ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gm အခန်း ၈ စာ. ၉၈-၁၁၆
  • သိပ္ပံပညာ–သမ္မာကျမ်းစာမှားကြောင်း သက်သေထူခဲ့ပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သိပ္ပံပညာ–သမ္မာကျမ်းစာမှားကြောင်း သက်သေထူခဲ့ပြီလော
  • သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်
  • “အစအဦး၌”
  • ကျန်းမာရေးနှင့် ကျန်းမာသန့်ရှင်းရေး
  • သမ္မာကျမ်းစာ အဘယ်သို့ဆိုသနည်း
  • ဆင့်ကဲဖြစ်စဉ်နှင့် ဖန်ဆင်းခြင်း
  • သက်သေထူခဲ့ပြီလော
  • အသက်၏မူလအစ
  • ဖန်ဆင်းခြင်းကို လက်မခံရသည့်အကြောင်း
  • ရေလွှမ်းခြင်းနှင့်ပတ်သက်၍ကော
  • လွှမ်းမိုးသောရေ
  • ရေလွှမ်းမိုးခဲ့သည့်သဲလွန်စများ
  • လူသားများ မမေ့ကြချေ
  • ရုံးတင်ခံရသည့်ဆင့်ကဲအယူဝါဒ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင့်ကဲဖြစ်စဉ်ဝါဒ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သမ္မာကျမ်းစာ မှားကြောင်း သူတို့သက်သေထူခဲ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
gm အခန်း ၈ စာ. ၉၈-၁၁၆

အခန်း၈

သိပ္ပံပညာ–သမ္မာကျမ်းစာမှားကြောင်း သက်သေထူခဲ့ပြီလော

၁၆၁၃ ခုနှစ်တွင် အီတာလျံသိပ္ပံပညာရှင် ဂယ်လီလီယိုက “နေပြောက်များဆိုင်ရာ သဝဏ်လွှာများ” အဖြစ်လူသိများသော စာပေတစ်ခုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူက နေသည် ကမ္ဘာကို လှည့်ပတ်နေခြင်းမဟုတ်ဘဲ ကမ္ဘာကသာ နေကိုလှည့်ပတ်နေခြင်းဖြစ်ကြောင်း အထောက်အထားပြခဲ့သည်။ ဤသို့ပြုလိုက်ခြင်းဖြင့် သူသည်အဖြစ်အပျက် တသီတတန်းကြီးကို အစဖော်ပေးလိုက်ရာ နောက်ဆုံးတွင် သူကိုယ်တိုင် “အယူမှားသူအဖြစ် ကြီးစွာသံသယဝင်” ခံရကာ . . . ဘာသာရေးခုံးရှေ့ ရောက်ခဲ့ရသည်။ နောက်ဆုံးတွင် “ထိုယူဆချက်ကို ပြန်လည်ရုပ်သိမ်း” ရန်အတင်းအကျပ် ပြုခံရလေသည်။ ကမ္ဘာက နေကိုလှည့်ပတ်သည်ဟူသည့်ယူဆချက်ကို အယူမှားအဖြစ် အဘယ်ကြောင့် ရှုမြင်ခဲ့ရပါသနည်း။ အကြောင်းမှာ ဂယ်လီလီယိုအားစွပ်စွဲသူများက ၎င်းယူဆချက်သည် သမ္မာကျမ်းစာဖော်ပြချက်နှင့် ဆန့်ကျင်၍ဖြစ်သည်ဟု ဆိုကြသည်။

၁။ (နိဒါန်းအပါအဝင်) (က) ကမ္ဘာက နေကို လှည့်ပတ်နေကြောင်း ဂယ်လီလီယိုတင်ပြသည့်အခါ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ (ခ) သမ္မာကျမ်းစာသည် သိပ္ပံပြဋ္ဌာန်းစာအုပ်မဟုတ်သော်လည်း ခေတ်သစ်သိပ္ပံနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ မည်သို့တွေ့ရှိရသနည်း။

သမ္မာကျမ်းစာသည် သိပ္ပံနည်းမကျဟူ၍ ယနေ့ လူအများက ယူဆကြသည်။ အချို့က သက်သေအဖြစ် ဂယ်လီလီယို၏ တွေ့ကြုံခံစားရမှုများကို ထောက်ပြကြသည်။ သို့သော် ထိုအတိုင်း အမှန်ပင်ဖြစ်ပါသလော။ ဤမေးခွန်းကို ဖြေဆိုရာ၌ သမ္မာကျမ်းစာမှာ ပရောဖက်ပြုချက်၊ သမိုင်း၊ ဆုတောင်းချက်၊ ပညတ်ဥပဒေ၊ အကြံဉာဏ်နှင့် ဘုရားသခင်အား သိကျွမ်းခြင်းပညာတို့နှင့်ဆိုင်သည့် စာအုပ်ဖြစ်သည်ကို သတိရသင့်သည်။ မိမိကိုယ်ကို သိပ္ပံဆိုင်ရာ ပြဋ္ဌာန်းစာအုပ်ဖြစ်သည်ဟု မဆိုပါ။ သို့သော် သိပ္ပံဆိုင်ရာကိစ္စရပ်များအကြောင်း ပြောသည့်အခါ၌ ပြောသမျှသည် အကြွင်းမဲ့မှန်ကန်တိကျသည်။

ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်

၂။ အာကာသအတွင်း ကမ္ဘာ၏တည်နေပုံကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။

၂ ဥပမာ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အကြောင်း သမ္မာကျမ်းစာဖော်ပြချက်ကို သုံးသပ်ကြည့်ပါ။ ယောဘဝတ္ထုတွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “[ဘုရားသခင်သည်] မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။” (ယောဘ ၂၆:၇) “မြေကြီးစက်အပေါ်မှာထိုင်” တော်မူသောအရှင်ဟူ၍ ဟေရှာယ ပြောသည့်အချက်နှင့် နှိုင်းယှဉ်ကြည့်ပါ။ (ဟေရှာယ ၄၀:၂၂) လုံးဝန်းသည့်ကမ္ဘာကို “လွတ်လပ်လဟာ” ၌ “အခုအခံမရှိဆွဲထား” သည်ဟူသောဤဖော်ပြချက်က အာကာသယာဉ်မှူးများ ရိုက်ကူးခဲ့သည့် လွတ်လပ်လဟာပြင်တွင် ပေါလောမျောနေသည့် ကမ္ဘာစက်လုံးပုံများကို သွား၍သတိရစေသည်။

၃၊ ၄။ ကမ္ဘာ့ရေသံသရာကား အဘယ်နည်း၊ ယင်းအကြောင်းကို သမ္မာကျမ်းစာက အဘယ်သို့ဆိုထားသနည်း။

၃ ကမ္ဘာ၏အံ့ဖွယ်ကောင်းသော ရေသံသရာကိုလည်း သုံးသပ်ကြည့်ပါ။ ကန်ပ်တန်စွယ်စုံကျမ်းက ၎င်းဖြစ်စဉ်ကို ဤသို့ဖော်ပြထားသည်– “ရေသည် . . . သမုဒ္ဒရာများမှ အငွေ့ပျံကာ လေထုထဲရောက်ရှိသည်။ . . . ကမ္ဘာ့လေထုရှိ ပုံမှန်ရွေ့လျားနေသည့် လေစီးကြောင်းများက စိုထိုင်းသောလေကို ကုန်းတွင်းပိုင်းသို့ သယ်ဆောင်သွားသည်။ ၎င်းလေ အေးလာသောအခါ ရေခိုးရေငွေ့များသည် ရေစက်ရေပေါက်များအဖြစ် ငွေ့ရည်ဖွဲ့လေသည်။ ယင်းတို့ကို တိမ်များအဖြစ် တွေ့မြင်ရလေ့ရှိသည်။ များသောအားဖြင့် ရေစက်ရေပေါက်များသည် စုဝေးပြီး မိုးစက်မိုးပေါက်များ ဖြစ်လာကြသည်။ အကယ်၍ လေထုသည် အလွန်အေးလျှင် မိုးစက်မိုးပေါက်မဟုတ်ဘဲ နှင်းပွင့်များဖြစ်သွားလေသည်။ မည်သို့ပင်ဖြစ်ပါစေ ပင်လယ်မှ မိုင်ပေါင်း ရာနှင့်၊ ထောင်နှင့်ပင်ချီပြီး ခရီးဆန့်ခဲ့သည့်ရေသည် မြေမျက်နှာပြင်ပေါ်သို့ တစ်ဖန်ကျဆင်းလေသည်။ ထိုမှ စမ်းချောင်းများအဖြစ် စုဝေး၍လည်းကောင်း၊ မြေကြီးထဲသို့ စိမ့်ဝင်၍လည်းကောင်း ပင်လယ်ထဲသို့ ပြန်လည်၍ စတင်စီးဆင်းလေသည်။”၁

၄ ခြောက်သွေ့သောကုန်းမြေပေါ်တွင် သက်ရှိများ ရှင်သန်ပေါက်ပွားစေသည့် ဤအံ့ချီးဖွယ်ဖြစ်စဉ်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၃,၀၀၀ ခန့်က သမ္မာကျမ်းစာတွင် ဤသို့ ရိုးရိုးရှင်းရှင်း ဖော်ပြထားသည်– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည်မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။”—ဒေ. ၁:၇။

၅။ ကမ္ဘာ့တောင်တန်းကြီးများ၏ သမိုင်းကြောင်းနှင့်ပတ်သက်သည့် ဆာလံဆရာ၏မှတ်ချက်သည် မှတ်သားဖွယ်ကောင်းလောက်အောင် မည်သို့ ခေတ်မီသနည်း။

