စာများဖြင့် ဆက်သွယ်ပြောဆိုခြင်း
စာများသည် သန်းနှင့်ချီသောလူတို့၏ အသက်တာနှင့်အပြုအမူတို့ကို တိုးတက်စေခဲ့ပြီ။ ခရစ်ယာန်ဂရိကျမ်းစောင်အများစုသည် မူလတွင် စာများဖြစ်ကြသည်။ ယနေ့ကျွန်ုပ်တို့သည် ယုံကြည်သူလူသစ်များကို တည်ဆောက်ပေးရန်၊ မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ်အမြဲလုပ်ရန်၊ အထူးတာဝန်များကို တာဝန်ယူဆောင်ရွက်နေကြသည့် ညီအစ်ကိုညီအစ်မများကို အားပေးရန်၊ အခက်အခဲများကိုရင်ဆိုင်နေကြသောသူတို့အား ခိုင်ခံ့စေရန်နှင့် အသင်းတော်လှုပ်ရှားမှုများကိုဂရုစိုက်ဖို့ လိုအပ်သည့်သတင်းအချက်အလက်ကို လက်ဆင့်ကမ်းရန် စာများရေးသားနိုင်သည်။—၁ သက်. ၁:၁-၇; ၅:၂၇; ၂ ပေ. ၃:၁၊ ၂။
စာရေးသားခြင်းသည် သက်သေခံရန် ထိရောက်သောနည်းတစ်နည်းလည်းဖြစ်သည်။ အချို့အရပ်ဒေသများတွင် လူတို့သည် ကျွန်ုပ်တို့လွတ်လပ်စွာသက်သေခံခွင့်မရနိုင်သည့် အထူးလုံခြုံသောစုပေါင်းအိမ်ရာများ သို့မဟုတ် ဟိုတယ်လူနေခန်းများ၌ နေထိုင်ကြပါသည်။ လူအချို့သည် အများအားဖြင့် အိမ်၌မရှိတတ်ချေ၊ ထို့ကြောင့် ကျွန်ုပ်တို့တစ်အိမ်တက်ဆင်း သက်သေခံသည့်အခါ သူတို့နှင့်လွဲသွားတတ်သည်။ အခြားသူများမူ သီးခြားဖြစ်နေသောရပ်ကွက်များတွင် နေထိုင်ကြသည်။
ဖျားနာမှု၊ ဆိုးရွားသောရာသီဥတု သို့မဟုတ် ညအပြင်မထွက်ရအမိန့်တို့ကြောင့် တစ်ခါတစ်ရံ သင်သည် အိမ်၌ခြေချုပ်မိနေတတ်သည်။ သင်သည် ဆွေမျိုးတစ်ယောက် သို့မဟုတ် အလွတ်သဘောသက်သေခံခဲ့သည့် တစ်စုံတစ်ယောက်ကို ထပ်၍သက်သေခံရန် စာရေးဆက်သွယ်နိုင်မည်လော။ သင့်ကျမ်းစာသင်သားများထဲမှတစ်ဦးသည် ပြောင်းရွှေ့သွားသလော။ သင့်ထံမှစာတစ်စောင်သည် သူ၏ဝိညာဉ်ရေးစိတ်ဝင်စားမှုကို ဆက်၍ရှင်သန်စေရန် သူလိုအပ်သည့်အရာ ဖြစ်နိုင်သည်။ သို့မဟုတ် သင်သည် မကြာသေးမီက လက်ထပ်ထားသူများ၊ မိဘဖြစ်လာသူများ သို့မဟုတ် သေခြင်းတရားကြောင့် ချစ်ရသူများဆုံးရှုံးခဲ့ရသူတို့အား သက်ဆိုင်သော ကျမ်းဆိုင်ရာသတင်းအချက်အလက်ကို ဝေမျှပေးနိုင်ပေမည်။
စာဖြင့်သက်သေခံခြင်း
