ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၃၂ စာ. ၁၅၇-၁၆၃
  • အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းနှင့် အသံ၏ပြောင်းလဲခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းနှင့် အသံ၏ပြောင်းလဲခြင်း
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • အသံပြောင်းလဲခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆိုလိုရင်းသဘောပေါ်အောင် လျောက်ပတ်သော အလေးပေးမှု
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အသံပြောင်းလဲခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၃၂ စာ. ၁၅၇-၁၆၃

သင်ခန်းစာ ၃၂

အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းနှင့် အသံ၏ပြောင်းလဲခြင်း

၁၊ ၂။ အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းက ဟောပြောချက်တစ်ခုကို အဘယ်အကျိုးပြုသနည်း။

၁ အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းနှင့် အသံ၏ပြောင်းလဲခြင်းတို့ ပေါင်းစည်းခြင်းဖြင့် ဟောပြောချက်သည် အဓိပ္ပာယ်ရှိ၍ ဝေဆာစေပါသည်။ ၎င်းအရည်အချင်းများမရှိလျှင် ဆိုလိုရင်းလွဲသွားကာ စိတ်ဝင်စားမှုလည်း လျော့နည်းပေမည်။ ယင်းတို့နှစ်ခုအနက် အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းသည် များသောအားဖြင့် တတ်မြောက်ဖို့ ပိုလွယ်ကူသည့်အတွက် ၎င်းကိုဦးဆုံးသုံးသပ်မည်။

၂ အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းက ဖြစ်မြောက်စေရမည့်အရာကို အာရုံထားပါ။ စကားလုံးများ သို့မဟုတ် သဘောတရားများ၏ တိကျသောအဓိပ္ပာယ်နှင့် ယင်းတို့၏ အတော်အတန်အရေးကြီးမှုကို ပရိသတ်အား သိရှိစေရန် ၎င်းတို့ကို အလေးအနက်ပြောဆိုရန်ဖြစ်သည်။ တစ်ခါတစ်ရံ လိုအပ်သောအလေးပေးမှုသည် လေးရုံ သို့မဟုတ် ပေါ့ရုံမျှသာ ဖြစ်ဖို့လိုသော်လည်း အနည်းငယ်ကွဲပြားခြားနားဖို့လိုသည့်အခါများလည်းရှိသည်။

၃–၇။ အဓိပ္ပာယ်ပေါ်အောင်ပြောဆိုခြင်းကောင်းကို မည်သို့ရနိုင်ကြောင်း ပြောပြပါ။

၃  ဝါကျများပါ ဆိုလိုချက်ကိုပြသောစကားလုံးများကို အလေးအနက်ပေါ်အောင် ပြောဆိုခြင်း။ အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းသည် များသောအားဖြင့် အဘယ်စကားလုံးကို ပေါ်လွင်စေမည့်ကိစ္စဖြစ်သည်။ ဆိုလိုချက်ကိုဖော်ပြသောစကားလုံးကိုသိပြီး ယင်းကို အခြားစကားလုံးများထက် ပိုမိုလေးနက်စွာ အဓိပ္ပာယ်ပေါ်အောင်ပြောဖို့ဖြစ်သည်။ ဆိုလိုချက်ကိုပြသောစကားလုံးများအစား အခြားစကားလုံးများကို အလေးအနက်ပြု ဖော်ပြပြောဆိုပါက အဓိပ္ပာယ်ငုပ်နေမည် သို့မဟုတ် လွဲသွားပေမည်။

