သင်ခန်းစာ ၅
သင့်လျော်သော ရပ်တန့်မှု
စကားပြောဆိုရာတွင် သင့်လျော်သောနေရာတွင် ရပ်တန့်ထားမှုများသည် အရေးပါသည်။ သင်သည် ဟောပြောချက်ပေးနေသည်ဖြစ်စေ သို့မဟုတ် လူတစ်ယောက်နှင့် စကားပြောဆိုနေသည်ဖြစ်စေ ယင်းက မှန်ပေသည်။ ထိုကဲ့သို့သော ရပ်တန့်မှုများမပါဘဲပြောဆိုလျှင် ပြောဆိုခဲ့သည့်အရာသည် ယူဆချက်ကို ရှင်းလင်းစေမည့်အစား ဗလုံးဗထွေးဖြစ်သွားပေမည်။ သင့်လျော်သောရပ်တန့်ခြင်းသည် သင်၏စကားပြောဆိုမှုကို ရှင်းလင်းစေရန် ထောက်ကူပေးသည်။ သင်၏အဓိကအချက်များကို တာရှည်စွဲမှတ်သွားစေမည့်နည်းဖြင့်လည်း ယင်းကိုအသုံးပြုနိုင်ပါသည်။
အဘယ်အချိန်၌ ရပ်တန့်သင့်သည်ကို သင်မည်သို့ဆုံးဖြတ်နိုင်မည်နည်း။ ရပ်တန့်မှုများသည် မည်မျှရှည်ကြာသင့်သနည်း။
ဖြတ်ရပ်ရန် ရပ်တန့်ခြင်း။ အဖြတ်အရပ်မှတ်တို့သည် အရေးအသားဘာသာစကား၏ အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်လာသည်။ ၎င်းသည် အဆိုပြုချက် သို့မဟုတ် မေးခွန်း၏အဆုံးကို ရည်ညွှန်းနိုင်ပေမည်။ ဘာသာစကားအချို့တွင် ကိုးကားချက်များကို ထင်ရှားစေရန် ယင်းကို အသုံးပြုကြသည်။ အချို့သော အဖြတ်အရပ်မှတ်တို့သည် ဝါကျတစ်ခု၏အပိုင်းတစ်ပိုင်းနှင့် အခြားအပိုင်းများ၏ဆက်နွှယ်မှုကို ညွှန်ပြကြသည်။ မိမိဘာသာဖတ်ရှုနေသူတစ်ဦးသည် အဖြတ်အရပ်သင်္ကေတများကို တွေ့မြင်နိုင်သည်။ သို့ရာတွင် အခြားသူများအကျိုးအတွက် အသံထွက်ဖတ်သည့်အခါ ရေးသားထားသော အကြောင်းအရာတွင်တွေ့ရသည့် အဖြတ်အရပ်မှတ်တိုင်း၏အဓိပ္ပာယ်ကို သူ၏အသံတွင် ပေါ်နေစေရမည်။ (ထပ်ဆင့်အသေးစိတ်အချက်အလက်များအတွက်၊ သင်ခန်းစာ ၁၊ “တိကျသောဖတ်ရှုခြင်း” ကိုရှု။) အဖြတ်အရပ်လိုအပ်သည့်အခါ ရပ်တန့်ရန်ပျက်ကွက်ခြင်းက သင်ဖတ်ရှုသည့်အရာကို နားလည်ရန် အခြားသူများအတွက် ခက်ခဲစေနိုင်သည် သို့မဟုတ် စာ၏အဓိပ္ပာယ်ပင် လွဲသွားစေနိုင်သည်။
အဖြတ်အရပ်မှတ်တို့အပြင် ယူဆချက်များကို ဝါကျတစ်ကြောင်းအတွင်း၌ ဖော်ပြထားသည့်နည်းကလည်း မည်သည့်နေရာတွင် ရပ်တန့်သင့်သည်ကို ဆုံးဖြတ်ပေးမည်။ တစ်ခါက နာမည်ကျော်ဂီတပညာရှင်တစ်ဦး ဤသို့ဆိုခဲ့သည်– “ကျွန်တော်တီးခတ်တဲ့ ဂီတသင်္ကေတတွေဟာ များပြားလှတဲ့ စန္ဒရားပညာရှင်တွေထက်မသာပါဘူး။ ဒါပေမဲ့ ဂီတသင်္ကေတတွေကြားက အဖြတ်အရပ်တွေဟာ အစွမ်းအစပြရတဲ့ နေရာပါပဲ။” စကားပြောဆိုခြင်းသည်လည်း ထိုနည်းထပ်တူပင်။ ရပ်တန့်မှုကို လျောက်ပတ်စွာအသုံးပြုခြင်းက ကောင်းစွာပြင်ဆင်ထားသော သင်၏အကြောင်းအရာကို ပိုမိုလှပစေပြီး အဓိပ္ပာယ်လည်းတိုးစေမည်။
