သင်ခန်းစာ ၂၄
ကျမ်းစာကို အာရုံစိုက်စေခြင်း
၁၊ ၂။ နားထောင်သူတို့အား သမ္မာကျမ်းစာသို့ အဘယ်ကြောင့်အာရုံပြုစေသင့်သနည်း။
၁ ဓမ္မအမှုဆောင်ရာတွင် လူတိုင်းအား ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို ကျွန်ုပ်တို့အာရုံစိုက်စေလိုကြသည်။ ဤတွင် ကျွန်ုပ်တို့ဟောပြောသော သတင်းတရားပါရှိကြောင်း၊ ကျွန်ုပ်တို့သည် ကိုယ်အလိုအလျောက်ပြောဟောနေခြင်းမဟုတ်ဘဲ ဘုရားသခင့်သတင်းတရားတော်ကို ဟောပြောနေကြောင်း လူတို့အား သိမြင်စေလိုကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများသည် သမ္မာကျမ်းစာကို ယုံကြည်စိတ်ချသည်။ ၎င်းမှဖတ်ပြသောအခါ နားထောင်ပြီး နှလုံးပိုက်ကျုံးတတ်သည်။ သူတို့သည် ကိုယ်ပိုင်ကျမ်းစာထဲမှ ကိုယ်ကိုယ်တိုင်ဖတ်ကြည့်သည့်အခါ အတော်အသင့်စွဲထင်လေ့ရှိကြ၏။ ထို့ကြောင့် လယ်ကွင်းဓမ္မအမှုတွင် အခြေအနေခွင့်ပြုသည့်အခါ အိမ်ရှင်အား ကျမ်းစာယူလာစေ၍ ကျမ်းချက်များကို အတူတူဖတ်ကြည့်ဖို့ အားပေးသင့်သည်။ ထိုနည်းတူ အသင်းတော်အစည်းအဝေးများတွင် ကျမ်းစာကိုအသုံးပြုကြရန် အားပေးမည်ဆိုလျှင် ကျွန်ုပ်တို့ယုံကြည်ချက်များသည် ကျမ်းစာကိုအခြေပြုကြောင်း လူသစ်များက ပိုမို၍လွယ်ကူစွာ လက်ခံနိုင်ကြမည်ဖြစ်ပြီး ကိုယ်တိုင်ဖတ်ရှုခြင်းအားဖြင့် အဓိပ္ပာယ်ပိုမိုလေးနက်လာမည်ဖြစ်သည်။
၂ အသင်စကားပြောဆိုသည့်အခါ ပရိသတ်ရှိသူတို့လည်း ဖြစ်နိုင်သည့်အခါတိုင်း ကျမ်းချက်များကို လိုက်ဖွင့်၍ကြည့်ပါက မိမိရည်မှန်းချက် အမှန်ပင်အောင်မြင်လိမ့်မည်။ သူတို့လိုက်ကြည့်သည်၊ မကြည့်သည်က သင်၏အားပေးမှုအပေါ် မူတည်ပါသည်။ စကားပြောသွန်သင်ချက်လွှာတွင် ယင်းကို “ပရိသတ်အား ကျမ်းစာသုံးရန်အားပေးခြင်း” ဟုဖော်ပြထားသည်။
၃၊ ၄။ ယင်းကို မည်သို့ထိရောက်စွာ ပြုနိုင်သနည်း။
