ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၃၃ စာ. ၁၇၂-၁၇၆
  • တို့တစ်တွေကို ယေရှု ကာကွယ်ပေးနိုင်တယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တို့တစ်တွေကို ယေရှု ကာကွယ်ပေးနိုင်တယ်
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ရေပေါ် လမ်းလျှောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • လူ့ထက်စွမ်းသော နှစ်လိုဖွယ် မင်းတစ်ပါး
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်တဲ့အုပ်စိုးရှင်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • လေမုန်တိုင်းကိုငြိမ်သက်စေ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၃၃ စာ. ၁၇၂-၁၇၆

အခန်း ၃၃

တို့တစ်တွေကို ယေရှု ကာကွယ်ပေးနိုင်တယ်

ကောင်းကင်ဘုရင် ယေရှုနဲ့ နွားစားခွက်ထဲက ကလေးငယ် ယေရှု

ယေရှုကို ကလေးတို့ ဘယ်လို သဘောထားသလဲ— တန်ခိုးကြီးတဲ့ ရှင်ဘုရင်အနေနဲ့လား၊ ဘာမှမလုပ်နိုင်တဲ့ ကလေးလေးအနေနဲ့လား

ယေရှု ကြီးလာတော့ ကလေးဘဝက ကာကွယ်ခံရပုံအကြောင်း သိရတဲ့အခါ ယေဟောဝါဆီ ဆုတောင်းပြီး ကျေးဇူးတင်တယ်လို့ ပြောမယ်ထင်သလား။— သူ့ကို ကာကွယ်တဲ့အနေနဲ့ အီဂျစ်ပြည်ကို ခေါ်သွားတဲ့အကြောင်း နောက်ပိုင်း သိရတဲ့အခါ မာရိနဲ့ ယောသပ်တို့ကို ယေရှု ဘာပြောမယ် ထင်သလဲ။—

အခု ယေရှုဟာ ကလေးလေး မဟုတ်တော့ဘူး။ အရင်ကလို ကမ္ဘာပေါ်မှာလည်း မနေတော့ဘူး။ ဒါပေမဲ့ အခုခေတ် လူတချို့က ယေရှုကို နွားစားခွက်ထဲမှာရှိတဲ့ ကလေးလေးလို သဘောထားနေတုန်းဆိုတာ ကလေးတို့ သတိထားမိသလား။— အထူးသဖြင့် ခရစ္စမတ်ရာသီရောက်ရင် ကလေးလေး ယေရှုရဲ့ ပုံတွေကို နေရာအတော်များများမှာ တွေ့ရတယ်။

ယေရှု ကမ္ဘာပေါ် မနေတော့ပေမဲ့ အသက်ရှင်နေတယ်ဆိုတာ ကလေးတို့ ယုံကြည်သလား။— ဟုတ်ပါတယ်၊ ယေရှုဟာ သေရာကနေ အသက်ပြန်ရှင်ပြီးနောက် အခုဆိုရင် ကောင်းကင်ဘုံမှာ တန်ခိုးကြီး ဘုရင်တစ်ပါး ဖြစ်နေပြီ။ သူ့နောက်လိုက်တွေကို ကာကွယ်ဖို့ ယေရှု ဘာလုပ်ပေးနိုင်တယ်လို့ ကလေးတို့ ထင်သလဲ။— ယေရှု ကမ္ဘာပေါ် ရှိတုန်းက သူ့ကို ချစ်တဲ့သူတွေကို ဘယ်လို ကာကွယ်ပေးနိုင်တယ်ဆိုတာ ပြခဲ့တယ်။ တပည့်တွေနဲ့ လှေစီးသွားတဲ့တစ်နေ့မှာ ဘယ်လို ကာကွယ်ပေးခဲ့တယ်ဆိုတာ ကြည့်ရအောင်။

