ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၂၃ စာ. ၁၁၃-၁၁၈
  • အသံပမာဏနှင့် ရပ်တန့် ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသံပမာဏနှင့် ရပ်တန့် ခြင်း
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • သင့်လျော်သော ရပ်တန့်မှု
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သင့်တော်သော အသံပမာဏ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အသံပြောင်းလဲခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၂၃ စာ. ၁၁၃-၁၁၈

သင်ခန်းစာ ၂၃

အသံပမာဏနှင့် ရပ်တန့် ခြင်း

၁၊ ၂။ အဘယ်ကြောင့် အတော်အသင့်ကျယ်လောင်စွာ စကားပြောဆိုသင့်သနည်း။

၁ အခြားသူများ ကြားနိုင်လောက်အောင် အသံမကျယ်ပါက သင်ပြောသောစကားသည် တန်ဖိုးရှိမည်မဟုတ်ပါ။ တစ်ဖက်တွင် အသံကျယ်လွန်းပါက ပရိသတ်ကိုအနှောင့်အယှက်ဖြစ်ကာ သင်ပြင်ဆင်ထားသည့် အချက်ကောင်းများမှ အာရုံပြောင်းသွားနိုင်သည်။ အသံပမာဏ အလုံအလောက်ကျယ်ဖို့လိုကြောင်း နိုင်ငံတော်ခန်းမများစွာတွင် တွေ့ရှိရ၏။ အစည်းအဝေးများ၌ ဖြေဆိုကြသည့်အခါ ရှေ့ထိုင်ခုံများတွင်ထိုင်သူတို့၏အဖြေကို နောက်ပိုင်းက မကြားရသည်ကားများ၏။ တစ်ခါတစ်ရံ စင်မြင့်ပေါ်မှဟောပြောသူသည် အသံပမာဏမကျယ်သဖြင့် ပရိသတ်ကို လှုံ့ဆော်မှုမဖြစ်ပါ။ လယ်ကွင်းလုပ်ငန်း၌လည်း နားလေးသောသူ၊ ကျွန်ုပ်တို့ရောက်သွားသော အိမ်တွင်းမှဖြစ်စေ၊ အိမ်ပြင်မှဖြစ်စေ အသံဗလံများ၏ အနှောင့်အယှက်ကို ကြုံကြိုက်ရသည့်အခါများ ရှိတတ်သည်။ ယင်းတို့က သင့်လျော်သောအသံပမာဏကို ဂရုစိုက်သင့်ကြောင်း ဖော်ပြသည်။

၂ သက်သောင့်သက်သာ အတော်အသင့်ကျယ်လောင်ခြင်း။ သုံးရမည့်အသံပမာဏကို စစ်ဆေးရာ၌ မေးရမည့်မေးခွန်းမှာ လိုအပ်သည့်အသံအင်အားကို အသုံးပြုခဲ့သလောဖြစ်သည်။ ဆိုလိုသည်မှာ ရှေ့ပိုင်းမှသူများကို နားမအူစေဘဲ နောက်ဆုံးတန်းမှသူများအား ကောင်းစွာကြားနာစေသလောဖြစ်သည်။ ယင်းသည် ကျောင်းသားစလုပ်သူအတွက် အတော်လေ့ကျင့်စရာဖြစ်ပေမည်။ သို့သော် ပိုအရင်ကျသောသူများသည်လည်း ဤအရည်အချင်း၏ အောက်ပါအခြေအနေများ၌ ကျွမ်းကျင်ရန် ကြိုးစားသင့်သည်။ ဤအရည်အချင်းနှင့်စပ်လျဉ်း၍ ကျောင်းသားတစ်ဦးစီကို အဘယ်အတိုင်းအတာအထိ သွန်သင်ချက်ပေးရမည်အကြောင်း ကျောင်းကြီးကြပ်မှူးက ဆုံးဖြတ်သင့်သည်။

၃–၁၀။ အသံပမာဏ မည်မျှသုံးရမည်ကို အဘယ်အခြေအနေများက ပိုင်းခြားပေးသနည်း။

၃  အခြေအနေနှင့်ကိုက်ညီသည့် အသံပမာဏ။ မိမိဟောပြောရသည့် အခြေအနေအမျိုးမျိုးကို သတိမူရမည်။ ထိုသို့ပြုလျှင် သူ၏ပိုင်းခြားနားလည်နိုင်စွမ်းကို ကျယ်ပြန့်စေပြီး သူ့အား ပြောင်းသာလဲသာဖြစ်စေကာ မိမိ၏ပရိသတ်ကို ပိုသက်သောင့်သက်သာစွာ အလှမ်းမီထိန်းထားနိုင်စေသည်။

