သင်ခန်းစာ ၄
သွက်လက်ပြေပြစ်စွာ တင်ဆက်ခြင်း
အသံကျယ်ကျယ်ဖတ်ရှုရာတွင် စကားအသုံးအနှုန်းအချို့ကို ထစ်ထစ်ငေါ့ငေါ့ပြောမိပါသလော။ သို့မဟုတ် ဟောပြောချက်တစ်ခုပေးရန် ပရိသတ်ရှေ့ရပ်လိုက်သည့်အခါ စကားလုံးအမှန်များကို မကြာခဏ စမ်းတဝါးဝါးရှာရလေ့ရှိကြောင်း တွေ့ရပါသလော။ သို့ဖြစ်ပါက သင်သည် သွက်လက်ပြေပြစ်မှု၌ ပြဿနာရှိနေပေသည်။ သွက်လက်စွာပြောဆိုသူတစ်ယောက်သည် စကားလုံးများနှင့်ယူဆချက်များကို ရှောရှောရှူရှူ၊ နားလည်လွယ်သည့်နည်းဖြင့် ဖတ်ပြပြောဆိုကြသည်။ ယင်းက သူသည်တရစပ်ဟောပြောခြင်း၊ လျင်မြန်စွာစကားပြောခြင်း သို့မဟုတ် မစဉ်းစားဘဲပြောဆိုခြင်းကို မဆိုလိုပါ။ သူ၏ပြောဆိုပုံသည် နှစ်လိုစဖွယ် တင့်တယ်ပြေပြစ်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သွက်လက်ပြေပြစ်မှုကို အထူးအာရုံစိုက်စေသည်။
သွက်လက်ပြေပြစ်မှုမရှိအောင် ဖြစ်စေနိုင်သည့် အကြောင်းအချက်အမျိုးမျိုးရှိသည်။ အောက်ဖော်ပြပါထဲမှ တစ်ခုခုကို သင်အထူးဂရုပြုဖို့ လိုအပ်ပါသလော။ (၁) အခြားသူများကိုဖတ်ပြသည့်အခါ အကျွမ်းတဝင်မရှိသောစကားလုံးအချို့ကြောင့် မပြေမပြစ်ဖြစ်စေနိုင်သည်။ (၂) နေရာအတော်များများတွင် အနည်းငယ်ရပ်တန့်ခြင်းကြောင့် ဟောပြောပုံ ပြတ်တောင်းပြတ်တောင်းဖြစ်သွားနိုင်သည်။ (၃) ပြင်ဆင်မှုမရှိခြင်းကြောင့် ဤပြဿနာဖြစ်တတ်သည်။ (၄) လူအုပ်ရှေ့စကားပြောဆိုရာတွင် သွက်လက်ပြေပြစ်မှုမရှိခြင်း၏ ဖြစ်နေကျ အကြောင်းအချက်မှာ အကြောင်းအရာကို ကျိုးကြောင်းဆီလျော်စွာ မဖွဲ့စည်းထား၍ဖြစ်သည်။ (၅) ဝေါဟာရအကန့်အသတ်ရှိမှုကြောင့် စကားလုံးအမှန်များကို စမ်းတဝါးဝါးရှာရင်း လူတစ်ဦးကို တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်စေနိုင်သည်။ (၆) အလေးပေးဖတ်သည့် စကားလုံးများပြားလွန်းပါက သွက်လက်ပြေပြစ်မှုကို ထိခိုက်စေနိုင်သည်။ (၇) သဒ္ဒါနည်းစနစ်များနှင့် အကျွမ်းတဝင်မရှိခြင်းကြောင့် အခက်အခဲဖြစ်စေနိုင်သည်။
သွက်လက်ပြေပြစ်မှုမရှိလျှင် နိုင်ငံတော်ခန်းမရှိပရိသတ်သည် စာသားအတိုင်း ထွက်သွားမည်မဟုတ်သော်လည်း သူတို့၏စိတ်အာရုံပျံ့လွင့်သွားနိုင်သည်။ ရလဒ်အနေနှင့် သင်ပြောဆိုသည့်အရာ တော်တော်များများ အကျိုးမရှိနိုင်တော့ပေ။