၅ သာ၍အံ့ချီးဖွယ်ကောင်းသည်မှာ တောင်များ၏သမိုင်းအကြောင်း သမ္မာကျမ်းစာ၏ ထိုးထွင်းသိမြင်မှု ဖြစ်ဖွယ်ရှိသည်။ ပထဝီဝင် ပြဋ္ဌာန်းစာအုပ်တစ်ခုက ဤသို့ဆိုသည်– “ကမ်ဗရီယန်အကြိုခေတ်မှ မျက်မှောက်ခေတ်အထိ တောင်များဖြစ်ပေါ်ခြင်းနှင့် ပျက်စီးခြင်းဖြစ်စဉ်သည် အဆက်မပြတ် ဖြစ်ပျက်လျက်ရှိသည်။ . . . တောင်များသည် ပျောက်သွားသည့် ပင်လယ်များ၏အောက်ခြေမှ စတင်ဖြစ်ပေါ်ရုံမက ဖြစ်ပေါ်ပြီးနောက် ရေအောက်တွင် ကာလကြာရှည်စွာ ဖုံးလွှမ်းလျက်နေတတ်သည်၊ ထို့နောက် ပြန်၍မြှင့်တက်လာသည်။”၂ ဤအကြောင်းကို ဆာလံဆရာ၏ ကဗျာဆန်ဆန် ရေးသားဖော်ပြချက်နှင့် နှိုင်းယှဉ်ကြည့်ပါ– “ကိုယ်တော်သည် မြေကြီးကိုအဝတ်နှင့်ဖုံးသကဲ့သို့၊ ပင်လယ်နှင့်ဖုံးတော်မူ၍၊ ရေတို့သည် တောင်များအပေါ်မှာရပ်နေကြပါ၏။ တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည်ဆင်းလျက်၊ သူတို့ဖို့ ခွဲခန့်တော်မူသောအရပ်သို့ ရောက်ကြပါ၏။”—ဆာလံ ၁၀၄:၆၊ ၈။

“အစအဦး၌”

၆။ သမ္မာကျမ်းစာ၏ အဘယ်ဖော်ပြချက်သည် စကြဝဠာအစနှင့်ဆိုင်သည့် လက်ရှိသိပ္ပံသီအိုရီများနှင့် သဟဇာတဖြစ်နေသနည်း။

၆ သမ္မာကျမ်းစာ၏ ဦးဆုံးအခန်းငယ်တွင် ဤသို့ဆိုသည်– “အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၁:၁) စူးစမ်းလေ့လာမှုများကြောင့် ရုပ်ပိုင်းစကြဝဠာတွင် မုချ အစရှိခဲ့သည်ဟူ၍ သိပ္ပံပညာရှင်များက သီအိုရီထုတ်လာရကြသည်။ စကြဝဠာသည် အစဉ်သဖြင့် တည်ရှိခဲ့သည်မဟုတ်။ ဘာသာရေးကိစ္စရပ်များတွင် မသိဝါဒီတစ်ဦးဖြစ်သည့် နက္ခတ္တဗေဒပညာရှင် ရောဘတ် ဂျက်စထရောက ဤသို့ရေးသားလိုက်သည်– “ကမ္ဘာဦးဆိုင်ရာ နက္ခတ္တဗေဒမှတ်တမ်းနှင့် သမ္မာကျမ်းစာမှတ်တမ်းတို့သည် အသေးစိတ်အချက်တွင် ကွဲပြားမှုရှိသော်လည်း အခြေခံအနှစ်သာရအားဖြင့် တူညီကြသည်– လူသားဖြစ်ပေါ်မှုဆီသို့ ဦးတည်စေသော အဖြစ်အပျက်များ၏ကွင်းဆက်သည် အချိန်ကာလ၏ တိကျသောအခိုက်အတန့်တစ်ခုတွင် အလင်းနှင့်စွမ်းအင်တို့၏ လျှပ်တပြက်လင်းလက်ခြင်းနှင့်အတူ ရုတ်တရက် တစ်မုဟုတ်ချင်း စတင်ခဲ့သည်။”၃

၇၊ ၈။ သိပ္ပံပညာရှင်အများသည် စကြဝဠာ၏ မူလအစနှင့်ပတ်သက်၍ ဘုရားသခင်၏ကဏ္ဍကို အသိအမှတ်မပြုကြသော်လည်း အဘယ်အချက်ကို မလွဲမရှောင်သာ ဝန်ခံရကြသနည်း။

၇ သိပ္ပံပညာရှင်အများက စကြဝဠာတွင် အစရှိသည်ဟု ယုံကြည်ကြသော်လည်း “ဘုရားသခင်သည် . . . ဖန်ဆင်းတော်မူ၏” ဟူသည့်အချက်ကို လက်မခံကြသည်မှာ မှန်ပါသည်။ သို့သော် ယခု အချို့က အရာရာတိုင်း၏ နောက်ဝယ်တွင် အသိဉာဏ်တစ်မျိုးမျိုး ရှိနေသည့်အထောက်အထားကို လျစ်လျူရှုရန် မလွယ်ကူကြောင်း ဝန်ခံလာကြသည်။ ရူပဗေဒပါမောက္ခ ဖရီးမင်း ဒိုင်စင်က ဤသို့မှတ်ချက်ချသည်– “စကြဝဠာအကြောင်းဆန်းစစ်ပြီး ယင်း၏ ဗိသုကာလက်ရာ အသေးစိတ်အကြောင်းကို လေ့လာကြည့်လေလေ စကြဝဠာသည် ကျွန်ုပ်တို့ ရောက်လာမည်ကို တစ်နည်းတစ်ဖုံအားဖြင့် သိရှိထားသည့်အထောက်အထားကို ပို၍တွေ့ရလေလေဖြစ်သည်။”

၈ ဒိုင်စင်က ဤသို့ဆက်၍ဝန်ခံထားသည်– “ဆယ့်ရှစ်ရာစုမဟုတ်ဘဲ နှစ်ဆယ်ရာစု၏ အတွေးအခေါ်အလေ့အထနှင့် ဘာသာစကားအရ လေ့ကျင့်သင်ကြားခံရသည့် သိပ္ပံပညာရှင်တစ်ဦးအနေနှင့် ကျွန်ုပ်သည် စကြဝဠာ၏ဗိသုကာလက်ရာက ဘုရားသခင်တည်ရှိကြောင်း သက်သေထူသည်ဟု မဆိုလိုပါ။ စကြဝဠာ၏ဗိသုကာလက်ရာသည် စကြဝဠာ လုပ်ငန်းလည်ပတ်မှုတွင် အသိဉာဏ်သည် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်သည်ဟူသည့် အဆိုကြမ်းနှင့် ညီညွတ်သည်ဟုသာ ကျွန်ုပ်ဆိုခြင်းဖြစ်သည်။”၄ သူ၏မှတ်ချက်က ကျွန်ုပ်တို့ခေတ်၏ သံသယသဘောထားကို ပေါ်လွင်စေသည်။ သို့သော် ၎င်းသံသယသဘောထားကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟူသည့် သမ္မာကျမ်းစာဖော်ပြချက်နှင့် ခေတ်သစ်သိပ္ပံပညာသည် အံ့ဩစရာကောင်းလောက်အောင် ဆီလျော်ညီညွတ်နေသည်ကို ကျွန်ုပ်တို့ သတိပြုမိသည်။—ကမ္ဘာဦး ၁:၁။

ကျန်းမာရေးနှင့် ကျန်းမာသန့်ရှင်းရေး

၉။ ကူးစက်တတ်သော အရေပြားရောဂါများနှင့်ပတ်သက်သည့် သမ္မာကျမ်းစာ၏ပညတ်သည် လက်တွေ့ကျသောဉာဏ်ပညာကို မည်သို့ထင်ဟပ်ပြသနည်း။ (ယောဘ ၁၂:၉၊ ၁၆က)

၉ သမ္မာကျမ်းစာတွင်ပါဝင်သည့် နယ်ပယ်နောက်တစ်ရပ်ဖြစ်သည့် ကျန်းမာရေးနှင့် ကျန်းမာသန့်ရှင်းရေးအကြောင်း သုံးသပ်ကြည့်ပါ။ ဣသရေလလူမျိုးတစ်ဦး နူနာစွဲသည်ဟု သံသယဖြစ်စရာ အရေပြားအနာဖြစ်ပါက သီးခြားခွဲထားခံရသည်။ “ထိုအနာစွဲသည်ကာလပတ်လုံး၊ သူသည်ညစ်ညူး၏။ မစင်ကြယ်သည်ဖြစ်၍ တစ်ယောက်တည်းနေရမည်။ သူ့နေရာသည် တပ်ပြင်မှာရှိရမည်။” (ဝတ်ပြုရာ ၁၃:၄၆) ရောဂါစွဲသော အဝတ်အထည်များကိုပင် မီးရှို့ပစ်ရသည်။ (ဝတ်ပြုရာ ၁၃:၅၂) ထိုခေတ်ထိုအခါတွင် ဤနည်းသည် ရောဂါကူးစက်မှု မပြန့်ပွားစေရန် ထိရောက်စွာတားဆီးသည့်နည်း ဖြစ်ခဲ့သည်။

၁၀။ နိုင်ငံအချို့မှလူများစွာသည် တစ်ကိုယ်ရေသန့်ရှင်းခြင်းဆိုင်ရာ သမ္မာကျမ်းစာ၏ အကြံပေးချက်ကိုလိုက်လျှောက်လျှင် အဘယ်နည်းဖြင့် အကျိုးရရှိမည်နည်း။

၁၀ အရေးကြီးသော နောက်ပညတ်ချက်တစ်ခုမှာ လူ့မစင်စွန့်ခြင်းနှင့်ပတ်သက်သည်၊ မစင်ကို တပ်ပြင်တွင် မြေဖြင့်ဖုံးရသည်။ (တရားဟောရာ ၂၃:၁၂၊ ၁၃) ဤပညတ်က ဣသရေလလူမျိုးကို အဖျားအနာများစွာမှ မုချကာကွယ်ပေးခဲ့ပေမည်။ ယခုခေတ်၌ပင် အချို့နိုင်ငံတွင် လူ့မစင်ကို စနစ်တကျ စွန့်ပစ်ခြင်းမရှိသောကြောင့် ကြီးမားသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုနိုင်ငံများရှိ ပြည်သူတို့အနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်းထောင်ချီကာလက သမ္မာကျမ်းစာ၌ ရေးသားထားသည့် ဤပညတ်ကိုသာ လိုက်နာကြမည်ဆိုလျှင် ပို၍ကျန်းမာကြမည်ဖြစ်သည်။

၁၁။ စိတ်ကျန်းမာရေးနှင့်ဆိုင်သည့် အဘယ်ကျမ်းစာအကြံပေးချက်သည် လက်တွေ့ကျကြောင်း တွေ့ရသနည်း။