၄ ခန်းမတစ်ခုနှင့်တစ်ခု အခြေအနေမတူ၍ ပရိသတ်အရွယ်အစားလည်း ကွာခြားသည်။ အခြေအနေကိုထိန်းထားနိုင်ရန် အသံပမာဏကိုလည်း ထိန်းပေးရမည်။ စိတ်ဝင်စားသူ၏ဧည့်ခန်း၌ စကားပြောဆိုသည်ထက် နိုင်ငံတော်ခန်းမတွင် ပြောဟောချိန်တွင် အသံပမာဏပိုကျယ်လောင်ဖို့လိုသည်။ ထို့ပြင် လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးကြသည့် အုပ်စုငယ်ရှေ့ စကားပြောသည့်အခါတွင် အသုံးပြုသောအသံပမာဏသည် လုပ်ငန်းတော်အစည်းအဝေး၌ ခန်းမအပြည့်ရှေ့တွင် ဟောပြောချိန်လောက် ကျယ်စရာမလိုပါ။

၅ သို့သော် ဤအခြေအနေများပင်လျှင် တစ်ပုံစံတည်းမဟုတ်ပါ။ ခန်းမအတွင်း သို့မဟုတ် အပြင်ဘက်တွင် ရုတ်တရက် အသံဗလံများပေါ်လာတတ်သည်။ ကားတစ်စီးဖြတ်သွားသည့်အသံ၊ အနီးအနားတွင် ရထားခုတ်သံ၊ တိရစ္ဆာန်များ၏ အသံကျယ်များ၊ ကလေးငိုသံ၊ နောက်ကျရောက်လာသူ၏ခြေသံ အစရှိသည်တို့ကြောင့် အသံသြဇာကို ပြုပြင်ပေးရန် လိုအပ်ပေမည်။ ယင်းတို့ကို အမှုမထားဘဲ အသံပမာဏကို မပြုပြင်ပေးပါက အရေးကြီးသောအချက်တစ်ခုကို ပရိသတ်မကြားလိုက်ဘဲ ဖြစ်သွားနိုင်သည်။

၆ အချို့အသင်းတော်များတွင် အသံချဲ့စက်ရှိသည်။ သို့သော် ယင်းကိုဂရုစိုက်အသုံးမပြုဘဲ အသံပမာဏ အလွန်ကျယ်လောင်ရာမှ တိုးတိုးကလေးအဖြစ် အလွန်အကျွံတက်ချည်ကျချည်ဖြစ်လျှင် ဤအခြေအနေများကို ထည့်မစဉ်းစားသည့် ကျောင်းသားအား သွန်သင်ချက်ပေးရန် လိုအပ်လာပေမည်။ (မိုက်ခွက်ကို အသုံးပြုခြင်းနှင့်ဆိုင်သည့် သင်ခန်းစာ ၁၃ ရှု။)

၇ တစ်ခါတစ်ရံ ဟောပြောသူသည် မိမိအသံ၏အရည်အချင်းကြောင့် အသံပမာဏတွင်ကျွမ်းကျင်ရန် ခက်ခဲပေမည်။ အကယ်၍ ဤအချက်သည် သင့်ပြဿနာဖြစ်ပြီး အသံမကျယ်နိုင်လျှင် ကျောင်းကြီးကြပ်မှူး သွန်သင်ချက်ပေးသည့်အခါ ယင်းကို ထည့်သွင်းစဉ်းစားပါမည်။ သင့်အသံပမာဏ တိုးတက်သန်စွမ်းလာရန် လေ့ကျင့်ခန်းအချို့ကိုပြုရန် သူအကြံပေးပေလိမ့်မည်။ သို့ရာတွင် အသံအရည်အသွေးကို သီးခြားသွန်သင်ချက်ပေးရန်ဖြစ်သည်။ ထို့ကြောင့် သင့်အသံပမာဏကို ဆွေးနွေးရာတွင် ယင်းကိုအလေးပေးပြောမည်မဟုတ်ချေ။