လူထုရှေ့ဖတ်ရှုရန်ပြင်ဆင်ရာ၌ သင်ဖတ်ရှုမည့် ပုံနှိပ်ထားသောအကြောင်းအရာတွင် အမှတ်အသားပြုခြင်းသည် အထောက်အကူပြုကြောင်း သင်တွေ့ရှိပေမည်။ ခေတ္တရပ်တန့်ရန် ဖြစ်နိုင်သည်မှာ တစ်ခဏ ရပ်တန့်ရမည့်နေရာတွင် မျဉ်းမတ်တိုတစ်ကြောင်းဆွဲပါ။ ပို၍ကြာကြာရပ်တန့်ဖို့အတွက် မျဉ်းမတ်တိုနှစ်ကြောင်းကို ကပ်လျက်အသုံးပြုပါ။ စကားလုံးစီထားပုံတစ်ခုသည် သင့်အတွက် ကိုးလိုးကန့်လန့်နိုင်ပြီး မရပ်သင့်သောနေရာများတွင် မကြာခဏရပ်တန့်မိလျှင် ခက်ခဲသောစကားစုတစ်စုအဝင် စကားလုံးအားလုံးကို ခဲတံဖြင့်ဆွဲကာ တွဲထားပေးလိုက်ပါ။ ထို့နောက် စကားစုကို အစမှအဆုံးထိဖတ်ပါ။ အတွေ့အကြုံရင့်ကျက်သော ဟောပြောသူများစွာတို့ ဤသို့ပြုလုပ်ကြသည်။
နေ့စဉ်စကားပြောဆိုရာတွင် ရပ်တန့်မှုသည် သင်အသိပေးလိုသည့် အယူအဆများကို သင်သိထားသောကြောင့် များသောအားဖြင့် ယင်းသည် အခက်အခဲမရှိတတ်ပါ။ သို့ရာတွင် အကြောင်းအရာ၌ မလိုအပ်ဘဲ ပုံမှန်ခြား၍ရပ်တန့်သည့်အကျင့် သင်၌ရှိနေပါက သင့်အပြောအဆိုတွင် ရှင်းလင်း၍နားလည်လွယ်သည့်အစွမ်း ကင်းမဲ့နေလိမ့်မည်။ တိုးတက်လာစေရန် အကြံပြုချက်များကို သင်ခန်းစာ ၄၊ “သွက်လက်ပြေပြစ်စွာတင်ဆက်ခြင်း” တွင် ဖော်ပြထားပါသည်။
အကြောင်းအရာပြောင်းလဲရန် ရပ်တန့်ခြင်း။ အဓိကအချက် တစ်ခုမှတစ်ခုသို့ ကူးပြောင်းချိန်တွင် ရပ်တန့်ပေးခြင်းအားဖြင့် ပရိသတ်အား ပြန်စဉ်းစားခွင့်၊ အလိုက်သင့်ချိန်ညှိခွင့်၊ ဦးတည်မှုပြောင်းကြောင်းသိရှိခွင့်ရစေကာ တင်ဆက်မည့် နောက်အကြောင်းသစ်တစ်ခုကို ပို၍ရှင်းလင်းစွာ သဘောပေါက်ခွင့်ရစေသည်။ လမ်းထောင့်တစ်ကွေ့မှတစ်ကွေ့သို့ချိုးရာတွင် အရှိန်သတ်ဖို့အရေးကြီးသကဲ့သို့ အယူအဆတစ်ခုမှတစ်ခုသို့ပြောင်းလဲသည့်အချိန်၌လည်း ရပ်တန့်ဖို့အရေးကြီးသည်။
