်းခံရပါက ကောင်းစွာသက်သေခံလိုသော သင့်ကြိုးစားမှု၏ရည်ရွယ်ချက် ပျက်စီးသွားနိုင်သည်။
၁၀၊ ၁၁။ မိသားစုဝင်သူများနှင့် မိတ်ဆွေများထံရေးသောစာများသည် အဘယ်ကြောင့် အကျိုးရှိသနည်း။ ယင်းတို့တွင် အဘယ်အကြောင်းများ ပါဝင်နိုင်သနည်း။
၁၀ မိသားစုဝင်များနှင့် ရင်းနှီးသောမိတ်ဆွေများထံသို့။ နေ့စဉ်ဘဝအသက်တာတွင် အရေးအကြီးဆုံးဖြစ်သည်ဟု ကျွန်ုပ်တို့ယူဆသောလုပ်ငန်းများအတွက် အချိန်ပေးပြီး ဂရုစိုက်လုပ်ဆောင်ကြ၏။ သို့သော် ချစ်ခင်ရင်းနှီးသော ဆွေမျိုးများ၊ မိတ်ဆွေများနှင့် စာအားဖြင့်အဆက်အသွယ်ပြုရန် အချိန်ပေးပါသလော။ သားသမီးများထံမှစာကို မိဘများမျှော်သည်။ သားသမီးများကလည်း မိဘများရေးသောစာမှ အကျိုးခံစားရသည်။ စာအားဖြင့် အပြန်အလှန် “စကားစမြည်ပြောဆိုခြင်း” က မိသားစုဝင်များ ရပ်ဝေးသို့ရောက်နေစေကာမူ စည်းလုံးစေသည်။ သင်ကျန်းမာကြောင်းနှင့် ရွှင်လန်းအားရစရာ သတင်းများပါသည့် သင့်စာသည် သင့်ဆွေမျိုးနှင့်မိတ်ဆွေများကို ဆောက်တည်မှု အမှန်ရရှိစေမည်။ သင်သံသယဖြစ်သလော။ သို့ဖြစ်လျှင် သင်စာရသောအခါ မည်သို့ခံစားရသည်ကို စဉ်းစားကြည့်ပါ။ ပျော်ရွှင်စွာလက်ခံယူသောအရာအချို့တွင် စာလည်းပါဝင်သည်။ ယင်းနှင့်ပတ်သက်၍ များသောအားဖြင့် ဝမ်းသာအားရမှုဒွန်တွဲနေသည်။ တစ်ဦးတစ်ယောက် သင့်ကိုမှတ်မိသည်ဟုသိရခြင်းသည် ဝမ်းသာစရာမဟုတ်ပေလော။ ခရစ်ယာန်များ၏ ထူးခြားသောအရည်အချင်းတစ်ခုမှာ တစ်ဦးကိုတစ်ဦး ချစ်ခြင်းဖြစ်၍ ရေမြေရပ်ခြားဖြစ်ကြဦးတော့ အဆက်အသွယ်ပြုလုပ်ခြင်းအားဖြင့် ယင်းကိုတင်ပြနိုင်ပါသည်။
၁၁ သို့သော် အဘယ်အကြောင်းရေးမည်နည်း။ စိတ်ဝင်စားဖွယ်ကောင်းသော တွေ့ကြုံမှုများကို သင်ကြားလိုသလော။ သင့်ကို ပျော်ရွှင်မှုပေးသောအရာများသည် သူတစ်ပါးကိုလည်း ပျော်ရွှင်မှုပေးတတ်သည်။ ဓမ္မအမှုတွင် သင်ကိုယ်တိုင်ကြုံခဲ့သော သို့မဟုတ် တစ်ဆင့်ကြားသိရသော တွေ့ကြုံမှုကိုတင်ပြနိုင်သည်။ (သို့သော် မသေချာသောအချက်အလက်များကို တစ်ဆင့်ပြန်မပြောပြသင့်ပါ။) တစ်ခါတစ်ရံ သင့်စာကိုဖတ်မည့်သူနှင့် တွေ့ကြုံခဲ့သော ပျော်ရွှင်စရာအဖြစ်အပျက်များအကြောင်း ပြန်တင်ပြရေးသားလိုပေမည်။ သို့ပြုခြင်းက မိတ်ဆွေများကို ရင်းနှီးစေသည်။ သင်ကြားသိသည့် အသစ်အဆန်းများ၊ မကြာသေးမီက သင်ကိုယ်တိုင်ပြုလုပ်ခဲ့သောအမှု၊ လည်ပတ်ခဲ့သောနေရာများ အစရှိသောအရာများသည် မိတ်ဆွေများအတွက် စိတ်ဝင်စားစရာများဖြစ်သည်။ သင့်စာကိုဖတ်မည့်သူသည် ဖျားနာနေပါသလော။ စိုးရိမ်မှုပြပြီး မြန်မြန်ပြန်ကျန်းမာလာပါစေဟု မေတ္တာပို့ပါ။ အသင်းတော်တွင် အထူးစိတ်ဝင်စားစရာအဖြစ်အပျက်တစ်ခု၊ အားပေးမှုဖြစ်မည့်အကြောင်းတစ်ခု၊ ဖျားနာနေသူအား စိတ်လန်းဆန်းစေမည့်အကြောင်းတစ်ခုကို ရေးပေးနိုင်သည်။ ရေးရမည့်အကြောင်းများနှင့်ပတ်သက်၍ မကြာမီကအဖြစ်အပျက်များကိုလည်းကောင်း၊ စဉ်းစားမိသည့်အကြောင်းကိုလည်းကောင်း အသေးစိတ်မှတ်မိရန် အခက်အခဲရှိပါက သတိရသည့်အခါ မှတ်စုစာအုပ်တွင် မှတ်သားထားပါ။ ထို့နောက် စာရေးရန်အချိန်ရသည့်အခါ ရေးသားလိုသောအကြောင်းများသည် အဆင်သင့်ရှိနေမည်။
၁၂၊ ၁၃။ ကျွန်ုပ်တို့၏စာများသည် သမ္မာတရားလမ်းစဉ်တွင် မည်သို့အားပေးမှုဖြစ်နိုင်သနည်း။
၁၂ စာရေးခြင်းနှင့်ပတ်သက်၍ စာဖတ်ရှုမည့်သူကို သမ္မာတရားလမ်းတွင် အားပေးခြင်းထက် တန်ဖိုးရှိသောအရာ ရှိပါဦးမည်လော။ ယခင် သင်နှင့်ကျမ်းစာလေ့လာသူသည် အခြားတစ်မြို့သို့ ပြောင်းရွှေ့သွားပေမည်။ သူ့ကိုသတိရစွာဖြင့် အားပေးစာရေးလိုက်မည်ဆိုလျှင် သမ္မာတရား၌ သူဆက်စိတ်ဝင်စားနေစေရန် အကူအညီပေးမည်မဟုတ်လော။ ထို့ပြင် ရပ်ဝေးသို့ရောက်နေသော သား သို့မဟုတ် သမီးတစ်ဦးသည် နှစ်ကာလတစ်လျှောက် ယေဟောဝါအပေါ် သစ္စာတည်ကြည်နေသော မိဘများကို စာအားဖြင့် ချီးမွမ်းမည်၊ ယေဟောဝါ၏လမ်းစဉ်ကို မြတ်နိုးရန် သားသမီးများကို သွန်သင်ပေးခဲ့သောကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြမည်ဆိုလျှင် မိဘများ မည်မျှအားတက်မည်ကို စဉ်းစားကြည့်ပါ။ ထို့ပြင် သက်သေခံအရေအတွက်နည်း၍ အထူးအကူအညီလိုအပ်သောနေရာဒေသများထံ ရွှေ့ပြောင်းသွားသူများကိုလည်း သတိရပါ။ သို့မဟုတ် သာသနာပြုလုပ်ငန်း၊ ဗေသလလုပ်ငန်းကို ထမ်းဆောင်နေသူများကိုလည်း သတိရပါ။ သူတို့သည် ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေသည့်အတွက် ချီးမွမ်းစာများရခြင်းသည် မည်မျှအားရှိစရာဖြစ်မည်တကား! (သူကြီး. ၁၁:၄၀) သူတို့၏အသင်းတော်ဟောင်းမှ အဖြစ်အပျက်များကို ထည့်ရေးပေးလျှင် သူတို့ဝမ်းသာကြပါလိမ့်မည်။
