သင်ခန်းစာ ၂၅
ကျမ်းချက်များကို ဖတ်ခြင်းနှင့် သက်ဆိုင်ပုံကိုတင်ပြခြင်း
၁–၃။ ဟောပြောချက်များပေးရာတွင် ကျမ်းချက်များကို မည်သို့ဖတ်သင့်သနည်း။
၁ ဘုရားသခင်၏ရည်ရွယ်တော်မူချက်များအကြောင်းကို သူတစ်ပါးအား သီးသန့်သော်လည်းကောင်း၊ စင်မြင့်ပေါ်မှသော်လည်းကောင်း ပြောဆိုသောအခါ သင်ဆွေးနွေးတင်ပြသောအကြောင်းသည် ကျမ်းစာမှ သင်ဖတ်သော ကျမ်းချက်များကို ဗဟိုပြုသည်။ ထို့ကြောင့် ယင်းကျမ်းချက်များကို တကယ်ဖတ်ရှုရာတွင် ကောင်းစွာပြုသင့်သည်။ ခံစားချက်မဲ့ဖြင့်မဖတ်သင့်ချေ။ သို့အစား ယင်း၏ရည်ရွယ်ချက် အောင်မြင်ဖို့ဆိုလျှင် ဖတ်ရှုခြင်းသည် သင်၏တင်ဆက်မှုကို လှုံ့ဆော်မှုထပ်ဆင့်သင့်သည်။ ထို့ကြောင့် စကားပြောသွန်သင်ချက်လွှာတွင် “ကျမ်းချက်များကို လေးနက်မှုနှင့်ဖတ်ခြင်း” ဟုဖော်ပြထားရာ ယင်းကို အရည်အသွေးပြည့် ဓမ္မအမှုဆောင်ဖြစ်လိုသူတိုင်း အထူးဂရုစိုက်စရာဖြစ်သည်။
၂ ကျမ်းချက်များကို ခံစားချက်နှင့် ဖတ်ရမည်ဖြစ်သော်လည်း မလွန်ကဲသင့်ပါ။ ခံစားချက် မည်မျှဖြင့် ကျမ်းချက်တစ်ချက်ကို ဖတ်ရမည်ကား ကျမ်းချက်ကိုယ်နှိုက်အပေါ်ဖြစ်စေ၊ ဟောပြောချက်၏ ဇာတ်အိမ်အပေါ်ဖြစ်စေ မူတည်သည်။ အကြောင်းပြချက်ကို အထူးပေါ်လွင်စေသင့်သော်လည်း ဖတ်ပြပုံအပေါ် အာရုံစူးစိုက်ခြင်း မဖြစ်စေသင့်ပါ။
၃ ထို့ပြင် သင့်အကြောင်းပြချက်ကို ထောက်ခံသည့် ကျမ်းချက်ပိုင်းအပေါ် ဖတ်ပြပုံက အာရုံစူးစိုက်စေသင့်သည်။ ပရိသတ် ယုံကြည်စိတ်ချသွားရန် လိုရင်းချက်ကို စွဲထင်မှတ်သွားစေသင့်သည်။ သို့ဖြစ်သောကြောင့် လျောက်ပတ်သောလေးနက်မှုဖြင့် ကျမ်းချက်များကို ဖတ်ခြင်းက စိတ်ချယုံကြည်မှု တိုးပွားစေသည်။ ယင်းသို့ဖတ်ရှုခြင်းက ခိုင်လုံယုံကြည်မှုရှိစေသည်။
၄၊ ၅။ “စကားလုံးအမှန်ကို အလေးပေး ဖိဖတ်ခြင်း” ကား အဘယ်နည်း။ ဥပမာပေးပါ။
၄ စကားလုံးအမှန်ကို အလေးပေး ဖိဖတ်ခြင်း။ ကျမ်းချက်ကိုဖတ်ရသည့်အကြောင်းရင်းက အဘယ်စကားလုံးကို အလေးပေး ဖိဖတ်မည်ဟု အဆုံးအဖြတ်ပေးသည်။ ကျမ်းချက်ပါ အချက်တိုင်းကို လေးနက်မှုတစ်မျိုးတည်းဖြင့် ဖတ်ပါက မည်သည့်အရာမျှ ပေါ်လွင်မည်မဟုတ်။ သင့်အကြောင်းပြချက်၏လိုရင်းချက်ပင် ပျောက်လွင့်သွားနိုင်သည်။ ထို့ကြောင့် သင်အထူးအလေးအနက်ပြု ဖတ်သောစကားလုံးများ၌ ကျမ်းချက်ကိုအသုံးပြုရသည့် အဓိပ္ပာယ်ပေါ်လွင်စေသည့်အကြောင်း ပါမပါ အသေအချာသတိပြုပါ။
