သင်ခန်းစာ ၂၉
သွက်လက်ပြေပြစ်၊ အသံထွက် မှန်မှန်ကန်ကန်နှင့် စကားလက်ဆုံပြောဆိုခြင်း
၁–၄။ သွက်လက်ပြေပြစ်မှုမရှိခြင်း၏ အကြောင်းရင်းများနှင့် လက္ခဏာများကို ဖော်ပြပါ။
၁ ဟောပြောချက်ပေးရန် ပရိသတ်ရှေ့ သင်ရပ်သည့်အခါ တိကျမှန်ကန်သောစကားလုံးများကို ပြောဆိုနိုင်ဖို့အတွက် စဉ်းစားနေရလေ့ရှိပါသလော။ သို့မဟုတ် အသံကျယ်စွာ စာဖတ်သည့်အခါ အချို့အသုံးအနှုန်းများတွင် ထစ်ငေါ့တတ်သလော။ သို့ဖြစ်ပါက သင်သည် သွက်လက်ပြေပြစ်မှု၌ ပြဿနာရှိနေ၏။ စကားပြောသွက်လက်သူဟုဆိုရာတွင် အာဝဇ္ဇန်းရွှင်သူကိုဆိုလိုသည်။ မဆင်မခြင် သို့မဟုတ် ပရိယာယ်ဖြင့်ပြောတတ်သော “လျှာသွက်အာသွက်” သူကိုမဆိုလိုပါ။ ညင်ညင်သာသာ ရှောရှောရှူရှူဖြင့် နာပျော်ဖွယ်ကောင်းစွာ စကားပြောဆိုခြင်းကို ဆိုလိုသည်။ သွက်လက်ပြေပြစ်မှုကို အထူးအလေးပေးရန်အတွက် စကားပြောသွန်သင်ချက်စာရွက်ပေါ်တွင် မှတ်သားထားသည်။
၂ စကားပြောဆိုရာတွင် သွက်လက်ပြေပြစ်မှု များသောအားဖြင့်မရှိရခြင်းမှာ အကြောင်းအရာကို ပီပြင်ရှင်းလင်းစွာ မစဉ်းစားခြင်းနှင့် ပြင်ဆင်မှုကင်းမဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ဝေါဟာရမကြွယ်ခြင်း၊ သို့မဟုတ် စကားလုံးအရွေးမတော်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ စာဖတ်ရာတွင် သွက်လက်ပြေပြစ်မှုမရှိခြင်းကား အသံထွက်ဖတ်သောအကျင့် မရှိခြင်းကြောင့်ဖြစ်သည်။ ဤတွင်လည်း စကားလုံးအသံထွက်ကို အတိအကျမသိခြင်းကြောင့် ထစ်ငေါ့တတ်သည်။ လယ်ကွင်းဓမ္မအမှုတွင် သွက်လက်ပြေပြစ်မှုမရှိခြင်းက အဆိုပါအချက်အလက်များနှင့်အတူ ရှက်ကြောက်တတ်ခြင်း၊ မသေမချာဖြစ်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ဤနေရာတွင် တစ်ခါတစ်ရံ သင့်ပရိသတ်သည် စာသားအတိုင်းပင် သင့်ရှေ့ မှ ထွက်သွားတတ်သည်ဖြစ်သောကြောင့် အခြေအနေဆိုးနိုင်သည်။ နိုင်ငံတော်ခန်းမတွင်မူ သင့်ပရိသတ်သည် စာသားအတိုင်း ထွက်သွားမည်မဟုတ်သော်လည်း စိတ်အားဖြင့် သင့်ထံမှခွာထွက်သွားကာ သင်ပြောဆိုသောစကားများသည် အကျိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် ယင်းသည် အရေးကြီးသောကိစ္စဖြစ်သည်; သွက်လက်ပြေပြစ်မှု အရည်အချင်းရှိရန် အမှန်ကြိုးစားသင့်သည်။
၃ ဟောပြောသူများစွာသည် ဟောပြောချက်ကို ပျက်စီးစေသည့် “ဆိုရင်” အစရှိသည့် အကျင့်ပါ၍ ထပ်ခါအသုံးပြုသော “စကားပိုများ” ထည့်သွင်းပေးတတ်ကြသည်။ သင်စကားပြောဆိုသည့်အခါ ဤစကားလုံးများကို အကြိမ်ကြိမ်ထည့်တတ်သည့်အကျင့် သင်၌ရှိကြောင်းကို မသိပါက ဟောပြောချက်ကို လေ့ကျင့်သည့်အခါ တစ်ဦးတစ်ယောက်အား နားထောင်စေပြီး ယင်းစကားပိုများကို ပြောဆိုတိုင်း ထောက်ပြပေးစေပါ။ သင်အံ့သြသွားကောင်း အံ့သြသွားပေမည်။