၃ အကြံပေးခြင်းအားဖြင့်။ အကောင်းဆုံးနည်းမှာ ပရိသတ်အား ကျမ်းစာသုံးရန် တိုက်ရိုက်ပြောဆိုခြင်းဖြစ်သည်; ဤနည်းကို အသုံးပြုလေ့ရှိသည်။ ကျမ်းချက်များကိုမဖတ်မီ ၎င်းကျမ်းချက်နေရာကိုဖော်ပြပြီး ဤသို့လည်းပြောဆိုနိုင်သည်– “အခု ကျွန်တော်တို့ ၂ တိမောသေ ၃:၁-၅ ကိုဖတ်ရှုတဲ့အခါ မိမိပတ်ဝန်းကျင်ရှိ အခြေအနေကို ထည့်စဉ်းစားပါ။” ဤသို့ပြောဆိုပြီးနောက် ကိုယ်ကိုယ်တိုင် ကျမ်းစာကိုဖွင့်စဉ် ပရိသတ်သည် အကြံပေးချက်ကို လိုက်နာမနာ တစေ့တစောင်းကြည့်လိုက်ပါက များသောအားဖြင့် သူတို့ပါ ကျမ်းချက်ကိုဖွင့်ကြည့်တတ်ကြသည်။
၄ လေးနက်စေလိုသောကျမ်းချက်များရှိပါက အဘယ်ကျမ်းချက်များကို ပရိသတ်အား ဖွင့်ဖတ်စေမည်ကို ဟောပြောသူ ဆုံးဖြတ်မည်။ ပရိသတ်ကိုဂရုပြုပါ။ သူတို့လိုက်ဖတ်နေမနေ စိတ်ဝင်စားပါ။ အကြောင်းတစ်ခုခုကြောင့် သင်သည် စာမူဟောပြောချက်ပေးရဦးတော့ အဓိကကျမ်းချက်များကို ပရိသတ်သည် သူတို့ကျမ်းစာထဲတွင် ကျမ်းချက်များကို လိုက်ဖွင့်ဖတ်ရန် သင်ကိုင်တွယ်နိုင်သည်။
၅၊ ၆။ ကျွန်ုပ်တို့ဖတ်မည့် ကျမ်းချက်များကို ပရိသတ်ရှာတွေ့ရန် အချိန်ပေးခြင်းသည် အဘယ်ကြောင့်အကျိုးရှိကြောင်း ရှင်းပြပါ။
၅ ကျမ်းချက်တွေ့ရန် အချိန်ပေးခြင်းဖြင့်။ ကျမ်းချက်ကို ဖော်ပြရုံမျှနှင့် မလုံလောက်ပါ။ ယင်းကို ပရိသတ်ရှာမတွေ့မီ ၎င်းကိုဖတ်ပြီး အခြားအချက်တစ်ချက်ကို ဆက်လက်ပြောဆိုပါက စိတ်ဓာတ်ကျပြီး လိုက်ကြည့်ချင်ကြတော့မည်မဟုတ်ပါ။ ပရိသတ်ကိုကြည့်ကာ အများစုက ကျမ်းချက်ကိုတွေ့သောအခါ ယင်းကိုဖတ်နိုင်သည်။
၆ ဖတ်လိုသည့်ကျမ်းချက်ကို အချိန်လောက်ငစွာ ကြိုတင်ဖော်ပြပြီးမှဖတ်ခြင်းက မကြာခဏ ကြာညောင်းစွာရပ်တန့်ရန်၊ သို့မဟုတ် ကျမ်းချက်ကို ပရိသတ်မတွေ့မချင်း မလိုအပ်ဘဲ “စကားဖြည့်စွက်” ပြောဆိုရန် လိုမည်မဟုတ်ပါ။ သို့တိုင် ဤတွင် သင့်လျော်သောရပ်တန့်ခြင်းသည် လျောက်ပတ်ပေသည်။ တစ်ဖက်တွင် ကျမ်းချက်ကို စောစောစီးစီး ကြိုဖော်ပြထားလျှင် သင့်စကားအချို့အဝက်ကို ဂရုစိုက်လိမ့်မည်မဟုတ်ကြောင်း သိမှတ်ပါ။ ဤအခြေအနေမျိုးတွင် ကျမ်းချက်ကိုကိုးကားမဖော်ပြမီ ဆွေးနွေးတင်ပြချက်နှင့်ဆိုင်သော အချက်အလက်များကို အရင်ပြောရပေမည်။
**********
၇–၁၈။ ကျမ်းချက်များကို ထိရောက်စွာ ဆက်သွယ်ရန် အဘယ်နည်းများကို အသုံးပြုနိုင်သနည်း။