၈ မည်သည့်ဟောပြောချက်တစ်ခုတည်း၌မျှ ဖြစ်ပေါ်နေသောအခြေအနေတိုင်းကို စီရင်ဆုံးဖြတ်၍မရနိုင်ပါ။ ဖြစ်ပျက်နိုင်စရာ အခြေအနေအားလုံးကိုမဟုတ်ဘဲ လောလောဆယ်ဟောပြောချက်အပေါ် သွန်သင်ချက်ပေးသင့်သည်။ သို့ရာတွင် လောလောဆယ်ဟောပြောချက်ကို ချီးမွမ်းပြီး စကားပြောသွန်သင်ချက်စာရွက်ပေါ် “က” ဟုရေးမှတ်သည့်တိုင် လိုမည်ထင်လျှင် အခြေအနေအမျိုးမျိုးအောက် ကြုံတွေ့နိုင်မည့် ပြဿနာများအကြောင်း ကျောင်းကြီးကြပ်မှူးသည် ကျောင်းသားအား သတိပေးပေမည်။

၉ မိမိ၏အသံပမာဏ တော်သင့်မသင့်ကြောင်းကို ကျောင်းသား မည်သို့သိရှိနိုင်မည်နည်း။ ပရိသတ်၏တုံ့ပြန်မှုဖြင့် အကောင်းဆုံး တိုင်းထွာကြည့်နိုင်သည်။ အတွေ့အကြုံရှိ ဟောပြောသူသည် နိဒါန်းပျိုးစဉ် ခန်းမနောက်ပိုင်းရှိသူများကို အသေအချာအကဲခတ်ပြီး သူတို့၏မျက်နှာထားနှင့် ယေဘုယျသဘောထားကိုထောက်ပြီး အသံပမာဏ လုံလောက်မလုံလောက် သိရှိရသည့်အတိုင်း မိမိ၏အသံပမာဏကို လိုအပ်သလို ပြုပြင်ပေးပါမည်။ ခန်းမ၏ “သဘောသဘာဝ” ကိုသူသိပြီဆိုလျှင် အခက်အခဲ ရှိတော့မည်မဟုတ်ပါ။

၁၀ အခြားတစ်နည်းကား အစီအစဉ်တစ်ခုတည်းတွင်ပါသော အခြားဟောပြောသူများကို အကဲခတ်ခြင်းဖြစ်သည်။ သူတို့ပြောဟောသံကို ကောင်းကောင်းကြားနိုင်သလော။ သူတို့သည် အသံပမာဏ မည်မျှအသုံးပြုကြသနည်း။ သင့်အသံပမာဏကို လိုအပ်သလို ပြုပြင်ပါ။

၁၁၊ ၁၂။ အကြောင်းအရာနှင့်ဆီလျော်သည့် အသံပမာဏရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၁ အကြောင်းအရာနှင့်ဆီလျော်သည့် အသံပမာဏ။ ယခု အသံပမာဏအကြောင်း ဆွေးနွေးရာ၌ အသံ၏ပြောင်းလဲခြင်းနှင့် မရောထွေးစေပါနှင့်။ လောလောဆယ် ကျွန်ုပ်တို့စိတ်ဝင်စားရာမှာ ဆွေးနွေးတင်ပြသည့်အကြောင်းအတွက် အသံပမာဏကိုက်ညီခြင်းကိစ္စဖြစ်သည်။ ဥပမာ၊ ကျမ်းစာမှ ရှုတ်ချပြစ်တင်ချက်များကို ဖတ်ရှုနေမည်ဆိုလျှင် ညီအစ်ကိုအချင်းချင်းအား မေတ္တာပြရန် ဩဝါဒစကားကိုဖတ်ချိန်တွင် အသုံးပြုသောအသံပမာဏမျိုးကို အသုံးပြုမည်မဟုတ်ပါ။ ဟေရှာယ ၃၆:၁၁ ကိုအခန်းငယ် ၁၂ နှင့် ၁၃ တို့နှင့်နှိုင်းယှဉ်ပြီး ထိုစကားများကို ပြောဆိုခဲ့မည့်နည်းချင်း တူမည်မဟုတ်ကြောင်းကို သတိပြုပါ။ အသံပမာဏသည် အကြောင်းနှင့်အညီဖြစ်ရမည်။ သို့သော် မလွန်ကဲသင့်ပါ။