သင်တစ်ခါမျှမတွေ့ဖူးသူတစ်ဦးအား သက်သေခံရန် စာရေးသောအခါ ဦးဆုံး မိမိကိုယ်ကို မိတ်ဆက်ပါ။ သင်သည် နိုင်ငံတကာစေတနာ့ဝန်ထမ်းလုပ်ငန်းတွင် ပါဝင်နေကြောင်းကို ရှင်းပြနိုင်ပေမည်။ သင့်လျော်မည်ထင်လျှင် မိမိသည် ယေဟောဝါသက်သေတစ်ယောက်ဖြစ်ကြောင်း ဖော်ပြပါ။ လူကိုယ်တိုင်မလာဘဲ အဘယ်ကြောင့် စာရေးသားကြောင်းကို ထိုလူအားသိစေပါ။ ထိုလူနှင့်မျက်နှာချင်းဆိုင် သင်စကားပြောဆိုနေသည့်အလား ရေးသားပါ။ သို့တိုင် “မိမိကိုယ်ကို မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိ” ရန်ညွှန်ကြားချက်နှင့်အညီ မိမိအကြောင်း မည်မျှထုတ်ဖော်ပြောပြသင့်ကြောင်း အလေးအနက်စဉ်းစားပါ။—မ. ၁၀:၁၆။
အကယ်၍ သင်သည် သူ့ထံသွားရောက်လည်ပတ်နိုင်ခဲ့မည်ဆိုလျှင် ထိုလူအားပြောပြမည့်အရာကို စာထဲတွင်ပါဝင်စေပါ။ ကျိုးကြောင်းဆင်ခြင်စာအုပ်မှ နိဒါန်းတစ်ခုကို အလိုက်သင့်ပြုပြင်ပြောင်းလဲ၍ပြောပြနိုင်မည် သို့မဟုတ် လတ်တလောထုတ်ဝေထားသော ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ကျမ်းဆိုင်ရာတင်ဆက်ပုံတစ်ခုကို အသုံးပြုနိုင်သည်။ သင်သည် မေးခွန်းတစ်ခု ဖော်ထုတ်မေးမြန်းနိုင်ပြီး ယင်းကိုစဉ်းစားတွေးတောရန် ထိုလူကိုအားပေးပါ။ ကြေညာသူအချို့သည် မိမိတို့၌ ကျမ်းစာမေးခွန်းများကိုဖြေဆိုရန်အတွက် အခမဲ့အစီအစဉ်တစ်ခုရှိကြောင်း ရိုးရိုးလေးရှင်းပြကြသည်၊ ထို့နောက် မိမိတို့၏ သင်အံမှုအထောက်အကူပြုစာပေတစ်ခုထဲမှ အခန်းခေါင်းစဉ်များကို ကိုးကားတင်ပြကြသည်။ စာဖြင့်ရေးသားသက်သေခံရန် စာမျက်နှာ ၇၃ တွင် နမူနာစာတစ်စောင်ကို ဖော်ပြထားသည်။ ယင်းက သင့်ကို စိတ်ကူးအချို့ပေးနိုင်သော်လည်း စာထဲတွင်ပါသည့်အရာကို အဖုံဖုံပြောင်းလဲပေးခြင်းသည်ကောင်း၏။ ထိုသို့မပြောင်းလဲပေးလျှင် လူတို့သည် အချိန်တန်သော် စာတစ်ပုံစံတည်းကို ထပ်ခါတလဲလဲရရှိနေပေမည်။
လူအချို့သည် သူစိမ်းတစ်ယောက်ထံမှ စာရှည်တစ်စောင်ကိုဖတ်ရှုရန် ဝန်လေးတတ်ကြသည်။ ထို့ကြောင့် သင့်စာကို တိုတိုတုတ်တုတ်ဖြစ်စေခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်မည်။ သင့်စာကို လက်ခံဖတ်ရှုသူ ပျင်းရိငြီးငွေ့သွားလောက်သည်အထိ စာရှည်ရှည်မရေးပါနှင့်။ စာထဲတွင် ပုံနှိပ်ထားသော