လူထုဟောပြောချက်များ ပြင်ဆင်ခြင်း
အပတ်စဉ် ယေဟောဝါသက်သေများ၏ အသင်းတော်အများစုသည် ကျမ်းစာပါအကြောင်းတစ်ခုနှင့်ပတ်သက်သည့် လူထုဟောပြောချက်တစ်ခုကို စီစဉ်ကြသည်။ သင်သည်အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးဖြစ်လျှင် သင်သည် ထိရောက်သောလူထုဟောပြောချက်ပေးသူ၊ သွန်သင်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားပြသလော။ ထိုသို့ဆိုလျှင် သင်သည် လူထုဟောပြောချက်ပေးရန် တာဝန်ပေးခံရပေမည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသည် ထောင်သောင်းမကသောညီအစ်ကိုများကို ဤလုပ်ငန်းတော်အခွင့်ထူးအတွက် အရည်အချင်းပြည့်မီရန်ကူညီပေးခဲ့ပြီ။ လူထုဟောပြောချက်ပေးရန်တာဝန်ကျသည့်အခါ မည်သည့်နေရာမှစတင်သင့်သနည်း။
အောက်လိုင်းကိုလေ့လာပါ
မည်သည့်ရှာဖွေမှုမျှ မပြုလုပ်မီ အောက်လိုင်းကိုဖတ်ရှုပြီး ၎င်းကို သဘောပေါက်သည်အထိ ဆင်ခြင်တွေးတောပါ။ ဟောပြောချက်၏ခေါင်းစီးဖြစ်သော အဓိကအကြောင်းကို စိတ်ထဲထားပါ။ ပရိသတ်အား သင်သွန်သင်ပေးမည့်အရာကား အဘယ်နည်း။ သင့်ရည်မှန်းချက်ကားအဘယ်နည်း။
အဓိကခေါင်းစဉ်များနှင့်ရင်းနှီးလာစေပါ။ ယင်းအဓိကအချက်များကို ဆန်းစစ်လေ့လာပါ။ တစ်ခုစီသည် အဓိကအကြောင်းနှင့်မည်သို့ဆက်နွှယ်နေသနည်း။ အဓိကအချက်တစ်ချက်စီအောက်၌ အချက်ငယ်များစွာကို ဖော်ပြထားသည်။ အချက်ငယ်များအား ထောက်မသည့်အချက်များကို ယင်းအချက်ငယ်တို့အောက်တွင်တင်ပြထားသည်။ အောက်လိုင်း၏အပိုင်းတစ်ခုစီသည် ရှေ့အကြောင်းပေါ်တွင်တည်ဆောက်ထားပုံ၊ နောက်အပိုင်းဆီသို့ ဦးတည်ပေးပုံနှင့် ဟောပြောချက်၏ရည်မှန်းချက်ကို အထမြောက်စေပုံတို့ကို သုံးသပ်ပါ။ အဓိကအကြောင်း၊ ဟောပြောချက်၏ရည်မှန်းချက်နှင့် ထိုရည်မှန်းချက်ကို အဓိကအချက်များက မည်သို့အထမြောက်စေပုံတို့ကို နားလည်သည့်အခါတွင် သင်သည် အကြောင်းအရာကို စတင်တည်ဆောက်သွားရန် အဆင်သင့်ဖြစ်နေလေပြီ။
ရှေးဦးစွာ သင်၏ဟောပြောချက်ကို အဓိကအချက်တစ်ချက်စီပါသည့် ဟောပြောချက်အတိုလေးခု သို့မဟုတ် ငါးခုအဖြစ်ယူမှတ်ခြင်းသည် အကူအညီဖြစ်ကြောင်း သင်တွေ့ရှိရပေမည်။ ယင်းတို့ကို တစ်ကြိမ်လျှင်တစ်ချက် ပြင်ဆင်ပါ။