အခြားတစ်ဖက်တွင်မူ အားနှင့်မာန်နှင့် သွက်လက်ပြေပြစ်စွာပြောဆိုခြင်းသည် ပရိသတ်အနေရခက်စေသည်အထိပင် ဖြစ်နိုင်သည့် ပိုင်စိုးပိုင်နင်းပြောမိခြင်းမျိုးမဖြစ်စေရန် ဂရုပြုရမည်။ အကယ်၍ နောက်ခံယဉ်ကျေးမှု ကွဲပြားသောကြောင့် လူတို့က သင့်ပြောဆိုပုံသည် ရိုင်းစိုင်းသည် သို့မဟုတ် စိတ်ရင်းမှန်မရှိဟုရှုမြင်လျှင် ၎င်းက သင့်ရည်ရွယ်ချက်ကို ပျက်ပြားစေလိမ့်မည်။ တမန်တော်ပေါလုသည် အတွေ့အကြုံရှိဟောပြောသူတစ်ဦးဖြစ်သော်လည်း မိမိကို မလိုအပ်ဘဲအာရုံစိုက်လာအောင် မဆွဲဆောင်မိစေရန် ကောရိန္သုမြို့သားများကို “အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်” ချဉ်းကပ်ခဲ့သည်မှာ မှတ်သားဖွယ်ပင်။—၁ ကော. ၂:၃။
ရှောင်ကြဉ်ရမည့်အကျင့်ပါမှုများ။ လူများစွာတို့သည် သူတို့စကားပြောဆိုသည့်အခါ “အင်း၊ ဟို” အစရှိသည့် အကျင့်ပါသော စကားအသုံးအနှုန်းများ ထည့်ပြောဆိုကြသည်။ အခြားသူတို့မူ မကြာခဏ “ဒီတော့” ဖြင့် စကားစတတ်ကြသည်၊ သူတို့အဘယ်အရာပြောဆိုနေစေကာမူ “သိတယ်မဟုတ်လား” ကဲ့သို့သော စကားစုကို ထည့်ပြောတတ်ကြသည်။ ထိုသို့သောအသုံးအနှုန်းများကို ထပ်တလဲလဲအသုံးပြုခြင်းအား သင် သတိမထားမိဘဲဖြစ်နိုင်သည်။ သင့်အား နားထောင်ပေးကာ ထိုအသုံးအနှုန်းများကို သင် ထပ်တလဲပြောဆိုသည့်အချိန်တိုင်း ပြန်ရွတ်ပြပေးသူတစ်ဦးဦးနှင့် လေ့ကျင့်ဖို့ကြိုးစားနိုင်ပေသည်။ သင်အံ့သြသွားပေမည်။
အချို့သူတို့မူ အကြိမ်ကြိမ်နောက်ပြန်ကျော့ကာ ဖတ်ရှု၊ ဟောပြောတတ်ကြသည်။ ဆိုလိုသည်မှာ သူတို့သည် ဝါကျတစ်ကြောင်းကိုစတင်လိုက်ကာ တစ်ဝက်တစ်ပျက်နှင့်ရပ်တန့်လိုက်ပြီး အနည်းဆုံး မိမိတို့ပြောခဲ့သောအရာ၏တစ်ပိုင်းကို ပြန်ကျော့ခြင်းဖြစ်သည်။
သို့တိုင် အခြားသူများမှာမူ အတော်အသင့် လျင်မြန်စွာပြောဆိုကြသည်၊ သို့သော် သူတို့သည် အယူအဆတစ်ခုဖြင့်စတင်ကာ ဝါကျအလယ်သို့ရောက်သော် နောက်အယူအဆတစ်ခုသို့ ကူးပြောင်းသွားသည်။ စကားလုံးများ ရှောရှောရှူရှူထွက်သွားသော်လည်း ယူဆချက် ရုတ်တရက် ပြောင်းလိုက်ခြင်းက သွက်လက်ပြေပြစ်မှုကို ထိခိုက်သွားသည်။
တိုးတက်စေနိုင်ပုံ။ သင့်အခက်အခဲမှာ စကားလုံးအမှန်ကို မကြာခဏ စမ်းတဝါးဝါးလိုက်ရှာရခြင်းဖြစ်လျှင် သင့်ဝေါဟာရကြွယ်လာစေရန် အပြင်းအထန် ကြိုးစားအားထုတ်ဖို့လိုသည်။ ကင်းမျှော်စင်၊ နိုးလော့!နှင့် အခြား သင်ဖတ်ရှုကောင်းဖတ်ရှုမည့်စာပေများရှိ သင်နှင့်အကျွမ်းတဝင်မရှိသော စကားလုံးများကို အထူးဂရုပြုမှတ်သားပါ။ ယင်းတို့ကို အဘိဓာန်တွင်ရှာဖွေလေ့လာကာ ၎င်းတို့၏အသံထွက်နှင့် အဓိပ္ပာယ်တို့ကို စစ်ဆေးပါ၊ ယင်းနောက် သင့်ဝေါဟာရတွင် ဤစကားလုံးအချို့ကို ထပ်ဖြည့်လိုက်ပါ။ အဘိဓာန်မရနိုင်လျှင် ဘာသာစကားတတ်ကျွမ်းသူတစ်ဦးဦးထံ အကူအညီတောင်းခံပါ။
