သန့်ရှင်းသောဝိညာဉ်တော်—ဘုရားသခင့် တက်ကြွလှုပ်ရှားသော စွမ်းအား
သုံးပါးပေါင်းတစ်ဆူအယူဝါဒအရ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင့်ဇာတိတော်တွင် တတိယမြောက်ပုဂ္ဂိုလ်ဖြစ်ပြီး ခမည်းတော်၊ သားတော်နှင့် တန်းတူဖြစ်သည်။ ကျွန်ုပ်တို့သြသဒေါက်စ်ခရစ်ယာန်ယုံကြည်ခြင်းစာအုပ်၏ အဆိုအရ “သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်။”
ဟေဗြဲကျမ်းတွင် မကြာခဏအသုံးပြုသည့် “ဝိညာဉ်တော်” ဟူသောစကားလုံးမှာ ရူးအာခ်ဖြစ်ပြီး “ထွက်သက်ဝင်သက်၊ လေ၊ စွမ်းအား” ဟုအဓိပ္ပာယ်ရသည်။ ဂရိကျမ်းတွင် ထိုစကားလုံးမှာ နျူမာဖြစ်ပြီး ထပ်တူအဓိပ္ပာယ်ရှိသည်။ ထိုစကားလုံးများက သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးပေါင်းတစ်ဆူဖြစ်သည်ဟု ဖော်ပြသလော။
တက်ကြွလှုပ်ရှားသောစွမ်းအား
သမ္မာကျမ်းစာတွင် “သန့်ရှင်းသောဝိညာဉ်တော်” ဟူသောစကားလုံးကို အသုံးပြုပုံအရ ယင်းသည် မိမိရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ယေဟောဝါဘုရားသခင်သုံးသော စွမ်းအားဖြစ်၏။ ဥပမာ၊ ယင်းသည် လုပ်ငန်းအသီးသီးကို လုပ်ဆောင်နိုင်သော စွမ်းအားဖြစ်သည့် လျှပ်စစ်စွမ်းအင်နှင့်တူညီသည်။
ကမ္ဘာဦး ၁:၂ တွင် “ဘုရားသခင်၏ဝိညာဉ်တော် [ဟေဗြဲ၊ ရူးအာခ်] သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏” ဟုဆိုသည်။ ဤတွင် ဘုရားသခင့်ဝိညာဉ်တော်သည် ကမ္ဘာမြေကိုဖန်ဆင်းရာတွင် အသုံးပြုသော တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည်။
ဘုရားသခင်သည် မိမိအားကိုးကွယ်သူများကို အလင်းထွန်းလင်းပေးရာတွင် ထိုဝိညာဉ်တော်ကို အသုံးပြုသည်။ “အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော် [ရူးအာခ်] သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါစေသော” ဟုဒါဝိဒ်ဆုတောင်းခဲ့သည်။ (ဆာလံ ၁၄၃:၁၀) မောရှေကိုကူညီရန် အရည်အချင်းရှိသူ ၇၀ ကိုခန့်အပ်ချိန်တွင် ဘုရားသခင်က မောရှေအား “သင့်အပေါ်မှာကျိန်းဝပ်သောဝိညာဉ် [ရူးအာခ်] အချို့ကိုငါယူ၍ သူတို့အပေါ်မှာတင်မည်” ဟုမိန့်ဆိုသည်။—တောလည်ရာ ၁၁:၁၇။