၁၂ မိမိတင်ပြရမည့်အကြောင်းနှင့် ရည်ရွယ်ချက်ကိုစစ်ဆေးကာ အသံပမာဏ မည်မျှအသုံးပြုသင့်ကြောင်းကို ဆုံးဖြတ်ပါ။ ပရိသတ်၏အတွေးအခေါ်ကို ပြောင်းလဲလိုလျှင် အသံကျယ်လောင်လွန်းခြင်းအားဖြင့် သူတို့ကို မတွန်းထုတ်ပါနှင့်။ သို့ရာတွင် သူတို့ကို တက်ကြွလှုပ်ရှားစေလိုလျှင် အသံပမာဏ ပိုကျယ်လောင်စေနိုင်သည်။ ဟောပြောသည့်အကြောင်းအရာက ခွန်အားရှိရန်တောင်းဆိုလျှင် အသံတိုးလွန်းခြင်းအားဖြင့် ဟောပြောချက်ကို မပျော့ညံ့စေပါနှင့်။

**********

၁၃–၁၆။ ရပ်တန့်ခြင်း၏တန်ဖိုးကို တင်ပြပါ။

၁၃  ဟောပြောချက်ပေးရာတွင် အသံပမာဏ အတော်အသင့် လိုအပ်သကဲ့သို့ သင့်တော်သည့် ရပ်တန့်မှုလည်း လိုအပ်သည်။ ဤအချက်အလက်တို့ကင်းပါက တင်ပြချက်၏အဓိပ္ပာယ် မှေးမှိန်သွားပြီး ပရိသတ်အား တာရှည်မှတ်မိစေလိုသည့်အချက်တို့ကို မမှတ်မိစေဘဲ ဖြစ်ချေမည်။ ရပ်တန့်မှုများသည် သင့်အား ယုံကြည်စိတ်ချမှုနှင့် တည်ငြိမ်မှုရှိစေသည်၊ ထွက်သက်ဝင်သက်ရှူခြင်းကို သာ၍ကောင်းစွာ ထိန်းချုပ်စေသည်၊ ဟောပြောချက်၏ ခဲယဉ်းသောအပိုင်းများတွင် အေးဆေးတည်ငြိမ်မှုရှိစေသည်။ ရပ်တန့်မှုများသည် အသင် အခြေအနေကို ထိန်းထားနိုင်ကြောင်း၊ အလွန်စိုးရိမ်မနေကြောင်း၊ ပရိသတ်ကို ထည့်တွက်စဉ်းစားပြီး သူတို့အားကြားနာစေလိုသည့်အကြောင်းကို တင်ပြလို၍ ယင်းကို မှတ်ထားစေလိုကြောင်း ပရိသတ်အား သိရှိစေသည်။

၁၄ ဟောပြောခါစကျောင်းသားတစ်ဦးသည် ထိရောက်စွာ ရပ်တန့်ခြင်းအရည်အသွေးကို ရယူရာတွင် အချိန်မဆွဲသင့်ချေ။ ဦးဆုံး၊ မိမိပြောဆိုမည့်အကြောင်းသည် အရေးကြီးသည်၊ ယင်းကို သတိရမှတ်မိစေလိုသည့်စိတ်ရှိရမည်။ ကလေးကို ဆုံးမရာတွင် မိခင်သည် ကလေး၏အာရုံစိုက်မှုရရန် သူ၏မှတ်ချက်ကိုနိဒါန်းပျိုးစကား ပြောဆိုတတ်သည်။ ကလေးက အာရုံအပြည့်အဝမစိုက်မချင်း သူနောက်စကားတစ်ခွန်းပြောမည်မဟုတ်ချေ။ ထို့နောက် မိမိစိတ်ထဲရှိရာကို မိခင်ပြောဆိုမည်။ ကလေးသည် မိမိ၏စကားကို ဥပေက္ခာမပြုဘဲ မှတ်မိနေရန် သူမအသေအချာပြောဆိုပြုလုပ်မည်။

