အပိုင်း ၄
ခရစ်ယာန်ဘောင်သည် ဘုရားသခင်နှင့်သမ္မာကျမ်းစာကို တလွဲယူမှတ်စေ
၁၊ ၂။ အချို့လူများသည် သမ္မာကျမ်းစာကို အဘယ်ကြောင့် အရိုအသေတန်ကြသနည်း။ သို့သော် သမ္မာကျမ်းစာက ဘာပြောသနည်း။
၁ သမ္မာကျမ်းစာကို မိမိတို့လိုက်လျှောက်ပါသည်ဟုဆိုသူများ၏ အကျင့်ဆိုးများကြောင့် တိုင်းနိုင်ငံများစွာရှိလူတို့သည် သမ္မာကျမ်းစာကို ငြင်းပယ်ကြပြီး အရိုအသေတန်ကြသည်။ အချို့နိုင်ငံများတွင် သမ္မာကျမ်းစာသည် စစ်ကိုအားပေးသောစာအုပ်၊ မျက်နှာဖြူများ၏စာအုပ်၊ တိုင်းတစ်ပါးလက်အောက်ခံစနစ်ကို အားပေးသည့်စာအုပ်ဟု ဆိုကြသည်။ သို့သော် ယင်းတို့သည် မှားယွင်းသောအမြင်များဖြစ်ကြသည်။
၂ အရှေ့အလယ်ပိုင်းဒေသတွင် ရေးသားခဲ့သော သမ္မာကျမ်းစာသည် ကာလကြာမြင့်စွာရှိလာခဲ့သည့် နယ်ချဲ့စစ်ပွဲများနှင့် ခရစ်ယာန်အမည်ခံပြီး လောဘတကြီးခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများကို အားမပေးပါ။ သို့ ဖြစ်မည့်အစား သမ္မာကျမ်းစာကိုဖတ်ရှုပြီး ယေရှုသင်ပေးခဲ့သည့် စစ်မှန်သောခရစ်ယာန်အယူဝါဒကို လေ့လာခြင်းဖြင့် သမ္မာကျမ်းစာသည် စစ်တိုက်ခြင်း၊ စာရိတ္တယိုယွင်းခြင်း၊ သူတစ်ပါးကိုခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းတို့ကို ပြင်းပြင်းထန်ထန်ရှုတ်ချထားကြောင်း သင်သိရှိရပေမည်။ အပြစ်ရှိသည်မှာ သမ္မာကျမ်းစာမဟုတ်ဘဲ လောဘတက်နေသူများဖြစ်သည်။ (၁ ကောရိန္သု ၁၃:၁-၆; ယာကုပ် ၄:၁-၃; ၅:၁-၆; ၁ ယောဟန် ၄:၇၊ ၈) ထို့ကြောင့် သမ္မာကျမ်းစာနှင့်အညီအသက်မရှင်သည့် တစ်ကိုယ်ကောင်းဆန်သူများ၏ လွဲမှားသောလုပ်ရပ်များက ကျမ်းစာဘဏ္ဍာတိုက်မှ သင်အကျိုးခံစားရခြင်းကို မကာဆီးပါစေနှင့်။
၃။ ခရစ်ယာန်ဘောင်နှင့်ပတ်သက်၍ သမိုင်းအဖြစ်မှန်များက ဘာကိုဖော်ပြသနည်း။
၃ ကျမ်းစာနှင့်အညီအသက်မရှင်သူများထဲတွင် ခရစ်ယာန်ဘောင်လူများနှင့် တိုင်းနိုင်ငံများပါဝင်သည်။ “ခရစ်ယာန်ဘောင်” ဟူသည် ခရစ်ယာန်အယူဝါဒလွှမ်းမိုးသည့် ကမ္ဘာ့အစိတ်အပိုင်းဟူ၍ အဓိပ္ပာယ်သတ်မှတ်ခံရသည်။ အများအားဖြင့် စီ.