ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၉ စာ. ၁၁၁-စာ. ၁၁၄ ပိုဒ်. ၃
  • အသံပြောင်းလဲခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသံပြောင်းလဲခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းနှင့် အသံ၏ပြောင်းလဲခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အသံပြောင်းလဲခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • သင့်တော်သော အသံပမာဏ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အသံပမာဏနှင့် ရပ်တန့် ခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၉ စာ. ၁၁၁-စာ. ၁၁၄ ပိုဒ်. ၃

သင်ခန်းစာ ၉

အသံပြောင်းလဲခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

လေသံကို ပြောင်းလဲပြောဆိုပေးပါ။ ဤသင်ခန်းစာတွင် အသံပမာဏ၊ အသံအနှေးအမြန်နှင့် အသံအနိမ့်အမြင့်တို့၏ ပြောင်းလဲမှုများကို သုံးသပ်မည်။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

လျောက်ပတ်သော အသံ၏ပြောင်းလဲခြင်းက ဟောပြောချက်ကို အသက်ဝင်စေသည်၊ စိတ်လှုပ်ရှားမှုကို နှိုးဆွပေးပြီး ပြုမူလုပ်ဆောင်ရန်လည်း လှုံ့ဆော်ပေးသည်။

အသံပြောင်းလဲခြင်းကင်းမဲ့နေလျှင် သင်သည် မိမိဟောပြောသည့်အကြောင်းကို အမှန်စိတ်ဝင်စားမှုမရှိဟု ထင်မှတ်သွားစေနိုင်သည်။

ရိုးရိုးရှင်းရှင်း ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်းက သင်ပြောသည့်အရာကို ပရိသတ်နားလည်ရန် ကူညီပေးသည်။ သို့သော် သင်သည် အသံပမာဏ၊ အသံအနှေးအမြန်နှင့် အသံအနိမ့်အမြင့် အမျိုးမျိုးကို ကောင်းစွာအသုံးချသည့်အခါ သင့်ဟောပြောချက်သည် ပို၍နားထောင်ချင်စရာဖြစ်လာနိုင်သည်။ ထို့အပြင် ယင်းက သင်ပြောဆိုနေသောအရာနှင့်ပတ်သက်၍ သင်ခံစားရပုံကို ပရိသတ်အား ပြောပြပေးနိုင်ပါသည်။ အကြောင်းအရာအပေါ် သင့်သဘောထားက ယင်းအား သူတို့မည်သို့ခံစားပုံကို ဩဇာညောင်းနိုင်သည်။ သင်သည် စင်မြင့်ပေါ်မှဟောပြောနေသည်ဖြစ်စေ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် ပုဂ္ဂိုလ်တစ်ဦးကို ဟောပြောနေသည်ဖြစ်စေ ယင်းအချက်သည် မှန်၏။

လူ့အသံသည် အမျိုးမျိုးအဖုံဖုံစွမ်းဆောင်နိုင်သော အံ့ဖွယ်ကိရိယာတစ်ခုဖြစ်သည်။ လျောက်ပတ်စွာအသုံးပြုပါက ဟောပြောချက်ကို အသက်ဝင်စေသည်၊ နှလုံးကိုထိမိစေသည်၊ စိတ်လှုပ်ရှားစေပြီး ပြုမူဆောင်ရွက်ရန် လှုံ့ဆော်ပေးနိုင်သည်။ သို့ရာတွင် အသံပမာဏ ပြုပြင်ချိန်ညှိရမည့်နေရာ၊ အသံအနှေးအမြန် သို့မဟုတ် အသံအနိမ့်အမြင့်ကို ပြောင်းလဲရမည့်နေရာတို့ကို သင့်ဟောပြောချက်တွင် မှတ်သားထားရုံမျှဖြင့် ယင်းကို အထမြောက်နိုင်မည်မဟုတ်ပါ။ ဤကဲ့သို့သော အမှတ်အသားများကိုလိုက်၍ အသံပြောင်းလဲခြင်းသည် လုပ်ယူသည်နှင့်တူနေမည်။ ယင်းသည် ဟောပြောချက်ကို အသက်ဝင်လှုပ်ရှားစေမည့်အစား ပရိသတ်ကို စိတ်ကသိကအောင့်ဖြစ်စေနိုင်သည်။ အသံ၏ပြောင်းလဲခြင်းကို လျောက်ပတ်စွာ အသုံးပြုပုံသည် နှလုံးမှထွက်ပေါ်လာရာဖြစ်သည်။