နိုင်ငံတော်ခန်းမအစည်းအဝေးများသို့ ဖိတ်ခေါ်စာတစ်စောင်ကို ထည့်သွင်းထားပေးပါက သင့်လျော်ပေမည်။ ဝေစာတစ်စောင်၊ ဘရိုရှာတစ်အုပ် သို့မဟုတ် ကင်းမျှော်စင် သို့မဟုတ် နိုးလော့! တစ်စောင်စသည်ဖြင့် ထည့်ပေးလိုက်နိုင်ပြီး ပုံမှန်ယူလိုသည့်ဆန္ဒရှိပါက ယင်းတို့ကိုစီမံပေးနိုင်ကြောင်းကို ရှင်းပြပါ။ သို့မဟုတ် ဆွေးနွေးတင်ပြထားသည့်အကြောင်းအရာကို သူနှင့်ထပ်မံပြောဆိုရန် စာလက်ခံသူ၏အိမ်သို့ လာလည်ပတ်၍ရမည်လောဟု သင်မေးနိုင်သည်။
ပုံစံနှင့်စပ်လျဉ်း၍ အမှာစကား
ယခုပင် နမူနာစာကို တစ်ချက်ကြည့်လိုက်ပါ။ အောက်ပါတို့ကိုသတိပြုပါ– (၁) မရှုပ်ထွေးဘဲ သပ်ရပ်နေသည်။ (၂) စာအိတ် အထားမှားနေလျှင်ပင် စာလက်ခံသူတွင် စာထည့်သူ၏ အမည်နှင့်လိပ်စာ ရှိနေဆဲဖြစ်မည်။ (၃) စာ၏ ရည်ရွယ်ချက်ကို ပထမစာပိုဒ်တွင် ရိုးရိုးနှင့် တိုက်ရိုက်ဖော်ပြ ပေးထားသည်။ (၄) အဓိက စဉ်းစားစရာတစ်ခုစီကို စာပိုဒ်ခွဲ၍ ဖော်ပြပေးထားသည်။ (၅) ယင်း၏ရည်ရွယ်ချက်ကို ကြည့်ခြင်းဖြင့် စာသည် ဖြစ်ကတတ်ဆန်း ဖစ်လွန်းခြင်းလည်းမဟုတ် စည်းစနစ်ကျလွန်းခြင်းလည်း မဟုတ်ချေ။
အသင်းတော်အတွင်းရေးမှူးသည် ဌာနခွဲရုံးသို့ပို့မည့်စာကဲ့သို့ ပို၍စည်းစနစ်ကျသောစာတစ်စောင်မျိုးတွင် အတွင်းရေးမှူး၏အမည်၊ သူ၏စာပို့လိပ်စာနှင့် နေ့စွဲကို အသင်းတော်အမည်နှင့်အတူ ပါဝင်စေမည်။ စာကိုလက်ခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတို့၏ အမည်နှင့်လိပ်စာလည်းပါဝင်မည်။ ယင်းနောက် သင့်လျော်သောနှုတ်ခွန်းဆက်စကားပါသည်။ စာကိုအဆုံးသပ်ရန် ဘာသာစကားအချို့တွင် “လေးစားလျက်” ကဲ့သို့သောဖော်ပြချက်သည် လက်မှတ်၏အထက်တွင် ပါရှိသည်။ လက်မှတ်ကို လက်ရေးနှင့်ရေးထိုးသင့်သည်။
မည်သည့်စာမျိုးတွင်မဆို မှန်ကန်သောသတ်ပုံ၊ သဒ္ဒါ၊ အဖြတ်အတောက်နှင့် သပ်ရပ်ခြင်းကိုလည်း အလေးဂရုပြုပါ။ ထိုသို့ပြုလုပ်ခြင်းက သင်၏စာနှင့် ယင်းတွင်ပါဝင်သည့်သတင်းကို သိက္ခာရှိစေမည်။
