သူတို့၏ ကမ္ဘာချီအဖွဲ့အစည်း နှင့်လုပ်ငန်း
နိုင်ငံပေါင်း ၂၃၀ ကျော်တွင်လုပ်ကိုင်နေသည့် သက်သေခံခြင်းလုပ်ငန်းကိုညွှန်ကြားရာတွင် ကွင်းဆက်များစွာရှိသည်။ ညွှန်ကြားချက်ဟူသ၍ နယူးယောက်၊ ဘရွတ်ကလင်၊ ကမ္ဘာ့ဌာနချုပ်ရှိ အုပ်ချုပ်ရေးအဖွဲ့ကပေးသည်။ ဇုန်အသီးသီးရှိဌာနခွဲကိုယ်စားလှယ်တို့နှင့် ဆွေးနွေးတိုင်ပင်ရန် အုပ်ချုပ်ရေးအဖွဲ့သည် နှစ်စဉ် ကမ္ဘာအရပ်ရပ်ရှိဇုန်အသီးသီးသို့ ကိုယ်စားလှယ်များစေလွှတ်သည်။ ဌာနခွဲရုံးများတွင် အဖွဲ့ဝင်သုံးဦးမှ ခုနစ်ဦးခန့်ပါဝင်သော ဌာနခွဲကော်မတီများရှိပြီး ယင်းကော်မတီသည် သူတို့၏လက်အောက်ခံဒေသများရှိ လုပ်ငန်းကိုကြီးကြပ်ကြသည်။ အချို့ဌာနခွဲ၌ ပုံနှိပ်စက်ကိရိယာများရှိကြပြီး အချို့တို့တွင် လည်ပတ်နှုန်းမြင့်သောပတ်လည်ပုံနှိပ်စက်များရှိသည်။ ဌာနခွဲတစ်ခုတည်ရှိရာနိုင်ငံ သို့မဟုတ် ဒေသကို ခရိုင်များခွဲခြားပြီး၊ တစ်ဖန် ခရိုင်များကို တိုက်နယ်များအဖြစ် ထပ်၍ခွဲခြားထားသည်။ တိုက်နယ်တစ်ခုစီတွင် အသင်းတော် ၂၀ ခန့်ပါဝင်သည်။ ခရိုင်ကြီးကြပ်မှူးသည် မိမိခရိုင်အတွင်းရှိတိုက်နယ်များကို အလှည့်ကျလည်ပတ်သည်။ တိုက်နယ်တစ်ခုတွင် နှစ်စဉ်စည်းဝေးပွဲနှစ်ခု ကျင်းပသည်။ တိုက်နယ်ကြီးကြပ်မှူးလည်းရှိပြီး သူသည် မိမိတိုက်နယ်အတွင်းရှိအသင်းတော်များသို့ တစ်နှစ်လျှင်နှစ်ကြိမ်လည်ပတ်လေ့ရှိသည်။ သူသည် သက်သေခံတို့အား အသင်းတော်ပိုင်ရပ်ကွက်များတွင် ဟောပြောခြင်းလုပ်ငန်းကို ဖွဲ့စည်းစီစဉ်ခြင်းနှင့် လုပ်ဆောင်ခြင်းတို့တွင် အကူအညီပေးသည်။
ဘုရားသခင့်နိုင်ငံတော်ခန်းမတည်ရှိရာ ဒေသန္တရအသင်းတော်သည် သင့်ရပ်ကွက်တွင် သတင်းကောင်းဟောရန် ဗဟိုဖြစ်သည်။ အသင်းတော်တစ်ခုစီ၏ နယ်မြေများကို ရပ်ကွက်ငယ်ကလေးများအဖြစ် မြေပုံဆွဲ၍ခွဲထုတ်သည်။ လူတို့နှင့်စကားပြောရန် အိမ်တိုင်းလည်ပတ်ဖို့ကြိုးစားသောသက်သေခံတစ်ဦးစီကို ဤရပ်ကွက်ကလေးများ အပ်နှင်းထားသည်။ အသင်းတော်တစ်ခုစီတွင် သက်သေခံအနည်းငယ်မှ ၂၀၀ အထိပါဝင်ပြီး တာဝန်အမျိုးမျိုးကိုဆောင်ရွက်ရန် ခန့်အပ်ခံအကြီးအကဲများလည်းရှိသည်။ ယေဟောဝါသက်သေတို့၏အဖွဲ့အစည်းတွင် သတင်းကောင်းဟောပြောသူတစ်ဦးစီသည် အရေးပါသည်။ ကမ္ဘာ့ဌာနချုပ်တွင် အမှုထမ်းသူဖြစ်စေ၊ ဌာနခွဲများ၊ အသင်းတော်များတွင် အမှုထမ်းသူဖြစ်စေ သက်သေခံယောက်စီသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကိုယ်စီဟောပြောတင်ပြသည့် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်နေကြသည်။
ဤလုပ်ဆောင်မှုမှတ်တမ်းတို့သည် အဆုံးတွင်ကမ္ဘာ့ဌာနချုပ်သို့ရောက်ရှိပြီး၊ ယင်းတို့ကိုစုဆောင်း၍ နှစ်စဉ်နှစ်ချုပ်စာအုပ် အဖြစ်ထုတ်ဝေသည်။ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်တိုင်းတွင်လည်း ဇယားတစ်ခုပါရှိသည်။ ယေဟောဝါနှင့် သားတော်အုပ်ချုပ်သည့် နိုင်ငံတော်အကြောင်း သက်သေခံခြင်းပြီးမြောက်အောင်မြင်မှုကို အသေးစိတ်ဖော်ပြသော နှစ်စဉ်မှတ်တမ်းကို ယင်းစာစောင်နှစ်ခုက ဖော်ပြသည်။ မကြာသေးမီနှစ်များတွင် ၁၄,၀၀၀,၀၀၀ ခန့်သော သက်သေခံနှင့် စိတ်ဝင်စားသူတို့သည် နှစ်စဉ်ကျင်းပသည့် ယေရှုသေခြင်း၏အောက်မေ့ရာပွဲတော်ကို တက်ရောက်ခဲ့ကြသည်။ ယေဟောဝါသက်သေတို့သည် သတင်းကောင်းဟောပြောခြင်းအတွက် နာရီပေါင်း ၁,၀၀၀,၀၀၀,၀၀၀ ကျော်အသုံးပြုခဲ့ပြီး၊ တစ်နှစ်လျှင် လူသစ် ၃၀၀,၀၀၀ ကျော်နှစ်ခြင်းခံခဲ့သည်။ စာပေစာတမ်းဝေငှမှုများမှာ သန်းပေါင်းမြောက်မြားစွာရှိခဲ့ပါသည်။