ဘုရားသခင်၏လူတို့သည် “သန့်ရှင်းသောဝိညာဉ်တော် [ဂရိ၊ နျူမာ] ၏ တိုက်တွန်းတော်မူခြင်းကိုခံရ” ပြီး သမ္မာကျမ်းစာပရောဖက်ပြုချက်များကို မှတ်တမ်းတင်ခဲ့ကြသည်။ (၂ ပေတရု ၁:၂၀၊ ၂၁) ဤနည်းဖြင့် သမ္မာကျမ်းစာသည် “ဘုရားသခင်မှုတ်သွင်းတော်မူ” ရာဖြစ်ပြီး ဂရိဘာသာစကားတွင် ယင်းစကားလုံးကို သီအိုနယူစတို့စ်ဟုခေါ်ကာ “ဘုရားသခင်မှုတ်တော်မူ၏” ဟုအဓိပ္ပာယ်ရှိသည်။ (၂ တိမောသေ ၃:၁၆) သန့်ရှင်းသောဝိညာဉ်တော်သည် အချို့သူများကို ရူပါရုံများ သို့မဟုတ် ပရောဖက်ပြုချက်ဆိုင်ရာအိပ်မက်များ မြင်စေသည်။—၂ ဓမ္မရာဇဝင် ၂၃:၂; ယောလ ၂:၂၈၊ ၂၉; လုကာ ၁:၆၇၊ ၇၉; တမန်တော် ၁:၁၆; ၂:၃၂၊ ၃၃။
သန့်ရှင်းသောဝိညာဉ်တော်သည် ယေရှုနှစ်ခြင်းခံပြီးနောက် တောထဲသို့ဆောင်သွားလေ၏။ (မာကု ၁:၁၂) ဘုရားသခင့်ကျေးကျွန်များတွင် ဝိညာဉ်တော်သည် မီးကဲ့သို့ဖြစ်ပြီး သူတို့ကို ခွန်အားပြည့်စေသည့်အပြင် ရဲစွမ်းသတ္တိရှိရှိ ဟောပြောစေနိုင်သည်။—မိက္ခာ ၃:၈; တမန်တော် ၇:၅၅-၆၀; ၁၈:၂၅; ရောမ ၁၂:၁၁; ၁ သက်သာလောနိတ် ၅:၁၉။
ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်အားဖြင့် လူနှင့်တိုင်းနိုင်ငံတို့အပေါ် စီရင်ချက်ချသည်။ (ဟေရှာ. ၃၀:၂၇၊ ၂၈; ၅၉:၁၈၊ ၁၉) လူတို့ကိုကူညီရန် သို့မဟုတ် ပြစ်ဒဏ်ပေးရန် ဝိညာဉ်တော် မရောက်နိုင်သောနေရာ မရှိပေ။—ဆာလံ ၁၃၉:၇-၁၂။
“သာမန်ထက်ထူးကဲသော တန်ခိုး”
ဘုရားသခင်သည် မိမိကိုဝတ်ပြုသူတို့အား ဝိညာဉ်တော်အားဖြင့် “သာမန်ထက်ထူးကဲသောတန်ခိုး” ကိုလည်း ပေးနိုင်သည်။ (၂ ကောရိန္သု ၄:၇၊ ကဘ) ယင်းက ယုံကြည်ခြင်းစမ်းသပ်မှုများကို ခံရပ်စေနိုင်ပြီး မိမိတို့မတတ်နိုင်ရာများကို တတ်စွမ်းစေနိုင်သည်။
ဥပမာ၊ ရှံဆုန်နှင့်ပတ်သက်၍ တရားသူကြီး ၁၄:၆ က “ရှံဆုန်လက်၌ တစ်စုံတစ်ခုမျှမပါသော်လည်း ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်သဖြင့် သူသည် ဆိတ်သငယ်ကိုဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖြတ်၏” ဟုဆိုသည်။ မြင့်မြတ်သောပုဂ္ဂိုလ်တစ်ပါးသည် ရှံဆုန်ထဲဝင်ကာ သို့မဟုတ် သူ့အပေါ်သက်ရောက်ကာ သူ့ကို ထိုသို့ပြုလုပ်စေခဲ့သလော။ မဟုတ်ပါ၊ အမှန်မှာ “ထာဝရဘုရား၏တန်ခိုးတော်သည် သူ့အား ရုတ်တရက် သန်စွမ်း၍လာစေတော်မူ၏။”—ခမ။
ယေရှုနှစ်ခြင်းခံချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူသဏ္ဌာန်ဖြင့်မဟုတ်ဘဲ ချိုးငှက်သဏ္ဌာန်ဖြင့် ဆင်းသက်တော်မူသည်ဟု သမ္မာကျမ်းစာကဆိုသည်။ (မာကု ၁:၁၀) ဘုရားသခင်၏ ထိုတက်ကြွလှုပ်ရှားသောစွမ်းအားဖြင့် ယေရှုသည် လူနာများကိုကုသပြီး လူသေများကို ရှင်ပြန်ထမြောက်စေနိုင်ခဲ့သည်။ လုကာ ၅:၁၇ တွင် ဆိုထားသည့်အတိုင်း “ရောဂါဝေဒနာများကို ပျောက်ကင်းစေခြင်းငှာ ဘုရားသခင်၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။”—ကက်သလစ်ကျမ်းစာတော်မြတ်။