ဟောပြောသူအချို့တို့သည် အယူအဆတစ်ခုမှနောက်တစ်ခုသို့ မရပ်တန့်ဘဲ အလျင်စလို ကူးပြောင်းရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ များလွန်းသောအကြောင်းအရာတို့ကို အပြီးပြောရန် ကြိုးစားသောကြောင့်ဖြစ်သည်။ အချို့မှာမူ မိမိတို့၏နေ့စဉ်စကားပြောပုံစံတွင် ဤအကျင့်ပါနေသည်ကို တွေ့ရသည်။ သူတို့ပတ်ဝန်းကျင်ရှိလူတိုင်းကလည်း ဤပုံစံအတိုင်းပြောဆိုနေခြင်း ဖြစ်ဖွယ်ရှိသည်။ သို့သော် ထိုပုံစံသည် ထိရောက်သောသွန်သင်ခြင်းမဖြစ်စေပါ။ ကြားထိုက်ပြီး မှတ်သားထိုက်သည့်စကားတစ်ခွန်း သင်၌ပြောစရာရှိလျှင် အကြောင်းအရာကို ကွင်းကွင်းကွက်ကွက်ပေါ်လွင်စေရန် အချိန်လုံလုံလောက်လောက်ယူပါ။ အယူအဆများကို ရှင်းရှင်းလင်းလင်းနားလည်စေသည့် ပြောဆိုမှုဖြစ်ရန် ရပ်တန့်မှုများသည် မရှိမဖြစ်လိုအပ်ကြောင်း သိမှတ်ပါ။
အောက်လိုင်းတစ်ခုမှနေ၍ ဟောပြောချက်ပေးမည်ဆိုလျှင် အဓိကအချက်များစပ်ကြား မည်သည့်နေရာတွင် ရပ်တန့်ရမည်ကို သိသာထင်ရှားစေသည့်နည်းဖြင့် အကြောင်းအရာကိုဖွဲ့စည်းသင့်သည်။ စာမူဟောပြောချက်ကို ဖတ်၍ဟောမည်ဆိုပါက အဓိကအချက်တစ်ခုမှနောက်တစ်ခုသို့ ပြောင်းသွားသည့်နေရာများကို မှတ်သားထားပါ။
သဘောတရားပြောင်းလဲခြင်းအတွက် ရပ်တန့်ခြင်းသည် အဖြတ်အရပ်အတွက် ရပ်တန့်ခြင်းထက် ပိုကြာလေ့ရှိသည်—သို့သော် ဟောပြောချက် လေးတွဲသွားသည်အထိ မကြာလွန်းပေ။ ရပ်တန့်မှုကြာလွန်းလျှင် သင့်ကို ပြင်ဆင်မှုမဲ့ပြီး နောက်ဘာပြောရမည်ကို ဆုံးဖြတ်ဖို့ ကြိုးစားနေသည့်သဘောသက်ရောက်သွားစေသည်။
လေးနက်စေရန် ရပ်တန့်ခြင်း။ လေးနက်စေရန် ရပ်တန့်ခြင်းသည် သိသာသော အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်စေလေ့ရှိသည်၊ အတော်အတန် ထက်သန်ပြင်းပြစွာဟောသည့် အဆိုပြုဝါကျတစ်ခု သို့မဟုတ် မေးခွန်းတစ်ခု မတိုင်မီဖြစ်စေ၊ အပြီးတွင်ဖြစ်စေ ရပ်တန့်သည်။ ထိုသို့သောရပ်တန့်မှုက ပြောပြီးစအကြောင်းကို ပရိသတ်အား ပြန်ပြောင်းစဉ်းစားခွင့်ပေးသည်၊ သို့မဟုတ် မည်သည့်အရာဆက်လာမည်ကို မျှော်လင့်စေသည်။ ယင်းတို့သည် မတူညီကြချေ။ အဘယ်နည်းစနစ်ကို အသုံးပြုရန်သင့်လျော်ကြောင်း ဆုံးဖြတ်ပါ။ သို့ရာတွင် အလွန်ထူးခြားသော အဆိုပြုချက်များကို တင်ပြရာ၌ လေးနက်စေရန် ရပ်တန့်ခြင်းကိုအသုံးပြုဖို့ ကန့်သတ်ထားသင့်ကြောင်းကို စိတ်တွင်စွဲမှတ်ထားပါ။ သို့မဟုတ်လျှင် အဆိုပါအဆိုပြုချက်များ၏တန်ဖိုး ပျောက်သွားမည်။