၅ ဥပမာ၊ အပြစ်ကြောင့် ထာဝရညှဉ်းဆဲခံရသည်မဟုတ်၊ သေရကြောင်း သက်သေထူရန် ယေဇကျေလ ၁၈:၄ (ကဘ) ကိုအသုံးပြုလိုပါက ဤသို့ဖတ်မည်– “ပြစ်မှားသောစိုးလ်သည် သူကိုယ်တိုင်အသက်သေရမည်” ဟုစာလုံးစောင်းများကို အထူးအလေးအနက်ပြု ဖတ်မည်။ သို့သော် ကိုယ်ခန္ဓာသာမဟုတ် အမှန်မှာ စိုးလ်သေသွားကြောင်းကို သင်ဖော်ပြလိုပါက “ပြစ်မှားသောစိုးလ်သည် သူကိုယ်တိုင်အသက်သေရမည်” ဟူ၍ စာလုံးစောင်းများကို အထူးအလေးအနက်ပြုဖတ်မည်။ ကျမ်းချက်တစ်ချက်ကို အဘယ်ကြောင့်ဖတ်သည်အပေါ်မူတည်ပြီး အလေးအနက်ပြုဖတ်ခြင်းကို ဆုံးဖြတ်ရမည်ဖြစ်သည်။
၆–၁၂။ ကျမ်းချက်တစ်ခု၏ အဓိပ္ပာယ်ပေါ်စေသည့်စကားလုံးများကို အဘယ်နည်းများဖြင့် အလေးအနက်ပြု ဖော်ပြနိုင်သနည်း။
၆ ထိရောက်သော လေးနက်မှုပြုနည်းကို အသုံးပြုခြင်း။ အဓိပ္ပာယ်ပေါ်စေမည့်စကားလုံးများကို နည်းအမျိုးမျိုးဖြင့် အထူးလေးနက်မှုပြု ဖတ်ပြနိုင်သည်။ သင်အသုံးပြုသောနည်းသည်လည်း ကျမ်းချက်အပြင် ဟောပြောချက်၏ဇာတ်အိမ်နှင့် ကိုက်ညီသင့်သည်။
၇ “ကျမ်းချက်များကို လေးနက်မှုနှင့်ဖတ်ခြင်း” အရည်အချင်း၏ ဤအပိုင်းတွင် နှုတ်ဖြင့် အလေးအနက်ဖော်ပြနည်းအားလုံးကို တင်ပြပေးရန်မရည်ရွယ်ပါ။ အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းအကြောင်းကို လေ့လာသည့်အခါ ယင်းနှင့်စပ်လျဉ်းသော အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိရလိမ့်မည်။ သို့သော် ကျမ်းချက်များကို ထိရောက်စွာ ဖတ်နိုင်သည့်စွမ်းရည် သင်၌ရှိလာဖို့ရန် ဖတ်နည်းအချို့ကို ဤတွင်ဖော်ပြထားသည်။
၈ အသံလေးနက်မှု။ ဤတွင် အသံအပြောင်းအလဲအမျိုးမျိုး၊ အသံ အနိမ့်အမြင့်၊ အသံ အနှေးအမြန်၊ အသံ အတိုးအကျယ်တို့ပါဝင်၍ ဝါကျတစ်ခုရှိ အဓိပ္ပာယ်ပေါ်စေသောစကားလုံးများကို အခြားစကားလုံးများမှ ပေါ်လွင်စေခြင်းဖြစ်သည်။
၉ ရပ်တန့်ခြင်း။ ယင်းကို သင့်ကျမ်းချက်၏ သော့ချက်အပိုင်း မတိုင်မီ သို့မဟုတ် ပြီးနောက်တွင်၊ သို့မဟုတ် နှစ်နေရာစလုံးတွင် ပြုလုပ်နိုင်သည်။ အဓိကအကြောင်းကိုမဖတ်မီ ရပ်တန့်ခြင်းက စောင့်မျှော်စေသည်; ၎င်းနောက် ရပ်တန့်ခြင်းက စိတ်ထဲ စိမ့်ဝင်စွဲမှတ်စေသည်။
၁၀ ထပ်မံတင်ပြခြင်း။ သင်ကိုယ်တိုင်ဝင်စွက်ကာ ယင်းစကားလုံး၊ သို့မဟုတ် စကားစုကို ပြန်ဖတ်ခြင်းဖြင့် လေးနက်မှုဖြစ်စေနိုင်သည်။ ဤနည်းကို ချင့်ချိန် အသုံးပြုသင့်သည်။