၄ အခြားသူတို့မှာမူ စာကြောင်းမဆုံးသေးဘဲ နောက်ပြန်ကျော့ပြီး စာကြောင်းတစ်ကြောင်းလုံးကို အစကတစ်ဖန် ပြန်ပြောသည့်အကျင့်ရှိတတ်သည်။ ဤမကောင်းသောအကျင့် သင်၌ရှိနေမည်ဆိုလျှင် နေ့စဉ်စကားပြောဆိုရာတွင် ယင်းကို ဖျောက်ဖျက်ပစ်နိုင်ရန် ကြိုးစားပါ။ ဦးဆုံး စဉ်းစားဖို့ တမင်အားထုတ်ကြိုးစားကာ မိမိစိတ်ထဲတွင် ဤစဉ်းစားဆင်ခြင်မှုကို ရှင်းလင်းနေရန် ကြိုးစားပါ။ ထို့နောက် “လမ်းခုလတ်” တွင်ရပ်တန့်ခြင်း၊ သို့မဟုတ် အယူအဆကို ပြောင်းလဲခြင်းမပြုဘဲ စဉ်းစားထားချက်တစ်ခုလုံးကို ပြီးပြတ်အောင် ပြောဆိုပါ။
၅–၁၀။ ဟောပြောသူ၏ သွက်လက်ပြေပြစ်မှုကို တိုးတက်စေရန် အဘယ်အကြံဉာဏ်များ ပေးထားသနည်း။
၅ နောက်တစ်ချက်ကား ကျွန်ုပ်တို့သည် ကိုယ့်အကြောင်းပြောသောအခါတွင် စကားလုံးများကိုအသုံးပြုနေကျဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ပြောဆိုလိုသည့်အကြောင်းကို အတိအကျသိရှိထားမည်ဆိုလျှင် စကားလုံးများ အလိုအလျောက်ထွက်ပေါ်လာသင့်သည်။ စကားလုံးများကို စဉ်းစားနေစရာမလိုပါ။ အမှန်မှာ၊ ထိုသဘောတရားကို သင့်စိတ်ထဲတွင် ပီပြင်ရှင်းလင်းနေမနေ သေချာစေပြီးနောက် စကားပြောဆိုစဉ် စကားလုံးများကို စဉ်းစားသွားဖို့ကောင်းသည်။ ထိုသို့သင်ပြုပြီး သင်ပြောနေသည့်စကားလုံးများကို ဂရုစိုက်မည့်အစား သဘောတရားကိုသာ စိတ်စွဲထားမည်ဆိုလျှင် စကားလုံးများသည် အလိုအလျောက်ထွက်လာ၍ ခံစားချက်ရှိသည့်အတိုင်း စဉ်းစားထားချက်များကို သင်တင်ပြနိုင်ပေမည်။ သို့သော် အယူအဆများအစား စကားလုံးများကို သင်စဉ်းစားလိုက်သည်နှင့် သင့်အပြောအဆိုသည် သွက်လက်ပြေပြစ်တော့မည်မဟုတ်ပါ။
၆ သင်သွက်လက်ပြေပြစ်မှုမရှိခြင်းသည် စကားလုံးရွေးချယ်မှုကြောင့်ဖြစ်လျှင် ဝေါဟာရများလာရန် မှန်မှန်လေ့လာဖို့ လိုအပ်ပေမည်။ ကင်းမျှော်စင်နှင့် အသင်းမ၏ အခြားစာပေများတွင် သင်အကျွမ်းတဝင်မရှိသော စကားလုံးများကို အထူးသတိပြုပြီး သင့်နေ့စဉ်သုံး ဝေါဟာရတွင် ထည့်သွင်းပြောဆိုပါ။
၇ စာဖတ်ရာတွင် သွက်လက်ပြေပြစ်မှုမရှိခြင်းသည် များသောအားဖြင့် စကားလုံးများနှင့်အကျွမ်းမဝင်သောကြောင့်ဖြစ်ရာ ဤပြဿနာသင့်တွင်ရှိပါက အသံကျယ်ဖြင့် စည်းစနစ်ကျနစွာ မှန်မှန်ဖတ်သည့်အကျင့်ရှိရန် ကြိုးစားသင့်သည်။
၈ ယင်းကိုပြုလုပ်နိုင်သည့် နည်းတစ်နည်းမှာ အကြောင်းအရာမှ အပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်ကို ရွေးချယ်ပြီးနောက် ထိုအပိုင်း၏လိုရင်းချက်တစ်ခုလုံးကို အကျွမ်းတဝင်ရှိသည်အထိ အသံတိတ်ဖြင့် အသေအချာ ဖတ်ရှုကြည့်ပါ။ ယင်း၌ပါသော စဉ်းစားထားချက်များကို အုပ်စုလိုက် တစ်စုစီ ခွဲခြားထား၍ လိုအပ်လျှင် အမှတ်သင်္ကေတများ ပြသထားပါ။ ထိုနောက် ဤအပိုင်းကို အသံကျယ်ဖြင့် စပြီးဖတ်ကျင့်ပါ။ လေ့ကျင့်ရာတွင် စဉ်းစားထားသောအုပ်စု တစ်စုလုံးကို မကွဲစေဘဲ၊ သို့မဟုတ် မရပ်သင့်သည့်နေရာတွင်မရပ်ဘဲ ထပ်ခါတလဲ ဖတ်ပါ။