ဘုရားသခင့်ဝိညာဉ်တော်သည် ယေရှုတပည့်များကိုလည်း အံ့ဖွယ်အမှုများပြုလုပ်ရန် တန်ခိုးပေးခဲ့သည်။ ပင်တေကုတ္တေပွဲနေ့တွင် တပည့်များစုရုံးစဉ် “လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍ . . . ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏” ဟုတမန်တော် ၂:၁-၄ တွင်ဖော်ပြသည်။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ယေရှုအပါအဝင် ဘုရားသခင့်ကျေးကျွန်များအား လူသားများ သာမန်အားဖြင့်မပြုလုပ်နိုင်ရာကို တတ်စွမ်းစေသည့် တန်ခိုးပေးခဲ့သည်။
ပုဂ္ဂိုလ်တစ်ပါးမဟုတ်
သို့သော် သမ္မာကျမ်းစာတွင် သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်အဖြစ်ခေါ်ဆိုသုံးနှုန်းထားသည် မဟုတ်လော။ မှန်ပါသည်၊ သို့သော် ယင်းနှင့်ပတ်သက်၍ ကက်သလစ်ဓမ္မပညာရှင် အက်ဒ်မွန်ဖော့တ်မင်က သုံးပါးပေါင်းတစ်ဆူဘုရားဟူသော စာအုပ်တွင် မည်သို့ဆိုကြောင်း သတိပြုပါ။ သူက “ထိုဝိညာဉ်တော်ကို ပုဂ္ဂိုလ်အဖြစ် မကြာခဏ ခေါ်ဆိုသုံးနှုန်းကြသော်လည်း မြင့်မြတ်သော [ဟေဗြဲကျမ်းစောင်] ကျမ်းရေးသူများသည် ယင်းကို သတ်သတ်မှတ်မှတ်ပုဂ္ဂိုလ်တစ်ပါးအဖြစ် တစ်ခါမျှ မယူဆသည့်အပြင် ထိုသို့လည်း မဖော်ပြခဲ့ကြ” ဟုဆိုသည်။
သမ္မာကျမ်းစာတွင် တစ်စုံတစ်ခုကို ပုဂ္ဂိုလ်အဖြစ်တင်စားခြင်းသည် မထူးဆန်းပါ။ ဉာဏ်ပညာတွင် သားသမီးများရှိကြောင်း ဆိုထားသည်။ (လုကာ ၇:၃၅) အပြစ်နှင့်သေခြင်းကို ဘုရင်များအဖြစ် တင်စားထား၏။ (ရောမ ၅:၁၄၊ ၂၁) အင်္ဂလိပ်ကျမ်းစာသစ်၏ ကမ္ဘာဦး ၄:၇ တွင် “အပြစ်သည် တံခါးနားမှာဝပ်ချောင်းနေသော နတ်ဆိုးတစ်ပါးဖြစ်၏” ဟုဆိုကာ ကာဣန၏တံခါးနားတွင် ဝပ်ချောင်းနေသော နာမ်ဝိညာဉ်ဆိုးတစ်ပါးအဖြစ် အပြစ်ကို တင်စားထားသည်။ သို့သော် အပြစ်သည် နာမ်ဝိညာဉ်ပုဂ္ဂိုလ်မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို ပုဂ္ဂိုလ်အဖြစ်တင်စားခြင်းကလည်း ယင်းကို နာမ်ဝိညာဉ်ပုဂ္ဂိုလ် မဖြစ်စေပါ။
ထိုနည်းတူ ၁ ယောဟန် ၅:၆-၈ တွင် ဝိညာဉ်တော်ကိုသာမက ‘ရေနှင့်အသွေး’ ကိုလည်း “သက်သေခံ” များဟုခေါ်ထားသည်။ သို့သော် ရေနှင့်သွေးသည် ပုဂ္ဂိုလ်များမဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ပုဂ္ဂိုလ်မဟုတ်ပေ။