ယင်းကို အလေ့အကျင့်အနေနှင့် မှန်မှန်အသံကျယ်ကျယ်ဖတ်ရှုပါက တိုးတက်လာပေမည်။ ခက်ခဲသောစကားလုံးများကို မှတ်သားထားပြီး ယင်းတို့ကို အကြိမ်ပေါင်းများစွာ အသံကျယ်ကျယ်ရွတ်ဆိုပါ။
သွက်လက်ပြေပြစ်စွာဖတ်ရှုနိုင်ရန် ဝါကျတွင် စကားလုံးများ မည်သို့ပေါင်းစည်းလုပ်ဆောင်ပုံကို နားလည်ထားရန် လိုအပ်သည်။ များသောအားဖြင့် စာရေးသူ ဖော်ပြပေးထားသည့်ယူဆချက်ကို နားလည်နိုင်ရန် စကားလုံးများကို အုပ်စုလိုက်ဖတ်ရှုဖို့ လိုအပ်သည်။ ထိုစကားစုများကို အထူးဂရုပြုမှတ်သားထားပါ။ ၎င်းသည် သင့်ကိုထောက်ကူပေးလျှင် ယင်းတို့ကို မှတ်သားထားလိုက်ပါ။ သင့်ဦးတည်ချက်သည် စကားလုံးများကို မှန်မှန်ကန်ကန် ဖတ်ရှုရုံမျှသာမဟုတ်ဘဲ ယူဆချက်များကိုလည်း ရှင်းရှင်းလင်းလင်း သိရှိနားလည်စေရန်လည်း ဖြစ်သည်။ ဝါကျတစ်ကြောင်းကို ဆန်းစစ်လေ့လာပြီးသည့်နောက် စာပိုဒ်တစ်ခုလုံးလေ့လာပြီးသည့်အထိ တစ်ကြောင်းပြီးတစ်ကြောင်းဆက်သွားပါ။ ယူဆချက်အဆင့်ဆင့်တင်ပြသွားပုံနှင့် အကျွမ်းဝင်လာစေပါ။ ထို့နောက် အသံထွက်ဖတ်ရှုခြင်းကို လေ့ကျင့်ပါ။ စာပိုဒ်ကို ထစ်ငေါ့ခြင်း၊ အဖြတ်အရပ်မှားခြင်းတို့မရှိဘဲ ဖတ်နိုင်သည်အထိ ထပ်ခါတလဲလဲဖတ်ပါ။ ၎င်းနောက် အခြားအပိုဒ်များသို့ဆက်သွားပါ။
နောက်တစ်ဆင့်တွင် မိမိ၏ဖတ်နှုန်းကို တိုးမြှင့်ပေးပါ။ အကယ်၍ ဝါကျတစ်ကြောင်းအတွင်း စကားလုံးများ မည်သို့ပေါင်းစည်းလုပ်ဆောင်သည်ကို နားလည်သဘောပေါက်လာပါက တစ်ခါကြည့်လျှင် စကားလုံးတစ်လုံးထက်မက ပိုမိုမြင်နိုင်မည်ဖြစ်ပြီး နောက်မည်သည့်စကားလုံးလာသင့်သည်ကို ကြို၍မြင်လာနိုင်မည်ဖြစ်သည်။ ယင်းက သင့်ဖတ်ရှုမှုကို များစွာထိရောက်မှု ဖြစ်စေမည်။
မြင်သည်နှင့်ဖတ်နိုင်အောင် မှန်မှန်ကျင့်ပေးခြင်းသည် အဖိုးမဖြတ်နိုင်သောလေ့ကျင့်မှု ဖြစ်နိုင်သည်။ ဥပမာ ကြိုတင်ပြင်ဆင်မှုမလုပ်ထားဘဲ နေ့စဉ်ကျမ်းချက်နှင့် မှတ်ချက်များကို အသံထွက်ဖတ်ပါ; ယင်းကို ပုံမှန်ပြုလုပ်ပါ။ စကားလုံးများကို တစ်ကြိမ်တွင် တစ်လုံးသာကြည့်မြင်မည့်အစား အယူအဆများကို အပြည့်အဝဖော်ပြသည့် စကားစုလိုက်ကြည့်မြင်တတ်သည့်အကျင့်ကို မွေးမြူပါ။