၉ အကျွမ်းမဝင်သော၊ သို့မဟုတ် ခဲယဉ်းသောစကားလုံးများကို အသံထွက်မှန်မှန် အလွယ်တကူရွတ်ဆိုနိုင်သည့်အထိ ထပ်ခါတလဲရွတ်သင့်သည်။ ထိုစကားလုံးတစ်လုံးတည်းကို မှန်ကန်စွာဆိုနိုင်ပြီဖြစ်လျှင် ၎င်းပါသည့်ဝါကျတစ်ကြောင်းလုံးကို ပို၍အကျွမ်းတဝင်ရှိစကားလုံးများနည်းတူ ရှောရှောရှူရှူ ဖတ်နိုင်သည့်အထိဖတ်ပါ။
၁၀ ထို့ပြင် မြင်လျှင်မြင်ချင်း ဖတ်ရှုခြင်းအကျင့်ကို မှန်မှန်ပြုလုပ်ပါ။ ဥပမာ၊ နေ့စဉ်ကျမ်းချက်နှင့် မှတ်ချက်များကို မြင်လျှင်မြင်ချင်း အမြဲအသံထွက်ဖတ်ပါ။ စကားလုံးများကို တစ်လုံးချင်းစီ ကြည့်မြင်မည့်အစား သဘောတရားများကို ဖော်ပြသည့် စကားစုလိုက် ကြည့်မြင်တတ်ရန် ကြိုးစားပါ။ လေ့ကျင့်ပေးမည်ဆိုလျှင် ထိရောက်စွာ စကားပြောဆို စာဖတ်ခြင်းနှင့်ဆိုင်သည့် ဤအရေးကြီးအရည်အချင်းကို သင်တတ်မြောက်နိုင်ပါလိမ့်မည်။
**********
၁၁–၁၅။ စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော အရည်အချင်းသည် အသုံးပြုသည့် အသုံးအနှုန်းများအပေါ် မည်သို့မူတည်သနည်း။
၁၁ သွန်သင်ချက်စာရွက်ပေါ် မှတ်သားထားသည့် ရှိသင့်သော အခြားစကားပြောအရည်အချင်းတစ်ခုမှာ “စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော အရည်အချင်း” ဖြစ်သည်။ နေ့စဉ်စကားပြောဆိုရာတွင် ဤအရည်အချင်းကိုအသုံးပြုသော်လည်း ဟောပြောချက်ပေးသည့်အခါ အသုံးပြုပါသလော။ လူစုလူဝေးနှင့် လွယ်ကူစွာ စကားလက်ဆုံပြောဆိုလေ့ရှိသူအချို့ပင် “ဟောပြောချက်ပေး” ရန်ကြိုတင်ပြင်ဆင်ဖို့ တာဝန်ရသည့်အခါ ခါတိုင်းစကားပြောဆိုသည့်အတိုင်း မပြောဆိုတော့ဘဲ “တရားဟောသည့်” ပုံစံပေါက်လာတတ်သည်။ အမှန်မှာ လူထုရှေ့ ဟောပြောသည့် အထိရောက်ဆုံးနည်းမှာ စကားလက်ဆုံပြောဆိုနည်းဖြစ်သည်။
၁၂ စကားလက်ဆုံပြောဆိုခြင်းဆိုင်ရာ အသုံးအနှုန်းများသုံးခြင်း။ စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော ထိရောက်မှုအများဆုံးရှိသည့်နည်းမှာ သုံးသည့် အသုံးအနှုန်းများပေါ် မူတည်သည်။ လက်တန်းဟောပြောချက်တစ်ခုကို ပြင်ဆင်ရာတွင် ပုံနှိပ်စာကြောင်းပါ အသုံးအနှုန်းများကို တစ်လုံးမကျန်ပြန်ပြောဆိုရန် မသင့်ပါ။ ရေးပုံရေးနည်းသည် ပြောပုံပြောနည်းနှင့် ကွာခြားသည်။ သို့ဖြစ်သောကြောင့် ယင်းအယူအဆများကို ကိုယ်ပိုင်စကားနှင့်ပြောဆိုနိုင်ရန် ကြိုးစားပါ။ ဝါကျဖွဲ့နည်းဆိုင်ရာ အသုံးအနှုန်းကိုရှောင်ပါ။