၁၁ သမ္မာကျမ်းစာမှ မြင့်မားသည့် တစ်ကိုယ်ရေသန့်ရှင်းခြင်းစံနှုန်း၌ စိတ်ကျန်းမာရေးအကြောင်းလည်း ပါဝင်သည်။ သမ္မာကျမ်းစာ စကားပုံတစ်ခုက ဤသို့ဆို၏– “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။” (သု. ၁၄:၃၀) မကြာသေးမီနှစ်များတွင် ဆေးဘက်ဆိုင်ရာ သုတေသနပြုချက်အရ စိတ်နေသဘောထားသည် ကာယကျန်းမာရေးကို အမှန်ပင် ထိခိုက်စေကြောင်း တွေ့ရှိခဲ့သည်။ ဥပမာ ဂျွန်စ်ဟော့ကင်စ် တက္ကသိုလ်မှ ဒေါက်တာ စီ.ဘီ. သောမတ်စ်က ဘွဲ့ရကျောင်းသား တစ်ထောင်ကျော်ကို ၁၆ နှစ်ကြာ သုတေသနပြု၍ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာအမူအကျင့်နှင့် ရောဂါရလွယ်မှုတို့ကို ဆက်စပ်နှိုင်းယှဉ်ကြည့်ခဲ့သည်။ သူသတိပြုမိသည့်အချက်တစ်ခုမှာ ဤသို့– ရောဂါအရလွယ်ဆုံး ဘွဲ့ရကျောင်းသားများမှာ ဖိစီးခံရသည့်အခါ ပို၍ဒေါသထွက်သူများနှင့် ပို၍စိုးရိမ်တတ်သူများဖြစ်သည်။၅

သမ္မာကျမ်းစာ အဘယ်သို့ဆိုသနည်း

၁၂။ ဂယ်လီလီယို၏ ကမ္ဘာမြေကြီးဆိုင်ရာသီအိုရီသည် အယူမှားသည်ဟု . . . ချာ့ချ်က အဘယ်ကြောင့် ဇွတ်ငြင်းသနည်း။

၁၂ သမ္မာကျမ်းစာသည် သိပ္ပံနယ်ပယ်များတွင် ဤမျှတိကျမှန်ကန်လျှင် ကမ္ဘာက နေကိုလှည့်ပတ်နေသည်ဟူသည့် ဂယ်လီလီယို၏အယူအဆသည် သမ္မာကျမ်းစာနှင့်မညီဟု ကက်သလစ်ချာ့ချ်က အဘယ်ကြောင့်ဆိုရသနည်း။ အချို့ကျမ်းပိုဒ်များကို ထိုခေတ်က ဘာသာရေးအာဏာပိုင်များ အဓိပ္ပာယ်ဖွင့်ဆိုပုံကြောင့်ဖြစ်ပါသည်။၆ သူတို့၏ဖွင့်ဆိုချက် မှန်ကန်ခဲ့သလော။ သူတို့ကိုးကားပြသည့် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ဖတ်ကြည့်ကြပါစို့။

၁၃၊ ၁၄။ . . . ချာ့ချ်က အဘယ်ကျမ်းပိုဒ်များကို တလွဲအဓိပ္ပာယ်ဖွင့်ခဲ့သနည်း။ ရှင်းပြပါ။

၁၃ ကျမ်းပိုဒ်တစ်ပိုဒ်က ဤသို့ဆိုသည်– “နေလည်းထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တစ်ဖန်ပြေးလျက် . . . ပြန်လည်တတ်၏။” (ဒေ. ၁:၅) ချာ့ချ်၏အကြောင်းပြချက်အရ ‘နေထွက်သည်’ နှင့် ‘နေဝင်သည်’ ဟူသည့်အသုံးအနှုန်းက ကမ္ဘာမဟုတ်ဘဲ နေရွေ့လျားနေခြင်းသာဖြစ်သည်ဟုဆို၏။ သို့သော် ယနေ့ ကျွန်ုပ်တို့လည်း နေဝင်သည် နေထွက်သည်ဟု ပြောကြသော်လည်း နေရွေ့လျားခြင်းမဟုတ်ဘဲ ကမ္ဘာရွေ့လျားခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့အများစု သိ ကြသည်။ ဤကဲ့သို့သောအသုံးအနှုန်းများကို ကျွန်ုပ်တို့အသုံးပြုသည့်အခါ လူ့အမြင်တွင် နေရွေ့လျားနေ ဟန် ကိုဖော်ပြနေခြင်းသာဖြစ်သည်။ ကျမ်းရေးသူသည်လည်း ထိုသဘောမျိုးဖြင့်ပင် ပြောနေခြင်းဖြစ်သည်။

၁၄ နောက်ကျမ်းတစ်ပိုဒ်က ဤသို့ဆိုသည်– “မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။” (ဆာလံ ၁၀၄:၅) ကမ္ဘာမြေကြီးသည် ဖန်ဆင်းခံရပြီးနောက် လုံးဝမရွေ့နိုင်ဟု အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။ သို့သော် အမှန်မှာ၊ ဤကျမ်းပိုဒ်က ကမ္ဘာမြေကြီး၏ ထာဝစဉ်တည်မြဲမှုအကြောင်းကို အလေးပေးပြောနေခြင်းဖြစ်သည်၊ ယင်း၏ မလှုပ်ရှားနိုင်ခြင်းကို အလေးပေးပြောနေခြင်းမဟုတ်ပါ။ အခြားကျမ်းချက်များ အတည်ပြုသည့်အတိုင်း ဤကမ္ဘာမြေကြီး ပျောက်ပျက်သွားအောင် ‘လှုပ်ခါ’ ခံရမည် သို့မဟုတ် ဖျက်ဆီးခံရမည် မဟုတ်။ (ဆာလံ ၃၇:၂၉; ဒေ. ၁:၄) ဤကျမ်းချက်သည်လည်း ကမ္ဘာနှင့်နေတို့၏ နှိုင်းရရွေ့လျားမှုနှင့် ပတ်သက်ခြင်းမရှိပါ။ ဂယ်လီလီယိုလက်ထက်တွင် သိပ္ပံဆိုင်ရာ ဆွေးနွေးခန်းများကို လွတ်လွတ်လပ်လပ် မပြုလုပ်နိုင်အောင် ဟန့်တားသည့်အရာမှာ သမ္မာကျမ်းစာမဟုတ်ဘဲ ချာ့ချ်သာဖြစ်သည်။

ဆင့်ကဲဖြစ်စဉ်နှင့် ဖန်ဆင်းခြင်း

၁၅။ ဆင့်ကဲဖြစ်စဉ်သီအိုရီကား အဘယ်နည်း၊ ယင်းသည် သမ္မာကျမ်းစာနှင့် မည်သို့ဆန့်ကျင်သနည်း။

၁၅ သို့သော် ခေတ်သစ်သိပ္ပံပညာနှင့် သမ္မာကျမ်းစာ မည်သို့မျှစပ်ဟပ်၍မရနိုင်သည့် ကဏ္ဍတစ်ခုရှိသည်ဟု လူအများကဆိုမည်။ သိပ္ပံပညာရှင်အများစုက သက်ရှိအရာမှန်သမျှသည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ဖြစ်တည်သော သက်ရှိပုံစံတစ်မျိုးတည်းမှ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာသည်ဟုသွန်သင်သည့် ဆင့်ကဲသီအိုရီကို ယုံကြည်ကြသည်။ တစ်ဖက်တွင်မူ သမ္မာကျမ်းစာက သက်ရှိပင်မအုပ်စုတိုင်းသည် အထူးပြုဖန်ဆင်းခံရပြီး “အမျိုးအလိုက်” သာ မျိုးပွားကြကြောင်း သွန်သင်သည်။ လူသည် “မြေမှုန့်ဖြင့်” ဖန်ဆင်းခံရသည်ဟု သမ္မာကျမ်းစာကဆို၏။ (ကမ္ဘာဦး ၁:၂၁; ၂:၇) ဤသည်မှာ သမ္မာကျမ်းစာမှ သိသာသော သိပ္ပံဆိုင်ရာအမှားတစ်ခုလော။ အဆုံးအဖြတ်မပေးမီ သိပ္ပံပညာထုတ်ထားသည့် သီအိုရီနှင့်ဆန့်ကျင်လျက် သိပ္ပံပညာ သိရှိထား သည့်အရာကို ပို၍စေ့စေ့စပ်စပ် ကြည့်ကြပါစို့။

၁၆-၁၈။ (က) ချားလ်စ်ဒါဝင်၏ အဘယ်ရှုမြင်ချက်တစ်ခုက သူ့အား ဆင့်ကဲဖြစ်စဉ်ကိုယုံကြည်အောင် တွန်းပို့ပေးခဲ့သနည်း။ (ခ) ဂါလော့ပါဂတ်စ်ကျွန်းများတွင် ချားလ်စ်ဒါဝင် တွေ့ရှိခဲ့သည့်အရာသည် သမ္မာကျမ်းစာအဆိုနှင့် ဆန့်ကျင်ခြင်းမရှိကြောင်း ကျွန်ုပ်တို့ အဘယ်သို့ အကြောင်းပြနိုင်သနည်း။

၁၆ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် လွန်ခဲ့သည့်ရာစုနှစ်အတွင်း ချားလ်စ် ဒါဝင်ကြောင့် ရေပန်းစားလူကြိုက်များလာခဲ့ခြင်းဖြစ်သည်။ ဒါဝင်သည် ပစိဖိတ်သမုဒ္ဒရာရှိ ဂါလက်ပါဂါ့စ်ကျွန်းစုတွင်ရောက်ရှိစဉ် ကျွန်းအသီးသီးတွင် စာကလေး မျိုးစိတ်အမျိုးမျိုး ကွဲပြားသည်ကို သတိပြုမိရာမှ အလွန်စွဲမှတ်သွားကာ ၎င်းတို့အားလုံးသည် ဘိုးဘေးမျိုးစိတ်တစ်ခုတည်းမှ ဆင်းသက်လာရမည်ဟု တွက်ဆလိုက်သည်။ တစ်စိတ်တစ်ပိုင်းအားဖြင့် ဤလေ့လာတွေ့ရှိမှုကြောင့် သူက သက်ရှိအရာအားလုံးသည် မူလပုံစံတစ်ခုတည်းမှ ဖြစ်ပေါ်လာသည်ဟူသည့်သီအိုရီကို တင်သွင်းထောက်ခံခဲ့သည်။ အဆင့်နိမ့်သတ္တဝါမှ အဆင့်မြင့်သတ္တဝါသို့ ဆင့်ကဲဖြစ်ပေါ်လာရခြင်း၏တွန်းအားမှာ သဘာဝရွေးချယ်မှု၊ အသင့်လျော်ဆုံးသာ အသက်ရှင်ကျန်မှုဖြစ်သည်ဟု အခိုင်အမာဆိုသည်။ ဆင့်ကဲဖြစ်စဉ်ကြောင့် ကုန်းသတ္တဝါများသည် ငါးမှလည်းကောင်း၊ ငှက်များသည် တွားသွားသတ္တဝါများမှလည်းကောင်း စသည်စသည်အားဖြင့် တရွေ့ရွေ့ပြောင်းလဲဖြစ်ပေါ်လာသည်ဟု သူကဆိုသည်။

