အခန်း ၄၄
ထိတ်လန့်စရာ မုန်တိုင်းကို ငြိမ်းစေခြင်း
လူအုပ်ကိုကမ်းခြေတွင်သွန်သင်ပေးပြီးနောက် တပည့်တော်များအား ဥပမာများကိုသီးသန့်ရှင်းပြခြင်းဖြင့် ယေရှုတစ်နေ့လုံးအလုပ်များခဲ့ပါသည်။ ညအချိန်ရောက်၍ ကိုယ်တော်က “ကမ်းတစ်ဖက်သို့ကူးကြကုန်အံ့” ဟုမိန့်တော်မူသည်။
ဂါလိလဲပင်လယ်အရှေ့ဘက်ကမ်း၌ ဒေကာပေါလိပြည်ရှိ၏။ “တစ်ဆယ်” အဓိပ္ပာယ်ရှိ ဂရိစကားလုံး ဒေကာ နှင့် “မြို့” အဓိပ္ပာယ်ရှိ ပေါလိ မှလာသည်။ ဒေကာပေါလိမြို့များမှာ ဂရိယဉ်ကျေးမှု၏ ဗဟိုဖြစ်ငြားလည်း ဂျူးအများနေထိုင်ကြသည်။ သို့ရာတွင်ဤအရပ်သို့ ယေရှုရောက်လေ့မရှိ။ ယခုပင် ကြာမြင့်စွာမနေသည်ကိုတွေ့ရဦးမည်။
ကမ်းတစ်ဖက်သို့ကူးရန် ယေရှုပြောသောအခါ တပည့်တော်များလှေနှင့်ခေါ်သွားသည်။ သူတို့ထွက်ခွာသွားသည်ကို မြင်သူများရှိ၍ မကြာမီပင် အခြားလှေများနှင့်လိုက်ကြသည်။ ဂါလိလဲပင်လယ်မှာ ၁၃ မိုင်ရှည်ပြီး ၇ မိုင်ခွဲကျယ်သောကန်ကြီးမျှဖြစ်ရာ တစ်ဖက်ကမ်းသို့မဝေးလှချေ။
ယေရှုလည်းအလွန်မောပန်းနေ၍ ကမ်းမှလှေခွာပြီးတစ်ခဏတွင်ပင် ပဲ့ပိုင်း၌ခေါင်းအုံးပေါ် ခေါင်းချ၍အိပ်ပျော်လေသည်။ တမန်တော်အများသည် ဂါလိလဲပင်လယ်တွင် ငါးဖမ်းခဲ့ဖူးသူများဖြစ်ကြရာ ဝါရင့်သင်္ဘောသားများဖြစ်ကြသည်။ ယင်းကြောင့်ရွက်လှေကို တာဝန်ယူလွှင့်ခဲ့ကြသည်။
သို့သော်လွယ်ကူလိမ့်မည်မဟုတ်။ ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၇၀၀ ရှိဂါလိလဲပင်လယ်၏ မျက်နှာပြင်အပူချိန်နှင့် အနီးရှိတောင်တန်းများ၏လေအေးကြောင့် လေပြင်းမုန်တိုင်းများ ဗြုန်းစားဖြစ်တတ်ပါသည်။ ယခုထိုသို့ဖြစ်လေသည်။ လှိုင်းတံပိုးခတ်သောကြောင့် လှေသည်ရေနှင့်ပြည့်လျှံလုဆဲဖြစ်သော်လည်း ယေရှုအိပ်မောကျနေရှာသည်။
အတွေ့အကြုံရင့်ကျက်သောလှေသမားများ အတတ်နိုင်ဆုံးကြိုးစားထိန်းပေးကြသည်။ မုန်တိုင်းများနှင့်ကြုံခဲ့ဖူးမည်။ သို့သော်ဤအကြိမ်တွင်အကြံကုန်ကာ သေမည်ကိုစိုးရိမ်ပြီး ယေရှုကိုနှိုးလေသည်။ ‘သခင်၊ သခင်၊ အကျွန်ုပ်တို့ပျက်စီးခြင်းသို့ရောက်သည်ကို လျစ်လျူရှုစိတ်ရှိတော်မူသလော။ ကယ်မတော်မူပါ’ ဟုဆိုကြ၏။
ကိုယ်တော်ကလည်း နိုးထပြီးလေနှင့်ပင်လယ်ကို “တိတ်ဆိတ်ငြိမ်ဝပ်စွာနေ” ဟုမိန့်တော်မူသည်။ တစ်ခဏခြင်းတွင် လေငြိမ်၍အလွန်သာယာလေသည်။ ထိုနောက်တပည့်တော်များနောက်သို့လှည့်၍ “သင်တို့သည်အဘယ်ကြောင့်ဤမျှလောက် ကြောက်လန့်သနည်း။ အဘယ်ကြောင့်ယုံကြည်ခြင်းစိတ်နှင့်ကင်းသနည်း” ဟုမေးလေသည်။
ထိုအခါသူတို့သည် အလွန်ကြောက်၍ “ဤသူကား အဘယ်သို့သောသူနည်း” ဟုအချင်းချင်းမေးလေသည်။ “လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကား” ဟုဆိုသည်။
ယေရှုတန်ခိုးကြီးမားလှပါသည်တကား။ ကျွန်ုပ်တို့ဘုရင်သည် သဘာဝတရားများကိုပင် ဩဇာညောင်းကြောင်း၊ နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ကမ္ဘာမြေကြီးကို လုံးလုံးအာရုံပြုသည့်အခါ ထိတ်လန့်ဖွယ်ရာသဘာဝဘေးဒဏ်များမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးနိုင်ကြောင်း သိထားရခြင်းသည် အလွန်အားရှိစရာပါတကား။
မုန်တိုင်းငြိမ်ပြီးနောက် ယေရှုနှင့်တပည့်တော်များသည် အရှေ့ဘက်ကမ်းခြေသို့ ဘေးမသီရန်မခရောက်ကြလေသည်။ အခြားလှေများမူ မုန်တိုင်းဒဏ်ကိုမခံလိုက်ရဘဲ အေးဆေးစွာအိမ်ပြန်ရောက်ခဲ့ကြပေမည်။ မာကု ၄:၃၅-၅:၁။ မဿဲ ၈:၁၈၊ ၂၃-၂၇။ လုကာ ၈:၂၂-၂၆။
▪ ဒေကာပေါလိကားအဘယ်နည်း။ အဘယ်အရပ်တွင်ရှိသနည်း။
▪ ဂါလိလဲပင်လယ်ပေါ် မုန်တိုင်းကျရခြင်းကား အဘယ်အခြေအနေများကြောင့်နည်း။
▪ ရွက်လွှင့်အတတ်ပညာ ကုန်ခန်းသောအခါ တပည့်တော်များဘာလုပ်ကြသနည်း။