၁၃ စင်မြင့်ပေါ် သင်စကားပြောဆိုပုံသည် သင်နေ့စဉ်စကားပြောဆိုပုံအတိုင်း ဖြစ်သင့်သည်။ “ဟိတ်ဟန်ထုတ်” ဖို့မကြိုးစားသင့်ပါ။ သို့တိုင် သင်ပြင်ဆင်ပြောသော ဟောပြောချက်ပါ အယူအဆများကို အသေအချာစဉ်းစားပြီး ပြင်ဆင်ထား၍ ပြောသဖြင့် ပိုသွက်လက်ပြေပြစ်မည်ဖြစ်သောကြောင့် နေ့စဉ်စကားပြောဆိုခြင်းထက် သာ၍ကောင်းမည်မှာ သဘာဝကျလှသည်။ ယင်းကြောင့် ပြောဆိုသည့် စကားအသုံးအနှုန်းများကို သာ၍ကောင်းစွာ စီကုံးထားသင့်သည်။
၁၄ ယင်းက နေ့စဉ်လေ့ကျင့်မှု၏အရေးပါမှုကို အလေးအနက်ဖော်ပြသည်။ စကားပြောဆိုရာတွင် မိမိပင်ကိုအတိုင်း ပြောဆိုပါ။ ဗန်းစကားကို ရှောင်ပါ။ သင်ဖော်ပြပြောဆိုလိုသည့် သီးခြားစဉ်းစားထားချက်တိုင်းကို ပေါ်လွင်စေရန် စကားအသုံးအနှုန်းတစ်ခုတည်း၊ စကားစုတစ်မျိုးတည်းကိုသာ ထပ်ခါတလဲအသုံးပြုခြင်းကို ရှောင်ပါ။ အဓိပ္ပာယ်လေးနက်စွာပြောဆိုတတ်ရန် သင်ယူပါ။ နေ့စဉ်စကားပြောဆိုခြင်းကို ဂုဏ်ယူပါ၊ စင်မြင့်ပေါ်မှ စကားပြောဆိုသည့်အခါ ရှောရှောရှူရှူထွက်လာမည်ဖြစ်ပြီး မည်သည့်ပရိသတ်မဆို စိတ်ဝင်စားမည့်၊ လွယ်ကူစွာနားလည်နိုင်မည့် လက်ခံဖွယ်ကောင်းသောစကားလုံးများပါသည့် စကားလက်ဆုံပြောဆိုခြင်းအရည်အချင်းဖြင့် ပြောဟောနိုင်ပါလိမ့်မည်။
၁၅ အထူးသဖြင့် လယ်ကွင်းဓမ္မအမှုတွင် ဤအရည်အချင်း ပိုထင်ရှားလာလိမ့်မည်။ သင့်ကျောင်းသားဟောပြောချက်များတွင် အိမ်ရှင်တစ်ဦးနှင့် စကားစမြည်ပြောဆိုနေပါက သင့်ပင်ကိုအတိုင်း လွယ်ကူစွာအသုံးပြုပြောဆိုမည့် အသုံးအနှုန်းများကို အသုံးပြုကာ လယ်ကွင်းလုပ်ငန်း၌ ပါဝင်နေသကဲ့သို့ ကြိုးစားပြောဆိုပါ။ ဤနည်းဖြင့် သင့်ဟောပြောချက်သည် စာမဆန်ဘဲ လက်တွေ့ကျလိမ့်မည်။ ထိုထက်အရေးကြီးသည်ကား လယ်ကွင်းလုပ်ငန်းတွင် ပိုမိုထိရောက်သောဟောပြောချက်များပေးနိုင်ရန် သင်လေ့ကျင့်မှုရရှိလိမ့်မည်။
၁၆–၁၉။ စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော အရည်အချင်းကို တင်ပြပြောဆိုနည်းက မည်သို့သြဇာသက်ရောက်နိုင်ကြောင်း တင်ပြပါ။
၁၆ စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော တင်ပြပြောဆိုနည်း။ စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော အရည်အချင်းသည် အသုံးပြုသော အသုံးအနှုန်းများအပေါ်သာ မူတည်သည်မဟုတ်ပါ။ သင့်ဟောပြောပုံဟောပြောနည်းသည်လည်း အရေးကြီးသည်။ ၎င်းတွင် လေသံ၊ အသံပြောင်းလဲခြင်းနှင့် ပင်ကိုအတိုင်း ပြောဆိုခြင်းတို့ ပါဝင်သည်။ ယင်းသည် ပရိသတ်ကြားလောက်အောင် အသံကျယ်စွာပြောဆိုခြင်းဖြစ်သော်လည်း နေ့စဉ်စကားပြောဆိုသကဲ့သို့ပင် လက်တန်းဟောခြင်းဖြစ်သည်။