စကားလက်ဆုံပြောဆိုရာ၌ သွက်လက်ပြေပြစ်မှုရှိရန် မပြောမီစဉ်းစားဖို့လိုအပ်သည်။ ၎င်းကို သင်၏နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွင် အကျင့်တစ်ခုဖြစ်စေပါ။ သင်တင်ပြလိုသောအယူအဆနှင့် ပြောဆိုမည့်အဆင့်ဆင့်ကို ဆုံးဖြတ်ပါ; ထို့နောက် စတင်စကားပြောဆိုပါ။ မမြန်စေပါနှင့်။ သဘောတရားတစ်ခု ရုပ်လုံးမပေါ်သေးဘဲ အကြောင်းအရာများကို တစ်ဝက်တစ်ပျက်နှင့် ရပ်လိုက်ခြင်း၊ ပြောင်းလိုက်ခြင်းမျိုးမလုပ်မိရန် ကြိုးစားပါ။ တိုတုတ်ပြီး ရိုးရှင်းသောဝါကျများကို အသုံးပြုခြင်းသည် အထောက်အကူပြုကြောင်း သင်တွေ့ရှိပေမည်။
သင်ပြောလိုသည့်အကြောင်းကို အတိအကျသိရှိထားမည်ဆိုလျှင် စကားလုံးများ အလိုအလျောက်ထွက်လာမည်ဖြစ်သည်။ ယေဘုယျပြောရလျှင် သင်အသုံးပြုမည့်စကားလုံးများကို ရွေးချယ်ဖို့ မလိုအပ်ချေ။ အမှန်မှာ၊ လေ့ကျင့်ရန်အတွက် အယူအဆကို စိတ်ထဲတွင် ပီပြင်ရှင်းလင်းနေမနေ သေချာစေပြီးနောက် ပြောဆိုသွားရင်းစကားလုံးများကို စဉ်းစားခြင်းသည် သာ၍ကောင်းသည်။ ထိုသို့သင်ပြုပြီး သင့်စိတ်ကို ပြောနေသည့်စကားလုံးများပေါ်တွင် မဟုတ်ဘဲ အယူအဆပေါ်တွင် စွဲထားမည်ဆိုလျှင် စကားလုံးများသည် အလိုအလျောက်ဆိုရမလောက် ထွက်လာပြီး ခံစားချက်အတိုင်း စဉ်းစားထားရာများကို သင်တင်ပြနိုင်ပေမည်။ သို့သော် အယူအဆများအစား စကားလုံးများကို သင်စ၍စဉ်းစားလိုက်သည်နှင့် သင့်အပြောအဆိုသည် အထစ်ထစ်အငေါ့ငေါ့ဖြစ်လာမည်။ ထိရောက်စွာ ပြောဆိုဖတ်ရှုခြင်းတွင် အရေးပါသော အရည်အချင်းတစ်ခုဖြစ်သော သွက်လက်ပြေပြစ်မှုကို တိုးတက်စေရာတွင် လေ့ကျင့်မှုဖြင့် အောင်မြင်နိုင်သည်။
ယေဟောဝါ၏ကိုယ်စား ဣသရေလလူမျိုးတို့ထံနှင့် အီဂျစ်ဘုရင်ဖာရောရှေ့မှောက်သွားရန် တာဝန်ပေးခံရသည့်အခါ မိမိ၌အစွမ်းမရှိဟု မောရှေခံစားခဲ့ရသည်။ အဘယ်ကြောင့်နည်း။ သူသည် စကားပြောသွက်လက်ပြေပြစ်သူတစ်ယောက် မဟုတ်ပါ; သူသည် စကားကို မသဲမကွဲပြောတတ်ခဲ့ဖွယ်ရှိပေမည်။ (ထွ. ၄:၁၀; ၆:၁၂) မောရှေသည် အကြောင်းအမျိုးမျိုးပြခဲ့သော်လည်း တစ်ခုကိုမှ ဘုရားသခင်လက်မခံခဲ့ပါ။ ယေဟောဝါသည် အာရုန်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် သူနှင့်အတူထည့်ပေးလိုက်သော်လည်း မောရှေလည်းစကားပြောဆိုရန် ကိုယ်တော်ကူညီပေးခဲ့သည်။ မောရှေသည် တစ်ဦးချင်းစီနှင့်အုပ်စုငယ်များကိုသာမက လူမျိုးတစ်မျိုးလုံးကိုပါ ကြိမ်ဖန်များစွာ ထိထိရောက်ရောက် စကားပြောဆိုခဲ့သည်။ (တရား. ၁:၁-၃; ၅:၁; ၂၉:၂; ၃၁:၁၊ ၂၊ ၃၀; ၃၃:၁) သင်သည် ယေဟောဝါအား ယုံကြည်ကိုးစားလျက် မိမိကဏ္ဍကို အသိစိတ်ရှိရှိ တာဝန်သိသိဖြင့်လုပ်ဆောင်ပါက သင်လည်း ဘုရားသခင်ကိုဂုဏ်တင်ရန် သင့်အပြောအဆိုကိုသုံးနိုင်သည်။