၄ လူအများသည် နေ့စဉ်ပုံမှန်စကားပြောဆိုရာတွင် အဓိပ္ပာယ်ပေါ်အောင်ပြောဆိုတတ်သည်။ သင့်တွင် ဝိဘတ်များကို လေးနက်အောင်ပြောတတ်ခြင်းကဲ့သို့သော အကျင့်ပါနေခြင်းမှတစ်ပါး ဤအရည်အချင်းကို အခက်အခဲမရှိတင်ပြသင့်သည်။ အလေးအနက်ပြုရမည့်နေရာ သိသိသာသာအားနည်းချက်ရှိခြင်းသည် များသောအားဖြင့် အကျင့်ပါမှုတစ်မျိုးမျိုးကြောင့်ဖြစ်သည်။ ဤအားနည်းချက် သင်၌ရှိမည်ဆိုလျှင် ယင်းကိုဖျက်ဖို့ အထူးကြိုးစားပါ။ သာမန်အားဖြင့် ၎င်းအကျင့်များကို ဟောပြောချက်တစ်ခုနှစ်ခုနှင့်မပျောက်နိုင်သောကြောင့် သင်၏အလေးအနက်အသံထွက်ရမည့်နေရာ လွဲမှားမှုကြောင့် အဓိပ္ပာယ်လွဲသွားပါက သွန်သင်ချက်ပေးသူသည် သင့်အား သွန်သင်ချက်မပေးဘဲ လွှတ်ထားမည်မဟုတ်။ သို့သော် အားမာန်အပါဆုံး၊ အထိရောက်ဆုံးဟောပြောချက်ဖြစ်ဖို့ရန် အဓိပ္ပာယ်ပေါ်အောင် လေးနက်စွာပြောတတ်ခြင်းကို လုံးလုံးလျားလျားပိုင်သည်အထိ ဆက်ကြိုးစားပါ။

၅ များသောအားဖြင့် လတ်တလောဟောပြောခြင်းသက်သက်အတွက်ထက် လူထုရှေ့စာဖတ်ခြင်းအတွက်ပြင်ဆင်ရာတွင် အဓိပ္ပာယ်ပေါ်အောင်ပြောဖို့ ပိုဂရုစိုက်ပြင်ဆင်ရန်လိုသည်။ အသင်းတော်ကင်းမျှော်စင် သင်တန်းတွင် အပိုဒ်များကိုဖတ်ရွတ်ခြင်းအတွက် ထိုသို့ပြင်ဆင်ရန်လိုသကဲ့သို့ ဟောပြောချက်ပါ ကျမ်းချက်များကိုဖတ်ရွတ်ဖို့ လိုပါသည်။ စာဖတ်ပြရာတွင် အဓိပ္ပာယ်ပေါ်အောင်ဖတ်ခြင်းကို ပိုဂရုစိုက်ဖို့လိုရခြင်းအကြောင်းမှာ များသောအားဖြင့် ကျွန်ုပ်တို့ဖတ်သည့်စာသည် အခြားသူတစ်ဦးရေးသားထားသည့်စာဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ယင်းကိုအသေအချာလေ့လာရန်၊ ဆိုလိုချက်ကို သုံးသပ်ဆင်ခြင်ရန်နှင့် စကားအသုံးအနှုန်းများကို ကိုယ်ပိုင်ဖြစ်လာသည်အထိ အကြိမ်ကြိမ်ပြန်ဖတ်ရန်လိုသည်။

၆ အလေးအနက်ဖော်ပြခြင်း သို့မဟုတ် အဓိပ္ပာယ်ပေါ်အောင်ပြောခြင်းအရည်အချင်းကို မည်သို့ရနိုင်မည်နည်း။ ပေါင်းစပ်ပြီးအသုံးပြုလေ့ရှိသော နည်းအမျိုးမျိုးရှိသည်။ ယင်းတို့မှာ အသံပိုကျယ်စေခြင်း၊ ပို၍စိတ်ပြင်းပြခြင်း သို့မဟုတ် ခံစားချက်ပို၍ပါခြင်း၊ အသံထားကိုနှိမ့်ချလိုက်ခြင်း၊ အသံမြှင့်ခြင်း၊ ဖြည်းဖြည်းနှေးနှေးနှင့် တစ်လုံးချင်းစီဆွဲ၍ပြောခြင်း၊ အမြန်နှုန်းထားမြှင့်တင်ပေးခြင်း၊ အကြောင်းတစ်ခုကို မဖော်ပြမီ သို့မဟုတ် ဖော်ပြပြီး (သို့မဟုတ် နှစ်ခုစလုံး) ရပ်တန့်ခြင်း၊ ကိုယ်ဟန်အမူအရာ၊ မျက်နှာနေမျက်နှာထားများတင်ပြခြင်းတို့ဖြစ်သည်။