၁၅ အချို့သူတို့သည် နေ့စဉ်စကားပြောဆိုရာ၌ပင် ရပ်တန့်မှု လုံးဝမရှိပါ။ သင်သည် ထိုသို့ဖြစ်လျှင် သင့်လယ်ကွင်းဓမ္မအမှုကို ပိုမိုထိရောက်စေရန် ဤအရည်အချင်းကို ပြုစုပျိုးထောင်လိုပေမည်။ အမှုဆောင်ချိန်တွင် ကျွန်ုပ်တို့အပြန်အလှန်စကားပြောဆိုတတ်ကြသည်။ အိမ်ရှင်သည် ကြားဖြတ်စကားမပြောဘဲ နားထောင်ကာစောင့်ဆိုင်းဖို့ရန် ရပ်တန့်မှုနည်းမှန်ကို အသုံးပြုတတ်ရမည်။ စင်မြင့်ပေါ်တွင် ရပ်တန့်မှုအရည်အချင်းကို ကျွမ်းကျင်စွာ အသုံးပြုခြင်းသည် မရှိမဖြစ်၊ အကျိုးလည်းပြုတတ်သကဲ့သို့ အပြန်အလှန်စကားပြောဆိုရာ၌ ထပ်တူပင်ဖြစ်သည်။

၁၆ ဟောပြောချက်ပေးစဉ် လျော်ကန်သောရပ်တန့်မှုမရှိခြင်းနှင့်ပတ်သက်၍ ကြီးမားသောပြဿနာမှာ အကြောင်းများလွန်းခြင်းဖြစ်သည်။ ယင်းကို ရှောင်ပါ။ ရပ်တန့်မှုများအတွက် အချိန်ပေးပါ; ယင်းတို့ အလွန်လိုအပ်သည်။

၁၇–၂၁။ အဖြတ်အတောက်အတွက် ရပ်တန့်ခြင်း အရေးကြီးပုံကို ရှင်းပြပါ။

၁၇ အဖြတ်အတောက်အတွက် ရပ်တန့်ခြင်း။ အဖြတ်အတောက်အတွက် ရပ်တန့်ခြင်းဟူသည် သဘောကို ရှင်းလင်းစေဖို့; ဆက်စပ်သောအကြောင်းများကို ထင်ပေါ်စေဖို့; စကားစုများ၊ အပိုဒ်များကိုဖော်ပြဖို့၊ ဝါကျများနှင့် စာပိုဒ်များ၏အဆုံးကို တင်ပြဖို့အတွက် ဖြစ်သည်။ ဤသို့သောပြောင်းလဲမှုများကို အသံအနိမ့်အမြင့်ပြောင်းခြင်းဖြင့် တင်ပြလေ့ရှိသည်။ သို့သော် ပြောဆိုသည့်စကားကို နှုတ်ဖြင့် အဖြတ်အတောက်များ ပြုပေးခြင်းအတွက်လည်း ရပ်တန့်ခြင်းသည် ထိရောက်သည်။ ဝါကျခွဲရာတွင် ပုဒ်ထီး၊ ဆီမီးကော်လံများသည် သီးခြားအမှတ်သညာရှိသကဲ့သို့ ရပ်တန့်ခြင်းသည် အသုံးပြုပုံအရ ကွာခြားသင့်သည်။

၁၈ မမှန်သော ရပ်တန့်မှုသည် ဝါကျတစ်ခုလုံး၏ ဆိုလိုချက်ကို လုံးဝပြောင်းလဲသွားစေနိုင်၏။ ဥပမာတစ်ရပ်ကား လုကာ ၂၃:၄၃ (လိပ်) ပါ ယေရှု၏စကားဖြစ်သည်။ ပုဒ်ထီး သို့မဟုတ် ရပ်တန့်ခြင်းကို “သင်” နှင့် “ယနေ့” ကြားထားလျှင် အဓိပ္ပာယ်ကွဲပြားသွားစေကြောင်း ဤကျမ်းချက်ကို လွဲလွဲမှားမှား ပြန်ဆိုခြင်းက သက်သေထူသည်။ ထို့ကြောင့် ဆိုလိုချက်ကို ပေါ်လွင်စေရန် မှန်ကန်စွာရပ်တန့်ခြင်းသည် အရေးကြီး၏။