ယင်းနှင့်လျော်ညီသည်မှာ သမ္မာကျမ်းစာတွင် “သန့်ရှင်းသောဝိညာဉ်တော်” ကို ပုဂ္ဂိုလ်အဖြစ်မတင်စားသော ယေဘုယျအသုံးဖြစ်ပြီး ရေ၊ မီးနှင့်နှိုင်းယှဉ်ထားသည်။ (မဿဲ ၃:၁၁; မာကု ၁:၈) လူတို့သည် စပျစ်ရည်အစား သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်နေရန် တိုက်တွန်းခံရ၏။ (ဧဖက် ၅:၁၈) သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်နေသည့်နည်းတူ ပညာ၊ ယုံကြည်ခြင်း၊ ဝမ်းမြောက်ခြင်းကဲ့သို့သောအရည်အသွေးများနှင့်လည်း ပြည့်နေ၏ဟု ဆိုထားသည်။ (တမန်တော် ၆:၃; ၁၁:၂၄; ၁၃:၅၂) ၂ ကောရိန္သု ၆:၆ တွင် သန့်ရှင်းသောဝိညာဉ်တော်ကို အရည်အသွေးများစွာနှင့် ယှဉ်တွဲဖော်ပြထားသည်။ သန့်ရှင်းသောဝိညာဉ်တော်သာ တကယ်ပုဂ္ဂိုလ်ဖြစ်လျှင် ထိုသို့သောအသုံးအနှုန်းများကို ဤမျှအကြိမ်ကြိမ် အသုံးပြုမည်မဟုတ်ပေ။
ထို့ပြင် ဝိညာဉ်တော် စကားပြောသည်ဟု ကျမ်းချက်အချို့က ဆိုသော်လည်း အခြားကျမ်းချက်များက အမှန်အားဖြင့် လူ သို့မဟုတ် ကောင်းကင်တမန်များမှတစ်ဆင့် ပြောဆိုခြင်းဖြစ်ကြောင်း ဖော်ပြသည်။ (မဿဲ ၁၀:၁၉၊ ၂၀; တမန်တော် ၄:၂၄၊ ၂၅; ၂၈:၂၅; ဟေဗြဲ ၂:၂) ထိုအခြေအနေများတွင် ဝိညာဉ်တော်၏လုပ်ဆောင်ပုံသည် ပုဂ္ဂိုလ်တစ်ဦးမှတစ်ဦးထံသို့ သတင်းပို့သည့် ရေဒီယိုအသံလှိုင်းများနှင့်တူသည်။
မဿဲ ၂၈:၁၉ တွင် “သန့်ရှင်းသောဝိညာဉ်တော်၏နာမ” ဟုသုံးထားသည်။ သို့သော် ဂရိဘာသာစကားတွင်ကော၊ အင်္ဂလိပ်ဘာသာစကားတွင်ပါ “နာမ” ဟူသောစကားသည် လူတစ်ဦး၏အမည်ကို အမြဲမဆိုလိုပေ။ အင်္ဂလိပ်ဘာသာစကားတွင် “in the name of the law” ဟုပြောခြင်းသည် ပုဂ္ဂိုလ်တစ်ဦးကိုမဆိုလိုပေ။ ဥပဒေပြဋ္ဌာန်းချက်အရ လုပ်ပိုင်ခွင့်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ရောဘတ်စန်၏ ဓမ္မသစ်ကျမ်းရုပ်လုံးပေါ်စကားများစာအုပ်က “စက်ပ်တွားဂျင့်ကျမ်းနှင့် ကျူစာများတွင် ဩဇာအာဏာ သို့မဟုတ် အခွင့်အာဏာကိုရည်ညွှန်းရန် နာမ (အိုနိုမာ၊ ဂရိ) ကိုအသုံးပြုလေ့ရှိသည်” ဟုဆို၏။ ထို့ကြောင့် ‘in the name of the holy spirit’ “သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” နှစ်ခြင်းခံခြင်းဆိုသည်မှာ ယင်းသည် ဘုရားသခင်ထံမှဖြစ်ကြောင်း၊ ဘုရားသခင့်အလိုတော်ကို ပြီးမြောက်စေကြောင်းစသည့် ဝိညာဉ်တော်၏အခွင့်အာဏာကို အသိအမှတ်ပြုခြင်းဖြစ်သည်။
“ကူညီမစသူ”
ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ကို “ကူညီမစသူ” ဟုခေါ်ပြီး ယင်းသည် တပည့်များကို သွန်သင်လမ်းညွှန်ကာ ဟောပြောလိမ့်မည်ဟု မိန့်ဆိုသည်။ (ယောဟန် ၁၄:၁၆၊ ၂၆၊ ကဘ; ၁၆:၁၃) ယေရှုအသုံးပြုခဲ့သော ကူညီမစသူ (ပါရာကလဲတို့စ်) ဟူသည့်ဂရိစကားလုံးသည် ပုလ္လိင်ဖြစ်၏။ ထို့ကြောင့် ကူညီမစသူပြုလုပ်မည့်အရာကို ယေရှုပြောဆိုသောအခါ ယောက်ျားသဘာဝရှိသော ပုဂ္ဂလနာမ်စားကို အသုံးပြုခဲ့သည်။ (ယောဟန် ၁၆:၇၊ ၈) တစ်ဖက်တွင်မူ ဝိညာဉ်တော်အတွက် ဂရိစကားလုံး (နျူမာ) သည် နပုလ္လိင်ဖြစ်ပြီး ယင်းကိုအသုံးပြုသည့်အခါတိုင်း “ထို” ဟူသောနပုလ္လိင်နာမ်စားကိုသာ အသုံးပြု၏။
သုံးပါးပေါင်းတစ်ဆူဝါဒီ ဘာသာပြန်သူအများစုသည် ယင်းအချက်ကို တိမ်မြှုပ်ထားကြသည်။ ယောဟန် ၁၄:၁၇ နှင့်ပတ်သက်၍ ကက်သလစ်အမေရိကန်ကျမ်းစာသစ်က ဤသို့ဝန်ခံသည်– “‘ဝိညာဉ်တော်’ အတွက် ဂရိစကားလုံးသည် နပုလ္လိင်ဖြစ်၏။ မူရင်းဂရိလက်ရေးစာမူအများစုတွင် ‘ထို’ ကိုအသုံးပြုထားသော်လည်း ကျွန်ုပ်တို့သည် အင်္ဂလိပ်တွင် (‘သူ၊’ ‘သူ၏၊’ ‘သူ့ကို’) စသည့်ပုဂ္ဂလနာမ်စားများကို အသုံးပြုထား၏။”
ထို့ကြောင့် ယောဟန် ၁၆:၇၊ ၈ တွင် ပါရာကလဲတို့စ်ကို ယောက်ျားသဘာဝရှိသော ပုဂ္ဂလနာမ်စားဖြင့် အသုံးပြုထားခြင်းသည် သဒ္ဒါစည်းမျဉ်းကိုလိုက်နာခြင်းဖြစ်ပြီး အယူဝါဒတစ်ခုကို ဖော်ပြနေခြင်းမဟုတ်ပေ။
သုံးပါးပေါင်းတစ်ဆူ၏ အစိတ်အပိုင်းမဟုတ်
သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးပေါင်းတစ်ဆူတွင် သုံးပါးမြောက်ပုဂ္ဂိုလ်ဖြစ်သည်ဟူသော အယူအဆကို သမ္မာကျမ်းစာက မထောက်ခံကြောင်း စာအုပ်များစွာက အသိအမှတ်ပြု၏။ ဥပမာ–
ကက်သလစ်စွယ်စုံကျမ်းက “ဓမ္မဟောင်းကျမ်း၏ အဘယ်နေရာတွင်မျှ သုံးပါးမြောက်ပုဂ္ဂိုလ်ကို သဲသဲကွဲကွဲမဖော်ပြထား” ဟုဆိုသည်။
ကက်သလစ်ဓမ္မပညာရှင် ဖော့တ်မင်က “ဂျူးတို့သည် ဝိညာဉ်တော်ကို ပုဂ္ဂိုလ်အဖြစ် လုံးဝမသတ်မှတ်ကြပေ။ ထိုအယူအဆကို ဓမ္မဟောင်းကျမ်းရေးသူများ ယုံကြည်ကြောင်း ဖော်ပြသည့် ခိုင်လုံသောအထောက်အထား လုံးဝမရှိပေ။ . . . ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ကျမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်ကို ဘုရားသခင့်စွမ်းအား သို့မဟုတ် တန်ခိုးအဖြစ်သာ အသုံးပြုလေ့ရှိသည်” ဟုဆို၏။