၇ ဦးဆုံးအနေနှင့် သင်အလေးအနက်ပြုမှုသည် နေရာမှန်မမှန်၊ သော့ချက်စကားလုံးများကို ပေါ်လွင်စေရန် အတိုင်းအတာပြည့်မပြည့်ဆိုသည်ကို အဓိကထားထည့်စဉ်းစားပါ။ ထို့ကြောင့် သင့်အကြောင်းအရာကိုပြင်ဆင်ရာတွင် သင်ဖတ်မည့်သော့ချက်စကားလုံးများကို မျဉ်းသားထားပါ။ လက်တန်းစကားပြောမည်ဆိုလျှင် သဘောတရားကို စိတ်ထဲတွင် ရှင်းလင်းအောင်လုပ်ပါ။ သင်၏မှတ်ချက်တွင် သော့ချက်စကားလုံးများသုံးပြီး ၎င်းစကားလုံးများကို အဓိပ္ပာယ်ပေါ်အောင်ပြောပါ။

၈၊ ၉။ အဓိကသဘောကိုပေါ်အောင်ပြောဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။

၈ ဟောပြောချက်တွင် အဓိကသဘောကို ပေါ်အောင်ပြောခြင်း။ အဓိပ္ပာယ်ပေါ်အောင်ပြောခြင်း၏ ဤကဏ္ဍကို အများဆုံးပျက်ကွက်တတ်ကြသည်။ ထိုအခါ ဟောပြောချက်တွင် ပေါ်လွင်ချက်များလုံးဝမရှိပါ။ ဖော်ပြချက်အားလုံးတို့တွင် ထင်ရှားပေါ်လွင်သောအချက် မရှိချေ။ ဟောပြောချက်ပြီးသွားသောအခါ ပေါ်လွင်သည့်အချက်အဖြစ် ဘာကိုမျှ မှတ်မိလိုက်လေ့မရှိပါ။ အဓိကအချက်များကို ပေါ်လွင်စေရန် ကောင်းစွာပြင်ဆင်ထားသော်လည်း ၎င်းအချက်များကို လေးနက်စွာ မပြောသွားလျှင် ယင်းတို့ အစပျောက်သွားသည်အထိ ဖြစ်သွားနိုင်သည်။

၉ ဤအားနည်းချက်ကို ဖျောက်ပစ်ရန် ဦးဆုံးအနေနှင့် အကြောင်းအရာကို သေချာစွာဆန်းစစ်လေ့လာရမည်။ ဟောပြောချက်တွင် အရေးကြီးဆုံးအချက်ကား အဘယ်နည်း။ ဒုတိယအရေးကြီးဆုံးအချက်ကော အဘယ်နည်း။ ဟောပြောချက်၏အကျဉ်းချုပ်ကို ဝါကျတစ်ကြောင်းနှစ်ကြောင်းဖြင့် ပြောခိုင်းလျှင် သင်မည်သို့ပြောမည်နည်း။ ပေါ်လွင်ချက်များကို ဤနည်းဖြင့်ခွဲခြားသတ်မှတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဤအချက်များကိုသိပြီးနောက် သင့်မှတ်စု သို့မဟုတ် စာမူတွင်မှတ်သားပါ။ ယခု ယင်းအချက်များကို အရေးပါအချက်များအဖြစ် သင်ဖွဲ့စည်းနိုင်သည်။ ၎င်းတို့သည် သင့်ဟောပြောချက်၏ အဓိကအချက်များဖြစ်ပြီး သင်ဟောပြောသည့်အကြောင်းအရာ၏ လိုရင်းအချုပ်ကိုကောင်းစွာ ပြင်ဆင်ထားကာ လေးနက်မှုပီပြင်စွာပြောဆိုမည်ဆိုလျှင် အဓိကသဘောကို မှတ်မိကြလိမ့်မည်။ ယင်းကား သင်ဟောပြောရခြင်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။

**********

၁၀–၁၂။ အသံပြောင်းလဲခြင်း၏အဓိပ္ပာယ်ကို ရှင်းပြပါ။

၁၀ အဓိပ္ပာယ်ပေါ်အောင် ရိုးရိုးပြောဆိုခြင်းသည် သင်ပြောသည့်အရာကို ပရိသတ်နားလည်သွားစေသည်။ သို့သော် အသံပြောင်းလဲပေးခြင်းဖြင့် အဓိပ္ပာယ်ပေါ်စေခြင်းသည် နားထောင်ရပျော်စေသည်။ လယ်ကွင်းလုပ်ငန်း၌ဖြစ်စေ၊ အသင်းတော်၌ ဟောပြောချက်ပေးခွင့်ရသည့်ဟောပြောချက်တွင် အသံပြောင်းလဲပြောဆိုခြင်းကို သင်ကောင်းစွာအသုံးပြုသလော။