အသံ၏ပြောင်းလဲခြင်းကို ပညာရှိရှိအသုံးပြုသောအခါ ဟောပြောသူကို လိုသည်ထက်ပို၍ အာရုံစိုက်စေမည်မဟုတ်တော့ချေ။ ယင်းအစား ဆွေးနွေးနေသော အကြောင်းအရာ၏ဆိုလိုချက်ကို ပရိသတ်သဘောပေါက်ရန် ကူညီပေးမည်။

အသံပမာဏကို ပြုပြင်ချိန်ညှိပါ။ သင့်အသံပိုင်းဆိုင်ရာ အသုံးအနှုန်းကို ပြောင်းလဲရန်နည်းတစ်နည်းမှာ သင့်အသံပမာဏကို ပြုပြင်ချိန်ညှိခြင်းဖြစ်သည်။ သို့သော် အသံပမာဏကို လုပ်ရိုးလုပ်စဉ်အရသာ အသံတစ်သမတ်တည်းဖြင့် ပုံမှန်တိုးလိုက်လျှော့လိုက်လုပ်ခြင်း မဖြစ်သင့်ချေ။ ထိုအရာက သင်ပြောဆိုနေသည့်အရာ၏ ဆိုလိုရင်းကို တလွဲဖြစ်သွားစေမည်။ အကယ်၍ အသံပမာဏကို ကြိမ်ဖန်များစွာ တိုးမြှင့်ပါက မနှစ်သက်ဖွယ်ကောင်းခြင်းသာ စွဲထင်ကျန်ရစ်မည်။

သင့်အသံပမာဏသည် အကြောင်းအရာနှင့်ဆီလျော်သင့်ပေသည်။ ဗျာဒိတ် ၁၄:၆၊ ၇ သို့မဟုတ် ဗျာဒိတ် ၁၈:၄ ၌တွေ့ရသည့် အရေးတကြီးအမိန့်တစ်ခုကို သင်ဖတ်ရှုနေသည်ဖြစ်စေ သို့မဟုတ် ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄ ၌ မှတ်တမ်းတင်ထားသည့်အတိုင်း အခိုင်အမာယုံကြည်စိတ်ချသည့် အသုံးအနှုန်းတစ်ခုကို ဖတ်ရှုနေသည်ဖြစ်စေ သင့်လျော်စွာ အသံပမာဏတိုးမြှင့်ခြင်းသည် လျောက်ပတ်သည်။ အလားတူ၊ သမ္မာကျမ်းစာတွင် ယေရမိ ၂၅:၂၇-၃၈ ၌ တွေ့ရှိရသကဲ့သို့ အပြင်းအထန်ရှုတ်ချပြစ်တင်သည့် အပိုဒ်တစ်ပိုဒ်ကို သင်ဖတ်ပြနေခြင်းဖြစ်လျှင် သင့်အသံပမာဏကို ကွဲပြားစေခြင်းက အချို့သောအသုံးအနှုန်းများကို အခြားအရာများထက် ပေါ်လွင်ထင်ရှားစေမည်။