၁၁ ကိုယ်ဟန်အမူအရာများ။ ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် မျက်နှာအနေအထားအားဖြင့် စကားလုံး သို့မဟုတ် စကားစုကို ဖြတ်တောက်ရန် ထောက်ကူပေးလေ့ရှိသည်။
၁၂ လေသံ။ တစ်ခါတစ်ရံ စကားလုံးများကို ဖတ်သည့်လေသံက ယင်း၏အဓိပ္ပာယ်ကို ထိခိုက်နိုင်သည်။ စကားလုံးကို ထူးခြားစေသည်။ ဤတွင်လည်း ချင့်ချိန်အသုံးပြုဖို့လိုသည်။ အထူးသဖြင့် ငေါ့သံကိုအသုံးပြုသည့်အခါ သတိရှိရမည်။
၁၃၊ ၁၄။ အိမ်ရှင်က ကျမ်းချက်ကို ဖတ်သည့်အခါ ယင်း၏ သော့ချက်စကားများကို ကျွန်ုပ်တို့မည်သို့ အလေးအနက်ပြုနိုင်မည်နည်း။
၁၃ အိမ်ရှင်ဖတ်သည့် ကျမ်းချက်များ။ ကျမ်းချက်ကို အိမ်ရှင်ကဖတ်သည့်အခါ စကားလုံးအမှားများကို အလေးပေးဖတ်ပေမည်။ သို့မဟုတ် အလေးပေးခြင်း လုံးဝမရှိဘဲ ဖတ်ပေမည်။ ထိုအခါ သင်ဘာလုပ်နိုင်သနည်း။ များသောအားဖြင့် ဤအချိန်အခါမျိုးတွင် သင်အလေးအနက်ပြုလိုသောအချက်ကို ပေါ်လွင်စေရန် ကျမ်းချက်သက်ဆိုင်ပုံကို အလေးပေးရှင်းပြခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကျမ်းချက်ကိုဖတ်ပြီးနောက် ယင်းစကားလုံးများကို ပြန်ဖတ်စေခြင်း၊ သို့မဟုတ် မေးခွန်းမေးခြင်းအားဖြင့် ၎င်းကို အိမ်ရှင်အား အာရုံပြုစေနိုင်သည်။
၁၄ ယင်းကိုပြုရန် အခြားနည်းတစ်နည်းရှိသည်။ သို့သော် သတိပြုပြီး ပါးနပ်လိမ္မာဖို့လိုသည်။ ဖတ်နေစဉ် သင့်တော်သည့်အပိုင်းတွင် တောင်းပန်ပြီး ကြားဖြတ်ကာ သင်အလေးအနက်ပြုလိုသောဖတ်နေသောစကားလုံး သို့မဟုတ် စကားစုကို အာရုံပြုစေနိုင်သည်။ ဤသို့ပြုရာတွင် အိမ်ရှင်အား အနေခက်မသွားစေပါက၊ သို့မဟုတ် စိတ်ထိခိုက်မသွားစေပါက ဤနည်းသည် ထိရောက်နိုင်သည်။ သို့သော် ဤနည်းကို အများအစား အသုံးမပြုသင့်ပါ။
**********
၁၅–၁၇။ ကျမ်းချက်သက်ဆိုင်ပုံကို ရှင်းရှင်းဖော်ပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၅ သင့်ရည်ရွယ်ချက်အောင်မြင်ရန် ကျမ်းချက်ကို လေးနက်မှုဖြင့် ဖတ်သည့်တိုင် များသောအားဖြင့် မလုံလောက်ပါ။ မှန်သည်၊ တစ်ခါတစ်ရံ သင့်အကြောင်းပြချက်ကို ကျမ်းချက်ကိုယ်နှိုက်၏သက်ဆိုင်ပုံက ဖော်ပြပေမည်။ သို့သော် များသောအားဖြင့် ကျမ်းချက်ပါ အဓိပ္ပာယ်ပေါ်စေသည့်စကားလုံးများကို တစ်ဖန်ပြန်အာရုံပြုစေရန် လိုအပ်ပေမည်။ ထို့နောက် အကြောင်းပြချက်နှင့် မည်သို့သက်ဆိုင်ကြောင်း ဖော်ပြနိုင်သည်။ ယင်းကို စကားပြောသွန်သင်ချက်လွှာက “ကျမ်းချက်၏သက်ဆိုင်ပုံကို ရှင်းလင်းတင်ပြခြင်း” ဟုဖော်ပြထားသည်။ သတိရသင့်သည်ကား သာမန်ပုဂ္ဂိုလ်သည် ကျမ်းစာနှင့် အကျွမ်းတဝင်မရှိသည့်အတွက် တစ်ကြိမ်တည်းဖတ်ရုံဖြင့် သင်တင်ပြလိုသောသဘောတရားကို ချက်ချင်းနားလည်လိမ့်မည်မဟုတ်ပါ။ သော့ချက်စကားလုံးများကို တစ်ဖန်ပြန် အလေးအနက်ပြုပြီး သက်ဆိုင်ပုံကို ဖော်ပြခြင်းအားဖြင့် အချက်အလက်များကို စိမ့်ဝင်စေသည်။
၁၆ ကျမ်းချက်၏သက်ဆိုင်ပုံကို ဖော်ပြနိုင်မည်ဆိုလျှင် ယင်းသည် သင့်အကြောင်းပြချက်နှင့် လျော်ညီရမည်။ များသောအားဖြင့်လည်း ယင်းကို လျော်ကန်စွာ ဆက်သွယ်ပေးရမည်။ ထို့နောက် သွန်သင်ခြင်းကို စွဲမှတ်ထားကာ သက်ဆိုင်ပုံကို ရိုးနိုင်သမျှ ရိုးရိုးကလေး ဖော်ပြလိုမည်။
၁၇ ထို့ပြင် ကျမ်းချက်ကို ကိုယ်တိုင် ရှင်းလင်းစွာ နားလည်ထားပြီး သက်ဆိုင်ပုံရှင်းပြခြင်းသည်လည်း တိကျရမည်။ ကျမ်းချက်ကိုအသုံးပြုရာတွင် ယင်း၏ ထက်အောက်စကား၊ အသုံးပြုထားသည့် မူများ သို့မဟုတ် သက်ဆိုင်သူများကို ထည့်စဉ်းစားပါ။ ကျမ်းချက်ရေးသားသူ ရည်ရွယ်သည့်သဘောနှင့် မညီညွတ်ဘဲ ဘယ်တော့မျှအသုံးမပြုပါနှင့်။ သက်ဆိုင်ပုံကို တင်ပြရာတွင် အသင်းမစာပေများကို အနီးကပ်လိုက်လျှောက်ပါ။
၁၈။ သက်ဆိုင်ပုံကိုရှင်းပြရန် သော့ချက်စကားလုံးများကို မည်သို့ထိရောက်စွာ သီးခြားဖော်ပြနိုင်သနည်း။
၁၈ သက်ဆိုင်ပုံကို သီးခြားရှင်းပြရမည့် စကားလုံးများ။ ကျမ်းချက်သက်ဆိုင်ပုံကို မဖော်ပြမီ သို့မဟုတ် ဖော်ပြနေစဉ် သော့ချက်စကားလုံးများကို အများအားဖြင့် ထပ်မံအလေးအနက်ပြု ဖော်ပြသင့်သည်။ ဤသို့ပြုရခြင်းကား သင့်အကြောင်းပြချက်နှင့် မဆက်စပ်သော ကျမ်းချက်ပါအခြားအချက်အလက်များသည် ပဓာနမဟုတ် (သို့) ဒုတိယဖြစ်စေရန်ဖြစ်သည်။ သို့ပြုရန် ကျမ်းချက်ပါစကားလုံးများကို ထပ်မံဖတ်လေ့ရှိသော်လည်း ထိုသို့ပြုရန် မလိုပါ။ အခြေအနေအချို့တွင်မူ သုံးသပ်နေသည့် သီးခြားအကြောင်းအရာများကို ပရိသတ်အာရုံပြုစေရန် အခြားနည်းတစ်နည်းဖြင့် ထိရောက်စွာပြုလုပ်ပေးနိုင်သည်။ ထိုနည်းကား အနက်တူအသံကွဲ စကားလုံးများ အသုံးပြုခြင်းအားဖြင့် သင့်အကြောင်းအရာကို ပြန်ဖော်ပြခြင်းဖြစ်သည်။ အခြားတစ်နည်းမှာ မေးခွန်းများ မေးခြင်းဖြင့်ဖြစ်သည်။ သင့်တင်ဆက်ပုံသည် အိမ်ရှင်နှင့်ပတ်သက်လျှင် သူ့အား သော့ချက်အကြောင်းအရာများ ပြောထုတ်စေရန် မေးခွန်းများ မေးနိုင်သည်။