နာဇရက်မြို့တရားဇရပ်တွင် ယေရှုသည် ကျမ်းစာကိုအသံထွက်ဖတ်ရွတ်သည့်အခါ ရပ်တန့်မှုကို ထိရောက်စွာအသုံးပြုခဲ့သည်။ ဦးဆုံးအနေနှင့် ပရောဖက်ဟေရှာယ၏ကျမ်းလိပ်မှ သူ၏တာဝန်ကို ဖတ်ပြခဲ့သည်။ သို့သော် ကျမ်းချက်သက်ဆိုင်ပုံကို ကိုယ်တော်ရှင်းမပြမီ ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီး ထိုင်တော်မူ၏။ ထို့နောက် တရားဇရပ်၌ရှိသောသူအပေါင်းတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ရှုနေစဉ် “ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်းပြည့်စုံလေပြီ” ဟုမိန့်တော်မူခဲ့သည်။—လု. ၄:၁၆-၂၁။
အခြေအနေများကလိုအပ်လာစေပါက ရပ်တန့်ခြင်း။ အခါအားလျော်စွာ အနှောင့်အယှက်များပေါ်လာတတ်၍လည်း သင့်စကားကိုရပ်တန့်ရပေမည်။ ယာဉ်ဖြတ်သွားသံ သို့မဟုတ် ကလေးငိုသံတို့က လယ်ကွင်းဓမ္မအမှု၌ တွေ့ဆုံခဲ့ရသည့်အိမ်ရှင်နှင့် စကားလက်ဆုံပြောဆိုခြင်းကို ကြားဖြတ်ရပ်တန့်ပေးရပေမည်။ အစည်းအဝေး၌ အနှောင့်အယှက်သည် အသေးအမွှားသာဖြစ်လျှင် သင့်အသံပမာဏကိုတိုးမြှင့်ပေးကာ ဆက်လက်ဟောပြောနိုင်သည်။ သို့သော် အနှောင့်အယှက်သည် ကျယ်လောင်ပြီးကြာရှည်လျှင် ရပ်တန့်ရမည်။ သင့်ပရိသတ်ကလည်း နားထောင်နေမည်မဟုတ်သောကြောင့်ပင်။ ထို့ကြောင့် ပရိသတ်အား သင်သိစေလိုသည့် အကြောင်းမွန်များမှ အကျိုးအပြည့်အဝရရှိစေရန်ရည်မျှော်လျက် ရပ်တန့်ခြင်းကို ထိရောက်စွာအသုံးပြုပါ။
တုံ့ပြန်မှုကိုစောင့်ရန် ရပ်တန့်ခြင်း။ ပကတိပရိသတ်ပါဝင်ခြင်းမရှိသော ဟောပြောချက်တစ်ခုကို သင် ပေးနေခြင်းဖြစ်နိုင်သော်လည်း ပရိသတ်ဘက်မှ အသံဖြင့်မဟုတ်ဘဲ စိတ်ဖြင့် တုံ့ပြန်ခွင့်ရစေရန် အရေးကြီးသည်။ ပရိသတ်အား စဉ်းစားစေမည့် မေးခွန်းများကို မေးပြီး စဉ်းစားဖို့အချိန်အလုံအလောက်မရပ်တန့်ပေးလျှင် ယင်းမေးခွန်းများသည် တန်ဖိုးအကြီးအကျယ်လျော့သွားမည်။
မှန်ပေသည်၊ စင်မြင့်ပေါ်မှဟောပြောရာတွင်သာမက အခြားသူများကိုသက်သေခံရာတွင်လည်း ရပ်တန့်ခြင်းသည် အရေးကြီးသည်။ အချို့သူတို့သည် လုံးဝရပ်တန့်ခြင်းရှိပုံမရချေ။ ထိုအရာသည် သင့်အခက်အခဲဖြစ်ပါက ဤစကားပြောအရည်အသွေးကို ပြုစုပျိုးထောင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ပါ။ သင်နှင့်အခြားသူတို့ဆက်သွယ်ရေးတွင် တိုးတက်လာမည့်အပြင် လယ်ကွင်းဓမ္မအမှု၌ ထိရောက်မှုတွင်ပါ တိုးတက်လာမည်။ ရပ်တန့်ခြင်းသည် ခေတ္တခဏတိတ်ဆိတ်ခြင်းဖြစ်ပြီး အမှန်အတိုင်းဆိုရလျှင် တိတ်ဆိတ်မှုက ဖြတ်ရပ်ပေးသည်၊ လေးနက်စေသည်၊ အာရုံစိုက်စေပြီး အကြားအာရုံကို နိုးကြားစေသည်။