သင့်ရည်ရွက်ချက်ကိုလည်း ထည့်စဉ်းစားပါ။ သင့်ပရိသတ်ကို ပြုမူလုပ်ဆောင်စေရန် လှုံ့ဆော်ပေးလိုသလော။ တင်ဆက်မှု၏ အဓိကအချက်များကို ပေါ်လွင်စေလိုသလော။ တိုးမြှင့်အသံပမာဏကို ချင့်ချိန်ကာအသုံးပြုတတ်ခြင်းက ယင်းရည်ရွယ်ချက်များကို အောင်မြင်ပြီးမြောက်စေရန် ကူညီပေးသည်။ သို့ရာတွင် အသံပမာဏကို မြှင့်လိုက်ခြင်းသက်သက်က သင့်ရည်ရွယ်ချက်ကို ပျက်ပြားစေနိုင်သည်။ မည်သို့ကြောင့်နည်း။ သင်ပြောဆိုနေသည့်အကြောင်းအရာက အသံတိုးမြှင့်ဖို့အစား နွေးထွေးမှုနှင့် ခံစားမှုတို့ဖြင့်ပြောရန် လိုအပ်ခြင်းဖြစ်ပေမည်။ ယင်းကို သင်ခန်းစာ ၁၁ တွင် ဆွေးနွေးပါမည်။

ပိုင်းခြားသိမြင်မှုရှိရှိ အသုံးပြုသည့်အခါ အသံပမာဏနိမ့်လိုက်ခြင်းက စောင့်မျှော်ရန် နှိုးဆွမှုဖြစ်စေနိုင်သည်။ သို့သော် ဤသို့ရပ်ပြီးသည်နှင့် အသံသြဇာပြင်းပြင်းနှင့် ဆက်ရန်လိုလေ့ရှိသည်။ အလွန်အမင်းခံစားချက်ကိုတိုးမြှင့်လျက် အသံပမာဏနိမ့်နိမ့်နှင့်တွဲကာ စိုးရိမ်မှု သို့မဟုတ် ကြောက်ရွံ့ထိတ်လန့်မှု သဘောသက်ရောက်စေရန် အသုံးပြုနိုင်သည်။ ယင်းဝန်းကျင်ရှိအကြောင်းအရာနှင့်ယှဉ်လျှင် ဒုတိယအရေးကြီးရာဖြစ်ကြောင်း ဖော်ပြရန် အသံပမာဏကို လျှော့၍လည်း အသုံးပြုနိုင်သည်။ သို့ရာတွင် သင့်အသံပမာဏသည် အမြဲအားနည်းနေပါက မသေချာမရေရာ သို့မဟုတ် သင့်အပိုင်းကိုယုံကြည်မှုမရှိ သို့မဟုတ် သင့်အကြောင်းအရာကို အမှန်စိတ်ဝင်စားမှုမရှိသည့်သဘော သက်ရောက်သွားနိုင်သည်။ အလွန်ပျော့ပျောင်းသောလေသံများကို မြော်မြင်ချင့်ချိန်ကာ အသုံးပြုရန်လိုသည်မှာ ရှင်းနေပါသည်။

သင့်အသံ၏အနှေးအမြန်ကို ပြောင်းလဲပါ။ နေ့စဉ်စကားပြောဆိုရာတွင် စကားလုံးများသည် ကျွန်ုပ်တို့စဉ်းစားထားသည့်အတိုင်း ကောက်ကာငင်ကာ ထွက်လာတတ်သည်။ ကျွန်ုပ်တို့စိတ်လှုပ်ရှားသည့်အခါတွင် စကားပြောမြန်လာတတ်သည်။ ကျွန်ုပ်တို့ပြောသည့်အရာကို အခြားသူများအား တိတိကျကျ မှတ်မိစေလိုသည့်အခါ ကျွန်ုပ်တို့၏အသံအနှေးအမြန်က ပို၍ဖြည်းဖြည်းနှင့်မှန်မှန် ဖြစ်လာသည်။