အီး. လေးရာစုခန့်မှစ၍ ထင်ရှားလာသော ချာ့ချ်အဖွဲ့အစည်းများရှိ အနောက်နိုင်ငံများဖြစ်သည်။ ခရစ်ယာန်ဘောင်တွင် ရာစုနှစ်များစွာကြာ သမ္မာကျမ်းစာရှိလာခဲ့ပြီး ယင်း၏ဓမ္မဆရာများက မိမိတို့သည် ကျမ်းစာကိုသွန်သင်ပေးပြီး ဘုရားသခင်၏ကိုယ်စားလှယ်များဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ခရစ်ယာန်ဘောင်၏ ဓမ္မဆရာများနှင့် သာသာနာပြုများသည် သမ္မာတရားကိုသွန်သင်ကြပါသလော။ သူတို့၏လုပ်ရပ်များသည် ဘုရားသခင်နှင့်သမ္မာကျမ်းစာကို အမှန်ပင်ကိုယ်စားပြုပါသလော။ ခရစ်ယာန်ဘောင်တွင် ခရစ်ယာန်အယူဝါဒ အမှန်ပင်လွှမ်းမိုးပါသလော။ မဟုတ်ပါ။ ယင်း၏ဘာသာများသည် လေးရာစုနှစ်တွင် ရှေ့တန်းသို့ရောက်ရှိလာကတည်းက ခရစ်ယာန်ဘောင်သည် ဘုရားသခင်နှင့် သမ္မာကျမ်းစာတို့၏ ရန်သူဖြစ်ကြောင်းသက်သေထူသည်။ မှန်ပါသည်၊ ခရစ်ယာန်ဘောင်သည် ဘုရားသခင်နှင့်သမ္မာကျမ်းစာကို တလွဲယူမှတ်စေကြောင်း သမိုင်းဖြစ်ရပ်မှန်များက တင်ပြပါသည်။
သမ္မာကျမ်းစာနှင့်မညီညွတ်သောအယူဝါဒများ
၄၊ ၅။ ကျမ်းစာနှင့်မညီညွတ်သော မည်သည့်အယူဝါဒများကို ချာ့ချ်များကသွန်သင်ကြသနည်း။
၄ ခရစ်ယာန်ဘောင်၏ အယူဝါဒများသည် သမ္မာကျမ်းစာပေါ်တွင်မဟုတ်ဘဲ ဂရိ၊ အီဂျစ်၊ ဗာဗုလုန်နှင့် အခြားနိုင်ငံများ၏ ရှေးဒဏ္ဍာရီများအပေါ်တွင် အခြေပြုသည်။ လူ့စိုးလ်၏ မွေးရာပါမသေနိုင်သည့်အဖြစ်၊ ငရဲမီးတွင် ထာဝရညှဉ်းဆဲခံရခြင်း၊ ငရဲကလေး၊ သုံးပါးပေါင်းတစ်ဆူ (ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ) စသည့်အယူဝါဒများကို သမ္မာကျမ်းစာတွင် မတွေ့ရှိရချေ။
၅ ဥပမာ၊ လူဆိုးတို့သည် မီးတောက်ငရဲတွင် ထာဝရညှဉ်းဆဲခံရမည်ဟူသည့် အယူဝါဒကို စဉ်းစားကြည့်ပါ။ ထိုအစီအစဉ်နှင့်ပတ်သက်၍ သင်မည်သို့ယူမှတ်သနည်း။ ယင်းသည် ရှေ့နောက်ညီခြင်းမရှိဟု လူအများကယူမှတ်ကြသည်။ ဘုရားသခင်သည် လူသားတို့ကို မချိမဆံ့နာကျင်မှုတွင် ထာဝရညှဉ်းဆဲနှိပ်စက်မည်ဟူသည့်အချက်သည် ကျိုးကြောင်းညီညွတ်မှုမရှိကြောင်း သူတို့တွေ့မြင်ကြသည်။ ထိုသို့သော ဆိုးရွားသည့်ရက်စက်မှုသည် သမ္မာကျမ်းစာ၏ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အကြောင်းမှာ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ထိုကဲ့သို့သောအယူဝါဒမျိုးသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ‘နှလုံးထဲသို့ဝင်မလာဖူး’ ကြောင်း သမ္မာကျမ်းစာတွင် အတိအလင်းပါသည်။—ယေရမိ ၇:၃၁; ၁၉:၅; ၃၂:၃၅၊ ကဘ။
၆။ စိုးလ်မသေနိုင်ဟူသည့်သွန်သင်ချက်သည် မဟုတ်မမှတ်ကြောင်း သမ္မာကျမ်းစာမည်သို့ဖော်ပြသနည်း။
