သင်ခန်းစာ ၂၀
ကျမ်းချက်များကို ထိရောက်စွာ မိတ်ဆက်ပေးခြင်း
ကျွန်ုပ်တို့၏ အသင်းတော်အစည်းအဝေးများ၌ ပေးသည့်သွန်သင်ချက်အတွက် အခြေခံအုတ်မြစ်ကို ကျမ်းစာကပေးသည်။ လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့ပြောဆိုသည့် အဓိကအချက်များမှာလည်း ကျမ်းချက်များပင်ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်တို့ဆွေးနွေးသည့်အကြောင်းကို ယင်းကျမ်းချက်တို့က မည်မျှထောက်ကူပေးသနည်းဆိုသည်မှာ ထိရောက်စွာ မိတ်ဆက်ပေးပုံအပေါ် တစ်စိတ်တစ်ပိုင်းမူတည်သည်။
ကျမ်းချက်ကို ရည်ညွှန်းပေးရုံ၊ သင်နှင့်အတူ ကျမ်းချက်ကိုဖတ်ရန် တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်ရုံထက်မကလိုအပ်သည်။ ကျမ်းချက်ကို မိတ်ဆက်ပေးသည့်အခါ ရည်ရွယ်ချက်နှစ်ခုကို အထမြောက်ရန်ကြိုးပမ်းပါ– (၁) မျှော်ရန်နှိုးဆွပေးပြီး (၂) ကျမ်းချက်ကိုအသုံးပြုရသည့် အကြောင်းရင်းအပေါ် အာရုံစိုက်စေပါ။ ထိုရည်ရွယ်ချက်များကို နည်းလမ်းအမျိုးမျိုးဖြင့် ပြီးမြောက်နိုင်သည်။
မေးခွန်းတစ်ခု မေးပါ။ အဖြေသည် ပရိသတ် သဲသဲကွဲကွဲမသိသေးသည့်အရာဖြစ်လျှင် မေးခွန်းမေးခြင်းသည် အထိရောက်ဆုံးဖြစ်သည်။ လူတို့ကို စဉ်းစားတွေးတောစေသည့်နည်းဖြင့် မေးခွန်းမေးရန် ကြိုးပမ်းပါ။ ယင်းကို ယေရှုပြုခဲ့သည်။ ဗိမာန်တော်တွင် ဖာရိရှဲများသည် ကိုယ်တော့်ထံချဉ်းကပ်ကာ ကိုယ်တော်၏ကျမ်းစာဆိုင်ရာသိနားလည်မှုကို လူသိရှင်ကြား စမ်းသပ်သည့်အခါ သူတို့အား ယေရှုဤသို့မေးခဲ့သည်– “သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြသနည်း။ အဘယ်သူ၏သားဖြစ်သနည်း။” “ဒါဝိဒ်၏သားဖြစ်သည်” ဟုသူတို့ဖြေကြသည်။ ထို့နောက် ယေရှုဤသို့မေးတော်မူသည်– “သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို ‘သခင်’ ဟူ၍ ဝိညာဉ်တော်အားဖြင့်အဘယ်ကြောင့်ခေါ်သနည်း။” ယင်းအားဖြင့် ဆာလံ ၁၁၀:၁ ကိုကိုးကား၍ ဆက်ဆိုခဲ့သည်။ ဖာရိရှဲများ တိတ်ဆိတ်သွားခဲ့ကြသည်။ သို့ရာတွင် လူအုပ်သည် ယေရှုစကားတော်ကို နှစ်ထောင်းအားရစွာ နားထောင်ခဲ့ကြသည်။—မ. ၂၂:၄၁-၄၆။
လယ်ကွင်းဓမ္မအမှုတွင် ထိုသို့သောနိဒါန်းမေးခွန်းများကို အောက်ပါအတိုင်း သင်အသုံးပြုနိုင်ပေမည်– “ခင်ဗျားနဲ့ကျွန်တော်တို့မှာ ကိုယ်ပိုင်နာမည်တွေရှိကြတယ်။ ဘုရားသခင်မှာကော ကိုယ်ပိုင်နာမည်ရှိသလား။ အဖြေကို ဆာလံ ၈၃:၁၈ (ကဘ) မှာ ကျွန်တော်တို့တွေ့ရှိနိုင်တယ်။” “လူသားအားလုံးအတွက် အစိုးရတစ်ခုတည်းသာ ရှိပါဦးမလား။ ဒံယေလ ၂:၄၄၊ ၄၅ မှာ ဘယ်လိုအဖြေပေးထားတယ်ဆိုတာ သတိပြုကြည့်ပါ။” “ကျမ်းစာက ကျွန်တော်တို့ခေတ်မှာ တည်ရှိတဲ့အခြေအနေတွေနဲ့ပတ်သက်သလား။ ၂ တိမောသေ ၃:၁-၅ မှာ ဖော်ပြထားရာနဲ့ ခင်ဗျားအကျွမ်းဝင်တဲ့အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ပါ။” “ဒုက္ခဆင်းရဲခြင်းနှင့်သေခြင်း တစ်နေ့အဆုံးတိုင်ပါဦးမလား။ ကျမ်းစာအဖြေကို ဗျာဒိတ် ၂၁:၄၊ ၅ မှာ တွေ့ရှိနိုင်ပါတယ်။”
ဟောပြောချက်ပေးသည့်အခါတွင် ကျမ်းချက်များကို မိတ်ဆက်ပေးရန် မေးခွန်းများကို ဂရုတစိုက်အသုံးပြုခြင်းက သင့်ပရိသတ်သည် ထိုကျမ်းချက်များနှင့်ရင်းနှီးထားသည့်တိုင် ယင်းတို့ကို အသစ်သောစိတ်ဝင်စားမှုဖြင့် ဖွင့်ကြည့်လာစေရန် လှုံ့ဆော်ပေးနိုင်ပါသည်။ သို့သော် သူတို့ထိုသို့ပြုမည်လော။ ယင်းမှာ သင်မေးလိုက်သည့်မေးခွန်းများသည် သူတို့နှင့် အမှန်တကယ်သက်ဆိုင်မဆိုင်အပေါ် မူတည်ပေမည်။ အကြောင်းအရာသည် ပရိသတ်စိတ်ဝင်စားရာဖြစ်သည့်တိုင် သူတို့ကြိမ်ဖန်များစွာ ကြားခဲ့ပြီးသော ကျမ်းချက်များကို သင်ဖတ်ရှုနေသည့်အခါ သူတို့၏စိတ်အာရုံသည် လွင့်မျောနိုင်ပေမည်။ ထိုအခြေအနေကိုတားဆီးရန်အတွက် သင့်တင်ဆက်မှုကို ဆွဲဆောင်မှုရှိစေရန် ထိုအကြောင်းအရာကို အတော်အတန် စဉ်းစားထားဖို့ လိုအပ်သည်။
ပြဿနာကို တင်ပြပါ။ သင်သည် ပြဿနာတစ်ရပ်ကို တင်ပြကောင်းတင်ပြနိုင်ပြီး ဖြေရှင်းချက်နှင့်သက်ဆိုင်သော ကျမ်းချက်တစ်ချက်ကို အာရုံစူးစိုက်စေပါ။ ပရိသတ်အား သူတို့ရမည့်အရာထက်ပို၍ မမျှော်လင့်စေပါနှင့်။ ကျမ်းချက်တစ်ချက်သည် အဖြေ၏တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြပေးလေ့ရှိသည်။ သို့ရာတွင် ကျမ်းချက်ကို သင်ဖတ်ရှုနေစဉ်အတွင်း ဤကျမ်းချက်သည် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဘယ်လမ်းညွှန်ချက်ပေးသည်ကို ဆင်ခြင်တွေးတောရန် ပရိသတ်အား သင်မေးပေမည်။
ထိုနည်းထပ်တူ ဘုရားရေးရာအကျင့်အကြံ၏ မူတစ်ခုကို သင်ဖော်ပြပြီးနောက် ယင်းကိုလိုက်လျှောက်ခြင်းသည် ဉာဏ်ပညာရှိရာကျကြောင်း ရုပ်လုံးဖော်သည့် သမ္မာကျမ်းစာမှတ်တမ်းတစ်ခုကို အသုံးပြုပေမည်။ ကျမ်းချက်တွင် ဆွေးနွေးနေသည့်အရာနှင့်ဆက်စပ်နေသော သတ်သတ်မှတ်မှတ်အချက်နှစ်ချက် (သို့မဟုတ် ထိုထက်ပိုကောင်းပိုနိုင်) ပါဝင်နေလျှင် ဟောပြောသူအချို့တို့သည် ပရိသတ်အား ယင်းတို့ကိုဂရုစိုက်ကြည့်ရန် ပြောသည်။ အကယ်၍ ပြဿနာသည် တစ်စုံတစ်ရာသောပရိသတ်အတွက် ခက်ခဲလွန်းပုံပေါက်လျှင် ဖြစ်နိုင်ဖွယ်ရာများစွာကို တင်ပြပေးခြင်းဖြင့် စဉ်းစားရန်လှုံ့ဆော်ပေးပြီးနောက် ကျမ်းချက်နှင့် ယင်း၏သက်ဆိုင်ပုံတို့က အဖြေထုတ်ပေးစေပါ။