၁၁ အသံပြောင်းလဲပြောဆိုရခြင်းသည် စိတ်ဝင်စားမှုကိုဆွဲယူထားနိုင်ရန်နှင့် ဟောပြောသူအနေနှင့် တင်ပြလိုသည့်အချက်များ၊ စိတ်လှုပ်ရှားမှုများကို တဖြည်းဖြည်းပီပြင်စေရန် အသံနိမ့်မြင့်၊ နှေးမြန်ခြင်းနှင့် အသံသြဇာတို့ကို ပြတ်တောင်းပြတ်တောင်း ပြောင်းလဲအသုံးပြုခြင်းဖြစ်သည်။ အကျိုးအများဆုံးဖြစ်ထွန်းစေရန် ဟောပြောချက်တစ်ခု၏အကြောင်းအရာပေါ်မူတည်ပြီး အသံကို အမျိုးမျိုးပြောင်းလဲပေးသင့်သည်။ အသံပြောင်းလဲပြောဆိုခြင်း၏ မြင့်သံအပိုင်းတွင် အသံပမာဏလျော့ကာ စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှုနှင့် ပြင်းပြသောစိတ်ဝင်စားမှုတို့ရှိနိုင်သည်။ သံလတ်အပိုင်းတွင် တော်ရုံသင့်ရုံစိတ်ဝင်စားသံပြုခြင်းနှင့် အောက်သံအပိုင်းတွင်မူ လေးနက်တည်ငြိမ်မှုကိုတင်ပြရန် လေးတွဲသံအသုံးပြုခြင်းတို့ဖြစ်ပေမည်။

၁၂ အမူပိုလွန်းသည့်အသုံးအနှုန်းများအားဖြင့် မည်သည့်အခါမျှ ဇာတ်သမားပုံမထွက်လိုပါ။ ကျွန်ုပ်တို့ပြောဆိုဟောပြောပုံသည် ဩသဒေါက်စ် ဓမ္မဆရာများနည်းတူ ဘုရားတရားကြည်ညိုသည့် လေးပင်သံမျိုး၊ သို့မဟုတ် ငိုလိုငို၊ ရယ်လိုရယ်လုပ်သော ဝိညာဉ်တော်ဂိုဏ်းသားများ၏ လေသံမျိုးလည်း မဖြစ်သင့်ဘဲ အလွန်စိတ်ဝင်စားစရာကောင်းသင့်သည်။ နိုင်ငံတော်သတင်းအတွက် ထားသင့်သည့်သိက္ခာနှင့် လေးစားတန်ဖိုးထားမှုတို့က ဤခရစ်ယာန်မဆန်သော မည်သည့်အကျင့်ကိုမဆို ရှောင်စေမည်။

၁၃၊ ၁၄။ အသံသြဇာကို ပြောင်းလဲခြင်းက အဘယ်အရာကိုဆိုလိုသနည်း။

၁၃ အသံသြဇာကို ပြောင်းလဲခြင်း။ အသံပြောင်းလဲပြောဆိုခြင်းရှိရန် သင့်အသံသြဇာကို ပြောင်းလဲခြင်းနည်းသည် အလွယ်ဆုံးနည်းဖြစ်မည်။ ဤနည်းကို အထွတ်အထိပ်သို့ ရောက်စေလိုသောအခါတွင်လည်းကောင်း၊ ဟောပြောချက်၏ အဓိကအချက်များကို လေးနက်စေလိုသည့်အခါတွင်လည်းကောင်း အသုံးပြုလေ့ရှိသည်။ သို့ရာတွင် အသံပမာဏကို မြှင့်တင်ပေးရုံဖြင့် နေရာတိုင်းတွင် အချက်အလက်များကို ပေါ်လွင်စေမည်မဟုတ်ပါ။ အချို့နေရာတွင် ပေါ်လွင်ထင်ရှားစေမည်ဖြစ်သော်လည်း ယင်းတို့ကို အသံတိုး၍မြှင့်တင်ပြောဆိုခြင်းဖြင့် သင့်ရည်ရွယ်ချက် ပျက်သွားနိုင်သည်။ သင်တင်ပြသောအချက်အလက်များက အားတက်သရောသံရှိန်အစား လှိုက်လှဲမှု ခံစားချက်ကိုတင်ပြရန် လိုအပ်နေခြင်းဖြစ်ပေမည်။ ဤအခြေအနေမျိုးတွင် အသံပမာဏကို နှိမ့်လိုက်ပြီး ပြင်းပြသည့်သဘောထားကို တိုး၍တင်ပြလိုက်ပါ။ စိုးရိမ်စိတ် သို့မဟုတ် ကြောက်စိတ်တင်ပြရာ၌လည်း ထိုနည်းအတိုင်းပင်ဖြစ်ပေမည်။