၆ ယနေ့ ခရစ်ယာန်ဘောင်များအပါအဝင် ဘာသာများစွာတို့က သေသည့်အခါ ကောင်းကင် သို့မဟုတ် ငရဲသို့သွားသော မသေနိုင်သည့်စိုးလ် လူသားတွင်ရှိကြောင်း သွန်သင်ကြသည်။ ယင်းသည် သမ္မာကျမ်းစာ၏သွန်သင်ချက်မဟုတ်ချေ။ ယင်းအစား ကျမ်းစာဤသို့ရှင်းလင်းစွာဖော်ပြထားသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . အကြောင်းမူကား သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ၊ ကြံစည်ခြင်းမရှိ၊ သိပ္ပံအတတ်မရှိ၊ ပညာမရှိပါတကား။” (ဒေသနာ ၉:၅၊ ၁၀) လူသေသောအခါ ‘မြေသို့ပြန်သွားပြီး ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီး’ ကုန်ကြောင်း ဆာလံဆရာကလည်း ဖော်ပြထားသည်။—ဆာလံ ၁၄၆:၄။
၇။ ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခြင်းကြောင့် အာဒံနှင့်ဧဝခံရသည့်ပြစ်ဒဏ်ကား အဘယ်နည်း။
၇ အာဒံနှင့်ဧဝတို့ ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခဲ့စဉ်က ခံခဲ့ရသောပြစ်ဒဏ်သည် မသေနိုင်သည့်အဖြစ်မဟုတ်ခဲ့ပါ။ ထိုသို့သာဖြစ်လျှင် ယင်းသည် ပြစ်ဒဏ်မဟုတ်ဘဲ ဆုလာဘ်ပင်ဖြစ်ဦးမည်ပင်! ယင်းအစား သူတို့သည် “မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟုပြောခြင်းခံခဲ့ရသည်။ ဘုရားသခင်က အာဒံအား “သင်သည်မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်သွားရမည်” ဟု အလေးအနက်ပြောဆိုခဲ့သည်။ (ကမ္ဘာဦး ၃:၁၉၊ ကဘ) ထို့ကြောင့် မွေးရာပါစိုးလ်မသေနိုင်သည့်အဖြစ်သည် သမ္မာကျမ်းစာတွင် မပါရှိဘဲ ခရစ်ယာန်ဘောင်သည် မိမိတို့မတိုင်မီရှိနှင့်ခဲ့ကြသော ခရစ်ယာန်မဟုတ်သူများထံမှ ဆွဲယူထားကြခြင်းဖြစ်သည်။
၈။ ခရစ်ယာန်ဘောင်၏ သုံးပါးပေါင်းတစ်ဆူအယူဝါဒ မဟုတ်မမှန်ကြောင်း သမ္မာကျမ်းစာမည်သို့ဖော်ပြသနည်း။
၈ ထို့အတူ ခရစ်ယာန်ဘောင်၏ သုံးပါးပေါင်းတစ်ဆူအယူဝါဒကလည်း ဘုရားသခင်အား နက်နဲသည့်သုံးပါးပေါင်းဘုရားအဖြစ် ယူမှတ်စေသည်။ သို့သော် ထိုအယူဝါဒသည်လည်း သမ္မာကျမ်းစာတွင် မပါရှိချေ။ ယင်းအစား ဟေရှာယ ၄၀:၂၅ တွင် ဘုရားသခင်က ရှင်းလင်းစွာ ဖော်ပြထားသည့်အတိုင်းပင်ဖြစ်သည်– “ငါ့ကိုအဘယ်သို့ပုံပြရအံ့နည်း။ ငါသည် အဘယ်သူနှင့်တူရအံ့နည်း။” အဖြေမှာထင်ရှားနေပါသည်– မည်သူမျှကိုယ်တော်နှင့် မတူနိုင်ချေ။ ဆာလံ ၈၃:၁၈ (သမ) ကလည်းရိုးရိုးလေးပြောပြထားသည်– “ယေဟောဝါဟူ၍နာမတော်ရှိသော ကိုယ်တော် သာလျှင် မြေတစ်ပြင်လုံးအထက်မြင့်မြတ်သောဘုရားဖြစ်တော်မူကြောင်း သိကြပါစေသော။”—ဟေရှာယ ၄၅:၅; ၄၆:၉; ယောဟန် ၅:၁၉; ၆:၃၈; ၇:၁၆ ကိုလည်းရှု။