သို့သော် စင်မြင့်နှင့်စိမ်းနေသည့် ဟောပြောခါစ လူသစ်တို့သည် အသံအနှေးအမြန်ကို ပြောင်းလဲပေးသူ နည်းလှပေသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် မိမိတို့၏စကားအသုံးအနှုန်းများကို လွန်စွာဂရုတစိုက် ပြင်ဆင်ကြသောကြောင့်ဖြစ်သည်။ အားလုံးကို ရေးချထားကောင်းရေးချထားပေမည်။ ဟောပြောချက်ကို စာမူမှမဟောပြောသည့်တိုင် စကားလုံးများကို အလွတ်နီးပါးရထားပေမည်။ ရလဒ်အနေဖြင့် အရာအားလုံးကို စကားအနှေးအမြန်ပုံသေစည်းချက်ဖြင့် ဟောပြောတော့သည်။ အောက်လိုင်းမှဟောရန်သင်ယူခြင်းက ဤအားနည်းချက်ကို ပြုပြင်ပေးရန် အထောက်အကူရစေမည်။

အသံအနှေးအမြန်ကို ရုတ်ခြည်းတိုးမြှင့်ခြင်းအား ရှောင်ကြဉ်ပါ၊ ယင်းက အေးအေးဆေးဆေးသွားနေသည့် ကြောင်တစ်ကောင်သည် ခွေးတစ်ကောင်နှင့်ပက်ပင်းတိုးသောအခါ ရုတ်တရက် အဝေးသို့ခုန်ပြေးထွက်သွားသည်ကို အမှတ်ရစေသည်။ ရှင်းလင်းမှုထိခိုက်သွားသည်အထိ မည်သည့်အခါမျှ စကားပြောမမြန်လွန်းပါနှင့်။

စကားအနှေးအမြန် အဖုံဖုံဖြစ်ရန် ပုံမှန်ကြိုးကြားကြိုးကြား မြန်လိုက်၊ နှေးလိုက်ပြုရုံသာမပြုပါနှင့်။ ထိုဟောပြောဟန်က သင်တင်ဆက်နေသည့်အကြောင်းအရာကို ပိုကောင်းစေမည့်အစား ယုတ်လျော့သွားစေမည်။ အသံအနှေးအမြန် ပြောင်းလဲမှုများကို သင်ပြောဆိုနေသည့်အရာ၊ သင်ဖော်ပြလိုသည့်စိတ်လှုပ်ရှားမှုများနှင့် ရည်ရွယ်ချက်တို့နှင့်အံဝင်အောင် ထိန်းညှိပေးသင့်သည်။ ဟောပြောချက်ကို မနှေးမမြန်ဟောပြောပါ။ စိတ်လှုပ်ရှားမှုကို ဖော်ပြရန် နေ့စဉ်အသက်တာတွင် ပြောဆိုတတ်သကဲ့သို့ ပို၍လျင်မြန်စွာ ဟောပြောပါ။ သိပ်အရေးမကြီးသောအချက်များကို ဖော်ပြရာတွင် သို့မဟုတ် အဖြစ်အပျက်များကို အသေးစိတ် ပြန်ပြောပြစရာမလိုအပ်သည့်အခါတို့တွင်လည်း ယင်းသို့ဟောပြောရန်သင့်လျော်သည်။ ယင်းက အမျိုးအမည်စုံစေပြီး သင်ဟောပြောရာကို အလွန်အမင်းအလေးအနက်ထားခြင်းမှ ရှောင်ကြဉ်စေမည်။ အခြားတစ်ဖက်တွင်မူ၊ လေးနက်သော အချေအတင်ပြောဆိုချက်များ၊ အဓိကအချက်များနှင့် အထွတ်အထိပ်အချက်တို့ကို အသံနှေးနှေးဖြည်းဖြည်း ပြောသွားရန် လိုအပ်လေ့ရှိသည်။