တစ်ခါက ယေရှုဟာ ဂါလိလဲအိုင်နားမှာ တစ်နေကုန် သွန်သင်ခဲ့တယ်။ ဂါလိလဲအိုင်ဟာ အလျား ၁၃ မိုင်၊ အနံ ၇.၅ မိုင် ကျယ်ဝန်းတဲ့ အိုင်ကြီးဖြစ်တယ်။ ညနေစောင်းတဲ့အခါ ယေရှုက “အိုင်တစ်ဖက်ကမ်းကို ကူးရအောင်” လို့ တပည့်တွေကို ပြောတယ်။ ဒါနဲ့ လှေပေါ်တက်ပြီး အိုင်တစ်ဖက်ကို ရွက်လွှင့်သွားကြတယ်။ ယေရှုက သိပ်ပင်ပန်းနေလို့ လှေပဲ့ပိုင်းမှာ ခေါင်းအုံး အုံးပြီး လှဲအိပ်လိုက်တယ်။ မကြာခင် အိပ်မောကျသွားတယ်။

လှိုင်းနဲ့လေ ငြိမ်ဖို့ ယေရှု အမိန့်ပေးနေစဉ်

လှိုင်းနဲ့ လေကို ယေရှု ဘာပြောနေသလဲ

တပည့်တွေကတော့ ဦးတည်ရာလမ်းကြောင်းအတိုင်း လှေကို ထိန်းသွားကြတယ်။ အစပိုင်းမှာ လှိုင်းလေ ငြိမ်လို့ အဆင်ပြေနေပေမဲ့ မကြာခင်မှာဘဲ လေပြင်း တိုက်ခတ်လာတယ်။ လေက ပြင်းသည်ထက် ပြင်းလာပြီး လှိုင်းလုံးကလည်း ကြီးသည်ထက် ကြီးလာတယ်။ လှိုင်းလုံးရိုက်ခတ်လို့ လှေထဲ ရေဝင်ကုန်တာပေါ့။

လှေနစ်သွားမှာကို တပည့်တွေ ကြောက်ကြတာပေါ့။ ယေရှုကတော့ မကြောက်ဘူးကွဲ့။ လှေပဲ့ပိုင်းမှာ အိပ်ပျော်နေတုန်းပဲ။ နောက်ဆုံးတော့ တပည့်တွေက ယေရှုကို နှိုးပြီး ‘ဆရာ၊ ဆရာ၊ ကယ်ပါဦး။ မုန်တိုင်းကြောင့် ကျွန်တော်တို့ သေတော့မယ်’ ဆိုပြီး ပြောကြတယ်။ ဒါနဲ့ ယေရှုက ထပြီး လှိုင်းနဲ့ လေကို ‘တိတ်ဆိတ်ငြိမ်သက်စေ’ ဆိုပြီး အမိန့်ပေးလိုက်တယ်။

ချက်ချင်းပဲ လှိုင်းလေ ငြိမ်သွားတယ်။ တပည့်တွေလည်း အံ့သြသွားကြတယ်။ ဒါမျိုး တစ်ခါမှ မမြင်ဖူးတော့ “ဘယ်လို လူပါလိမ့်။ လှိုင်းနဲ့ လေတောင် သူ့စကားကို နားထောင်ပါလား” ဆိုပြီး အချင်းချင်း ပြောကြတယ်။—လုကာ ၈:၂၂-၂၅။ မာကု ၄:၃၅-၄၁။

ယေရှု ဘယ်သူလဲဆိုတာ သိသလား။— ကြီးမားတဲ့တန်ခိုးကို ဘယ်က ရတယ် ဆိုတာကော သိသလား။— ယေရှုဟာ သာမန်လူတစ်ယောက် မဟုတ်တဲ့အတွက် ယေရှုနဲ့အတူ ရှိနေချိန်မှာ တပည့်တွေ ဘာမှ ကြောက်စရာ မလိုဘူး။ တခြားလူတွေ မလုပ်နိုင်တဲ့ အံ့ဖွယ်ရာတွေကို ယေရှု လုပ်နိုင်တယ်။ တစ်ခါတုန်းက မုန်တိုင်းထန်တဲ့ ရေပြင်ပေါ် လုပ်ခဲ့တဲ့အရာ နောက်တစ်ခုအကြောင်း ပြောပြမယ်နော်။