၁၉ လက်တန်းဟောပြောချိန်တွင် ရေးသားထားသော အဖြတ်အတောက်များကို ဂရုစိုက်ခြင်းဖြင့် နှုတ်ဖြင့်အဖြတ်အတောက်ပြုတတ်ရန် သင်ယူပါ။ ဖတ်ရှုရာတွင် တစ်ခါတစ်ရံ လျစ်လျူရှုနိုင်သည့် တစ်ခုတည်းသော ရေးသားဖော်ပြထားသည့် အဖြတ်အတောက်မှာ ပုဒ်ထီးဖြစ်သည်။ ပုဒ်ထီး၌ ရပ်တန့်မည်၊ သို့မဟုတ် မရပ်တန့်ခြင်းသည် မိမိစိတ်ကြိုက်သာဖြစ်သည်။ သို့သော် ဆီမီးကော်လံ၊ ပုဒ်မ၊ ကိုးကားချက် အဖွင့်အပိတ်၊ အပိုဒ်များ ခွဲခြားထားသည့်သင်္ကေတများ အားလုံးတို့ကို ဂရုစိုက်ရမည်။

၂၀ စာမူဖတ်သည့်အခါဖြစ်စေ၊ ကျမ်းစာမှအပိုင်းတစ်ပိုင်းကို ဖတ်သည့်အခါဖြစ်စေ အမှတ်အသား မှတ်သားထားခြင်းသည် အကူအညီဖြစ်ပေမည်။ စကားစုများစပ်ကြား ခေတ္တရပ်တန့်ရန် မျဉ်းဖြောင့်ငယ်တစ်ချောင်း၊ ကြာရှည်ရပ်တန့်ရန် မျဉ်းဖြောင့်နှစ်ချောင်း သို့မဟုတ် ကြက်ခြေခတ် “X” ရေးမှတ်ပါ။

၂၁ တစ်ဖက်တွင် စာဖတ်လေ့ကျင့်ရာ၌ ဝါကျအချို့သည် သင့်အတွက် ခက်ခဲ၍ မရပ်သင့်သောနေရာများတွင် ရပ်တန့်မိလျှင် စကားစုတစ်ခုအဝင် စကားလုံးများကို ခဲတံဖြင့် ကွင်းထားလိုမည်။ ထိုနောက် သင်စာဖတ်ချိန်တွင် ကွင်းဆက်ထားသည့်စကားလုံးများ၏ နောက်ဆုံးစကားလုံးမတိုင်မချင်း မရပ်တန့်ပါနှင့်။ အတွေ့အကြုံရင့်ကျက်သော ဟောပြောသူ များစွာတို့ပင် ဤသို့မှတ်သားတတ်ကြသည်။

၂၂–၂၄။ အကြောင်းအရာပြောင်းလဲရန် ရပ်တန့်ဖို့ အဘယ်ကြောင့်လိုသနည်း။

၂၂ အကြောင်းအရာပြောင်းလဲရန် ရပ်တန့်ခြင်း။ အဓိကအချက်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းချိန်တွင် ရပ်တန့်ပေးခြင်းအားဖြင့် ပရိသတ်သည် ပြန်စဉ်းစားနိုင်ခွင့်ရသည်။ ထို့ပြင် သဘောပေါက် လွဲမှားမှုကိုလည်း မဖြစ်စေပါ။ အာရုံကိုပြုပြင်ခွင့်ပေးကာ ဦးတည်မှုပြောင်းလဲကြောင်း သိမှတ်ပြီး တင်ဆက်နေသည့်အကြောင်းအသစ်ကို အာရုံစူးစိုက်စေသည်။ ကားသမားတစ်ဦးသည် ကားကိုကွေ့ရန် အရှိန်သတ်ပြီးမှ ကွေ့ရသကဲ့သို့ တင်ပြချက် တစ်ခုမှတစ်ခုသို့ ပြောင်းလဲသည့်အခါ ရပ်တန့်ပေးရမည်။

၂၃  လက်တန်းဟောပြောသည့်အခါ အဓိကအချက်တစ်ခုနှင့်တစ်ခုစပ်ကြား ရပ်တန့်ပေးနိုင်ရန် အောက်လိုင်းပါအကြောင်းအရာကို စနစ်တကျစီစဉ်ထားသင့်သည်။ ယင်းက ဟောပြောချက်၏ အဆက်အစပ် သို့မဟုတ် ရှေ့နောက်ညီညွတ်မှုကို မထိခိုက်စေဘဲ အချက်အလက်များကို ကောင်းစွာဖွဲ့စည်းထားရာ အချက်တစ်ချက်ကို အထွတ်အထိပ်သို့ရောက်စေပြီးနောက် ရပ်တန့်ကာ အခြားအချက်သစ်သို့ ဆက်သွားနိုင်သည်။ ဤသို့ အထွတ်အထိပ်များ၊ ပြောင်းလဲချက်များကိုမှတ်မိရန် လိုအပ်လျှင် သင့်အောက်လိုင်းတွင် ရေးမှတ်ထားနိုင်သည်။