နေ့စဉ်စကားလက်ဆုံပြောဆိုခြင်းတွင် အကြောင်းအရာကို အပြန်အလှန်ဖလှယ်ခြင်းပါဝင်သည်။ သင်သည် သူတို့စကားကို နားထောင်ပေးပြီး စိတ်ဝင်စားမှုပြပေးလျှင် သူတို့ဘက်မှလည်း သင့်စကားကို ပို၍နားထောင်ပေးတတ်သည်။ ယင်းက သူတို့ထုတ်ဖော်ပြောရန် အခွင့်အလမ်းပေးဖို့ အချိန်အလုံအလောက်ရပ်တန့်ပေးရန် လိုအပ်သည်။
လယ်ကွင်းဓမ္မအမှုတွင် စကားလက်ဆုံပြောဆိုမှုပုံစံဖြင့် ပြုသည့်အခါ၌ ကျွန်ုပ်တို့၏သက်သေခံခြင်း ပိုထိရောက်လေ့ရှိသည်။ အပြန်အလှန်နှုတ်ဆက်ပြီးနောက် မိမိတို့ပြောမည့်အကြောင်းအရာကိုသိစေပြီး မေးခွန်းထုတ်ပါက ထိရောက်မှုရှိကြောင်း များစွာသောသက်သေခံတို့ တွေ့ရှိကြသည်။ သူတို့သည် အခြားသူကို ပြန်ပြောခွင့်ပေးရန် ရပ်တန့်ကြပြီး အိမ်ရှင်ပြောသည့်အရာကို အသိအမှတ်ပြုကြသည်။ ဆွေးနွေးနေစဉ်အတွင်း အိမ်ရှင်ကို မှတ်ချက်ပေးရန် အခွင့်အရေး အတော်အတန်ပေးကြပေမည်။ ဆွေးနွေးနေသည့်ကိစ္စအပေါ် ထိုသူ၏အမြင်များကို သူတို့သိထားလျှင် များသောအားဖြင့် ထိုသူကို ပို၍ကူညီပေးနိုင်ကြောင်း သူတို့သိကြသည်။—သု. ၂၀:၅။
မေးခွန်းများကို လူတိုင်း အကောင်းဘက်မှ တုံ့ပြန်ကြမည်မဟုတ်သည်မှာ မှန်ပါသည်။ သို့သော် ယင်းက ဆန့်ကျင်သူများကိုပင် စကားပြောဆိုဖို့အခွင့်အရေးပေးရန် အချိန်အလုံအလောက်ပေးခြင်းမှ ယေရှုကို မဟန့်တားစေခဲ့ပါ။ (မာ. ၃:၁-၅) အခြားသူအား စကားပြောခွင့်ပြုခြင်းက စဉ်းစားစေရန် သူ့ကိုအားပေးပြီး၊ ရလဒ်အနေနှင့် သူ့နှလုံး၌ရှိသောအရာကို ထုတ်ဖော်စေနိုင်သည်။ အမှန်ဆိုရလျှင် ကျွန်ုပ်တို့၏ ဓမ္မအမှုရည်ရွယ်ချက်များအနက်တစ်ခုမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သူတို့ဆုံးဖြတ်ချက်ချရမည့် အရေးကြီးသောအရေးကိစ္စများကို လူတို့အား တင်ဆက်ပေးခြင်းအားဖြင့် လှိုက်လှိုက်လှဲလှဲတုံ့ပြန်မှုရရန် လှုံ့ဆော်ပေးဖို့ဖြစ်သည်။—ဟေဗြဲ ၄:၁၂။
သင့်လျော်သောရပ်တန့်ခြင်းကို ကျွန်ုပ်တို့၏ဓမ္မအမှု၌ အသုံးပြုခြင်းက အမှန်ပင် အတတ်ပညာတစ်ခုဖြစ်ပေသည်။ ရပ်တန့်မှုများကို ထိရောက်စွာအသုံးပြုသောအခါ အယူအဆများကို ပို၍ရှင်းရှင်းလင်းလင်းနားလည်စေပြီး တာရှည်မှတ်မိစေလေ့ရှိသည်။