အဲဒီနောက်ပိုင်း တစ်နေ့မှာ ဖြစ်တယ်။ ညနေစောင်းတဲ့အခါ ယေရှုက တပည့်တွေကို လှေပေါ် တက်ခိုင်းပြီး အိုင်တစ်ဖက်ကမ်းကို ကူးနှင့်ခိုင်းတယ်။ အဲဒီနောက် တစ်ယောက်တည်း တောင်ပေါ် တက်သွားတယ်။ အဲဒီနေရာဟာ ဆိတ်ငြိမ်တဲ့အတွက် သူ့ဖေဖေ ယေဟောဝါဘုရားဆီ ကောင်းကောင်း ဆုတောင်းနိုင်တာပေါ့။

တပည့်တွေလည်း လှေပေါ်တက်ပြီး တစ်ဖက်ကမ်းကို ရွက်လွှင့်သွားကြတယ်။ သိပ်မကြာခင် လေပြင်း တိုက်ခတ်လာတော့တယ်။ တဖြည်းဖြည်းနဲ့ လေက ပြင်းသည်ထက် ပြင်းထန်လာတယ်။ ညအချိန်ကြီးလည်း ဖြစ်နေတယ်။ ရွက်ကို ချပြီး ခတ်တက်နဲ့ လှော်ခတ်ကြတယ်။ ဒါပေမဲ့ လေပြင်းကို ဆန်ပြီး လှော်ခတ်ရလို့ တော်တော်နဲ့ ခရီးမပေါက်နိုင်ဘူး။ လှေက လှိုင်းလုံးကြီးတွေကြားမှာ ပုခက်လွှဲသလို လွှဲနေတဲ့အပြင် လှေထဲကို ရေတွေ ဝင်နေပြီ။ ကမ်းစပ်ရောက်ဖို့ ကြိုးစားပမ်းစား လှော်ခတ်ကြပေမဲ့ ကမ်းကို မရောက်နိုင်ဘူး။

ယေရှုကတော့ တောင်ပေါ်မှာ တစ်ယောက်တည်း ရှိနေတုန်းပဲ။ အဲဒီမှာ အတော်ကြာသွားတယ်။ ဒါပေမဲ့ လှိုင်းလုံးကြီးတွေကြား တပည့်တွေ ဒုက္ခရောက်နေတာကိုလည်း တွေ့ရော ချက်ချင်း တောင်ပေါ်က ဆင်းပြီး ကမ်းစပ်ကို သွားတယ်။ တပည့်တွေကို ကူညီပေးချင်ဇောနဲ့ လှိုင်းလေထန်နေတဲ့ ရေပြင်ပေါ် လမ်းလျှောက်ပြီး သူတို့ဆီ သွားတယ်။

ကလေးတို့ ရေပေါ်မှာ လမ်းလျှောက်မယ်ဆိုရင် ဘာဖြစ်မလဲ။— ရေထဲ နစ်သွားမယ်၊ ရေနစ်ပြီး သေနိုင်တယ်။ ဒါပေမဲ့ ယေရှုကျတော့ တို့နဲ့ မတူဘူး။ သူ့မှာ ထူးခြားတဲ့တန်ခိုး ရှိတယ်။ လှေဆီကို ရောက်ဖို့ အတော်ဝေးဝေး လျှောက်သွားရတယ်။ ဒါကြောင့် ယေရှု ရေပေါ် လမ်းလျှောက်ပြီး သူတို့ဆီ လာနေတာကို တပည့်တွေ မြင်ရချိန်မှာ မိုးလင်းခါနီးနေပြီ။ ဒါပေမဲ့ သူတို့မြင်ရတာကို မယုံနိုင်ကြဘူး။ ကြောက်ကြောက်နဲ့ အလန့်တကြား အော်ကြပါလေရော။ ဒါနဲ့ ယေရှုက ‘မကြောက်ကြနဲ့။ ကျွန်တော်ပါ’ လို့ ပြောလိုက်တယ်။