၇ ဟောပြောချက်တစ်ခု၌ အသုံးပြုသည့် ကျမ်းချက်များသည် ဟောပြောချက်၏ အချက်အချာဖြစ်သည်။ ဆွေးနွေးတင်ပြချက်များသည် ထိုကျမ်းချက်များအပေါ် အခြေပြုသည်။ ထို့ကြောင့် ၎င်းကျမ်းချက်များသည် ဟောပြောချက်ကို မည်မျှအထောက်အကူပြုကြောင်း ယင်းတို့ကို မည်မျှထိရောက်စွာအသုံးပြုသည်အပေါ် မူတည်သည်။ သို့ဖြစ်၍ စကားပြောသွန်သင်ချက်စာရွက်တွင် “ကျမ်းချက်များကို ဆီလျော်စွာဆက်သွယ်ခြင်း” သည် ဆင်ခြင်သုံးသပ်ရန် အရေးကြီးသည့်အချက်ဖြစ်သည်။
၈ ကျမ်းချက်ကိုဆက်သွယ်ဖတ်ပြ၍ သက်ဆိုင်ပုံရှင်းပြနည်း အမျိုးမျိုးရှိသည်။ တစ်ခါတစ်ရံ ကျမ်းချက်ဆက်သွယ်ခြင်းက ဖတ်ရှုခြင်းသို့ဦးတည်သွားရုံမက သက်ဆိုင်ပုံကိုပါဖော်ပြသဖြင့် ဖတ်ရှုခြင်းကိုယ်နှိုက်က ဆိုလိုချက်ကို လေးနက် သို့မဟုတ် စွဲမှတ်ထိမိစေသည်။ တစ်ဖက်တွင် ဟောပြောချက်စစချင်း၌ကဲ့သို့ ကျမ်းချက်အချို့ကို နိဒါန်းမပျိုးဘဲ ထိရောက်စွာ အသုံးပြုကြသည်။
၉ ကျမ်းချက်များကို ထိရောက်မှုရှိရှိ တင်ဆက်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံများသော ဟောပြောသူတို့ ပြုလုပ်ပုံကို သုံးသပ်ပါ။ ကျမ်းချက်များကို နိဒါန်းပျိုးသည့် နည်းအမျိုးမျိုးကိုသိမြင်ရန် ကြိုးစားပါ။ ယင်းတို့၏ထိရောက်မှုကို သုံးသပ်ကြည့်ပါ။ ဟောပြောချက်များကို ကိုယ်တိုင်ပြင်ဆင်ရာတွင် အထူးသဖြင့် အဓိကအချက်ကိုပေါ်လွင်စေသည့် သော့ချက်ကျမ်းပိုဒ်ဖြစ်ပါက ယင်းကျမ်းချက် အသုံးပြုရခြင်းအကြောင်းကို ကြိုတင်စဉ်းစားထားပါ။ အကျိုးအထိရောက်ဆုံးနည်းဖြင့် အသုံးပြုပုံဖြစ်ဖို့ရန် ယင်း၏နိဒါန်းကို အသေအချာစီစဉ်ပါ။ အကြံပေးချက်အချို့ကား ဤသို့ဖြစ်သည်–
၁၀ မေးခွန်း။ မေးခွန်းများကို ဖြေဆိုရ၏။ ယင်းတို့သည် စဉ်းစားဉာဏ်စွမ်းကို နှိုးဆွပေးသည်။ ကျမ်းချက်နှင့် ယင်း၏သက်ဆိုင်ပုံက ဖြေဆိုပါစေ။ ဥပမာ၊ သွေးသွင်းခြင်းအကြောင်း ဆွေးနွေးရာတွင် ဟေဗြဲကျမ်းစာစောင်များ၌ အသွေးကိုမစားရန် တားမြစ်ထားကြောင်း အခိုင်အလုံဖော်ပြပြီးနောက် တမန်တော် ၁၅:၂၈၊ ၂၉ ကိုဆက်သွယ်ပေးလိုမည်။ “အဲ့ဒီထပ်တူတားမြစ်ချက်ဟာ ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်သလား။ သန့်ရှင်းသောဝိညာဉ်တော် တိုက်တွန်းမှုခံရပြီး ကနဦးအသင်းတော်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီအခွင့်အာဏာရအမိန့်ကို သတိပြုပါ” ဟုပြောဆိုကာ ကျမ်းချက်ကို သင်ဆက်သွယ်နိုင်သည်။
၁၁ ဆက်သွယ်သည့်ကျမ်းချက် ထောက်ခံသော ဖော်ပြချက် သို့မဟုတ် မူတစ်ခု။ ဥပမာ၊ အကျင့်ပျက်ပြားမှုနှင့်ပတ်သက်၍ ဤသို့ဆိုနိုင်သည်– “အမှားအမှန်အပေါ် ကျွန်ုပ်တို့သဘောထားပုံ မည်သို့ရှိမည်တွင် ကျွန်ုပ်တို့ရွေးပေါင်းနေသောမိတ်ဆွေများပင် အရေးကြီးသည်။” ထိုနောက် သင့်ဖော်ပြချက်ကို ထောက်ခံချက်အဖြစ် ၁ ကောရိန္သု ၁၅:၃၃ ပါပေါလု၏စကားကို ဖတ်ပြနိုင်သည်။
၁၂ သမ္မာကျမ်းစာကို အာဏာပိုင်အဖြစ် ကိုးကားခြင်း။ အထူးသဖြင့် အဓိကမဟုတ်သောကျမ်းချက်များနှင့်စပ်လျဉ်း၍ ဤသို့ပြောဆိုနိုင်မည်– “ဒီအချက်ကို ဘုရားသခင့်နှုတ်ကပါဌ်တော်က ဘယ်လိုပြောထားသလဲဆိုတာ သတိပြုပါ။” သို့နှင့်ပင် ကျမ်းချက်ကို မျှော်လင့်တကြီးဖွင့်ဖတ်ဖို့ အကြောင်းလုံလောက်ပေသည်။ ယင်းကိုအသုံးပြုခြင်းအတွက် ရှင်းလင်းသောအကြောင်းရင်းကိုလည်း ဖော်ပြသည်။
၁၃ ပြဿနာတစ်ရပ်။ ငရဲအကြောင်း ဟောပြောရာတွင် သင်ဤသို့ပြောနိုင်သည်– “လူဟာ ငရဲမှာ ဒုက္ခဝေဒနာ ခံစားနေရမယ်ဆိုရင် သူသေပြီးနောက် အသိစိတ်ရှိနေရမယ်။ ဒါပေမဲ့ ဒေသနာ ၉:၅၊ ၁၀ ကဘာပြောသလဲဆိုတာကို သတိပြုပါ။”
၁၄ အဖုံဖုံရွေးချယ်ယူပုံ။ ပရိသတ်တစ်စုအတွက် တိုက်ရိုက်အမေးတစ်ခု၊ သို့မဟုတ် ပြဿနာတစ်ခုသည် နားလည်ရခက်နေမည်ဆိုလျှင် ဖြစ်နိုင်ဖွယ်ရာ အမျိုးမျိုးကို တင်ပြပြီး ကျမ်းချက်နှင့် ယင်း၏သက်ဆိုင်ပုံက ဖြေဆိုပါလေစေ။ ကက်သလစ်တစ်ဦးနှင့် စကားပြောဆိုရာတွင် မည်သူ့ထံ ဆုတောင်းသင့်ကြောင်း ဖော်ပြရန် မဿဲ ၆:၉ ကိုအသုံးပြုလိုမည်။ တိုက်ရိုက်မေးသောမေးခွန်းတစ်ခု သို့မဟုတ် ပြဿနာတစ်ခုက အိမ်ရှင်အား အထင်အမြင်လွဲမှားစေနိုင်သည့်အတွက် ဤသို့ပြောနိုင်သည်– “မည်သူ့ထံဆုတောင်းရမည်ကို အမျိုးမျိုးယူဆကြသည်။ အချို့က မာရိ၊ အခြားသူတို့က ‘သန့်ရှင်းသူတို့’၊ အချို့ကြပြန်လျှင် ဘုရားသခင်တစ်ဆူတည်းထံ ဆုတောင်းရမည်ဟု ဆိုကြသည်။ ယေရှုက ဤသို့ဆိုသည်။”