၁၇ စကားလက်ဆုံပြောဆိုခြင်းဆိုင်ရာ ဟောပြောနည်းသည် မိန့်ခွန်းပေးခြင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ “တရားဟောသည့်” ပုံစံမျိုး လုံးဝမပါဘဲ ဟန်ဆောင်လုပ်ပြသည့် ပုံစံများ ကင်းရှင်းသည်။
၁၈ လူသစ်များ စကားလက်ဆုံပြောဆိုခြင်း အရည်အချင်းမရှိသည့် အကြောင်းတစ်ကြောင်းမှာ မိမိတို့အသုံးပြုမည့် စကားလုံးဝေါဟာရကို အထူးဂရုစိုက် ပြင်ဆင်ထားခြင်းကြောင့်ဖြစ်သည်။ ဟောပြောပုံကို ပြင်ဆင်ရာတွင် စကားလုံး လုံးစေ့ပတ်စေ့ အလွတ်ရမှ ကောင်းစွာပြင်ဆင်ထားခြင်းဖြစ်သည်ဟု မထင်ပါနှင့်။ လက်တန်းဟောပြောခြင်းတွင် ဟောပြောပုံကို ပြင်ဆင်ရာ၌ တင်ပြပြောဆိုမည့်အယူအဆများကို အသေအချာပြန်သုံးသပ်ခြင်းအပေါ် အလေးအနက်ပြုသင့်သည်။ သင့်စိတ်ထဲတွင် အကြောင်းအရာတစ်ခုပြီးတစ်ခု ရှောရှောရှူရှူ ဆက်တိုက်ပေါ်လာသည်အထိ စဉ်းစားထားချက်များ သို့မဟုတ် အယူအဆများကဲ့သို့ ပြန်သုံးသပ်သင့်သည်။ ယင်းတို့ကို အကျိုးအကြောင်းဆီလျော်စွာ အသေးစိတ်ရှင်းပြရန် ကောင်းစွာစီစဉ်ထားပြီဆိုလျှင် မခဲယဉ်းသင့်ပါ။ ဟောပြောချိန်တွင် အယူအဆများကို အထစ်အငေါ့မရှိ လွယ်လွယ်ကူကူ ပြောဆိုနိုင်စရာအကြောင်းရှိသည်။ ထိုသို့ဖြစ်၍ ဆက်သွယ်မှုပြုရန် ရည်ရွယ်ချက်နှင့် ယင်းတို့ကို တင်ပြပြောဆိုပါက စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော အရည်အချင်းသည် ဟောပြောပုံအဝင်ဖြစ်သွားမည်။
၁၉ ဤသို့အသေအချာဖြစ်စေရန် သင်အသုံးပြုနိုင်သော နည်းတစ်နည်းမှာ ပရိသတ်ရှိသူ တစ်ဦးချင်းစီနှင့် စကားပြောဆိုရန် ကြိုးစားခြင်းဖြစ်သည်။ တစ်ချိန်တွင် တစ်ဦးစီကို တိုက်ရိုက်ပြောဆိုပါ။ ထိုသူက မေးခွန်းမေးခဲ့ရာ သူ့ကို ဖြေဆိုပေးနေသည်ဟု သဘောထားလိုက်ပါ။ အထူးစဉ်းစားထားချက်ကို အသေးစိတ်ရှင်းပြကာ ထိုသူနှင့်နှစ်ဦးသား စကားလက်ဆုံကျနေသည်ဟု မိမိကိုယ်ကိုမြင်ယောင်လိုက်ပါ။ ထို့နောက် ပရိသတ်ရှိ အခြားသူတစ်ဦးနှင့် ထိုနည်းအတိုင်းပင် ထပ်မံပြောဆိုပါလေ။
၂၀–၂၃။ ပင်ကိုအသိအတိုင်း မည်သို့စာဖတ်နိုင်သနည်း။
၂၀ စာဖတ်ရာတွင် စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော ဟောပြောနည်းကို ဆက်ထိန်းထားခြင်းသည် တတ်ကျွမ်းဖို့အခဲယဉ်းဆုံး စကားပြောအရည်အချင်းတစ်ခုဖြစ်သည်။ သို့တိုင် အရေးအကြီးဆုံးအရာတစ်ခုဖြစ်သည်။ လူထုရှေ့ ကျွန်ုပ်တို့အများဆုံးဖတ်ပြလေ့ရှိသည်ကား သမ္မာကျမ်းစာမှဖြစ်သည်မှာ အမှန်။ လက်တန်းဟောပြောချက်နှင့်ဆက်စပ်သော ကျမ်းချက်များကို ကျွန်ုပ်တို့ဖတ်ပြလေ့ရှိသည်။ သမ္မာကျမ်းစာကို ခံစားချက်ဖြင့် အဓိပ္ပာယ်ပေါ်လွင်စွာ ဖတ်ပြသင့်သည်။ အသက်ဝင်အောင် ဖတ်ပြသင့်သည်။ တစ်ဖက်တွင် ဘုရားသခင်၏ စစ်မှန်သောဓမ္မအမှုဆောင်များသည် သူတော်စင်ဂိုက်ဖမ်းသည့် ဓမ္မဆရာများ၏ လေသံအကွန့်မျိုး ဘယ်သောအခါမျှ တုမည်မဟုတ်ပါ။ ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော့်နှုတ်ကပါဌ်တော်၏ အသက်ဝင်သောတရားစကားကို ဟန်ဆောင်မှုမပါ အရှိကိုအရှိအတိုင်း ပင်ကိုနည်းဖြင့် လေးနက်စွာ ဖတ်သင့်ဖတ်ထိုက်သည့်ပုံစံနှင့် ဖတ်ပြမည်ဖြစ်သည်။