၁၄ အသံပြောင်းလဲပြောဆိုခြင်းငှာ အသံသြဇာကို ပြောင်းလဲခြင်းရှိဖို့လိုသည်ဖြစ်သော်လည်း အသံကိုမကြားနိုင်လောက်အောင် မပျော့စေရန် သတိပြုသင့်သည်။ နားမခံသာအောင်လည်း မကျယ်လွန်းသင့်ပါ။

၁၅–၁၇။ အသံအနှေးအမြန်ကို ပြောင်းလဲခြင်းက ဟောပြောချက်တစ်ခုကို မည်သို့တိုး၍ကောင်းစေသနည်း။

၁၅ အသံအနှေးအမြန်ကို ပြောင်းလဲခြင်း။ စင်မြင့်ပေါ်မှဟောပြောခါစလူသစ်သည် သူတို့၏ အသံအနှေးအမြန်ကို ပြောင်းလဲခြင်းမရှိလှပါ။ သို့သော် ကျွန်ုပ်တို့နေ့စဉ်စကားပြောဆိုကြရာတွင် စကားလုံးများသည် စဉ်းစားမိသည်နှင့် သို့မဟုတ် ပြောဖို့လိုသည်နှင့်တစ်ပြိုင်တည်း ကောက်ကာငင်ကာ ထွက်လာတတ်သောကြောင့် ထိုသို့အမြဲပြုနေကျဖြစ်သည်။ သို့ရာတွင် စင်မြင့်ပေါ်မှ ဟောပြောခါစသူသည် မိမိကိုယ်ကို ထိုသို့ပြုခွင့်ပေးလေ့ရှိမည်မဟုတ်ပါ။ သူ့စကားလုံးနှင့် စကားစုများကို လွန်စွာဂရုစိုက်ပြင်ဆင်သောကြောင့် စကားလုံးများသည် နှုန်းထားတစ်မျိုးတည်းဖြင့်သာ ထွက်လာတတ်သည်။ အောက်လိုင်းမှပြောခြင်းသည် ဤအားနည်းချက်ကို ပြုပြင်ပေး၏။

၁၆ သင့်ဟောပြောချက်၏ အဓိကအသံထားသည် မနှေးမမြန်ဖြစ်သင့်သည်။ အချက်ငယ်များ၊ ဇာတ်ကြောင်း၊ ပုံဥပမာအများစု စသည်တို့ကို ပြောရာ၌ နှုန်းမြန်လာမည်။ လေးနက်သောအချေအတင်ပြောဆိုချက်များ၊ အထွတ်အထိပ်နှင့် အဓိကအချက်တို့ကိုမူ နှေးနှေးပြောသွားမည်။ တစ်ခါတစ်ရံ အထူးသဖြင့် သာ၍လေးနက်စေရန် နှေးကွေးလေးကန်စွာ တမင်အလေးအနက် ပြောဆိုနိုင်၏။ အနှေးအမြန် လုံးလုံးပြောင်းလိုက်သည့်ရပ်တန့်ခြင်းဖြင့် အသံနှုန်းကိုလုံးဝပင် ရပ်လိုက်နိုင်သည်။