၁၉–၂၂။ “နိဒါန်း၏လိုရင်းချက်ကို စွဲမှတ်စေခြင်း” ဟုဆိုရာတွင် ဘာကိုဆက်ပြုလုပ်ခြင်းကို ဆိုလိုသနည်း။
၁၉ နိဒါန်း၏လိုရင်းချက်ကို စွဲမှတ်စေခြင်း။ ဆိုလိုသည်မှာ ကျမ်းချက်အသုံးပြုရခြင်း ရည်ရွယ်ချက်ကို ကောင်းစွာနားလည်၍ တန်ဖိုးထား၊ မထား အသေအချာသိရှိခြင်းဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် ကျမ်းချက်ကို ထုံးစံရှိသကဲ့သို့ နိဒါန်းပျိုးစရာမလို၊ ထိုသို့ပြုဖို့မကောင်းဟု သင်ဆုံးဖြတ်ပေမည်။ သို့သော် ကျမ်းချက်ပါ လိုရင်းချက်ကို ထိမိအောင်မပြောရဟု မဆိုလိုပါ။ အမှန်မှာ ကျမ်းချက်ကိုမဖတ်မီ အများအားဖြင့် သင့်အကြောင်းပြချက်အတွက် လမ်းခင်းထားပြီးပြီဖြစ်သည်။ ယခု ကျမ်းချက်အသုံးပြုရခြင်းအကြောင်းကို နားလည်စေရန် အနည်းငယ်ဆက်လက်ရှင်းပြစရာလိုအပ်သည်။
၂၀ သင့်ပရိသတ်နှင့် အကြောင်းအရာတွင်ပါသောအချက်၏ အရေးကြီးမှုက ကျမ်းချက်သက်ဆိုင်ပုံကို အဘယ်အတိုင်းအတာအထိ ရှင်းပြရမည်ကို ဆုံးဖြတ်ပေးမည်။ ကျမ်းချက်ကို ဆွေးနွေးရုံမျှနှင့် လုံလောက်လေ့မရှိပါ။ သင်နိဒါန်းပျိုးထားသည့် အကြောင်းပြချက်နှင့် ကျမ်းချက်တွင် အလေးအနက်ဖော်ပြထားသည့်အချက်ကို ဆက်သွယ်ပေးရမည်။ မည်သို့ဆက်စပ်သည်ကို သင်ရှင်းပြဖို့လိုသည်။
၂၁ သက်ဆိုင်ပုံကို ရိုးနိုင်သ၍ ရိုးရိုးကလေးတင်ပြပြီး သင့်ရည်မှန်းချက် ပန်းတိုင်ရောက်မည်ဆိုလျှင် အလွန်ကောင်းသည်။ မဆီမဆိုင်သော အသေးစိတ်အချက်အလက်များ လုံးဝမပါသင့်ပါ။ ယင်းသို့ဖြစ်နိုင်ရန် သင့်အကြောင်းပြချက်ကို နည်းနိုင်သမျှနည်းစေပြီး နားလည်ရလွယ်ကူစေရန် လိုအပ်သည့်အချက်များကိုသာ ဖြည့်စွက်ပေးခြင်းဖြင့်ဖြစ်သည်။ နိဒါန်းတွင် အဖြေမဖော်ဘဲ ချန်လှပ်ထားသည့်အချက်များရှိမည်ဆိုလျှင် သက်ဆိုင်ပုံကို ဖော်ပြရာတွင် အဖြေဖော်ပြရမည်။
၂၂ စကားပြောလေ့ကျင့်ပေးခြင်းအစီအစဉ်တွင် ဤအထိတိုးတက်လာပြီဖြစ်ရာ ရိုးရိုးရှင်းရှင်းနှင့် တဲ့တိုးပြောခြင်းသည် သင့်ပန်းတိုင်ဖြစ်သင့်သည်။ ယင်းကိုအောင်မြင်ပြီဆိုလျှင် သင်စာဖတ်ပုံနှင့် ကျမ်းချက်များ သက်ဆိုင်ပုံကိုဖော်ပြခြင်းသည် ကျွမ်းကျင်သောဆရာတစ်ဦးကဲ့သို့ဖြစ်ချေပြီ။