ပေးထားသည့်အောက်လိုင်းသည် ပြင်ဆင်ရေးကိရိယာတစ်ခုဖြစ်သည်။ သင် ပေးမည့်ဟောပြောချက်၏မှတ်စုများအဖြစ် ယင်းကိုအသုံးပြုရန် မရည်ရွယ်ပါ။ ယင်းသည်အရိုးစုတစ်စုကဲ့သို့ဖြစ်၏။ ၎င်းအပေါ် အသားဖြည့်ပေး၊ နှလုံးတစ်ခုပေးပြီး ထွက်သက်ဝင်သက်ထည့်ပေးဖို့ လိုအပ်သည့်အလားဖြစ်ပေမည်။
ကျမ်းစာကိုအသုံးပြုခြင်း
ယေရှုခရစ်နှင့် ကိုယ်တော်၏တပည့်တော်များသည် မိမိတို့၏သွန်သင်ချက်ကို ကျမ်းစာပေါ်၌အခြေပြုခဲ့ကြသည်။ (လု. ၄:၁၆-၂၁; ၂၄:၂၇; တ. ၁၇:၂၊ ၃) ထို့အတူသင်ပြုလုပ်နိုင်ပေသည်။ ကျမ်းစာသည် သင့်ဟောပြောချက်၏အခြေခံဖြစ်သင့်သည်။ ပေးထားသည့်အောက်လိုင်းတွင် ကျိုးကြောင်းဖော်ပြချက်များကို ရှင်းပြရုံ၊ ဆက်စပ်ပြရုံပြုမည့်အစား ကျမ်းစာက ထိုကျိုးကြောင်းဖော်ပြချက်များကို မည်သို့ထောက်မထားကြောင်း ပိုင်းခြားသိမြင်ပါ၊ ထို့နောက် ကျမ်းစာမှသွန်သင်ပါ။
ဟောပြောချက်ကိုပြင်ဆင်သည့်အခါ အောက်လိုင်းတွင် ကိုးကားထားသည့်ကျမ်းချက်တိုင်းကို ဆန်းစစ်ပါ။ အထက်အောက်စကားများကို မှတ်သားပါ။ အချို့သောကျမ်းချက်များသည် နောက်ခံအကြောင်းကို အထောက်အကူပြုရုံသာပြုပေမည်။ ဟောပြောချက်ပေးနေချိန်အတောအတွင်း ယင်းတို့အားလုံးကိုဖတ်ဖို့ သို့မဟုတ် မှတ်ချက်ပေးဖို့မလိုအပ်ချေ။ သင့်ပရိသတ်အတွက် အကောင်းဆုံးအချက်များကို ရွေးချယ်ပါ။ သင်သည် ပုံနှိပ်ထားသည့်အောက်လိုင်းတွင် ကိုးကားထားသည့်ကျမ်းချက်များအပေါ် အာရုံစူးစိုက်ပါက ထပ်ဆင့်ကျမ်းစာရည်ညွှန်းချက်များကိုအသုံးပြုရန် လိုအပ်မည်မဟုတ်ပါ။
သင်၏ဟောပြောချက် အထမြောက်အောင်မြင်မှုသည် အသုံးပြုသည့် ကျမ်းစောင်အရေအတွက်ပေါ်တွင်မဟုတ်ဘဲ သွန်သင်ချက်အရည်အသွေးပေါ်တွင် မူတည်သည်။ ကျမ်းစောင်များကို နိဒါန်းပျိုးသည့်အခါ၌ ယင်းတို့ကို အဘယ်ကြောင့်သုံးကြောင်း ဖော်ပြပါ။ ယင်းတို့ကို ဆက်စပ်တင်ပြရန် အချိန်ပေးပါ။ ကျမ်းတစ်ချက်ကို သင်ဖတ်ရှုပြီးနောက် ကျမ်းချက်ကိုဆွေးနွေးနေစဉ် ကျမ်းစာကိုဆက်ဖွင့်ထားပါ။ သင့်ပရိသတ်လည်း ထပ်တူဖွင့်ထားပေမည်။ သင့်ပရိသတ်၏စိတ်ဝင်စားမှုကို သင်မည်သို့နှိုးဆွနိုင်ပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ပြည့်ပြည့်ဝဝပို၍အကျိုးရရှိအောင် မည်သို့ကူညီနိုင်မည်နည်း။ (နေ. ၈:၈၊ ၁၂) ရှင်းလင်းခြင်း၊ ပုံဥပမာပေးခြင်းနှင့် သက်ဆိုင်ပုံတင်ပြခြင်းတို့ဖြင့် ထိုသို့သင်ပြုလုပ်နိုင်သည်။