၂၁ ကင်းမျှော်စင် သို့မဟုတ် စာအုပ်ကြီးသင်တန်းတွင် စာပိုဒ်များကို ဖတ်ရှုသည့်အခါလည်း ထပ်တူပင်ဖြစ်သည်။ ဤတွင်လည်း စကားအသုံးအနှုန်းများနှင့် ဝါကျတည်ဆောက်ပုံသည် စကားလက်ဆုံပြောဆိုနည်းအတိုင်း မဟုတ်သဖြင့် စာဖတ်သည့်အခါ စကားလက်ဆုံပြောသံမျိုး အမြဲထွက်မည်မဟုတ်။ သို့သော် သင်ဖတ်နေသည့်အကြောင်းကို သဘောပေါက်ပြီး သဘာဝကျကျ အဓိပ္ပာယ်ထွက်အောင် အတတ်နိုင်ဆုံးဖတ်မည်ဆိုလျှင် လက်တန်းစကားပြောဆိုသကဲ့သို့ ဖြစ်စေနိုင်သည်။ သို့တိုင် သာမန်ထက် အနည်းငယ်ပို၍စာဆန်ပေမည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ချိန်ရမည်ဆိုလျှင် သင့်အတွက် အကူအညီဖြစ်စေမည့် အမှတ်အသားများ ရေးမှတ်သည့်အကျင့်ရှိသင့်ပြီး ထိုအကြောင်းအရာကို အရှိကိုအရှိအတိုင်း သဘာဝကျကျ အတတ်နိုင်ဆုံး ကြိုးစားတင်ဆက်သင့်သည်။
၂၂ စကားလက်ဆုံပြောဆိုသကဲ့သို့ စာဖတ်ရှုခြင်း သို့မဟုတ် စကားပြောဆိုခြင်းတို့တွင် စိတ်ရင်းမှန်ခြင်းနှင့် ပင်ကိုအတိုင်းဖြစ်ခြင်းကား အဓိကဖြစ်သည်။ နှလုံးသားအပြည့်ဖြင့် သင့်ပရိသတ် နာပျော်ဖွယ်ဖြစ်အောင် ပြောဆိုပါ။
၂၃ အမူအကျင့်ကောင်းကို အခိုက်အတန့် ဟန်လုပ်မပြနိုင်သည်ထက် အဆင့်အတန်းရှိစကားပြောခြင်းကို သာ၍ပင်လုပ်ပြော၍မရပါ။ သို့သော် အိမ်တွင် အမူအကျင့်ကောင်းကိုကျင့်သုံးမည်ဆိုလျှင် လူအများရှေ့တွင်အမြဲပေါ်သကဲ့သို့ အဆင့်အတန်းရှိစကားများကို နေ့စဉ်နေ့တိုင်း ပြောဆိုမည်ဆိုလျှင် စင်မြင့်ပေါ်တွင် ပေါ်လွင်လိမ့်မည်။
**********
၂၄၊ ၂၅။ အသံထွက်ညံ့ခြင်းသည် အဘယ်ကြောင့် မလိုလားအပ်ရာဖြစ်သနည်း။
၂၄ အသံထွက်ခြင်း။ အသံထွက်မှန်ကန်ခြင်းသည်လည်း အရေးကြီးသည်။ ယင်းကို စကားပြောသွန်သင်ချက်စာရွက်တွင် သီးခြားဖော်ပြထားသည်။ ပေတရုနှင့် ယောဟန်တို့သည် လူတတ်မဟုတ်၊ လူသာမညသာဖြစ်ကြသည်ဟု ယူမှတ်ခံရသည့်နည်းတူ ခရစ်ယာန်တိုင်းသည် လောကီပညာတတ်များမဟုတ်ကြသော်လည်း အသံထွက်ညံ့ခြင်းကြောင့် သတင်းတရားကို အထင်သေးစရာမဖြစ်စေဖို့ အရေးကြီးသည်။ ယင်းကို ကောင်းစွာဂရုစိုက်လေ့လာမည်ဆိုလျှင် လွယ်လင့်တကူပြုပြင်နိုင်သည့်အရာတစ်ခုရှိသည်။