၁၇ အမှန်အားဖြင့် ထီးတည်းဖြစ်သောထိုကျွန်းများတွင် ဒါဝင် လေ့လာတွေ့ရှိခဲ့ သည့်အရာသည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်ခြင်းမရှိပါ။ သမ္မာကျမ်းစာက ပင်မသက်ရှိတစ်မျိုးအတွင်း ကွဲပြားခြားနားမှု ရှိနိုင်သည်ကို ထည့်တွက်ထားသည်။ ဥပမာ၊ လူသားမျိုးနွယ်အားလုံးသည် မူလလူသားမောင်နှံတစ်စုံတည်းမှ ပေါက်ပွားလာကြသည်။ (ကမ္ဘာဦး ၂:၇၊ ၂၂-၂၄) ထို့ကြောင့် အဆိုပါ စာငှက်မျိုးစိတ်အမျိုးမျိုးသည် တူညီသော ဘိုးဘေးမျိုးစိတ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းမှာ အထူးအဆန်းမဟုတ်ပါ။ သို့သော် စာငှက်များသည် စာငှက်များအဖြစ်ပင် ဆက်၍ရှိနေသည်။ သိမ်းငှက်များ၊ လင်းယုန်များအဖြစ် ဆင့်ကဲပြောင်းလဲမသွားပါ။

၁၈ ဒါဝင်တွေ့ရှိခဲ့သည့် စာငှက်မျိုးစိတ်အမျိုးမျိုး သို့မဟုတ် အခြားမည်သည့်အရာကမျှ သက်ရှိအရာအားလုံး—ငါးမန်း သို့မဟုတ် ပင်လယ်စင်ရော်၊ ဆင် သို့မဟုတ် တီကောင်—တို့၌ တူညီသောဘိုးဘေးရှိသည်ကို သက်သေမထူပါ။ သို့သော်လည်း သိပ္ပံပညာရှင်အများက ဆင့်ကဲဖြစ်စဉ်သည် သီအိုရီတစ်ခုမျှသာ မဟုတ်တော့ဘဲ အမှန်တရားဖြစ်နေပြီဟု အခိုင်အမာဆိုလာကြသည်။ အခြားသူများကမူ ၎င်းသီအိုရီ၌ ပြဿနာများရှိနေကြောင်း အသိအမှတ်ပြုသော်လည်း ၎င်းသီအိုရီကိုပင်ယုံသည်ဟု ဆိုကြသည်။ ဤအဆိုမျိုး ရေပန်းစားနေသည်။ သို့သော် သမ္မာကျမ်းစာ မှားကိုမှားရမည်ဟု ပြနိုင်သည့်အဆင့်အထိ ဆင့်ကဲဖြစ်စဉ်က သက်သေထူနိုင်ခဲ့ခြင်းရှိမရှိ ကျွန်ုပ်တို့ သိရန်လိုသည်။

သက်သေထူခဲ့ပြီလော

၁၉။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းက ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံသလော၊ ဖန်ဆင်းခြင်းကို ထောက်ခံသလော။

၁၉ ဆင့်ကဲဖြစ်စဉ်သီအိုရီကို မည်သို့စမ်းသပ်စစ်ဆေးကြည့်နိုင်သနည်း။ အထင်ရှားဆုံးနည်းလမ်းမှာ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းများကို ဆန်းစစ်၍ သက်ရှိတစ်မျိုးမှ အခြားတစ်မျိုးသို့ တရွေ့ရွေ့ပြောင်းလဲခြင်း အမှန်ဖြစ်ပျက်ခဲ့ခြင်းရှိမရှိ လေ့လာခြင်းဖြစ်သည်။ အမှန်ဖြစ်ပျက်ခဲ့သလော။ မဖြစ်ခဲ့ကြောင်း သိပ္ပံပညာရှင်အတော်များများက ရိုးသားစွာဝန်ခံခဲ့ကြသည်။ ဖရန်စစ္စ ဟစ်ချင်းက ဤသို့ရေးသည်– “တိရစ္ဆာန် ပင်မအုပ်စုကြီးများစပ်ကြား ကွင်းဆက်များကိုရှာလျှင် လုံးဝမတွေ့ရပါ။”၇ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွင် အထောက်အထားမရှိကြောင်း ထင်ရှားလွန်းလှသဖြင့် ဆင့်ကဲဝါဒီတို့က ဒါဝင်၏ တရွေ့ရွေ့ပြောင်းလဲခြင်းသီအိုရီအစား အခြားသီအိုရီများကို စဉ်းစားကြံဆလာကြသည်။ သို့သော် အမှန်မှာ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွင် တိရစ္ဆာန်အမျိုးမျိုး ရုတ်တရက် ပေါ်ထွက်ခြင်းက ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံသည်ထက် အထူးဖန်ဆင်းခြင်းကို ထောက်ခံနေပါသည်။

၂၀။ သက်ရှိဆဲလ်များပွားများပုံက ဆင့်ကဲဖြစ်စဉ် ဖြစ်ပေါ်ရန် အဘယ်ကြောင့် ခွင့်မပြုသနည်း။

၂၀ ထို့အပြင် သက်ရှိသတ္တဝါများသည် အခြားတစ်မျိုးမျိုးသို့ ဆင့်ကဲပြောင်းလဲသွားရန်မဟုတ်ဘဲ ၎င်းတို့၏အမျိုးအလိုက် တစ်ပုံစံတည်း ပြန်၍မျိုးပွားနိုင်အောင် အစီအစဉ်ရေးဆွဲထားခြင်းခံရကြောင်း ဟစ်ချင်းကပြသခဲ့သည်။ သူဤသို့ဆိုသည်– “သက်ရှိဆဲလ်များသည် တစ်ထပ်တည်းနီးပါးကျသည့်ဆဲလ်များကို မိမိတို့ဘာသာ ကူးပွားကြသည်။ အမှားအယွင်းအတိုင်းအတာမှာ အလွန်သေးငယ်လှသဖြင့် အဘယ်လူလုပ်စက်မျှ လိုက်၍မမီနိုင်ချေ။ ၎င်းတို့၌ ကန့်သတ်ထိန်းချုပ်မှုများလည်း ပါရှိသည်။ အပင်များသည် အရွယ်အစားတစ်ခုသို့ရောက်သော် ဆက်၍မကြီးလာတော့ပါ။ သစ်သီးယင်တို့သည် ယနေ့အထိတီထွင်ခဲ့သော မည်သည့်အခြေအနေမျိုး၌မဆို သစ်သီးယင်မှတစ်ပါး အခြားအကောင်အဖြစ် ပြောင်းမသွားပါ။”၈ ဆယ်စုနှစ်များစွာတစ်လျှောက် သစ်သီးယင်များ၌ သိပ္ပံပညာရှင်များ ဖြစ်ပေါ်စေခဲ့သည့် ပြောင်းလဲမှုများက ယင်းတို့ကို အခြားသက်ရှိများအဖြစ် ဆင့်ကဲပြောင်းလဲသွားအောင် မရမက မလုပ်နိုင်ခဲ့ချေ။

အသက်၏မူလအစ

၂၁။ လူးဝစ္စပါစတာသက်သေပြသည့် အဘယ်ကောက်ချက်သည် ဆင့်ကဲဝါဒီများအတွက် ကြီးမားသည့်ပြဿနာတစ်ရပ် ဖြစ်ပေါ်စေသနည်း။

၂၁ ဆင့်ကဲဝါဒီများ မဖြေနိုင်သည့် ခက်ခဲသော နောက်မေးခွန်းတစ်ခုမှာ အသက်၏မူလအစကား အဘယ်နည်း ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ဆင်းသက်လာရာဖြစ်သည်ဟုဆိုသည့် ပထမဦးဆုံး တစ်ခုတည်းသောသက်ရှိပုံစံသည် မည်သို့ဖြစ်ပေါ်လာသနည်း။ လွန်ခဲ့သည့်ရာစုနှစ်များစွာက ဤကိစ္စသည် ပြဿနာဖြစ်ခဲ့ပုံ မရပေ။ ထိုခေတ်မှ လူအများစုက ယင်ကောင်များသည် အသားပုပ်မှ ဖြစ်ပေါ်လာနိုင်သည်၊ အဝတ်စုတ်ပုံတစ်ပုံမှ ကြွက်များ အလိုအလျောက် ဖြစ်လာနိုင်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့်အနှစ်တစ်ရာကျော်က ပြင်သစ်ဓာတုဗေဒပညာရှင် လူးဝစ္စ ပါစတာက အသက်ဆိုသည်မှာ အလျင်ရှိနှင့်သောအသက်ထံမှသာ ဖြစ်ပေါ်လာနိုင်ကြောင်း ရှင်းလင်းစွာပြသခဲ့သည်။

၂၂၊ ၂၃။ ဆင့်ကဲဝါဒီများအဆိုအရ အသက် မည်သို့စတင်ဖြစ်ပေါ်လာသနည်း၊ သို့သော် အဖြစ်မှန်များက အဘယ်အရာကိုပြသနည်း။

၂၂ သို့ဖြစ်လျှင် အသက်၏ဇာစ်မြစ်ကို ဆင့်ကဲဝါဒီတို့ မည်သို့ရှင်းပြကြသနည်း။ လူကြိုက်အများဆုံးသီအိုရီအရ လွန်ခဲ့သည့်နှစ်သန်းပေါင်းများစွာက ဓာတုပစ္စည်းများနှင့် စွမ်းအင်တို့ အမှတ်မထင် ပေါင်းစပ်မိရာမှ အလိုအလျောက် အသက်ဖြစ်ထွန်းလာသည်ဟုဆိုသည်။ ပါစတာ သက်သေပြခဲ့သည့် မူနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ရှင်းပြသည်– “ပါစတာက အသက်သည် ယနေ့ကမ္ဘာပေါ်ရှိ ဓာတုနှင့်ရူပအခြေအနေမျိုးတွင် အလိုအလျောက် ဖြစ်ပေါ်မလာနိုင်ကြောင်း ပြသခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်သန်းထောင်ပေါင်းများစွာက ကမ္ဘာပေါ်ရှိ ဓာတုနှင့်ရူပအခြေအနေများမှာ ယနေ့နှင့် အလွန်ကွာခြားလှသည်!”၉