ရှင်းလင်းခြင်း။ သော့ချက်တစ်ချက်ကို ရှင်းလင်းရန်ပြင်ဆင်သည့်အခါ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ယင်းက ဘာကိုဆိုလိုတာလဲ။ ငါ့ရဲ့ဟောပြောချက်မှာဘာကြောင့် ဒါကိုအသုံးပြုနေတာလဲ။ ဒီအခန်းငယ်နှင့်ပတ်သက်ပြီး ပရိသတ်က သူတို့ကိုယ်သူတို့ ဘာတွေမေးကောင်းမေးနေကြမလဲ။’ အထက်အောက်ကျမ်းစကား၊ နောက်ခံ၊ ပတ်ဝန်းကျင်အခြေအနေ၊ စကားလုံးများ၏အားမာန်၊ မှုတ်သွင်းခံစာရေးသူ၏ရည်စူးချက်တို့ကို ဆန်းစစ်ရန်လိုပေမည်။ ယင်းကသုတေသနပြုဖို့လိုအပ်သည်။ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှစီမံပေးထားသည့်စာပေများတွင် မြောက်မြားစွာသောအဖိုးမဖြတ်နိုင်သည့် အချက်အလက်ကို သင်တွေ့ရှိရမည်။ (မ. ၂၄:၄၅-၄၇၊ သမ) ကျမ်းချက်နှင့်စပ်လျဉ်း၍ အလုံးစုံရှင်းပြရန်မကြိုးစားဘဲ ဆွေးနွေးနေသည့်အချက်နှင့် ဆက်စပ်နေသောကျမ်းချက်ကို ပရိသတ်အား သင်အဘယ်ကြောင့် ဖတ်စေရကြောင်းကို ရှင်းပြပါ။
ပုံဥပမာပေးခြင်း။ ပုံဥပမာပေးခြင်း၏ရည်ရွယ်ချက်မှာ သင့်ပရိသတ်အား သာ၍နက်နဲသည့် နားလည်မှုအဆင့်ဆီသို့ ဦးဆောင်သွားရန် သို့မဟုတ် သင်ဆွေးနွေးခဲ့သည့်အချက်တစ်ချက် သို့မဟုတ် အခြေခံမူကို သူတို့မှတ်မိစေရန်ဖြစ်သည်။ ပုံဥပမာများက လူတို့အားသင်ပြောပြခဲ့သည့်အရာကို နားလည်စေကာ သူတို့သိပြီးသည့်အရာတစ်ခုနှင့်ဆက်စပ်ဖို့ ကူညီပေးသည်။ ယင်းသည် ကျော်ကြားသောတောင်ပေါ်ဒေသနာကို ယေရှုပေးချိန်တွင် ကိုယ်တော်ပြုလုပ်ခဲ့ရာဖြစ်သည်။ ‘မိုးကောင်းကင်ငှက်များ၊’ “တောနှင်းပင်၊” “ကျဉ်းသောတံခါး၊” ‘ကျောက်ပေါ်မှာဆောက်သောအိမ်’ ကဲ့သို့သောအသုံးအနှုန်းများက ကိုယ်တော်၏သွန်သင်ခြင်းကို လေးနက်ရှင်းလင်းစေကာ မေ့မရနိုင်အောင်ဖြစ်စေသည်။—မ. အခန်းကြီး ၅–၇။
သက်ဆိုင်ပုံတင်ပြခြင်း။ ကျမ်းတစ်ချက်ကို ရှင်းပြခြင်းနှင့် ပုံဥပမာပေးခြင်းတို့က အသိပညာပေးသည်၊ သို့သော် ရလဒ်များရစေသည့်အရာမှာ ထိုအသိပညာကို ကျင့်သုံးရန် သက်ဆိုင်ပုံတင်ပြခြင်းဖြစ်သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာသတင်းတရားအတိုင်း ဆောင်ရွက်ရန်မှာ သင့်ပရိသတ်၏တာဝန်ဖြစ်သည်၊ သို့သော် အဘယ်အရာပြုရန်လိုအပ်သည်ကို ပိုင်းခြားသိမြင်ရန် သူတို့ကို သင်ကူညီပေးနိုင်သည်။ ပရိသတ်သည် ဆွေးနွေးနေသည့်ကျမ်းချက်အား နားလည်ပြီး