အခန်း ၅၃
လူ့ထက်စွမ်းသော နှစ်လိုဖွယ် မင်းတစ်ပါး
လူထောင်ပေါင်းများစွာကို အံ့ဖွယ်နည်းဖြင့် ယေရှုအစာကျွေးမွေးသည့်အခါ၊ လူတို့အံ့သြသွားကြသည်။ “ဤသူကားလောကသို့ကြွလာတော်မူမည်ဟုဆိုသော ပရောဖက်အမှန်ပင်ဖြစ်၏” ဟုဆိုကြသည်။ ယေရှုသည် မောရှေထက်သာ၍ကြီးမြတ်ပြီး နှစ်လိုဖွယ်အကောင်းဆုံးမင်းတစ်ပါးလည်းဖြစ်လာမည်ဟူ၍ သူတို့ကောက်ချက်ချကြ၏။ ထိုကြောင့်ကိုယ်တော်ကိုဖမ်း၍ မင်းအဖြစ်တင်မြှောက်ရန် ကြံစည်ကြ၏။
သို့သော်သူတို့အကြံအစည်ကို ယေရှုသိသဖြင့် လျင်မြန်စွာရှောင်ရန်စီစဉ်သည်။ လူအုပ်ကိုပြန်လွှတ်လိုက်ပြီး မိမိ၏တပည့်များအား လှေဖြင့်ကပေရနောင်ဘက်သို့ ပြန်လှည့်စေ၏။ မိမိမူ ဆုတောင်းရန် တောင်ပေါ်သို့တိမ်းရှောင်လေ၏။ ထိုညတွင်ယေရှုတစ်ကိုယ်တည်းရှိနေသည်။
မိုးမလင်းမီ တောင်ပေါ်မှကြည့်ရှုတော်မူလျှင် လှိုင်းလေထန်လျက်ရှိကြောင်းတွေ့သည်။ ပသခါပွဲနီးနေပြီဖြစ်၍ ပြည့်လုနီးပါးလမင်း၏ ထိန်သာသောအလင်းဖြင့် တပည့်တော်များ လှိုင်းလေကြားထိုးဖောက်ရန် ရုန်းကန်နေကြောင်း မြင်တော်မူ၏။ သူတို့အစွမ်းကုန် လှေလှော်နေကြ၏။
ယေရှုတောင်ပေါ်မှဆင်း၍ လှေရှိရာသို့ရေပေါ်မှလျှောက်သွားသည်။ သုံးလေးမိုင်ခန့်အကွာတွင်ရှိသော တပည့်များရှိရာသို့ရောက်သော်လည်း သူတို့ကိုအနီးမှဖြတ်ကျော်ဟန်ပြုသော်၊ သူတို့ကိုယ်တော်ကိုမြင်သဖြင့် “အရိပ်သဏ္ဌာန်” (ကဘ ) ဟူ၍အော်ဟစ်ကြ၏။
ကိုယ်တော်က ‘မကြောက်ကြနှင့်၊ ငါပင်ဖြစ်သည်’ ဟုဆိုကာအကြောက်ပြေစေ၏။
ပေတရုက “သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ရေပေါ်မှာလာရမည်အကြောင်း မိန့်တော်မူပါ” ဟုလျှောက်သည်။
“လာခဲ့လော့” ဟုယေရှုဖြေသည်။
ပေတရုသည်လှေပေါ်ကဆင်း၍ ယေရှုထံ ရေပေါ်မှလျှောက်သွားသည်။ သို့သော်လေအဟုန်ပြင်းသည်ကို မြင်သောအခါ ကြောက်လန့်သဖြင့် ရေနစ်စပြုသည်နှင့် “ကယ်တော်မူပါသခင်” ဟုဟစ်အော်သည်။
ချက်ချင်းပင် ယေရှုသည်လက်တော်ဆန့်၍ ပေတရုကိုဆွဲကိုင်ကာ “ယုံကြည်အားနည်းသူ၊ အဘယ်ကြောင့်ယုံမှားသောစိတ်ဝင်သနည်း” ဟုမိန့်တော်မူသည်။