၂၃ သို့သော် ကွာခြားလှသော အခြေအနေမျိုး၌ပင် သက်မဲ့အရာနှင့် အရိုးရှင်းဆုံး သက်ရှိအရာတို့ကြားတွင် ဧရာမကွာဟမှုကြီး ရှိနေပါသည်။ မိုက်ကယ် ဒင်တန်က သူရေးသည့် ဆင့်ကဲဖြစ်စဉ်– အကျပ်ရိုက်နေသောသီအိုရီ ဟူသည့်စာအုပ်တွင် ဤသို့ဆိုသည်– “သက်ရှိဆဲလ်တစ်ခုနှင့် သလင်းကျောက် သို့မဟုတ် နှင်းပွင့်ကဲ့သို့သော စည်းစနစ်အမြင့်ဆုံးရှိသည့် သက်မဲ့အဖွဲ့အစည်းတို့ကြားတွင် နှိုင်းယှဉ်၍မရလောက်အောင် အလွန့်အလွန်ကျယ်ပြောသည့် ချောက်ကြီးတည်ရှိသည်။”၁၀ မတော်တဆတိုက်ဆိုင်မှုတစ်မျိုးမျိုးကြောင့် သက်မဲ့ပစ္စည်းက သက်ရှိဖြစ်လာနိုင်သည်ဟူသည့် အယူအဆမှာ လုံးဝမဖြစ်နိုင်ပေ။ အသက်ကို ဘုရားသခင်ဖန်ဆင်းသောကြောင့် ‘အသက်သည် အသက်မှဖြစ်လာသည်’ ဟူသော သမ္မာကျမ်းစာ၏ရှင်းပြချက်မှာ ကျေနပ်လက်ခံလောက်အောင် အဖြစ်မှန်များနှင့်ကိုက်ညီပေသည်။

ဖန်ဆင်းခြင်းကို လက်မခံရသည့်အကြောင်း

၂၄။ ဆင့်ကဲဖြစ်စဉ်သီအိုရီ၌ ပြဿနာများရှိလျက်နှင့် သိပ္ပံပညာရှင်အများစု ယင်းသီအိုရီကို အဘယ်ကြောင့် တွယ်ကပ်လျက်ရှိကြသနည်း။

၂၄ ဆင့်ကဲဖြစ်စဉ်သီအိုရီတွင် ပြဿနာများရှိနေလင့်ကစား ဖန်ဆင်းခြင်းကို ယုံကြည်ခြင်းသည် သိပ္ပံနည်းမကျ၊ အထူးအဆန်းဖြစ်သည်ဟုပင် ယနေ့ သဘောထားကြသည်။ ဤသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ ဆင့်ကဲဖြစ်စဉ်၏ အားနည်းချက်များကို ရိုးသားစွာထောက်ပြခဲ့သည့် ဖရန်စစ္စ ဟစ်ချင်းကဲ့သို့သော ပညာရှင်များကပင် ဖန်ဆင်းခြင်းယုံကြည်ချက်ကို အဘယ်ကြောင့် ငြင်းပယ်ရပါသနည်း။၁၁ ဖန်ဆင်းခြင်းနှင့်ဆက်နွှယ်သော သီအိုရီများသည် “သဘာဝလွန် အကြောင်းတရားများကို ပွင့်ပွင့်လင်းလင်း အားကိုးအားထားပြု” သောကြောင့် ဆင့်ကဲဖြစ်စဉ်၌ ချွတ်ယွင်းချက်များရှိသော်ငြားလည်း ယင်းကိုပင်ဆက်၍ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မိုက်ကယ် ဒင်တန်က ရှင်းပြသည်။၁၂ တစ်နည်းပြောရလျှင် ဖန်ဆင်းခြင်း၌ ဖန်ဆင်းရှင်တစ်ပါး ပါဝင်ပတ်သက်နေသောကြောင့် လက်မခံနိုင်စရာဖြစ်စေသည်။ သေချာသည်မှာ ယင်းသည် အံ့ဖွယ်အမှုများကိစ္စတွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည့် အဆုံးမသတ်နိုင်သော ကျိုးကြောင်းဆင်ခြင်ပုံအတိုင်းပင်ဖြစ်သည်– အံ့ဖွယ်အမှုများသည် အံ့သြဖွယ်ကောင်းလှသောကြောင့် ဖြစ်နိုင်ခြေမရှိပါ!

၂၅။ သိပ္ပံနည်းကျပြောရလျှင် ဆင့်ကဲဖြစ်စဉ်၏ အဘယ်အားနည်းချက်က ယင်းသည် သက်ရှိတို့၏ မူလအစကိုရှင်းပြရာတွင် ဖန်ဆင်းခြင်းအစား ရွေးချယ်စရာ ခိုင်လုံသည့်အရာ အဘယ်ကြောင့်မဟုတ်သနည်း။

၂၅ ထို့အပြင် သိပ္ပံရှုထောင့်မှကြည့်လျှင် ဆင့်ကဲဖြစ်စဉ်သီအိုရီကိုယ်နှိုက်တွင် သံသယဖြစ်စရာ များစွာရှိသည်။ မိုက်ကယ် ဒင်တန်က ဤသို့ဆက်ပြောသည်– “[ဒါဝင်၏ဆင့်ကဲသီအိုရီသည်] အခြေခံအားဖြင့် သမိုင်းကို ပြန်လည်တည်ဆောက်သည့် သီအိုရီတစ်ခုဖြစ်သောကြောင့် သိပ္ပံပညာရပ်၏ လုပ်ရိုးလုပ်စဉ်အတိုင်း ယင်းကို လက်တွေ့စမ်းသပ်ခြင်း သို့မဟုတ် တိုက်ရိုက်စောင့်ကြည့်လေ့လာခြင်းအားဖြင့် မှန်ကန်ကြောင်းအတည်ပြုရန် မဖြစ်နိုင်ပေ။ . . . ထို့အပြင် ဆင့်ကဲသီအိုရီသည် အသက်၏မူလအစ၊ အသိဉာဏ်၏မူလအစ အစရှိသည်ဖြင့် တစ်မူထူးခြားသောအဖြစ်အပျက်များ တသီတတန်းကြီးကိုဖြေရှင်းရသည်။ တစ်မူထူးခြားသောအဖြစ်အပျက်များမှာ ထပ်၍မဖြစ်တော့သည့်အပြင် မည်သည့်နည်းနှင့်မျှ လက်တွေ့စမ်းသပ်စစ်ဆေး၍မရနိုင်သော အဖြစ်အပျက်များဖြစ်သည်။”၁၃ အမှန်ဆိုရလျှင် ဆင့်ကဲသီအိုရီသည် လူကြိုက်များသော်လည်း ကွာဟချက်နှင့် ပြဿနာများ ပြည့်လျက်ရှိသည်။ အသက်၏ မူလအစနှင့်ပတ်သက်သည့် သမ္မာကျမ်းစာမှတ်တမ်းကိုငြင်းပယ်ရန် ခိုင်လုံသည့်အကြောင်းမရှိပါ။ ကမ္ဘာဦးကျမ်း၏ ပထမအခန်းကြီးက အဆိုပါ “ထပ်၍မဖြစ်တော့” သည့် “တစ်မူထူးခြားသောအဖြစ်အပျက်များ” သည် နှစ်ပေါင်းထောင်ချီ၍ ကြာရှည်သည့်ဖန်ဆင်းရာ ‘နေ့များ’ အတွင်း မည်သို့ဖြစ်ပေါ်လာပုံအကြောင်း အကြွင်းမဲ့ ကျိုးကြောင်းညီညွတ်သည့်မှတ်တမ်းကို ဖော်ပြသည်။a

ရေလွှမ်းခြင်းနှင့်ပတ်သက်၍ကော

၂၆၊ ၂၇။ (က) ရေလွှမ်းမိုးခြင်းအကြောင်း သမ္မာကျမ်းစာက အဘယ်သို့ဆိုထားသနည်း။ (ခ) လွှမ်းမိုးသောရေများသည် တစ်စိတ်တစ်ဒေသအားဖြင့် အဘယ်နေရာမှလာသနည်း။

၂၆ လူအများက သမ္မာကျမ်းစာနှင့် ခေတ်သစ်သိပ္ပံ ဆန့်ကျင်သည်ဟုဆိုသည့် နောက်တစ်ချက်ကို ထောက်ပြကြသည်။ ကမ္ဘာဦးကျမ်းတွင် လွန်ခဲ့သည့်အနှစ် ထောင်ချီကာလက လူတို့၏ဆိုးညစ်မှုသည် အလွန်ကြီးမားလှသဖြင့် သူတို့ကို ဘုရားသခင်ဖျက်ဆီးရန် ဆုံးဖြတ်တော်မူခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ သို့သော် ကိုယ်တော်က ဖြောင့်မတ်သော နောဧအား သစ်သားသင်္ဘောကြီးတစ်စီး ဆောက်လုပ်ခိုင်းသည်။ ထို့နောက် ဘုရားသခင်သည် လူသားများအပေါ် ရေလွှမ်းမိုးဘေး ကျရောက်စေခဲ့သည်။ နောဧနှင့်သူ့မိသားစုတို့နှင့်တကွ တိရစ္ဆာန်မျိုးစိတ်အားလုံး၏ ကိုယ်စားပြုတိရစ္ဆာန်များသာ ကပ်ကျော်ခဲ့ကြသည်။ ရေလွှမ်းမိုးဘေးသည် အလွန့်အလွန်ကြီးမားလှသဖြင့် “မိုးကောင်းကင်အောက်၌ရှိသမျှသော တောင်ကြီးအပေါင်းတို့သည်မြုပ်ကြ” ၏။—ကမ္ဘာဦး ၇:၁၉။

၂၇ ကမ္ဘာတစ်ခုလုံးကို လွှမ်းမြုပ်နိုင်သည့်ရေ အဘယ်မှလာသနည်း။ သမ္မာကျမ်းစာကိုယ်နှိုက်က အဖြေပေးထားသည်။ ဖန်ဆင်းခြင်းဖြစ်စဉ်အစောပိုင်းတွင် လေထု၏မိုးမျက်နှာကြက် စတင်ပုံပေါ်သည့်အခါ၌ “မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုးမျက်နှာကြက်အပေါ်၌ရှိသောရေ” များဖြစ်ပေါ်လာသည်။ (ကမ္ဘာဦး ၁:၇; ၂ ပေတရု ၃:၅) ရေလွှမ်းမိုးဘေးရောက်သည့်အခါ “မိုးကောင်းကင်ပြွန်ဝများကိုဖွင့်” လိုက်သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၇:၁၁) “မိုးမျက်နှာကြက်အပေါ်၌ရှိသောရေ” များကျဆင်းလာရာ ရေလွှမ်းမိုးခြင်းအတွက် ရေအမြောက်အမြား ရရှိစေသည်မှာ ထင်ရှားသည်။