ယင်းသည် တင်ပြနေသည့်အချက်နှင့် မည်သို့သက်ဆိုင်သည်ကိုမြင်ကြောင်း သင် စိတ်ချယုံကြည်သည့်အခါ ယုံကြည်ချက်နှင့်အပြုအမူတို့အပေါ် ၎င်း၏ထိထိမိမိအကျိုးသက်ရောက်မှုကို အချိန်လုံလုံလောက်လောက်ယူ၍ သူတို့အားပြသပါ။ မှားယွင်းသောအယူအဆများ သို့မဟုတ် ဆွေးနွေးလျက်ရှိသောအမှန်တရားနှင့် မညီညွတ်သည့်အပြုအမူတို့ကို စွန့်လိုက်ခြင်း၏အကျိုးကျေးဇူးများကို ပေါ်လွင်စေပါ။
ကျမ်းစာသက်ဆိုင်ပုံအား မည်သို့တင်ပြမည်ကို သင်စဉ်းစားသောအခါ သင့်ပရိသတ်တွင်ပါဝင်သည့် လူတို့သည် များပြားသောနောက်ခံမှလာကြကာ အခြေအနေအမျိုးပေါင်းစုံနှင့် ရင်ဆိုင်ကြရကြောင်းကို သတိရပါ။ ဤတွင် စိတ်ဝင်စားသူလူသစ်များ၊ လူငယ်လူရွယ်များ၊ အသက်ကြီးသူများနှင့် အမျိုးမျိုးသော ကိုယ်ရေးကိုယ်တာအခက်အခဲများဖြင့် ရုန်းကန်နေကြသူများ ပါရှိပေမည်။ သင်၏ဟောပြောချက်ကို လက်တွေ့ကျစေပြီး ဘဝဖြစ်ရပ်မှန်အတိုင်းဖြစ်စေပါ။ သင့်စိတ်ထဲတွင် လူအချို့အဝက်လောက်သာရှိသည့်နှယ် သွန်သင်ချက်ပေးခြင်းမျိုးကိုရှောင်ပါ။
ဟောပြောသူ၏ဆုံးဖြတ်ချက်များ
သင်၏ဟောပြောချက်နှင့်စပ်လျဉ်း၍ အချို့သောဆုံးဖြတ်ချက်များကို သင့်အတွက် ဆုံးဖြတ်ပေးထားပြီးဖြစ်သည်။ အဓိကအချက်များကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး အဓိကခေါင်းစဉ်တစ်ခုစီကိုဆွေးနွေးရန် သင် အသုံးပြုသင့်သည့်အချိန်ပမာဏကိုလည်း ရှင်းလင်းစွာ ဖော်ပြထားသည်။ အခြားသောဆုံးဖြတ်ချက်များကိုမူ သင်ချရန်ဖြစ်သည်။ အချို့သောအချက်ငယ်များအပေါ် အချိန်ပို၍အသုံးပြုပြီး အခြားအချက်များအပေါ် အချိန်လျော့သုံးရန် သင်ရွေးချယ်ပေမည်။ အချက်ငယ်တိုင်းကို တန်းတူညီတူ ခြုံငုံတင်ပြရမည်ဟု မယူမှတ်ပါနှင့်။ ယင်းသို့ယူမှတ်ခြင်းသည် အကြောင်းအရာကို အလောတကြီးဖြစ်သွားစေတတ်ပြီး ပရိသတ်ကို ဖုံးလွှမ်းလျှံထွက်သွားစေနိုင်သည်။ သာ၍အကျယ်တဝင့်ရှင်းပြမည့်အချက်၊ အကျဉ်းသာတင်ပြရမည့်အချက် သို့မဟုတ် ကြားညှပ်၍တင်ပြသွားမည့်အချက်တို့ကို သင်မည်သို့ဆုံးဖြတ်နိုင်မည်နည်း။ သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဟောပြောချက်ရဲ့အဓိကအယူအဆကိုတင်ပြဖို့ ဘယ်အချက်တွေက ထောက်ကူပေးမှာလဲ။ ငါ့ရဲ့ပရိသတ်အကျိုးရရှိဖို့အတွက် ဘယ်အချက်တွေက အလားအလာအကောင်းဆုံးလဲ။ ကိုးကားထားတဲ့ကျမ်းချက်တစ်ချက်နဲ့ ဆက်နွှယ်နေတဲ့အချက်တစ်ခုကို ချန်လှပ်ထားခြင်းဟာ တင်ဆက်နေတဲ့ သာဓကတန်းကို အားနည်းသွားစေမလား။’