ကျမ်းစာကို အာဏာပိုင်အဖြစ် ရည်ညွှန်းပါ။ သင့်အကြောင်းအရာအပေါ် စိတ်ဝင်စားမှုကို နှိုးဆွထားပြီး ယင်းနှင့်စပ်လျဉ်း၍ ရှုမြင်သုံးသပ်ချက်တစ်ခု၊ ထိုထက်မက ဖော်ပြထားပြီးဖြစ်ပါက ဤသို့ပြောဆိုရုံမျှဖြင့် ကျမ်းချက်ကို မိတ်ဆက်ပေးနိုင်သည်– “ဒီအချက်အပေါ် ဘုရားသခင့်နှုတ်ကပါဌ်တော်က မိန့်ဆိုထားရာကို သတိပြုပါ။” ယင်းက သင်ဖတ်ရှုမည့်အကြောင်းအရာသည် အဘယ်ကြောင့် ခိုင်လုံကြောင်းပြသည်။
သမ္မာကျမ်းစာ၏အပိုင်းများကို ရေးသားရန် ယောဟန်၊ လုကာ၊ ပေါလုနှင့် ပေတရုကဲ့သို့သော အမျိုးသားများကို ယေဟောဝါအသုံးပြုတော်မူခဲ့သည်။ သို့သော် သူတို့သည် စာရေးသားသူများသာဖြစ်ကြသည်; ယေဟောဝါသည် အာဘော်ရှင်ဖြစ်သည်။ အထူးသဖြင့် သမ္မာကျမ်းစာသင်သားများမဟုတ်ကြသူတို့ကို ဟောပြောရာတွင် “ပေတရုကရေးသားခဲ့” သို့မဟုတ် “ပေါလုကပြောဆိုခဲ့” ဟုဆိုကာ ကျမ်းချက်ကို မိတ်ဆက်ပေးခြင်းက ကျမ်းချက်ကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် ခွဲခြားသိမြင်စေသည့် မိတ်ဆက်ပေးမှုတစ်ခုကဲ့သို့ ထပ်တူစွမ်းပကားရှိနိုင်မည်မဟုတ်ချေ။ အဖြစ်အပျက်အချို့တွင် ယေဟောဝါသည် ယေရမိအား “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နှုတ်ကပါဌ်တော်ကို နားထောင်ကြ” ဟုပြောဆိုခြင်းအားဖြင့် ကြွေးကြော်ချက်များကို အစချီမိတ်ဆက်ပေးရန် ညွှန်ကြားခဲ့သည်မှာ မှတ်သားထိုက်ပေသည်။ (ယေ. ၇:၂; ၁၇:၂၀; ၁၉:၃; ၂၂:၂) ကျမ်းချက်များကို မိတ်ဆက်ပေးရာတွင် ယေဟောဝါ၏နာမတော်ကို ကျွန်ုပ်တို့အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဆွေးနွေးခန်းကို နိဂုံးမချုပ်မီ ကျမ်းစာတွင်ရှိသည့်အရာသည် ကိုယ်တော့်စကားတော်ဖြစ်ကြောင်း ပြညွှန်ပေးရန် ကြိုးပမ်းသင့်သည်။
အထက်အောက်စကားကို ထည့်တွက်စဉ်းစားပါ။ ကျမ်းချက်ကို မည်သို့မိတ်ဆက်ပေးရမည်ကို ဆုံးဖြတ်သည့်အခါ အထက်အောက်စကားကို သတိပြုသင့်ပေသည်။ ကိစ္စရပ်အချို့တွင် အထက်အောက်စကားကို သင်တိုက်ရိုက်ရည်ညွှန်းပေမည်; သို့သော် အထက်အောက်စကားက သင်ပြောဆိုရာကို အခြားနည်းလမ်းများဖြင့် ဩဇာလွှမ်းမိုးသွားနိုင်သည်။ ဥပမာအနေဖြင့် ဘုရားသခင်အားကြောက်ရွံ့သော ယောဘ၏ စကားများကို သင်မိတ်ဆက်ပေးရာတွင် သူ၏အတုအယောင်နှစ်သိမ့်မှုပေးသူများမှ တစ်ဦး၏ပြောဆိုချက်နှင့် တစ်ပုံစံတည်း