၁၃ မိမိအကြောင်းချည်းသာမရေးခြင်းအားဖြင့် သင့်စာများ၏ အရည်အသွေးကို တိုးတက်စေပါ။ သူ၏ကျန်းမာရေးအခြေအနေ၊ သူဘာလုပ်ဖို့စိတ်ကူးထားသည်၊ ယခင်ကရေးသားခဲ့သောအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆက်ဖြစ်ပျက်လာသည်၊ မိတ်ဆွေဟောင်းများ၏သတင်း၊ သူ၏ကျမ်းစာသင်အံမှုများ မည်မျှတိုးတက်လာသည် အစရှိသ၍ကို မေးမြန်းပါ။ တစ်ဖက်သားကို ဤသို့စိတ်ဝင်စားမှုပြခြင်းသည် ဆောက်တည်မှုပေးပြီး အပြန်အလှန်စာရေးဖို့ တိုက်တွန်းသည်။
၁၄၊ ၁၅။ သင့်စာကို အဓိပ္ပာယ်ရှိရှိ မည်သို့နိဂုံးချုပ်နိုင်သနည်း။
၁၄ သင့်စာကိုယ်အပြီးတွင် မည်သို့နိဂုံးချုပ်မည်နည်း။ အဓိပ္ပာယ်ရှိသောနိဂုံးများသည် အမှန်နှစ်လိုဖွယ်ဖြစ်သည်။ “နေရာမရှိတော့၍ ဤတွင်ရပ်နားရမည်” ဟုရေးခြင်းသည် စာရေးသူအပေါ် ကောင်းသောရောင်ပြန်ခြင်းမဟုတ်ချေ။ ထိုထက်အဓိပ္ပာယ်ရှိသောနိဂုံးကို စဉ်းစားရေးပါ။ တမန်တော်ပေါလုသည် သူ၏စာများကို စိတ်ဝင်စားဖွယ်နည်းအမျိုးမျိုးဖြင့် နိဂုံးချုပ်ခဲ့သည်။ ဥပမာ– “ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။” (ဂလ. ၆:၁၈; ၂ ကော. ၁၃:၁၄) တမန်တော်ယောဟန်က သူ၏စာတစ်စောင်ကို ဤသို့နိဂုံးချုပ်သည်– “သင်၌ငြိမ်သက်ခြင်း တည်ရှိစေသတည်း။ အဆွေဖြစ်သူတို့က သင့်ကိုနှုတ်ဆက်လိုက်ကြ၏။ အဆွေချင်းတို့ကို အမည်လိုက်နှုတ်ဆက်လော့။” (၃ ယော. ၁၄၊ သမ) သင့်စာကိုယ်နှင့်လည်းကောင်း၊ ထိုသူနှင့် သင်၏ဆက်ဆံမှုနှင့်လည်းကောင်း ဆီလျော်သောနိဂုံးကို အသုံးပြုပါ။
၁၅ နေ့စဉ်အဖြစ်အပျက်နှင့် သတင်းကို နားစွင့်နေလျှင် စာရေးစရာမရှားပါ။ ကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံနေသည်။ ဘာသာရေးစနစ်နှင့်အတူ စနစ်ဟောင်းကြီးသည် အလျင်အမြန်ပြိုကွဲနေသည်။ သို့တိုင် ယေဟောဝါကောင်းချီးသွန်းလောင်းတော်မူသောကြောင့် လုပ်ငန်းတော်သည် တိုးတက်နေသည်။ သင့်အရပ်တွင်ရှိ သီအိုကရက်တစ်တိုးတက်မှုအကြောင်းကို ညီအစ်ကိုများ ကြားလိုကြသည်။ သင်သည် မည်သူပင်ဖြစ်စေကာမူ သင်၏နွေးထွေးသောမေတ္တာနှင့် စိတ်ဝင်စားမှုကို စာမှတစ်ဆင့် ခံစားလိုသော အခြားသူများရှိပါသည်။ သူတစ်ပါးကိုစိတ်ဝင်စားကြောင်း ဤနည်းဖြင့်ပြသခြင်းသည် ကျွန်ုပ်တို့ဓမ္မအမှုအဝင်ဖြစ်သည်။ အကြောင်းမှာ ရေမြေခြားသောကြောင့် ကျွန်ုပ်တို့၏ညီရင်းအစ်ကိုချစ်ခြင်းမေတ္တာကို မပြဘဲမနေသင့်ပါ။ စာရေးခြင်းအားဖြင့် ချစ်ခြင်းမေတ္တာကို သာ၍ခိုင်မြဲစေနိုင်ပါသည်။