စာအိတ်အပြင်ဘက်တွင် စာပြန်နိုင်သည့်လိပ်စာကိုအမြဲထည့်ပေးပါ—သင့်ကိုယ်ပိုင်စာပို့လိပ်စာထည့်ပေးက ပိုကောင်းသည်။ အကယ်၍ သူစိမ်းတို့ကို စာဖြင့် သက်သေခံသည့်အခါ သင့်ကိုယ်ပိုင်လိပ်စာပေးခြင်းက ပညာမဲ့ရာရောက်သည်ဟု သင်ယူဆလျှင် ဒေသခံနိုင်ငံတော်ခန်းမ၏လိပ်စာကို အသုံးပြုခွင့်ရမရ အကြီးအကဲများကို မေးမြန်းပါ။ ကင်းမျှော်စင်အသင်း၏လိပ်စာကို ဤရည်ရွယ်ချက်ဖြင့် ဘယ်တော့မျှအသုံးမပြုသင့်ပေ၊ အကြောင်းမှာ သင့်စာကို အသင်းမ၏ရုံးများမှပေးပို့သည့်အလား မတော်လျော်သည့်သဘောသက်ရောက်သည့်အပြင် ရှုပ်ထွေးစေနိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ စာပြန်နိုင်သည့်လိပ်စာလည်းမပါ၊ စာပေသာပါလာခဲ့လျှင် စာပို့သူမှာ အသင်းမဖြစ်သည်ဟု အထင်မှားစေနိုင်သည်။
အထူးသဖြင့် စာပေထည့်ပေးသောအခါ တံဆိပ်ခေါင်းအလုံအလောက် ကပ်မကပ်သေချာစေပါ။ အကယ်၍ စာပို့ခလိုနေလျှင် လက်ခံရရှိသူက ကျသင့်ငွေရှင်းလိုက်ရပြီး ယင်းကြောင့် သင့်သတင်းတရား တန်ဖိုးလျော့သွားမည်။ နိုင်ငံအများစုတွင် ဘရိုရှာတစ်စောင် သို့မဟုတ် မဂ္ဂဇင်းတစ်စောင်ထည့်ပေးသည့်အခါ စာပို့ခနှုန်းထားသည် စာတစ်စောင်ပို့ခထက်ပို၍ ကုန်ကျသည်ကို သတိရပါ။
မှန်ကန်သောလေသံ
သင့်စာကိုရေးပြီးသွားပါက ပါဝင်သည့်အကြောင်းအရာကိုအကဲဖြတ်ရန် ဖတ်ကြည့်ပါ။ မည်သို့ရှိသနည်း။ ရင်းနှီးဖော်ရွေပြီး လိမ္မာပါးနပ်မှုရှိသလော။ အခြားသူများနှင့်ဆက်ဆံရာတွင် ကျွန်ုပ်တို့ကြိုးစားတင်ပြကြသည့် အရည်အချင်းများထဲတွင် ချစ်ခြင်းမေတ္တာနှင့်ကြင်နာမှုတို့ပါဝင်သည်။ (ဂလ. ၅:၂၂၊ ၂၃) အပြုသဘောမပါသည့်လေသံ သို့မဟုတ် အဆိုးမြင်ဝါဒအရိပ်အယောင်ပါကြောင်း သင်တွေ့ရှိပါက စကားအသုံးအနှုန်းကို ပြင်လိုက်ပါ။
သင်မသွားနိုင်သည့်နေရာများသို့ စာက အရောက်သွားနိုင်သည်။ ဤအချက်တစ်ချက်တည်းကပင် ဓမ္မအမှုအတွက် အလွန်အရေးပါသောကိရိယာ ဖြစ်စေသည်။ သင့်စာသည် သင်နှင့်သင်တန်ဖိုးထားသည့်အရာများကို ကိုယ်စားပြုသောကြောင့် ပြောဆိုသည့်အရာ၊ ပြောဆိုပုံ၊ ပြောဆိုနည်းတို့ကို ချင့်ချိန်သုံးသပ်ပါ။ ယင်းသည် အလွန်အဖိုးထိုက်တန်သောစိုးလ်ကို အသက်လမ်းပေါ်တွင် စတင်လျှောက်လှမ်းစေရန်၊ ခိုင်ခံ့စေရန် သို့မဟုတ် အားပေးရန် အဘယ်အရာလိုအပ်ကြောင်းကို ဖော်ပြပေးပေမည်။