၂၅ အသံထွက် အလွန်ညံ့မည်ဆိုလျှင် ပရိသတ်၏စိတ်ထဲတွင် အယူအဆလွဲသွားတတ်သည်။ ယင်းသို့ ဖြစ်စေလိုမည်မဟုတ်သည်ကား အမှန်ပင်။ ဟောပြောသူသည် စကားလုံးတစ်လုံး အသံထွက်မှားသည်ကို သင်ကြားလိုက်သောအခါ သင့်စိတ်ကို များသောအားဖြင့် မီးနီပြသကဲ့သို့ အလင်းလက်သွားတတ်သည်။ ထိုအခါ သူ၏အချေအတင်ပြောဆိုချက်ကိုပင် ဆက်လက်နားမထောင်တော့ဘဲ သူ၏အသံထွက်မှားသောစကားလုံးကို စစဉ်းစားတော့မည်။ ပြောဆိုသောစကားများအပေါ် သင်အာရုံစိုက်ရာမှ မည်သို့ပြောဆိုနေသည်ကို အာရုံစိုက်ပေတော့မည်။
၂၆၊ ၂၇။ အသံထွက်ခြင်းနှင့်ပတ်သက်သည့် အဘယ်ပြဿနာများကို ဖော်ပြထားသနည်း။
၂၆ အသံထွက်ခြင်းနှင့်စပ်လျဉ်းသည့် ယေဘုယျပြဿနာသုံးမျိုးရှိသည်ဟု ဆိုနိုင်သည်။ တစ်ခုကား ဖိသံပြုရမည့်နေရာလွဲနေခြင်း၊ သို့မဟုတ် အက္ခရာများကို မှားယွင်းစွာ အသံထွက်ခြင်းအစရှိသည့် လုံးလုံးမှားယွင်းသော အသံထွက်ခြင်းဖြစ်သည်။ ခေတ်သစ်ဘာသာစကားများစွာတွင် ဖိသံပုံမှန်ရှိသော်လည်း အင်္ဂလိပ်စကားတွင် ပုံသေမရှိသဖြင့် အနည်းငယ်ခဲယဉ်းပေမည်။ ထို့နောက် အသံထွက်မှန်ကန်သော်လည်း လွန်လွန်ကဲကဲဖြစ်သဖြင့် အသံတုလုပ်ပုံပေါက်နေသည့် အသံထွက်မျိုးလည်းရှိနေရာ ယင်းသို့လည်း မဖြစ်လိုပါ။ တတိယပြဿနာမှာ စကားလုံးများကို ဗလုံးဗထွေးပြောဆိုပြီး ဝဏ္ဏသံများကို ချုံးလိုက်၊ ကျော်လိုက် အစရှိသည့် အကျင့်များပါဝင်သည့် နမော်နမဲ့ဖြစ်ကတတ်ဆန်း စကားပြောဆိုခြင်းဖြစ်သည်။ ယင်းတို့ကို ရှောင်ကြဉ်ရမည်။
၂၇ များသောအားဖြင့် နေ့စဉ်စကားပြောဆိုရာတွင် ကျွန်ုပ်တို့အကျွမ်းတဝင်ရှိစကားလုံးများကို အသုံးပြုလေ့ရှိသည်; ထို့ကြောင့် ယင်းနှင့်ပတ်သက်၍ အသံထွက်ပြဿနာ သိပ်မရှိပါ။ စာဖတ်ခြင်းတွင်မူ အကြီးကျယ်ဆုံးပြဿနာပေါ်တတ်သည်။ သို့သော် ယေဟောဝါသက်သေများမူ ကျွန်ုပ်တို့သည် လူထုရှေ့သော်လည်းကောင်း၊ မိမိဘာသာသော်လည်းကောင်း စာများစွာဖတ်လေ့ရှိ၏။ တစ်အိမ်မှတစ်အိမ်သွားရာ၌ ကျမ်းစာဖတ်ပြရကြသည်။ တစ်ခါတစ်ရံ ကင်းမျှော်စင်သင်တန်း၊ အိမ်တွင်းကျမ်းစာသင်အံမှု၊ သို့မဟုတ် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် အပိုဒ်များဖတ်ရကြ၏။ ဤသို့ဖတ်သည့်အခါ မှန်ကန်စွာအသံထွက်ရန် အလွန်အရေးကြီး၏။ အသံထွက်မမှန်လျှင် ကျွန်ုပ်တို့ပြောဆိုသည့်အကြောင်းကို ကိုယ်တိုင်မသိနားမလည်ပုံပေါက်စေသည်။ သတင်းတရားအပေါ်လည်း အာရုံလွဲသွားစေသည်။
၂၈–၃၄။ မိမိ၏အသံထွက်ခြင်းကို တိုးတက်စေရန် လူတစ်ဦး မည်သို့အကူအညီရနိုင်မည်နည်း။
၂၈ အသံထွက်မှားခြင်းကို လွန်ကဲစွာ သွန်သင်ချက်မပေးသင့်ပါ။ စကားလုံးတစ်လုံးတလေနှင့်ပတ်သက်၍ သံသယရှိလျှင် တစ်ဦးချင်း သွန်သင်ချက်ပေးလျှင်လုံလောက်ပေမည်။ သို့သော် ဓမ္မအမှုတွင်သော်လည်းကောင်း၊ နေ့စဉ်စကားပြောဆိုရာ၌သော်လည်းကောင်း အမြဲအသုံးပြုလေ့ရှိသောစကားလုံးများကို ဟောပြောချက်တွင် အသံထွက်မှားပါက ယင်းတို့ကို မှန်ကန်စွာ အသံထွက်တတ်ရန် ကျောင်းကြီးကြပ်မှူးသည် ယင်းစကားလုံးများကို ဂရုစိုက်စေလျှင် ကျောင်းသားအတွက် အကူအညီဖြစ်ပါမည်။