သင့်အသံအနိမ့်အမြင့်ကို ပြောင်းလဲပါ။ တစ်စုံတစ်ယောက်သည် တူရိယာတစ်ခုကို တစ်နာရီ သို့မဟုတ် တစ်နာရီကျော်ကြာကြာ တီးမှုတ်နေသည်ကို မြင်ယောင်ကြည့်ပါ။ ထိုတစ်ချိန်လုံး ဂီတတစ်သံတည်းကို ပထမကျယ်လောင်စွာ၊ ထို့နောက် ညင်သာစွာ၊ တစ်ခါတစ်ရံ လျင်မြန်စွာနှင့်တီးမှုတ်ပြီး နောက်နှေးကွေးစွာတီးမှုတ်သည်။ အသံပမာဏနှင့် အသံအနှေးအမြန်တွင် ပြောင်းလဲမှုရှိသော်လည်း အသံအနိမ့်အမြင့်တွင် ပြောင်းလဲမှုမရှိသောကြောင့် ဤ “ဂီတသံ” သည် သိပ်နားထောင်၍မကောင်းပေ။ ထို့အတူ အသံအနိမ့်အမြင့်ပြောင်းလဲခြင်းမရှိသော ကျွန်ုပ်တို့၏အသံသည် သာယာနာပျော်ဖွယ်ကောင်းမည်မဟုတ်ချေ။

အသံအနိမ့်အမြင့်ပြောင်းလဲမှုများသည် ဘာသာစကားလုံးအားလုံးတွင် သက်ရောက်မှုတစ်မျိုးတည်းမရှိကြောင်း မှတ်သားထားရမည်။ တရုတ်ဘာသာစကားကဲ့သို့သော အသံနေအသံထားသုံးသော ဘာသာစကားတွင် အသံအနိမ့်အမြင့်ပြောင်းသွားလျှင် အဓိပ္ပာယ်လည်းပြောင်းသွားပေမည်။ သို့သော်လည်း ထိုကဲ့သို့သော ဘာသာစကားတွင်ပင် လူတစ်ယောက်သည် မိမိပြောဆိုသည့်စကားတို့တွင် အသံနေအသံထားအဖုံဖုံကို ထပ်၍ဖြည့်သွင်းပေးရန် လုပ်ဆောင်နိုင်သည်။ အသံနိမ့်မြင့်အဖုံဖုံအတွက် ဆိုင်ရာအဆင့်အလျောက် ထိန်းသိမ်းထားစဉ် မိမိအသံ၏အတိုင်းအတာတိုးတက်စေရန် လုပ်ဆောင်နိုင်ပါသည်။ သို့ဖြစ်၍ သူသည် အသံမြင့်များကို ပို၍မြင့်စေပြီး အသံနိမ့်များကို ပို၍နိမ့်စေနိုင်သည်။

အသံနေအသံထားအဓိကမထားသော ဘာသာစကားများပင်လျှင် အသံအနိမ့်အမြင့်ပြောင်းလဲသွားပါက ယူဆချက်များကိုလည်း ပြောင်းလဲသွားစေနိုင်သည်။ ဥပမာအနေဖြင့် ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်းအတွက် အသံအနိမ့်အမြင့်အား မဆိုစလောက်တိုးမြှင့်ကာ အသံပမာဏကို အပြိုင်တိုးမြှင့်ခြင်းကို အသုံးပြုပေမည်။ သို့မဟုတ် အသံအနိမ့်အမြင့်ပြောင်းလဲခြင်းက အရွယ်အစား သို့မဟုတ် အကွာအဝေးကို သိသာစေသည့် နည်းလည်းတစ်ခုဖြစ်နိုင်သည်။ ဝါကျ၏အဆုံးတွင် အသံကို မြင့်ပေးလိုက်ခြင်းက မေးခွန်းမေးနေသည်ကို သိသာစေပေမည်။ ဘာသာစကားအချို့တွင် အသံကို ချပေးဖို့လိုပေမည်။