၁၇ သတိပေးလိုသည်ကား လေယူလေသိမ်းထိခိုက်သွားသည့်အထိ စကားပြောမမြန်လွန်းပါနှင့်။ တစ်ကိုယ်တည်းလေ့ကျင့်သည့်အစီအစဉ်များတွင် လေ့ကျင့်မှုကောင်းမှာ အသံထွက်ထစ်ငေါ့မှုမရှိဘဲ အမြန်ဆုံး ဖတ်ဖို့ကြိုးစားခြင်းဖြစ်သည်။ ၎င်းအပိုဒ်ကို ထပ်တလဲလဲပြန်ဖတ်ပြီး အထစ်အငေါ့ သို့မဟုတ် မပီမသမဖြစ်ဘဲ ဖတ်နှုန်းကို တဖြည်းဖြည်းတိုးသွားပါ။ ထို့နောက် စကားလုံးများကို တုံးတိတိမဖတ်ဘဲ ဆွဲပြီး နှေးနိုင်သလောက်နှေးနှေး ဖတ်ဖို့ကြိုးစားပါ။ ထို့နောက် သင့်အသံကို ပြုပြင်ရလွယ်သည်အထိဖြစ်စေ၊ သင်အလိုရှိသလို ပြောင်းလဲပြောဆိုနိုင်သည်အထိဖြစ်စေ စကားပြောနှုန်းကို မြန်တစ်လှည့်၊ နှေးတစ်လှည့် ပြတ်တောင်းပြတ်တောင်း ပြောဆိုရန် လေ့ကျင့်သွားပါ။ ယခု သင်ဟောပြောသည့်အခါ အသံနှုန်းမြန်ခြင်း၊ နှေးခြင်းသည် သင့်ဆိုလိုရင်းစကားအတိုင်း အလိုလိုပြောင်းလဲသွားပေမည်။

၁၈–၂၀။ အသံအနိမ့်အမြင့်ပြောင်းလဲခြင်းအရည်အချင်းကို မည်သို့ရနိုင်မည်နည်း။

၁၈ အသံအနိမ့်အမြင့်ကို ပြောင်းလဲခြင်း။ အသံပြောင်းလဲပြောဆိုခြင်းတွင် အသံအနိမ့်အမြင့်ပြောင်းလဲခြင်းကား အခက်ဆုံးဖြစ်၏။ များသောအားဖြင့် အသံအနိမ့်အမြင့်နှင့် အသံသြဇာကိုပါ အနည်းငယ်တိုးမြှင့်ခြင်းဖြင့် စကားလုံးများကို အမြဲအလေးအနက်ဖော်ပြရသည်။ စကားလုံးကို အချက်ကျကျဖော်ပြသကဲ့သို့ဖြစ်သည်။

၁၉ သို့သော် အသံပြောင်းလဲပြောဆိုခြင်း၏ ဤအပိုင်းမှ အများဆုံးအကျိုးခံစားရရန် ဤမျှထက်အသံအနိမ့်အမြင့်ပြောင်းလဲဖို့လိုသည်။ ကမ္ဘာဦး ၁၈:၃-၈ နှင့် ၁၉:၆-၉ ကိုအသံကျယ်ဖြင့်ဖတ်ကြည့်ပါ။ ဤအခန်းငယ်များတွင် လိုအပ်သောအသံအနှေးအမြန်နှင့် အသံအနိမ့်အမြင့် အကြီးအကျယ်ပြောင်းလဲမှုကို သတိပြုပါ။ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုသည် ဝမ်းနည်းခြင်း သို့မဟုတ် စိုးရိမ်ခြင်းထက် အသံပိုမြင့်မြင့်ကို အမြဲသုံးသည်။ သင့်ဟောပြောချက်တွင် ဤခံစားမှုများပါလျှင် ယင်းတို့ကို လိုအပ်သလိုဖော်ပြပါ။

၂၀ ဟောပြောခြင်းဆိုင်ရာ ဤအရည်အချင်းတွင် အားနည်းခြင်း၏ အဓိကအကြောင်းများအနက်တစ်ခုကား အသံကို အလုံအလောက်နိမ့်ခြင်း၊ မြင့်ခြင်းမရှိခြင်းကြောင့်ဖြစ်သည်။ ဤကား သင်၏အခက်အခဲဖြစ်နေပါက ဤအားနည်းချက်ကို ဂရုစိုက်ကြိုးစားပါ။ ဤသင်ခန်းစာ၏အစပိုင်းတွင်အကြံပြုထားသည့် လေ့ကျင့်ခန်းမျိုးကို စမ်းကြည့်ပါ။ သို့သော် ဤအကြိမ်တွင် သင်လေ့ကျင့်မည်ကား အသံအနှေးအမြန်ကို ပြောင်းလဲခြင်းမဟုတ်ဘဲ အသံအနိမ့်အမြင့် ပြောင်းလဲခြင်းကိုလေ့ကျင့်ပေးရမည်။