၁၅ သမိုင်းနောက်ခံ။ ရွေးနုတ်ဖိုးအကြောင်း ဟောပြောချက်ပေးရာတွင် ယေရှုသည် မိမိအသွေးတော်ကို ပူဇော်ခြင်းအားဖြင့် “ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်းကျေးဇူး” ရရှိစေခဲ့ကြောင်း ဟေဗြဲ ၉:၁၂ ကိုအသုံးပြုလိုလျှင် ယင်းကျမ်းချက်ကိုမဖတ်မီ တဲတော်ရှိ “သန့်ရှင်းရာဌာန” သည် ယေရှုဝင်တော်မူခဲ့သောနေရာကို ပုံဆောင်၏ဟု ပေါလုရှင်းပြခဲ့ကြောင်း အတိုချုပ်ရှင်းပြရန် လိုကောင်းလိုပေမည်။
၁၆ ထက်အောက်စကား။ တစ်ခါတစ်ရံ ကျမ်းချက်တစ်ချက်ကိုဆက်သွယ်တင်ပြရာတွင် ၎င်း၏ဝန်းကျင်ရှိ ကျမ်းချက်များတွင်ပါသည့်ဇာတ်အိမ်ကို တင်ပြခြင်းသည် အကူအညီဖြစ်သည်။ ဥပမာ၊ “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေး” ခြင်း၏အဓိပ္ပာယ်ကိုရှင်းပြရန် လုကာ ၂၀:၂၅ ပါကျမ်းချက်ကိုအသုံးပြုရာတွင် ကျမ်းချက်၏ထက်အောက်စကားနှင့် ဆက်နွှယ်နေသည့် ကဲသာ၏ပုံ၊ လိပ်စာပါသော ဒေနာရိတစ်ပြားကို ယေရှုအသုံးပြုခဲ့ခြင်းကို ရှင်းပြလျှင် အကျိုးရှိကြောင်း တွေ့ရှိလိမ့်မည်။
၁၇ ပေါင်းစပ်ခြင်း။ ဤနည်းများကို ပေါင်းစပ်အသုံးပြုနိုင်၍ ထိုသို့ပြုခြင်းသည်လည်း အကျိုးဖြစ်ထွန်းလေ့ရှိသည်။
၁၈ ကျမ်းချက်တစ်ချက်၏နိဒါန်းသည် ကျမ်းချက်ဖတ်သည့်အခါ အာရုံစိုက်မှုကို နှိုးဆွပေးသင့်သည်။ ကျမ်းချက်ကိုအသုံးပြုရသည့်အကြောင်းအပေါ် အာရုံပြုစေသင့်သည်။
၁၉၊ ၂၀။ ကိုးကားသည့်ကျမ်းချက်ကို မျှော်ရန်နှိုးဆွစေခဲ့ပြီဖြစ်ကြောင်း မည်သို့သိရှိနိုင်သနည်း။
၁၉ ကျမ်းချက်များကို မျှော်ရန်နှိုးဆွခြင်း။ ကျမ်းချက်တစ်ချက်ကို မျှော်ရန်နှိုးဆွစေခဲ့ပြီဟု မည်သို့သိရှိနိုင်မည်နည်း။ အဓိကအားဖြင့် ပရိသတ်တုံ့ပြန်ပုံအားဖြင့်ဖြစ်သည်။ ထို့ပြင် ကျမ်းချက်ကို သင်ဆက်သွယ်ပုံအားဖြင့်လည်းဖြစ်သည်။ ကျမ်းချက်ကို ဆက်သွယ်ပြီးနောက် မဖတ်ဘဲနေလျှင် သို့မဟုတ် သင့်နိဒါန်းတွင် မေးခွန်းတစ်ခုကို