လှေပေါ်မှာရှိတဲ့ တပည့်တွေဆီ ယေရှု ရေပေါ် လမ်းလျှောက်သွားစဉ်

ယေရှု ဘာဖြစ်လို့ အံ့သြစရာတွေ လုပ်ပြခဲ့သလဲ

ယေရှုလည်း လှေပေါ်ကို ရောက်သွားရော မုန်တိုင်း ငြိမ်သွားတော့တယ်။ တပည့်တွေ အံ့သြရပြန်တာပေါ့။ ယေရှုကို ဦးညွှတ်ပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့ သားပါ” ဆိုပြီး ပြောကြတယ်။—မဿဲ ၁၄:၂၂-၃၃။ ယောဟန် ၆:၁၆-၂၁။

ယေရှုခေတ်မှာ အသက်ရှင်ပြီး အဲဒီလို အံ့ဖွယ်လုပ်ရပ်တွေကို မြင်ရရင် သိပ်ကောင်းမှာပဲ မဟုတ်လား။— အဲဒီလိုအံ့သြစရာတွေကို ယေရှု ဘာဖြစ်လို့ လုပ်တာလဲ သိသလား။— တပည့်တွေကို ချစ်လို့၊ သူတို့ကို ကူညီပေးချင်လို့ပေါ့။ ပြီးတော့ သူ့မှာရှိတဲ့ ကြီးမားတဲ့တန်ခိုးကို ဘုရားနိုင်ငံတော်ဘုရင် ဖြစ်လာရင် ဘယ်လို အသုံးပြုမယ်ဆိုတာ ပြချင်လို့ လုပ်ပြခဲ့တာဖြစ်တယ်။

အမှုဆောင် ထွက်နေတဲ့ ကောင်လေးနဲ့ မိခင်

အခုအချိန်မှာ နောက်လိုက်တွေကို ယေရှု ဘယ်လို ကာကွယ်ပေးသလဲ

အခုအချိန်မှာလည်း ယေရှုဟာ နောက်လိုက်တွေကို  ကာကွယ်ဖို့ သူ့တန်ခိုးကို မကြာခဏ  သုံးနေပါတယ်။  ဘုရားနိုင်ငံတော်အကြောင်း လူတွေကို ပြောပြတဲ့အခါ သူတို့ကို စာတန် မဟန့်တားနိုင်အောင် ကာကွယ်ပေးတယ်။ ဒါပေမဲ့ တပည့်တွေ မဖျားမနာရအောင်၊ ဖျားနာတဲ့အခါ ရောဂါပျောက်အောင်တော့ သူ့တန်ခိုးကို မသုံးဘူး။ ယေရှုရဲ့ တမန်တော်အားလုံးလည်း နောက်ဆုံးတော့ သေသွားကြတာပဲ။ ယောဟန်ရဲ့အစ်ကို ယာကုပ်ဆိုရင် အသတ်ခံရတယ်၊ ယောဟန်လည်း ထောင်ချခံရတာပဲ။—တမန်တော် ၁၂:၂။ ဗျာဒိတ် ၁:၉။

ဒီနေ့မှာလည်း အတူတူပါပဲ။ ယေဟောဝါကို ဝတ်ပြုသူဖြစ်စေ၊ ဝတ်မပြုသူဖြစ်စေ အားလုံး ဖျားနာရ၊ သေရကြတယ်။ ဒါပေမဲ့ မကြာခင် ဘုရားသခင့်နိုင်ငံတော် ဘုရင်အနေနဲ့ ယေရှု အုပ်ချုပ်တဲ့အခါ အခြေအနေတွေ တစ်မျိုးပြောင်းလဲသွားမှာ။ အဲဒီအချိန်ကျရင် ယေရှုဟာ သူ့စကား နားထောင်သူ မှန်သမျှအတွက် သူ့တန်ခိုးကို အသုံးပြုမှာဖြစ်လို့ ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး။—ဟေရှာယ ၉:၆၊ ၇။

ဘုရားနိုင်ငံတော်ဘုရင် ယေရှုတန်ခိုးကြီးမားကြောင်း ဖော်ပြတဲ့ တခြားကျမ်းချက်တွေကတော့ ဒံယေလ ၇:၁၃၊ ၁၄။ မဿဲ ၂၈:၁၈။ ဧဖက် ၁:၂၀-၂၂ တို့ ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