၂၁–၂၄။ သဘော သို့မဟုတ် အသံပြောင်းလဲမှုသည် စိတ်လှုပ်ရှားမှုနှင့် အဘယ်ကြောင့် ကိုက်ညီရမည်နည်း။

၂၁ သဘော သို့မဟုတ် စိတ်လှုပ်ရှားမှုနှင့်ကိုက်ညီသော အသံပြောင်းလဲခြင်း။ ဤအရည်အချင်းကို ယခုထိဆွေးနွေးရာတွင် အပြောင်းအလဲအမျိုးမျိုးရှိနိုင်ရန် အသံကိုပြောင်းလဲရုံဖြင့်မရနိုင်ကြောင်း ရှင်းနေပါသည်။ သင်၏စကားအသုံးအနှုန်းများသည် သင်ပြောဆိုနေသည့်အကြောင်း၏ စိတ်နေစိတ်ထားနှင့်ကိုက်ညီရမည်။ သို့ဖြစ်လျှင် အသံပြောင်းလဲခြင်းကို အဘယ်မှစတင်သနည်း။ ယင်းသည် သင်ပြောဖို့ပြင်ဆင်ထားသည့်အကြောင်းအရာဖြင့်စကြောင်း ထင်ရှားသည်။ သင့်ဟောပြောချက်တွင် အချေအတင်ပြောဆိုချက် သို့မဟုတ် တိုက်တွန်းချက်များသာပါလျှင် အသံပြောင်းလဲမှုနည်းပေမည်။ ထို့ကြောင့် သင့်အောက်လိုင်းကို ရေးဆွဲပြီးနောက် စိတ်ဝင်စားဖွယ်ကောင်းသည့်အပြင် အဓိပ္ပာယ်ရှိသည့်အရာတို့ စုံလင်စွာပါကြောင်း သေချာစွာ ဂရုစိုက်စစ်ဆေးပါ။

၂၂ သို့သော် တစ်ခါတစ်ရံ ဟောပြောနေရင်းတန်းလန်းတွင် အနှေးအမြန်ကို ပြောင်းလဲပေးရန်လိုကြောင်း သတိပြုမိပေမည်။ သင့်ဟောပြောချက်သည် ပျင်းခြောက်ခြောက်ဖြစ်နေသည်ဟု ခံစားမိမည်။ သင်ဘာပြုလုပ်နိုင်သနည်း။ ဤတွင်တစ်ဖန် လတ်တလောဟောပြောခြင်းက တစ်ပန်းသာသည်။ သင်ဟောပြောရင်း သင့်ဟောပြောချက်၏သဘောသဘာဝကို ပြောင်းလဲပေးနိုင်သည်။ မည်သို့ပြုမည်နည်း။ တစ်နည်းမှာ စကားဆက် မပြောတော့ဘဲ ကျမ်းချက်တစ်ချက်ကောက်ဖတ်လိုက်ခြင်းဖြင့်ဖြစ်သည်။ သို့မဟုတ် လေးနက်စေရန် ရပ်တန့်ခြင်းဖြင့် တင်ပြချက်တစ်ခုကို မေးခွန်းအဖြစ် ပြောင်းလဲမေးလိုက်နိုင်သည်။ သင့်အောက်လိုင်းပါ အချေအတင်ပြောဆိုချက်တစ်ခု၏ ပြောင်းလဲတင်ပြပုံတစ်ခုအဖြစ် ဆီလျော်သောဥပမာတစ်ခုကို ထည့်သွင်းခြင်းဖြင့်ဖြစ်နိုင်သည်။

၂၃  ဟောပြောရင်းအသုံးပြုသည့် ဤနည်းများသည် အတွေ့အကြုံရင့်သူများအတွက်ဖြစ်သည်။ သို့သော်လည်း သင်တာဝန်ကျသည့်အရာကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ထပ်တူအကြံပြုချက်များကို သင်အသုံးပြုနိုင်သည်။

၂၄ အသံပြောင်းလဲခြင်းသည် ဟောပြောချက်တစ်ခုတွင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည်ဟု ဆို၏။ အသံပြောင်းလဲခြင်းကို သင့်တော်စွာနှင့် အနေတော်အသုံးပြုပြောလျှင် ပရိသတ်အတွက် သင့်ဟောပြောချက်၏ အရသာမျိုးစုံကိုထုတ်လုပ်ပေးကာ ခံတွင်းတွေ့သွားပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