မှန်းဆချက် သို့မဟုတ် ကိုယ်ပိုင်ထင်မြင်ချက် သွတ်သွင်းခြင်းကို ကြိုးစား၍ရှောင်ကြဉ်ပါ။ ဘုရားသခင့်သားတော်ယေရှုခရစ်ပင် ‘မိမိအလိုအလျောက်’ ပြောဆိုခြင်းကိုရှောင်ကြဉ်ခဲ့သည်။ (ယော. ၁၄:၁၀) လူတို့သည် ယေဟောဝါသက်သေများ၏အစည်းအဝေးများသို့ လာကြသည့်အကြောင်းရင်းမှာ သမ္မာကျမ်းစာဆွေးနွေးချက်ကို နားထောင်ရန်ဖြစ်သည်ကို အသိအမှတ်ပြုပါ။ အဟောအပြောကောင်းသူတစ်ယောက်အဖြစ် သင် ယူမှတ်ခံရလာပါက ဖြစ်နိုင်စရာမှာ မိမိထံမဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်ထံ အာရုံစူးစိုက်စေခြင်းကို သင်အလေ့အကျင့်ပြုလုပ်သောကြောင့်ဖြစ်သည်။ ယင်းကြောင့်၊ သင့်ဟောပြောချက်များသည် လေးမြတ်တန်ဖိုးထားခံရသည်။—ဖိ. ၁:၁၀၊ ၁၁။
ရိုးရှင်းသောအောက်လိုင်းတစ်ခုကို အဆီအနှစ်ပြည့်နေသော ကျမ်းစာရှင်းပြချက်တစ်ခုအဖြစ် အသွင်ပြောင်းခဲ့ပြီးဖြစ်၍ ယခု သင့်ဟောပြောချက်ကို အစမ်းလေ့ကျင့်ဖို့လိုသည်။ အသံထွက်ပြီးလေ့ကျင့်ခြင်းသည် အကျိုးဖြစ်ထွန်း၏။ အရေးကြီးသောအရာမှာ အချက်များအားလုံး စိတ်ထဲ၌ကောင်းစွာရှိကြောင်းသေချာရန်ဖြစ်သည်။ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် သင်ဟောပြောရမည်၊ အကြောင်းအရာကိုအသက်ဝင်စေပြီး အမှန်တရားကို စိတ်အားထက်သန်မှုအပြည့်ဖြင့် တင်ဆက်ရမည်။ ဟောပြောချက်မပေးခင် သင့်ကိုယ်သင်ဤသို့မေးပါ– ‘ဘယ်အရာကို အထမြောက်စေဖို့ ငါမျှော်လင့်နေသလဲ။ အဓိကအချက်များ ပေါ်လွင်သလော။ ကျမ်းစာကို ငါ့ဟောပြောချက်ရဲ့အခြေခံအဖြစ် အမှန်ထားသလော။ အဓိကအချက်တိုင်းကို နောက်အချက်ဆီသို့ သဘာဝကျကျ ဦးတည်စေသလော။ ဟောပြောချက်က ယေဟောဝါနဲ့ကိုယ်တော့်ပြင်ဆင်ပေးမှုများအတွက် လေးမြတ်တန်ဖိုးထားမှုကို တည်ဆောက်ပေးသလော။ နိဂုံးသည် အဓိကအကြောင်းနှင့်တိုက်ရိုက်ဆက်စပ်သလော၊ ပရိသတ်လုပ်ဆောင်ရမည့်အရာကို ပြသလော၊ ယင်းကိုလုပ်ဆောင်ဖို့ သူတို့ကိုလှုံ့ဆော်ပေးသလော။’ ထိုမေးခွန်းများအား ဟုတ်ပါသည်ဟုသင်ဖြေဆိုနိုင်လျှင် အသင်းတော်အကျိုးနှင့် ယေဟောဝါအားချီးမွမ်းခြင်းအတွက် သင်သည် ‘ပညာအတတ်ကိုတင့်တယ်’ စေသည့်အခြေအနေတွင်ရှိနေပါသည်!—သု. ၁၅:၂။