၂၉ တစ်ဖက်တွင် ကျမ်းစာမှဖတ်သည့်အခါ ကျောင်းသားသည် ဟေဗြဲအမည် တစ်ခုနှစ်ခုကို မှားယွင်းစွာ အသံထွက်မိပါက အထူးအားနည်းချက်အဖြစ် ယူဆမည်မဟုတ်ပါ။ သို့ရာတွင် နာမည်များစွာကို အသံထွက်မှားမည်ဆိုလျှင် ပြင်ဆင်မှုမရှိကြောင်း ထင်ရှားသဖြင့် သွန်သင်ချက်ပေးသင့်သည်။ ကျောင်းသားသည် အသံထွက် အမှန်ထွက်ပုံကိုသိရှိကာ ယင်းကိုလေ့ကျင့်ရန် အကူအညီပေးခံရသင့်သည်။
၃၀ စကားလုံးအသံထွက် လွန်လွန်ကဲကဲဖြစ်လျှင်လည်း ထို့အတူဖြစ်သည်။ အကျင့်ပါနေသောကြောင့် ဟောပြောချက်ကို အမှန်ပင်ထိခိုက်စေပါက ကျောင်းသားအား ကူညီပေးသင့်သည်။ စကားပြောမြန်လျှင် လူအများသည် အချို့စကားလုံးကို ဗလုံးဗထွေးပြောတတ်ကြောင်း သတိပြုသင့်သည်။ ယင်းကို သွန်သင်ချက်ပေးရန် မလိုပါ။ သို့သော် ကျောင်းသားသည် ပုံမှန်အကျင့်အနေနှင့် စကားလုံးများကို အမြဲရောထွေးပြောတတ်ရာ သူ့စကားကို နားလည်ရခက်မည်၊ သို့မဟုတ် သတင်းတရားကို အထင်သေးစရာဖြစ်မည်ဆိုလျှင် စကားလုံးများကို ပီသသဲကွဲစွာ ပြောဆိုရန် အကြံအနည်းငယ်ပေးသင့်သည်။
၃၁ သို့သော် လက်ခံနိုင်ဖွယ်အသံထွက်သည် တစ်နေရာနှင့်တစ်နေရာ မတူကြောင်းကို သွန်သင်ချက်ပေးသူ သိထားမည်အမှန်။ စကားလုံးတစ်လုံးအတွက် လက်ခံယူထားသည့်အသံထွက် တစ်ခုထက်မကရှိကြောင်းကို အဘိဓာန်များတွင်ပင် ဖော်ပြလေ့ရှိသည်။ ထို့ကြောင့် အသံထွက်ခြင်းကို သွန်သင်ချက်ပေးရာတွင် သတိထားရပါလိမ့်မည်။ မိမိကြိုက်ရာ အသံထွက်ကိုရွေးမည်မဟုတ်။
၃၂ သင့်တွင် အသံထွက်ပြဿနာရှိမည်ဆိုလျှင် ယင်းကိုစူးစိုက် ကြိုးစားပြုပြင်ပါက ခဲယဉ်းမည်မဟုတ်ပါ။ အတွေ့အကြုံရှိဟောပြောသူများတို့ပင် စာဖတ်တာဝန်ကျသည့်အခါ သူတို့အကျွမ်းတဝင်မရှိသောစကားလုံးများ၏ အသံထွက်မှန်ကိုသိရှိရန် အဘိဓာန်၌ ရှာကြည့်ကြသည်။ သူတို့ ရမ်းသန်းအသံမထွက်ကြပါ။ ထို့ကြောင့် အဘိဓာန်ကို သုံးပါ။
၃၃ အခြားအသံထွက်နည်းတစ်နည်းမှာ အသံထွက်မှန်သူတစ်ဦးအား ဖတ်ပြပြီး သင်အသံထွက်မှားတိုင်း ဖြတ်ဖြတ်ပြီးပြုပြင်ပေးရန် အကူအညီတောင်းခြင်းအားဖြင့်ဖြစ်သည်။
၃၄ တတိယနည်းကား ဟောပြောကျွမ်းကျင်သူများကို ဂရုစိုက်နားစွင့်ခြင်းဖြစ်သည်။ သူတို့ကိုနားထောင်စဉ် စဉ်းစားပါ; သင့်အသံထွက်ပုံနှင့်မတူသော စကားလုံးများကို သူတို့မည်သို့အသံထွက်ကြောင်း သတိပြုပါ။ ယင်းတို့ကို ရေးချပါ; အဘိဓာန်တွင် အသေအချာစစ်ဆေးကြည့်ပြီး လေ့ကျင့်ပါ။ မကြာမီ သင်ပါ အသံထွက်မှန်ကန်လာပါလိမ့်မည်။ သွက်လက်ပြေပြစ်မှုနှင့် အသံထွက်မှန်ကန်စွာ စကားလက်ဆုံပြောဆိုခြင်းသည် သင့်အပြောအဆိုကို များစွာတိုးမြှင့်ပေးပါလိမ့်မည်။