၂၈။ ယေရှုအပါအဝင် ဘုရားသခင်၏ ရှေးခေတ်ကျေးကျွန်များက ရေလွှမ်းမိုးခြင်းဘေးကို မည်သို့သဘောထားခဲ့ကြသနည်း။

၂၈ ခေတ်သစ်ပြဋ္ဌာန်းစာအုပ်များက ကမ္ဘာချီရေလွှမ်းမိုးဘေးကို မသိကျိုးကျွံပြုလိုကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤသို့မေးရမည်– ရေလွှမ်းမိုးခြင်းသည် ဒဏ္ဍာရီတစ်ခုမျှသာလော၊ သို့မဟုတ် အမှန်တကယ်ဖြစ်ပျက်ခဲ့သလော။ အဖြေမပေးမီ ယေဟောဝါအားကိုးကွယ်ခဲ့သည့် နှောင်းလူတို့က ရေလွှမ်းမိုးခြင်းကို စစ်မှန်သောသမိုင်းအဖြစ် လက်ခံခဲ့ကြောင်း ကျွန်ုပ်တို့ မှတ်သားထားသင့်သည်; ဒဏ္ဍာရီအဖြစ် မယူမှတ်ကြပါ။ ရေလွှမ်းမိုးခြင်းကို အမှန်ဖြစ်ပျက်ခဲ့ရာအဖြစ် ရည်ညွန်းဖော်ပြခဲ့သူများတွင် ဟေရှာယ၊ ယေရှု၊ ပေါလုနှင့် ပေတရုတို့ ပါဝင်ကြသည်။ (ဟေရှာယ ၅၄:၉; မဿဲ ၂၄:၃၇-၃၉; ဟေဗြဲ ၁၁:၇; ၁ ပေတရု ၃:၂၀၊ ၂၁; ၂ ပေတရု ၂:၅; ၃:၅-၇) သို့သော် ကမ္ဘာချီရေလွှမ်းမိုးဘေးကြီးနှင့်ပတ်သက်၍ ဖြေဆိုရမည့်မေးခွန်းများရှိသည်။

လွှမ်းမိုးသောရေ

၂၉၊ ၃၀။ ကမ္ဘာမြေ၏ ရေအထောက်အပံ့နှင့်ပတ်သက်သည့် အဘယ်အချက်များက ရေလွှမ်းမိုးခြင်းဘေးသည် ဖြစ်နိုင်ကြောင်း ပြသသနည်း။

၂၉ ဦးဆုံးအနေနှင့်၊ တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခံရသည် ဟူသည့်အယူအဆသည် ယုတ္တိကင်းမဲ့လွန်းရာ မကျပေလော။ မကျပါ။ အမှန်မှာ ကမ္ဘာသည် အတိုင်းအတာတစ်ခုအထိ ရေလွှမ်းမြုပ်လျက်နေဆဲဖြစ်သည်။ ကမ္ဘာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ရေဖုံးလွှမ်းလျက်ရှိပြီး ၃၀ ရာခိုင်နှုန်းသာ ခြောက်သွေ့သောကုန်းမြေဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ရေချို၏ ၇၅ ရာခိုင်နှုန်းသည် ရေခဲမြစ်များနှင့် ဝင်ရိုးစွန်းရေခဲပြင်ကြီးများတွင် လှောင်ပိတ်လျက်ရှိသည်။ ဤရေခဲအားလုံး အရည်ပျော်သွားမည်ဆိုလျှင် ပင်လယ်ရေပြင်သည် ယခုထက်များစွာ မြင့်တက်လာပေမည်။ နယူးယောက်နှင့် တိုကျိုကဲ့သို့သော မြို့ကြီးပြကြီးများသည် ပျောက်ကွယ်သွားပေမည်။

၃၀ ထို့အပြင် ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က ဤသို့ဆိုသည်– “ခန့်မှန်းချက်အရ ပင်လယ်အားလုံး၏ ပျမ်းမျှအနက်မှာ ၃,၇၉၀ မီတာ (၁၂,၄၃၀ ပေ) ရှိသဖြင့် ဤကိန်းဂဏန်းသည် ပင်လယ်ရေပြင်အထက် ပျမ်းမျှအားဖြင့် ၈၄၀ မီတာ (၂၇၆၀ ပေ) ရှိသော ကုန်းမြေ၏အမြင့်ထက် များစွာကြီးမားနေသည်။ ပင်လယ်၏ ပျမ်းမျှအနက်ကို မျက်နှာပြင်ဧရိယာနှင့် မြှောက်လိုက်လျှင် ကမ္ဘာ့သမုဒ္ဒရာ၏ထုထည်သည် ပင်လယ်ရေပြင်အထက်ရှိ ကုန်းမြေထုထည်၏ ၁၁ ဆရှိမည်။”၁၄ ထို့ကြောင့် ကမ္ဘာ့မြေမျက်နှာပြင်အားလုံး တစ်ပြေးညီအောင် ညှိလိုက်မည်ဆိုလျှင်—တောင်များကို ပြန့်ပြူးအောင်ညှိပြီး နက်ရှိုင်းသော ပင်လယ်ချိုင့်ဝှမ်းများကို ဖို့လိုက်လျှင်—ပင်လယ်ရေသည် ကမ္ဘာတစ်ခုလုံးကို အနက်မီတာထောင်နှင့်ချီ၍ ဖုံးလွှမ်းနေမည်ဖြစ်သည်။

၃၁။ (က) ရေလွှမ်းမိုးခြင်း ဖြစ်နိုင်ရန်အတွက် ရေလွှမ်းမိုးခြင်းမတိုင်မီက ကမ္ဘာသည် အဘယ်အခြေအနေ ရှိခဲ့ရမည်နည်း။ (ခ) ရေလွှမ်းမိုးခြင်းမတိုင်မီက တောင်တန်းများသည် ယခုထက်နိမ့်ပြီး ပင်လယ်ချိုင့်ဝှမ်းများလည်း ယခုထက်တိမ်ခဲ့နိုင်ကြောင်း အဘယ်အရာက ပြသသနည်း။

၃၁ ရေလွှမ်းမိုးခြင်းဖြစ်နိုင်ရန်အတွက် ရေလွှမ်းမိုးခြင်းမတိုင်မီက ပင်လယ်ချိုင့်ဝှမ်းများသည် ယခုထက် ပို၍တိမ်ပြီး တောင်များသည်လည်း ယခုထက် ပို၍နိမ့်ရမည်ဖြစ်သည်။ ဖြစ်နိုင်ပါသလော။ ပြဋ္ဌာန်းစာအုပ်တစ်အုပ်က ဤသို့ဆိုသည်– “ယခုအခါ ကမ္ဘာ့တောင်တန်းကြီးများ မိုးထိုးလျက်ရှိသည့် ဒေသများတွင် လွန်ခဲ့သော အနှစ်သန်းပေါင်းများစွာက သမုဒ္ဒရာများနှင့် လွင်ပြင်များ အဆုံးအစမရှိ ညီညာပြန့်ပြူးစွာ တည်ရှိခဲ့သည်။ . . . အတွင်းပိုင်းကျောက်လွှာများ၏ ရွေ့လျားမှုများကြောင့် ကုန်းမြေသည် အကြမ်းအခံနိုင်ဆုံး တိရစ္ဆာန်များနှင့် အပင်များသာ အသက်ရှင်ကျန်ရစ်နိုင်သည်အထိ အမြင့်သို့ ထိုးတက်သွားစေသည်မက အခြားတစ်ဖက်စွန်းတွင် ပင်လယ်ရေမျက်နှာပြင်အောက် အလွန်နက်ရှိုင်းသောအနက်သို့ နိမ့်ဆင်းသွားစေသည်။”၁၅ တောင်များနှင့် ပင်လယ်ချိုင့်ဝှမ်းများသည် မြင့်လိုက်နိမ့်လိုက်ဖြစ်နေသောကြောင့် တစ်ချိန်က တောင်များသည် ယခုလောက်မမြင့်သကဲ့သို့ ပင်လယ်ချိုင့်ဝှမ်းကြီးများလည်း ယခုလောက်မနက်ဘဲ ဖြစ်ခဲ့ပေမည်။

၃၂။ လွှမ်းမိုးသောရေများ မည်သို့ဖြစ်သွားရမည်နည်း။ ရှင်းပြပါ။

၃၂ ရေလွှမ်းမိုးဘေးပြီးနောက် လွှမ်းမိုးသောရေများ ဘာဖြစ်သွားသနည်း။ ပင်လယ်ချိုင့်ဝှမ်းများသို့ စီးဆင်းခဲ့ရပေမည်။ မည်သို့စီးဆင်းမည်နည်း။ ကုန်းမြေအပိုင်းများသည် ကျောက်လွှာကြီးများပေါ်တွင် တည်နေသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ဤကျောက်လွှာများ ရွေ့လျားမှုကြောင့် ကမ္ဘာ့မြေမျက်နှာပြင် ပြောင်းလဲသွားနိုင်သည်။ ယနေ့ အချို့ဒေသများတွင် ကျောက်လွှာနယ်နိမိတ်များ၌ ခြောက်မိုင်မကနက်ရှိုင်းသည့် ရေအောက်ချောက်ကြီးများရှိသည်။၁၆ ရေလွှမ်းမိုးခြင်းကိုယ်နှိုက်ကြောင့် စတင်ဖြစ်ပွားဖွယ်ရှိသော ကျောက်လွှာများရွေ့လျားခြင်း၊ ပင်လယ်အောက်ခြေ ကျွံကျနိမ့်ဆင်းခြင်းကြောင့် မြောင်းကြီးများဖြစ်ပေါ်ပြီး ကုန်းမြေမှရေများ စီးဆင်းသွားခြင်း ဖြစ်ဖွယ်ရှိသည်။b

ရေလွှမ်းမိုးခဲ့သည့်သဲလွန်စများ

၃၃၊ ၃၄။ (က) ရေလွှမ်းမိုးခြင်းဘေး၏ ဖြစ်နိုင်ဖွယ်ရှိသည့် အဘယ်အထောက်အထားကို သိပ္ပံပညာရှင်များ ရရှိထားပြီးဖြစ်သနည်း။ (ခ) သိပ္ပံပညာရှင်များသည် အထောက်အထားကို တလွဲအဓိပ္ပာယ်ဖွင့်မိနိုင်သည်ဟုဆိုခြင်းသည် ကျိုးကြောင်းညီညွတ်ပါ၏လော။

၃၃ ရေလွှမ်းမိုးဘေးကြီး ဖြစ်ခဲ့ နိုင် သည်ကို ကျွန်ုပ်တို့လက်ခံပါက ရေလွှမ်းမိုးဘေးကြီး၏သဲလွန်စကို သိပ္ပံပညာရှင်များ အဘယ်ကြောင့် ရှာမတွေ့ကြသနည်း။ သူတို့ ရှာတွေ့ကောင်းရှာတွေ့ခဲ့မည်၊ သို့သော် ၎င်းအထောက်အထားများကို တစ်နည်းတစ်ဖုံဖြင့် အဓိပ္ပာယ်ကောက်ခဲ့ကြသည်။ ဥပမာ၊ အများလက်ခံထားသော သိပ္ပံပညာက ရေခဲခေတ်များအဆက်ဆက်အတွင်း အရှိန်ပြင်းသောရေခဲမြစ်များကြောင့် နေရာများစွာ၌ ကမ္ဘာ့မြေမျက်နှာပြင်သည် ပုံသဏ္ဌာန်ပြောင်းခဲ့သည်ဟု သွန်သင်သည်။ သို့သော် ရေခဲမြစ်လုပ်ဆောင်ချက်ဟု ထင်ရသည့်အထောက်အထားမှာ တစ်ခါတစ်ရံ ရေ၏သက်ရောက်မှုအကျိုးဆက် ဖြစ်နိုင်သည်။ သို့နှင့် ရေလွှမ်းမိုးခြင်း၏ အထောက်အထားအချို့ကို ရေခဲခေတ်၏ အထောက်အထားအဖြစ် လွဲမှားစွာအဓိပ္ပာယ်ဖွင့်ခြင်း ဖြစ်နိုင်ပေသည်။

၃၄ အလားတူအမှားမျိုး ရှိခဲ့ဖူးသည်။ ရေခဲခေတ်များသီအိုရီကို သိပ္ပံပညာရှင်များ ထုတ်ဖော်နေသည့်အချိန်နှင့်စပ်လျဉ်းပြီး ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သူတို့သည် တသမတ်ဒဿနိကဗေဒနှင့်အညီ ဘူမိသမိုင်း၏ ကျောက်လွှာအဆင့်တိုင်းတွင် ရေခဲခေတ်များကို တွေ့ရှိခဲ့ကြသည်။ သို့သော် မကြာသေးမီနှစ်များအတွင်း အထောက်အထားကို ဂရုတစိုက် ပြန်လည်ဆန်းစစ်ကြည့်သည့်အခါ ထိုရေခဲခေတ်များမှ များစွာကို ပယ်ဖျက်လိုက်သည်; တစ်ချိန်က ရေခဲမြစ်စီးဆင်းရာမှ ကျန်ရစ်ခဲ့သည့် မြေစိုင်မြေခဲ၊ ကျောက်စကျောက်န အပုံများဟူ၍ သတ်မှတ်ခဲ့သော ကျောက်လွှာစုများကို ရွံ့စီးကြောင်းများ၊ ရေအောက်မြေပြိုခြင်းများနှင့် နောက်ကျိရေစီးကြောင်းများ—နက်ရှိုင်းသော သမုဒ္ဒရာကြမ်းပြင်တွင် နှုန်းမြေနု၊ သဲနှင့် ကျောက်စရစ်များကို သယ်ဆောင်သည့် နောက်ကျိရေလျှောဆင်းမှုများ—ကြောင့် တင်ကျန်ခဲ့သည့် အောက်ခံလွှာကြီးများအဖြစ် ပြန်လည်ဖွင့်ဆိုလာကြသည်။”၁၈

၃၅၊ ၃၆။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းနှင့် ဘူမိဗေဒတို့တွင် တွေ့ရှိရသည့် အဘယ်အထောက်အထားသည် ရေလွှမ်းမိုးခြင်းနှင့် ဆက်နွှယ်နိုင်ဖွယ်ရှိသနည်း။ ရှင်းပြပါ။

၃၅ ရေလွှမ်းမိုးခြင်းဆိုင်ရာ အထောက်အထား နောက်တစ်ခုမှာ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွင် တည်ရှိပုံရသည်။ ဤမှတ်တမ်းအရ တစ်ချိန်တစ်ခါက ဓားစွယ်ကျားကြီးများသည် ဥရောပတိုက်တွင် သားကောင်များကို ရှာဖွေစားသောက်ခဲ့သည်၊ ယခုခေတ်မြင်းများထက်ကြီးသော မြင်းများသည် မြောက်အမေရိကတွင် လှည့်လည်ကျက်စားခဲ့သည်၊ ဆိုက်ဘေးရီးယားတွင် မမ်းမတ်ရှေးဆင်ကြီးများ အစားအစာ လိုက်လံရှာဖွေစားသောက်ခဲ့သည်။ ထို့နောက် ကမ္ဘာတစ်ဝန်းလုံးတွင် နို့တိုက်သတ္တဝါမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခဲ့သည်။ တစ်ချိန်တည်းတွင် ရာသီဥတု ရုတ်တရက် ပြောင်းလဲသွားသည်။ ဆိုက်ဘေးရီးယားဒေသတွင် သောင်းနှင့်ချီသော မမ်းမတ်ရှေးဆင်ကြီးများသည် သေဆုံး၍ တစ်မုဟုတ်ချင်းအေးခဲသွားကြသည်။c ချားလ်စ်ဒါဝင်နှင့် တစ်ခေတ်တည်းသား ထင်ရှားကျော်ကြားသူ အဲဖရက် ဝေါလ်လေ့စ်က အဆိုပါ နေရာအနှံ့ ကျယ်ပြန့်သည့် ပျက်စီးခြင်းဘေးသည် ထူးခြားသော ကမ္ဘာချီ အဖြစ်အပျက်တစ်ခုခုကြောင့် ဖြစ်ရမည်ဟုယူဆသည်။၁၉ လူအများက ဤအဖြစ်အပျက်သည် ရေလွှမ်းမိုးဘေးပင်ဖြစ်သည်ဟု အကျိုးသင့် အကြောင်းသင့် တင်ပြကြသည်။

၃၆ သမ္မာကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသနပညာရှင် မဂ္ဂဇင်းတွင် အယ်ဒီတာအာဘော်တစ်ခုက ဤသို့ဆိုထားသည်– “ရေလွှမ်းမိုးဘေးကြီးနှင့်ဆိုင်သောပုံပြင်သည် လူ့ယဉ်ကျေးမှုတွင် အပျံ့နှံ့ဆုံးသော မိရိုးဖလာပုံပြင်တစ်ခုဖြစ်သည်ကို သတိရဖို့အရေးကြီးသည် . . . မည်သို့ပင်ဆိုစေ အရှေ့အနီးပိုင်းဒေသ ရင်းမြစ်များတွင် တွေ့ရှိရသော ရှေးအကျဆုံး မိရိုးဖလာများ၏နောက်ကွယ်တွင် ကြီးမားသောရေလွှမ်းမိုးမှုကြီးတစ်ခု အမှန်တကယ် ဖြစ်ပျက်ခဲ့ဖွယ်ရှိသည်။ အချိန်ကာလအားဖြင့် လွန်ခဲ့သော အနှစ်ထောင်ပေါင်းများစွာက . . . အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းသော ခေတ်တစ်ခေတ်တွင်ဖြစ်သည်။”၂၀ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းသော ခေတ်ကာလများဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင် ယခုထက်များစွာ ပို၍စွတ်စိုသောခေတ်များဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ရေချိုကန်များသည် ယခုထက်များစွာကြီးမားသည်။ ထိုသို့စွတ်စိုရခြင်းမှာ ရေခဲခေတ်များကုန်ဆုံးခြင်းနှင့်အတူ လိုက်ပါလာသည့် သည်းထန်သောမိုးရေများကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ သို့သော် အချို့က အချိန်တစ်ချိန်တွင် ကမ္ဘာ့မြေမျက်နှာပြင် အကြီးအကျယ် စွတ်စိုခဲ့ရခြင်းမှာ ရေလွှမ်းမိုးခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။

လူသားများ မမေ့ကြချေ

၃၇၊ ၃၈။ အထောက်အထားအရ ရေလွှမ်းမိုးခြင်း ဖြစ်ခဲ့ နိုင် ကြောင်း သိပ္ပံပညာရှင်တစ်ဦးက မည်သို့ဖော်ပြသနည်း၊ အမှန်ဖြစ်ပျက်ခဲ့ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

၃၇ ဘူမိဗေဒပါမောက္ခ ဂျွန် မက်ကမ်းဘဲလ် တစ်ချိန်က ဤသို့ရေးသားခဲ့သည်– “သမ္မာကျမ်းစာပါ ကပ်ဆိုက်ခြင်း [ရေလွှမ်းမိုးဘေး] နှင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဖြည်းဖြည်းပြောင်းလဲဖြစ်ပေါ်ဝါဒတို့အကြား အဓိကကွာခြားချက်များမှာ ဘူမိဗေဒဆိုင်ရာ မှန်ကန်သော အချက်အလက်များတွင်မဟုတ်ဘဲ ၎င်းအချက်အလက်များကို အဓိပ္ပာယ်ဖွင့်ဆိုမှုများတွင်ဖြစ်သည်။ မည်သည့်အဓိပ္ပာယ်ဖွင့်ဆိုမှုကို နှစ်သက်လက်ခံသည်ဆိုသည်မှာ လေ့လာသူတစ်ဦးစီ၏ နောက်ခံနှင့် ကြိုတင်ယူဆချက်များပေါ်တွင် များစွာမူတည်နေသည်။”၂၁