ကိုယ်တော်နှင့်ပေတရုလှေပေါ်သို့ရောက်လျှင် လေငြိမ်သွားလေ၏။ တပည့်တော်များ လွန်စွာအံ့သြကြ၏။ သို့သော် သူတို့အံ့သြသင့်သလော။ မကြာမီကပင် မုန့်ငါးလုံးငါးနှစ်ကောင်နှင့် လူထောင်ပေါင်းများစွာကျွေးမွေးနိုင်ခြင်းကို သူတို့လေးမြတ်နိုင်ခြင်းဖြင့် ‘မုန့်ကျွေးသည့်ဖြစ်ရပ်ဆန်းအဓိပ္ပာယ်ကို’ သာသူတို့ကောင်းစွာ နားလည်ကြပါလျှင် ရေပေါ်လမ်းလျှောက်ခြင်း၊ လေငြိမ်စေခြင်းကို ဤသို့အံ့သြကြမည်မဟုတ်။ သို့သော်ယခုမူ တပည့်များ ကိုယ်တော်ကိုပျပ်ညွတ်၍ “စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်ပါသည်” ဟုလျှောက်ကြ၏။
အချိန်တိုအတွင်း လှေဖြင့်သူတို့ ကပေရနောင်အနီး လှပသီးပွင့်သောဂင်နေသရက်
လွင်ပြင်သို့ရောက်ကြ၏။ ဤတွင်လှေကိုကျောက်ဆူးချသည်။ ကုန်းပေါ်တက်သည်နှင့် ကိုယ်တော်ကိုလူများမှတ်မိကြသဖြင့် ပတ်ဝန်းကျင်အရပ်ရပ်သို့ လူများစေလွှတ်၍ ဖျားနာသူတို့ကိုအထံတော်သို့ခေါ်ဆောင်လာ၏။ အဝတ်ထမ်းစင်နှင့် ရောက်လာကြသောလူနာများသည် ကိုယ်တော်၏အဝတ်တော်မြိတ်ကို ထိရုံနှင့် လုံးလုံးကျန်းမာသွားကြသည်။
လူထောင်ပေါင်းများစွာအား အံ့ဖွယ်နည်းဖြင့်ကျွေးမွေးသည်ကို မြင်တွေ့ခဲ့ကြသောလူအုပ်သည် နောက်တစ်နေ့ကိုယ်တော်ထွက်ခွာနှင့်ကြောင်းတွေ့ရှိကြ၏။ သို့နှင့်တိဗေရိမှ လှေငယ်များရောက်လာသောအခါ သူတို့သည် ကပေရနောင်သို့ ယေရှုကိုရှာဖွေရန်ရွက်လွင့်ကြ၏။ ကိုယ်တော်ကိုတွေ့လျှင် သူတို့က ‘ရဗ္ဗိ၊ ကိုယ်တော်အဘယ်အချိန်က ဤနေရာသို့ရောက်သနည်း’ ဟုမေးကြ၏။ မကြာမီ ယေရှုသူတို့အားဆုံးမကြောင်းတွေ့ရမည်။ ယောဟန် ၆:၁၄-၂၅။ မဿဲ ၁၄:၂၂-၃၆။ မာကု ၆:၄၅-၅၆။
▪ ထောင်ပေါင်းများစွာတို့ကို အံ့ဖွယ်နည်းဖြင့် ယေရှုကျွေးမွေးပြီးနောက် လူတို့ကကိုယ်တော်အား မည်သို့ပြုလိုကြသနည်း။
▪ တောင်ပေါ်မှယေရှုဘာကိုမြင်တော်မူသနည်း။ ထိုအခါကိုယ်တော်ဘာလုပ်သနည်း။
▪ ဤအရာများကြောင့် တပည့်တော်များ အဘယ်ကြောင့်မအံ့သြသင့်သနည်း။
▪ ကမ်းခြေသို့ရောက်ပြီးနောက် ဘာဖြစ်ပျက်သနည်း။