စိတ်လှုပ်ရှားမှုနှင့် စိတ်ထက်သန်မှုကို အသံမြင့်ဖြင့်ဖော်ပြနိုင်ပေမည်။ (အသံနေအသံထားသုံးသော ဘာသာစကားတွင် ပိုမိုကျယ်ဝန်းသောအသံအတိုင်းအတာ လိုအပ်ပေမည်။) ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုတွင် အသံပိုနိမ့်ဖို့လိုသည်။ (သို့မဟုတ် အသံနေအသံထားသုံးသော ဘာသာစကားတွင် ပိုမိုသေးငယ်သောအသံအတိုင်းအတာ။) ဤတွင် ဖော်ပြထားသည့် စိတ်လှုပ်ရှားခံစားမှုများသည် နှလုံးထိမိစေရန် ဟောပြောသူအား ကူညီပေးသည့် အရာများဖြစ်သည်။ ယင်းတို့ကို သင်ဖော်ပြလိုသည့်အခါ စကားလုံးများကို ဖတ်ရွတ်ပြရုံသာမပြုပါနှင့်။ သင်လည်းခံစားရကြောင်း ပြသည့်နည်းဖြင့် သင့်အသံကို အသုံးပြုပါ။

အုတ်မြစ်ချခြင်း။ သို့ဖြစ်လျှင် အသံပြောင်းလဲခြင်းကို အဘယ်မှစတင်မည်နည်း။ သင့်ဟောပြောချက်အတွက် အကြောင်းအရာကို ရွေးချယ်မှုဖြင့် စတင်သည်။ သင့်ဟောပြောချက်တွင် အချေအတင်ပြောဆိုချက်ချည်းသာဖြစ်စေ၊ တိုက်တွန်းချက်ချည်းသာဖြစ်စေ သင်ထည့်ထားလျှင် သင်ဟောပြောရာတွင် အသံအဖုံဖုံဖြစ်ဖို့ အခွင့်အလမ်းနည်းပါးမည်။ ထို့ကြောင့် သင့်အောက်လိုင်းကို ဆန်းစစ်လေ့လာပြီး ကွင်းကွင်းကွက်ကွက်နှင့် သိမှတ်စရာတင်ဆက်မှုဖြစ်ရန် လိုအပ်ရာများပါရှိကြောင်း သေချာစေပါ။

ဟောပြောနေရင်း သင့်တင်ဆက်မှုသည် လေးတွဲတွဲဖြစ်နေသောကြောင့် ပို၍မျိုးပေါင်းစုံဖို့လိုသည်ဟု ခံစားမိသည် ဆိုကြပါစို့။ သို့ဖြစ်လျှင် မည်သို့ပြုရမည်နည်း။ သင့်အကြောင်းအရာ၏ သဘောသဘာဝကို ပြောင်းလဲပေးပါ။ မည်သို့ပြုမည်နည်း။ တစ်နည်းမှာ ကျမ်းစာကိုဖွင့်ပြီး ပရိသတ်ကိုလည်း မိမိတို့၏ကျမ်းစာအုပ်ကိုဖွင့်ရန် ဖိတ်ခေါ်ကာ နှုတ်ဖြင့်သာပြောနေမည့်အစား ကျမ်းချက်တစ်ချက်ကိုဖတ်လိုက်ပါ။ သို့မဟုတ် အဆိုပြုဝါကျတစ်ခုခုကို မေးခွန်းတစ်ခုပြောင်းပြီး လေးနက်စေရန် ရပ်တန့်ပေးလိုက်ပါ။ ရိုးရှင်းသောပုံဥပမာတစ်ခုကို ထည့်သွင်းပေးပါ။ ၎င်းတို့သည် အတွေ့အကြုံရှိဟောပြောသူများ အသုံးပြုသည့် နည်းစနစ်များဖြစ်သည်။ သို့သော် သင့်အတွေ့အကြုံမည်မျှပင်ရှိစေကာမူ အကြောင်းအရာကိုပြင်ဆင်သည့်အခါ ထပ်တူသဘောများကို အသုံးပြုနိုင်သည်။