သင်မိတ်ဆက်ပေးမည်လော။ တမန်တော်ဝတ္ထုကို လုကာရေးသားခဲ့သော်လည်း အခြားသူများအပါအဝင်၊ ယုဒ၊ ပေတရု၊ ပေါလု၊ ဖိလိပ္ပု၊ သတေဖန်နှင့် ကောင်းကင်တမန်များအပြင် ဂါမလျေလနှင့် ခရစ်ယာန်များမဟုတ်ကြသည့် အခြားဂျူးများကိုပါ သူကိုးကားသည်။ သင်ကိုးကားသည့်ကျမ်းချက်ကို မည်သူ့အမည်တပ်၍ပြောမည်နည်း။ ဥပမာအနေနှင့် ဆာလံကျမ်းကို ဒါဝိဒ်တစ်ဦးတည်း သီကုံးရေးစပ်ခဲ့ခြင်းမဟုတ်သကဲ့သို့ သုတ္တံကျမ်းကိုလည်း ရှောလမုန်တစ်ယောက်တည်း ရေးသားခဲ့ခြင်းမဟုတ်ကြောင်း သတိရပါ။ မည်သူက ကျမ်းစာရေးသားသူအဖြစ် ဖော်ပြပေးခံရကြောင်းနှင့် အဘယ်ယေဘုယျအကြောင်းအရာကို ဆွေးနွေးနေကြောင်း သိရှိထားခြင်းသည်လည်း အကျိုးဖြစ်ထွန်းသည်။
နောက်ခံသတင်းအချက်အလက်ကို အသုံးပြုပါ။ ကျမ်းစာကိုမှတ်တမ်းတင်သည့်အချိန်၌ တည်ရှိခဲ့သည့် အခြေအနေများသည် သင်ဆွေးနွေးနေသည့် အခြေအနေများနှင့် ဆင်တူကြောင်းပြသနိုင်မည်ဆိုလျှင် ယင်းသည် အထူးသဖြင့် ထိရောက်သည်။ တစ်ခါတစ်ရံ တစ်စုံတစ်ရာသောကျမ်းချက်ကို နားလည်နိုင်ရန် နောက်ခံသတင်းအချက်အလက် လိုအပ်သည်။ ဥပမာ၊ ရွေးနုတ်ဖိုးနှင့်ပတ်သက်သည့် ဟောပြောချက်တစ်ခု၌ ဟေဗြဲ ၉:၁၂၊ ၂၄ ကိုအသုံးပြုရန်ဖြစ်ပါက တဲတော်၏ အတွင်းအကျဆုံးအခန်းသည် ယေရှုကောင်းကင်သို့ တက်ကြွသွားသောအခါ ဝင်ရောက်သွားခဲ့သည့်နေရာကိုဖော်ပြသည့် ကျမ်းချက်ကိုဖတ်ကာ တိုတုတ်သောရှင်းလင်းချက်ဖြင့် နိဒါန်းပျိုးရန် လိုအပ်ကြောင်း သင်တွေ့ရှိမည်။ သို့သော် သင် မိတ်ဆက်ပေးနေသည့် ကျမ်းချက်ကို မြုပ်သွားစေလောက်သည်အထိ နောက်ခံအကြောင်းအရာ မများလွန်းစေပါနှင့်။
ကျမ်းချက်များ မိတ်ဆက်ပေးနည်းကို တိုးတက်စေရန် အတွေ့အကြုံရှိဟောပြောသူများ လုပ်ဆောင်ပုံကို ဆန်းစစ်ပါ။ သူတို့အသုံးပြုသည့် ကွဲပြားသောနည်းစနစ်များကို မှတ်သားထားပါ။ ယင်းနည်းစနစ်များ၏ ထိရောက်မှုကို ဆန်းစစ်ကြည့်ပါ။ ဟောပြောချက်များပြင်ဆင်ရာတွင် အဓိကကျမ်းချက်များကို ခွဲခြားသိမြင်ပြီး ကျမ်းချက်တစ်ခုစီသည် အဘယ်အရာအား ပြီးမြောက်သင့်ကြောင်းကို အထူးဂရုပြုစဉ်းစားပါ။ ကျမ်းချက်တစ်ချက်စီအတွက် မိတ်ဆက်ပေးခြင်းကို အသေအချာစီစဉ်ပါ၊ သို့ဖြင့် ယင်းကို အထိရောက်ဆုံး အသုံးပြုနိုင်ပေလိမ့်မည်။ နောက်ပိုင်းတွင် အသုံးပြုသည့် ကျမ်းချက်များအားလုံးပါဝင်စေရန် တိုးချဲ့လိုက်ပါ။ သင့်တင်ဆက်မှု၏ ဤအပိုင်းကဏ္ဍ တိုးတက်လာသည်နှင့်အမျှ ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် သင်ပို၍အာရုံစူးစိုက်စေပေမည်။