၂၄ အကြောင်းအရာပြောင်းလဲရန် ရပ်တန့်ခြင်းသည် အဖြတ်အတောက်အတွက် ရပ်တန့်ခြင်းထက် ပိုကြာလေ့ရှိသည်; သို့သော် ကြာရှည်ရပ်တန့်မှုများကို လွန်စွာမပြုသင့်ပါ။ သို့ပြုပါက ဟောပြောချက်သည် ငြီးငွေ့စရာဖြစ်မည်။ ထို့ပြင် သဘာဝမကျဘဲ ပိုလွန်းမည်ဖြစ်မည်။

၂၅–၂၈။ ရပ်တန့်ခြင်းသည် အချက်တစ်ချက်ကို လေးနက်စေသည့်အပြင် အနှောင့်အယှက်ပေးသော အခြေအနေများတွင် မည်သို့အကျိုးပြုကြောင်း ဖော်ပြပါ။

၂၅ လေးနက်စေရန် ရပ်တန့်ခြင်း။ လေးနက်စေရန် ရပ်တန့်ခြင်းသည် များသောအားဖြင့် သိသာထင်ရှားသော ရပ်တန့်မှုမျိုးဖြစ်သည်။ ယင်းသည် မျှော်လင့်စေ၏၊ သို့မဟုတ် ပရိသတ်အား ပြန်စဉ်းစားဆင်ခြင်စေ၏။

၂၆ အရေးကြီးသည့်အချက်တစ်ချက်ကို မတင်ပြမီ ရပ်တန့်ခြင်းက စောင့်မျှော်စေသည်။ တင်ပြပြီးနောက် ရပ်တန့်ခြင်းက ထိုအချက်အလက်၏ အဓိပ္ပာယ်အပြည့်အဝကို စိတ်နှလုံးထဲ စိမ့်ဝင်စေသည်။ ဤသို့သောရပ်တန့်ခြင်း နှစ်ရပ်သည် မတူသဖြင့် အခြေအနေတစ်ခုတွင် အဘယ်အမျိုးအစားသည် အသင့်တော်ဆုံးဖြစ်သည်၊ သို့မဟုတ် နှစ်ရပ်စလုံးကို အသုံးပြုသင့်မသင့် ဆုံးဖြတ်ရမည်။

၂၇ အလွန်ထူးခြားသော အချက်အလက်များကို တင်ပြရာ၌သာ လေးနက်စေရန် ရပ်တန့်ခြင်းကို အသုံးပြုရန် ကန့်သတ်ထားသင့်သည်။ သို့မဟုတ်လျှင် ယင်းတို့၏တန်ဖိုးပျောက်သွားမည်။

၂၈ အခြေအနေတောင်းဆိုသောအခါ ရပ်တန့်ခြင်း။ အနှောင့်အယှက်များ ပေါ်လာတတ်၍ ဟောပြောသူသည် ခေတ္တရပ်တန့်ရန် လိုပေမည်။ အနှောင့်အယှက်သည် အသေးအမွှားသာဖြစ်၍ သင့်အသံပမာဏကို တိုးမြှင့်ပေးပြီး ဆက်လက်ဟောနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လေ့ရှိသည်။ သို့သော် ဟောပြောချက်ကို လုံးဝနှောင့်ယှက်မှုဖြစ်ပါက ရပ်တန့်ရန်လိုမည်။ ဤသို့ထောက်ထားမှုတင်ပြခြင်းကို ပရိသတ်လေးစားလိမ့်မည်။ ထို့ပြင် ယင်းခေတ္တအနှောင့်အယှက်ကြောင့် အာရုံလွင့်နေကြပြီဖြစ်ရာ များသောအားဖြင့် နားမထောင်ဘဲနေတတ်ကြသည်။ ယင်းကြောင့် ပရိသတ်အား သင်သိစေလိုသည့် ကောင်းမွန်သောအကြောင်းများမှ အကျိုးအပြည့်အဝရရှိစေရန် ရပ်တန့်ခြင်းကို ထိရောက်စွာ အသုံးပြုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