ကက်သလစ်စွယ်စုံကျမ်းသစ်က “ဓမ္မဟောင်းကျမ်းသည် ဘုရားသခင့်ဝိညာဉ်တော်ကို ပုဂ္ဂိုလ်အဖြစ် လုံးဝမရှုမြင်ပေ။ . . . ဘုရားသခင့်ဝိညာဉ်တော်သည် ဘုရားသခင့်တန်ခိုးသာဖြစ်၏။ တစ်ခါတစ်ရံ ၎င်းကို ဘုရားသခင်နှင့် သီးခြားဖော်ပြပါက ယာဝေး၏ အသက်စွမ်းအားသည် မြင်နိုင်သောနည်းဖြင့် လှုပ်ရှားသောကြောင့်ဖြစ်သည်” ဟုဆို၏။ ထို့ပြင် “ဓမ္မသစ်ကျမ်းမှ ကျမ်းချက်အများစုတွင် ဘုရားသခင်၏ဝိညာဉ်တော်ကို ပုဂ္ဂိုလ်တစ်ဦးကဲ့သို့မဟုတ်၊ အရာတစ်ခုကဲ့သို့ ဖော်ပြထားသည်။ ယင်းသည် အထူးသဖြင့် ဝိညာဉ်တော်နှင့် ဘုရားသခင့်တန်ခိုးတော်၏ ဆင်တူချက်များတွင် ထင်ရှားသည်” ဟုလည်းဆို၏။
ကက်သလစ်အဘိဓာန်ကျမ်းက “ခြုံပြောရမည်ဆိုလျှင် ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းကဲ့သို့ပင် ဝိညာဉ်တော်ကို ဘုရားသခင့်စွမ်းအား သို့မဟုတ် တန်ခိုးအဖြစ်သာ ဖော်ပြသည်” ဟုဆို၏။
ထို့ကြောင့် ဂျူးများသာမက အစောပိုင်းခရစ်ယာန်များသည်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို သုံးပါးပေါင်းတစ်ဆူ၏အစိတ်အပိုင်းအဖြစ် မရှုမြင်ခဲ့ပေ။ ထိုသွန်သင်ချက်သည် နောက်ပိုင်းရာစုနှစ်များစွာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ကက်သလစ်အဘိဓာန်ကျမ်းက ဆိုသကဲ့သို့ပင် “အေဒီ ၃၆၂ တွင်ကျင်းပသော အလက်ဇန္ဒြီးယားအစည်းအဝေးနှင့် . . . နောက်ဆုံး အေဒီ ၃၈၁ တွင်ကျင်းပသော ကောန်စတန်တီနိုပဲလ်အစည်းအဝေးတွင် သုံးပါးမြောက်ပုဂ္ဂိုလ်ကို အခိုင်အမာအတည်ပြုထောက်ခံခဲ့ကြသည်။” ယင်းသည် ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံရပြီးနောက် နှစ်ပေါင်း ၃၅၀ ခန့်အကြာတွင်ဖြစ်၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်သကဲ့သို့ သုံးပါးပေါင်းတစ်ဆူ၏အစိတ်အပိုင်းလည်း မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင့်အလိုတော် အောင်မြင်ပြီးမြောက်စေရန် ကိုယ်တော်အသုံးပြုသည့် တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့်တန်းတူမဟုတ်၊ ကိုယ်တော့်အလိုတော်အတိုင်း အမြဲလုပ်ဆောင်ပြီး ကိုယ်တော့်ကိုလက်အောက်ခံသည်။
[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]
သန့်ရှင်းသောဝိညာဉ်တော်သည် တစ်ကြိမ်တွင် ချိုးငှက်သဏ္ဌာန်ဖြင့် ထင်ရှားကာ နောက်တစ်ကြိမ်တွင် မီးလျှာသဏ္ဌာန်ဖြင့်ဖြစ်သည်။ လူသဏ္ဌာန်ဖြင့် တစ်ခါမျှ မထင်ရှားခဲ့ပေ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
“ခြုံပြောရမည်ဆိုလျှင် ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းကဲ့သို့ပင် ဝိညာဉ်တော်ကို ဘုရားသခင့်စွမ်းအား သို့မဟုတ် တန်ခိုးအဖြစ်သာ ဖော်ပြသည်။”—ကက်သလစ်အဘိဓာန်ကျမ်း