သူတို့၏ကမ္ဘာချီအဖွဲ့အစည်းနှင့်လုပ်ငန်း
နိုင်ငံပေါင်း ၂၀၀ ကျော်တွင်လုပ်ကိုင်နေသည့် သက်သေခံခြင်းလုပ်ငန်းကိုညွှန်ကြားရာတွင် ကွင်းဆက်များစွာရှိသည်။ ညွှန်ကြားချက်ဟူသ၍ကို နယူးယောက်၊ ဘရွတ်ကလင်၊ ကမ္ဘာ့ဌာနချုပ်ရှိ အုပ်ချုပ်ရေးအဖွဲ့ကပေးသည်။ ဇုံအသီးသီးရှိဌာနခွဲကိုယ်စားလှယ်တို့နှင့် ဆွေးနွေးတိုင်ပင်ရန် အုပ်ချုပ်ရေးအဖွဲ့သည် တစ်နှစ်လျှင်ကမ္ဘာအရပ်ရပ်ရှိဇုံများထဲမှ ၁၅ ဇုံ သို့မဟုတ် ထို့ထက်ပိုသောဇုံများသို့ ကိုယ်စားလှယ်စေလွှတ်သည်။ ဌာနခွဲကော်မတီရှိသည်။ ယင်းကော်မတီသည် သူတို့၏လက်အောက်ခံဒေသများရှိ လုပ်ငန်းကိုကြီးကြပ်ကြသည်။ ဌာနခွဲရုံးအတော်များများတို့၌ ပုံနှိပ်စက်ကိရိယာများရှိကြသည်။ အချို့တို့တွင် အမြန်နှုန်းဖြင့်ပုံနှိပ်နိုင်သည့် ပုံနှိပ်စက်များရှိသည်။ ဌာနခွဲတစ်ခုတည်ရှိရာနိုင်ငံ သို့မဟုတ် ဒေသကို ခရိုင်များခွဲခြားပြီး၊ တစ်ဖန်ခရိုင်များကို တိုက်နယ်များအဖြစ် ထပ်၍ခွဲခြားထားသည်။ တိုက်နယ်တစ်ခုစီသည် အသင်းတော် ၂၀ ခန့်ပါဝင်သည်။ ခရိုင်ကြီးကြပ်ရေးမှူးသည် မိမိခရိုင်အတွင်းရှိတိုက်နယ်များကို အလှည့်ကျလည်ပတ်သည်။ တိုက်နယ်တစ်ခုတွင် နှစ်စဉ်အစည်းအဝေးနှစ်ခုကျင်းပသည်။ တိုက်နယ်ကြီးကြပ်ရေးမှူးလည်းရှိပြီး သူသည်မိမိတိုက်နယ်အတွင်းရှိအသင်းတော်များသို့ တစ်နှစ်လျှင်နှစ်ကြိမ်လည်ပတ်လေ့ရှိသည်။ သူသည်အဖွဲ့အစည်းရှိ သက်သေခံတို့ကိုထောက်ကူပြီး အသင်းတော်ရပ်ကွက်များတွင် ဟောပြောခြင်းလုပ်ငန်းကိုလုပ်ကိုင်သည်။
နိုင်ငံတော်ခန်းမတည်ရှိရာဒေသန္တရအသင်းတော်သည် သင့်ရပ်ကွက်တွင်သတင်းကောင်းဟောရန် ဗဟိုဖြစ်သည်။ အသင်းတော်တစ်ခုစီ၏နယ်မြေများကို ရပ်ကွက်ငယ်ကလေးများအဖြစ် မြေပုံဆွဲ၍ ခွဲထုတ်သည်။ လူတို့နှင့်စကားပြောရန် အိမ်တိုင်းလည်ပတ်ဖို့ကြိုးစားသောသက်သေခံတစ်ဦးစီကို ဤရပ်ကွက်ငယ်ကလေးများအပ်နှင်းထားသည်။ အသင်းတော်တစ်ခုစီတွင် သက်သေခံအနည်းငယ်မှ ၂၀၀ ဦးအထိပါဝင်ပြီး တာဝန်အရပ်ရပ်ကို ထမ်းရွက်ရန် အကြီးအကဲများလည်းရှိသည်။ ယေဟောဝါသက်သေတို့၏အဖွဲ့အစည်းတွင် သတင်းကောင်းဟောပြောသူတစ်ဦးစီသည်အရေးပါသည်။ ကမ္ဘာ့ဌာနချုပ်တွင် အမှုထမ်းသူဖြစ်စေ၊ ဌာနခွဲများ၊ အသင်းတော်များတွင် အမှုထမ်းသူဖြစ်စေ သက်သေခံယောက်စီသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကိုယ်စီဟောပြောတင်ပြသည့် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ကြသည်။
ဤလုပ်ဆောင်မှုမှတ်တမ်းတို့သည် အဆုံးတွင်ကမ္ဘာ့ဌာနချုပ်သို့ရောက်ရှိပြီး၊ ယင်းတို့ကိုစုဆောင်း၍ နှစ်စဉ် နှစ်ချုပ်စာအုပ် အဖြစ်ထုတ်ဝေသည်။ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် တိုင်းတွင်လည်း ဇယားတစ်ခုပါရှိသည်။ ယေဟောဝါနှင့်သားတော်အုပ်ချုပ်သည့် နိုင်ငံတော်အကြောင်းသက်သေခံခြင်းပြီးမြောက်အောင်မြင်မှုကို အသေးစိတ်ဖော်ပြသော နှစ်စဉ်မှတ်တမ်းကို ယင်းစာစောင်နှစ်ခုကဖော်ပြသည်။ ၁၉၉၁ နှစ်ချုပ်စာအုပ် အရဆိုလျှင် ၁၉၉၀ ခုနှစ်တွင် ၉,၉၅၀,၀၅၈ ဦးသောသက်သေခံနှင့်စိတ်ဝင်စားသူတို့သည် နှစ်စဉ်ကျင်းပသည့် ယေရှုသေခြင်း၏အောက်မေ့ရာပွဲတော်ကို တက်ရောက်ခဲ့ကြသည်။ ၁၉၉၀ ခုအမှုဆောင်နှစ်တွင် ယေဟောဝါသက်သေတို့သည် သတင်းကောင်းဟောပြောခြင်းအတွက် နာရီပေါင်း ၈၉၅,၂၂၉,၄၂၄ ကျော်အသုံးပြုခဲ့ကြပြီး၊ လူသစ် ၃၀၁,၅၁၈ ဦးနှစ်ခြင်းခံခဲ့ကြသည်။ စာပေစာတမ်းဝေငှမှုများမှာ သန်းပေါင်းမြောက်မြားစွာရှိခဲ့ပါသည်။