မဖြေဘဲထားခဲ့လျှင် ပရိသတ်သည် လေထဲတွင်ကျန်ရစ်သောကြောင့် ကျမ်းချက်အပေါ် စိတ်ဝင်စားမှုကို သင်နှိုးဆွနိုင်ခဲ့ပြီဖြစ်ကြောင်း သေချာနိုင်သည်။ မှန်သည်၊ နိဒါန်းသည် အကြောင်းအရာနှင့်လည်းကောင်း၊ ဆက်သွယ်မည့်ကျမ်းချက်နှင့်လည်းကောင်း ဆက်စပ်နေရမည်။ ကျမ်းချက်ကိုယ်နှိုက်သော်လည်းကောင်း၊ ယင်းသက်ဆိုင်ပုံကိုရှင်းပြခြင်းကသော်လည်းကောင်း နိဒါန်းတွင် မဖြေဘဲထားသည့် မေးခွန်းကိုဖြေဆိုရမည်။
၂၀ ကျမ်းချက်၏နိဒါန်းသည် သတင်းမကြေညာမီ မှုတ်သောတံပိုးနှင့်တူသည်။ သံတော်ဆင့်သည် သူ့ကိုယ်ကိုဇာတ်တစ်ခုလုံးကပြရန် တင်ဆက်ခြင်းမဟုတ်ပါ။ ယင်းအစား သူ၏နှိုးဆော်သံက ကြေညာချက်ကို အာရုံပြုစေသည်။ ဤနည်းအတိုင်း နိဒါန်းပျိုးမည်ဆိုလျှင် သင်ရွေးဖတ်သောကျမ်းချက်ကို စိတ်ဝင်တစား အကျိုးရှိရှိ နားထောင်ကြလိမ့်မည်။
၂၁။ ကျမ်းချက်တစ်ချက်ကို အသုံးပြုရခြင်းအကြောင်းရင်းအပေါ် အဘယ်ကြောင့် အာရုံပြုစေသင့်သနည်း။
၂၁ ကျမ်းချက်အသုံးပြုရခြင်းအကြောင်းအပေါ် အာရုံစူးစိုက်ခြင်း။ ကျမ်းချက်တစ်ချက်ကိုဆက်သွယ်ရာ၌ မေးခွန်းတစ်ခုကိုမဖြေဘဲထားသော်လည်း ထိုကျမ်းချက်သည် အဘယ်ကြောင့် သင့်တော်၍ အာရုံအပြည့်အဝစိုက်သင့်ကြောင်း ဖော်ပြသင့်သည်။ ဥပမာ၊ မြေကြီးသည် လူသား၏ ထာဝရနေအိမ်ဖြစ်ကြောင်းကို ဆွေးနွေးရာတွင် ဗျာဒိတ် ၂၁:၃၊ ၄ ကိုအသုံးပြုရန် ပြင်ဆင်နေပေမည်။ ပဏာမအကြောင်းပြချက်နှင့်အတူ ဤသို့ပြောဆိုနိုင်သည်– “အခုဖတ်မယ့် ဗျာဒိတ် ၂၁:၃၊ ၄ မှာ ဒုက္ခဆင်းရဲခြင်းနဲ့သေခြင်းမရှိတော့တဲ့အခါ ဘုရားသခင်ရဲ့တဲတော် ဘယ်မှာရှိမယ်ဆိုတာကို သတိထားပါ။” ကျမ်းချက်ဖော်ပြမည့်အချက်တစ်ချက်ကို မျှော်ဖို့သာမက သင့်ကျမ်းချက်ပါ အဓိကအချက်ကိုလည်း အာရုံပြုရန် နှိုးဆွပေးပြီဖြစ်သည်။ ကျမ်းချက်ဖတ်ပြီးသည်နှင့် လွယ်ကူစွာ သင့်အကြောင်းပြချက်နှင့် ဆက်စပ်ပေးနိုင်ပါလိမ့်မည်။ သင်သည် ဤသို့ကျမ်းစာတွင် တကယ်ပါရှိသည်ကို အာရုံပြုစေခြင်းအားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်၏အရေးကြီးမှုကို အလေးအနက် ဖော်ပြခဲ့ပေပြီ။