၃၈ ရေလွှမ်းမိုးခြင်း အမှန် ဖြစ်ပျက်ခဲ့ကြောင်း ရေလွှမ်းမိုးခြင်းကို လူသားများ မမေ့ကြသည့်အချက်တွင် တွေ့ရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင်၊ အလာစကာနှင့် တောင်ပင်လယ်ကျွန်းများအထိ ဝေးလံသောဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့်ပတ်သက်သည့် ရှေးပုံပြင်များရှိကြသည်။ ကိုလံဘတ်ခေတ်မတိုင်မီက လူ့ယဉ်ကျေးမှုများဖြစ်ကြသည့် အမေရိကတိုက် ဒေသခံတိုင်းရင်းသားများနှင့်တကွ ဩစတြေးလျ အဘော်ရီဂျင်နီ တိုင်းရင်းသားတို့တွင်လည်း ရေလွှမ်းမိုးခြင်းပုံပြင်များ ရှိကြသည်။ မှတ်တမ်းအချို့တွင် အသေးစိတ်အချက်အလက်များ ကွဲပြားကြသော်လည်း ကမ္ဘာကြီး ရေလွှမ်းမိုးခံခဲ့ရသည်၊ လူတို့ဆောက်လုပ်သည့်သင်္ဘောဖြင့် လူအနည်းငယ်သာ ကပ်ဘေးမှ လွတ်မြောက်ခဲ့သည်ဟူသော အခြေခံအချက်သည် တင်ပြပုံအားလုံးနီးပါးတွင် ပါဝင်သည်။ ဤကဲ့သို့သော နေရာအနှံ့ လက်ခံထားသည့်ပုံပြင်အတွက် တစ်ခုတည်းသောရှင်းလင်းချက်မှာ ရေလွှမ်းမိုးခြင်းသည် သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟူ၍သာတည်း။d

၃၉။ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ပြီး လူ့နှုတ်ထွက်စကားမဟုတ် ဟူသည့်အချက်နှင့်ပတ်သက်၍ အဘယ်ထပ်ဆင့်သက်သေကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရပြီနည်း။

၃၉ ထို့ကြောင့် အခြေခံကျသော အင်္ဂါရပ်များ၌ သမ္မာကျမ်းစာသည် ခေတ်သစ်သိပ္ပံပညာနှင့် သဟဇာတဖြစ်ပါသည်။ ၎င်းတို့နှစ်ရပ်ကြားတွင် ကွဲလွဲမှုရှိလျှင် သိပ္ပံပညာရှင်များ၏ အထောက်အထားသာ သံသယဝင်စရာဖြစ်သည်။ ၎င်းတို့အချင်းချင်း ညီညွတ်နေလျှင် သမ္မာကျမ်းစာမှ အကြောင်းအရာများသည် လူ့ထက်အစွမ်းကြီးသော ဉာဏ်ပညာမှရရှိကြောင်း ကျွန်ုပ်တို့ယုံကြည်ရသည်အထိ သမ္မာကျမ်းစာသည် များသောအားဖြင့် လွန်စွာတိကျမှန်ကန်လှသည်။ အမှန်မှာ သက်သေခိုင်လုံသော သိပ္ပံပညာနှင့် သမ္မာကျမ်းစာတို့ ညီညွတ်မှုက သမ္မာကျမ်းစာသည် လူ့နှုတ်ထွက်စကားမဟုတ်၊ ဘုရားသခင်၏နှုတ်မြွက်စကားတော်ဖြစ်ကြောင်း ထပ်ဆင့်သက်သေထူသည်။

[အောက်ခြေမှတ်ချက်များ]

a ဆင့်ကဲဖြစ်စဉ်နှင့် ဖန်ဆင်းခြင်းအကြောင်း သာ၍ပြည့်စုံသည့်ဆွေးနွေးချက်ကို ၁၉၈၅ ခုနှစ်တွင် နယူးယောက်မြို့၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းက ပုံနှိပ်ထုတ်ဝေသည့် အသက်—ဤနေရာသို့ မည်သို့ရောက်ရှိလာသနည်း၊ ဆင့်ကဲဖြစ်စဉ်ကြောင့်လော၊ ဖန်ဆင်းခြင်းကြောင့်လော [လိပ်] စာအုပ်တွင် တွေ့ရသည်။

b ကမ္ဘာဂြိုဟ်—ရေခဲမြစ် စာအုပ်က ရေခဲပြင်ကြီးများအသွင်ဖြင့် တည်ရှိသည့်ရေထုသည် ကမ္ဘာ့မျက်နှာပြင်ကို အောက်သို့ဖိနှိပ်လိုက်ကြောင်း အာရုံပြုစေသည်။ ဥပမာ၊ ဤသို့ဆိုထားသည်– “အကယ်၍ ဂလင်းလန်ကျွန်းရှိရေခဲများ ပျောက်သွားမည်ဆိုလျှင် ထိုကျွန်းသည် နောက်ဆုံးတွင် ပေ ၂,၀၀၀ ခန့်အမြင့်ဖြင့် ပြန်ကန်ပေါ်လာပေမည်။” ဤအချက်ကိုထောက်ရှုလျှင် ကမ္ဘာ့အပေါ်ယံအလွှာများအပေါ် ရုတ်တရက်ကျရောက်သည့် ကမ္ဘာချီရေလွှမ်းမိုးမှုကြောင့် မြေမျက်နှာပြင်အနေအထား ရုတ်တရက် အပြင်းအထန် ပြောင်းလဲသွားနိုင်ပေသည်။

c ခန့်မှန်းချက်တစ်ခုက ငါးသန်းဟုဆိုသည်။

d ရေလွှမ်းမိုးခြင်းဆိုင်ရာ ထပ်ဆင့်အချက်အလက်များအတွက် နယူးယောက်မြို့၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ပုံနှိပ်ထုတ်ဝေသော သမ္မာကျမ်းစာအား ထိုးထွင်းသိမြင်ခြင်း စာအုပ် [လိပ်] အတွဲ ၁၊ စာမျက်နှာ ၃၂၇၊ ၃၂၈၊ ၆၀၉-၆၁၂ ရှု။

[စာမျက်နှာ ၁၀၅ ပါ လေးထောင့်ကွက်]

“မြေမှုန့်ဖြင့်”

“ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း“ က ဤသို့ဖော်ပြထားသည်– “သက်ရှိအရာများကို ဖြစ်ပေါ်စေသည့် ဓာတုဒြပ်စင်အားလုံးသည် သက်မဲ့အရာဝတ္ထုများတွင်လည်းရှိနေသည်။” တစ်နည်းပြောရလျှင် လူသားအပါအဝင် သက်ရှိဇီဝရုပ်များကိုဖြစ်ပေါ်စေသည့် အခြေခံဓာတုပစ္စည်းများကို မြေကြီးထဲတွင်လည်း တွေ့ရသည်။ ဤအချက်သည် သမ္မာကျမ်းစာ၏ ဖော်ပြချက်နှင့် သဟဇာတဖြစ်သည်– “ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း” တော်မူ၏။—ကမ္ဘာဦး ၂:၇။

[စာမျက်နှာ ၁၀၇ ပါ လေးထောင့်ကွက်]

“ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ”

လူနှင့်တိရစ္ဆာန်အချို့ ဆက်စပ်မှုရှိကြောင်း သက်သေပြသည့်အနေနှင့် ၎င်းတို့၏ရုပ်ပိုင်းဆိုင်ရာ ဆင်တူချက်များကို လူအချို့က ထောက်ပြကြသည်။ သို့သော် လူ့စိတ်စွမ်းရည်များသည် မည်သည့်တိရစ္ဆာန်၏ စိတ်စွမ်းရည်ထက်မဆို များစွာသာလွန်သည်ကို သူတို့သဘောတူရပေမည်။ လူ၌ အစီအစဉ်ရေးဆွဲသည့်စွမ်းရည်နှင့် သူ၏ပတ်ဝန်းကျင်ရှိလောကကို စီစဉ်ဖွဲ့စည်းတတ်သည့်စွမ်းရည်၊ မေတ္တာစွမ်းရည်၊ မြင့်မားသောအသိဉာဏ်၊ ကောင်းမကောင်းကိုသိသောစိတ်နှင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုင်ရာအယူအဆ အဘယ်ကြောင့် ရှိရသနည်း။ ဆင့်ကဲဖြစ်စဉ်က အဖြေမပေးတတ်ပါ။ သို့သော် သမ္မာကျမ်းစာက အဖြေပေးထားသည်။ ဤသို့ဆို၏– “ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၁:၂၇) လူသား၏စိတ္တနှင့် ကျင့်ဝတ်ဆိုင်ရာစွမ်းရည်များနှင့် အစွမ်းသတ္တိတို့ဘက်မှကြည့်လျှင် လူသည် ကောင်းကင်ခမည်းတော်၏ ပုံသဏ္ဌာန်တော်ကို ထင်ဟပ်လျက်ရှိသည်။

[စာမျက်နှာ ၉၉ ပါ ရုပ်ပုံ]

ကမ္ဘာကို လွတ်လပ်လဟာတွင် အခုအခံမရှိ ဆွဲထားသည်ဟူသည့် သမ္မာကျမ်းစာဖော်ပြချက်သည် အာကာသယာဉ်မှူးများတွေ့မြင်ခဲ့သည့် သတင်းပို့ချက်နှင့် လွန်စွာကိုက်ညီပေသည်

[စာမျက်နှာ ၁၀၂ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာက ကမ္ဘာသည် နေကိုပတ်သည်ဟူ၍လည်းကောင်း၊ နေက ကမ္ဘာကိုပတ်သည်ဟူ၍လည်းကောင်းဆိုခြင်းဖြင့် ပါဝင်ပတ်သက်ခြင်းမပြု

[စာမျက်နှာ ၁၁၂၊ ၁၁၃ ပါ ရုပ်ပုံ]

ကမ္ဘာမြေကြီးကို တောင်များ၊ ချောက်များမရှိအောင် တစ်ပြေးညီညှိလိုက်လျှင် ကမ္ဘာမြေကြီးသည် နက်လှစွာသောရေထုလွှာ လုံးဝဖုံးလွှမ်းနေမည်ဖြစ်သည်

[စာမျက်နှာ ၁၁၄ ပါ ရုပ်ပုံ]

သေပြီးနောက် တစ်မဟုတ်ချင်း အေးခဲသွားကြသည့် မမ်းမတ်ရှေးဆင်ကြီးများကို တွေ့ရှိခဲ့ရသည်

[စာမျက်နှာ ၁၁၅ ပါ ရုပ်ပုံ]

လူးဝစ္စပါစတာက အသက်ဆိုသည်မှာ ရှိနှင့်ပြီးသားအသက်မှသာ ဖြစ်ပေါ်လာနိုင်ကြောင်း သက်သေထူခဲ့သည်

[စာမျက်နှာ ၁၀၉ ပါ ဇယားကွက်]/ရုပ်ပုံ

ကမ္ဘာမြေ၏ ရေသံသရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာက တိကျမှန်ကန်သော ဖော်ပြချက်ကို တင်ပြထားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