အသံပြောင်းလဲခြင်းကို ဟောပြောချက်၏ ဟင်းခတ်အမွှေးအကြိုင်ဟု ဆိုနိုင်ပါသည်။ အသံပြောင်းလဲခြင်းကို သင့်တော်စွာနှင့် အနေတော်အသုံးပြု၍ပြောလျှင် သင့်ဟောပြောချက်သည် ပရိသတ်အတွက် အလွန်အရသာရှိစေကာ ခံတွင်းတွေ့သွားစေမည်။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • အရေးတကြီးအမိန့်များ၊ ခိုင်မာသောယုံကြည်စိတ်ချမှု သို့မဟုတ် စွပ်စွဲချက်များကို ဖော်ပြသည့်အခါ အသံပမာဏကို ပြုပြင်ချိန်ညှိလိုက်ပါ။ အသံပမာဏကို ပိုတိုးမြှင့်ဖို့လိုအပ်သည့် သင့်ဟောပြောချက်အပိုင်းများကို အသေအချာစဉ်းစားထားပါ။

  • အရေးသိပ်မကြီးသောအချက်များကို ပို၍မြန်မြန်ပြောရန်နှင့် လေးနက်သော အချေအတင်ပြောဆိုချက်များနှင့် အဓိကအချက်များကို ပို၍ဖြည်းဖြည်းပြောရန် အသံအနှေးအမြန်ကို ပြောင်းလဲပေးပါ။ စိတ်လှုပ်ရှားမှုကိုဖော်ဆောင်ရန် လျင်မြန်စွာပြောပါ။

  • အကယ်၍ သင့်လျော်ပါက ခံစားမှုများကို ဖော်ဆောင်ရန်နှင့် နှလုံးကိုထိမိစေရန် အသံအနိမ့်အမြင့်ကိုပြောင်းလဲပေးပါ။ အသံနေအသံထားသုံးသော ဘာသာစကားတွင် သင့်အသံအတိုင်းအတာကို ပိုမိုကျယ်ဝန်း သို့မဟုတ် ကျဉ်းမြောင်းသေးငယ်လိုက်ပါ။

  • အသံပြောင်းလဲခြင်းသည် သင့်ဟောပြောချက်အတွက် အကြောင်းအရာရွေးချယ်မှုဖြင့် စတင်သည်။

လေ့ကျင့်ခန်းများ– (၁) ၁ ဓမ္မရာဇဝင် ၁၇:၁၇-၅၃ ကို သင့်ဘာသာဖတ်ပါ၊ အသံပမာဏ၊ အသံအနှေးအမြန်နှင့် အသံအနိမ့်အမြင့် အမျိုးမျိုးဖြင့် ဆီလျော်စွာအသုံးပြုရန် အခွင့်အလမ်းများကို မှတ်သားပါ။ ထို့နောက် ထိထိမိမိနှင့်အသံကျယ်ကျယ်ဖတ်ပါ သို့သော် အမူအရာမပိုလွန်းပါနှင့်။ ယင်းကို ကြိမ်ဖန်များစွာလုပ်ဆောင်ပါ။ (၂) အသံကိုပြောင်းသာလွှဲသာရှိစေရန် အခန်းငယ် ၄၈-၅၁ ကို ထစ်ငေါ့မှုမရှိဘဲ သင်မြန်နိုင်သလောက်မြန်မြန် အသံကျယ်ကျယ်ဖတ်ပါ။ ထပ်တလဲလဲပြန်ဖတ်ပြီး မပီမသမဖြစ်စေဘဲ ဖတ်နှုန်းကို တဖြည်းဖြည်းတိုးသွားပါ။ ထို့နောက် အကြောင်းအရာတစ်မျိုးတည်းကို နှေးနိုင်သလောက်နှေးနှေးဖတ်ပြီး ဖြည်းဖြည်းနှင့်မှန်မှန် ပြောဆိုပါ။ နောက်အချက်မှာ သင့်အသံကို သင်အလိုရှိသလို ပြောင်းလဲပြောဆိုနိုင်သည်အထိ စကားပြောနှုန်းကို မြန်တစ်လှည့်၊ နှေးတစ်လှည့် ပြောဆိုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