၉။ သမ္မာကျမ်းစာ၏ သွန်သင်ချက်များနှင့် ခရစ်ယာန်ဘောင်၏ သွန်သင်ချက်များတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာပြောနိုင်သနည်း။
၉ ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များဆိုင်ရာ သမ္မာကျမ်းစာသွန်သင်ချက်များသည် ရှင်းလင်း၍ နားလည်လွယ်၊ သဘောပေါက်လွယ်ကူသည့် အရာများဖြစ်သည်။ သို့သော် ခရစ်ယာန်ဘောင်၏ သွန်သင်ချက်များကား ထိုသို့မဟုတ်။ ပိုဆိုးသည်ကား ယင်းတို့သည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်းဖြစ်သည်။
ဘုရားတရားမဲ့သည့်လုပ်ရပ်များ
၁၀၊ ၁၁။ သမ္မာကျမ်းစာ၏သွန်သင်ချက်များက ခရစ်ယာန်ဘောင်ချာ့ချ်များ ပြုလုပ်ခဲ့သည့်အရာနှင့်ဆန့်ကျင်၍ မည်သို့တောင်းဆိုသနည်း။
၁၀ ခရစ်ယာန်ဘောင်သည် မှားယွင်းသောအယူဝါဒများကို သွန်သင်ခြင်းအပြင် သူမ၏လုပ်ရပ်များအားဖြင့် ဘုရားသခင်နှင့် သမ္မာကျမ်းစာတို့ကို တလွဲယူမှတ်စေသည်။ လွန်ခဲ့သည့်ရာစုနှစ်များအတွင်းက ဓမ္မဆရာများလုပ်ခဲ့သည့်အရာ၊ ကျွန်ုပ်တို့ခေတ်တွင် သူတို့ဆက်လုပ်နေသည့်အရာများတို့သည် သမ္မာကျမ်းစာ၏ဘုရားသခင်က တောင်းဆိုထားသည့်အရာများ၊ ခရစ်ယာန်ဘာသာကို စတင်တည်ထောင်ခဲ့သူ ယေရှုခရစ်၏ သွန်သင်မှု၊ လုပ်ရပ်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
၁၁ ဥပမာ၊ လောကီနိုင်ငံရေးတွင် သို့မဟုတ် ယင်း၏စစ်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုကြရန် ယေရှုက မိမိ၏နောက်တော်လိုက်များအား သွန်သင်ခဲ့သည်။ ငြိမ်းချမ်းရေးမြတ်နိုးသူများ၊ ဥပဒေနာခံသူများ၊ မည်သည့်ငဲ့ကွက်မှုမျှမရှိဘဲ လူသားချင်းကိုချစ်သူများ၊ သူတစ်ပါးအသက်ကို သတ်မည့်အစား မိမိတို့အသက်ကိုပေးဖို့ပင် ဆန္ဒရှိသူများဖြစ်ကြရန်ကိုလည်း ကိုယ်တော်သွန်သင်ခဲ့သည်။—ယောဟန် ၁၅:၁၃; တမန်တော် ၁၀:၃၄၊ ၃၅; ၁ ယောဟန် ၄:၂၀၊ ၂၁။
၁၂။ ခရစ်ယာန်စစ်ကို မည်သည့်အရာက မှတ်သားဖော်ပြမည်ဟု ယေရှုပြောခဲ့သနည်း။
၁၂ အမှန်ပင်၊ ယေရှုက လူလူချင်းမေတ္တာသည် မှန်သောခရစ်ယာန်များကို မှောက်မှားသောခရစ်ယာန်များ၊ အယောင်ဆောင်သူများမှ ခွဲခြားဖော်ပြမည့်အမှတ်အသားဖြစ်ကြောင်း သွန်သင်ခဲ့သည်။ မိမိနောက်တော်လိုက်မည့်သူများအား ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည်သင်တို့ကိုချစ်သည့်နည်းတူ အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။”—ယောဟန် ၁၃:၃၄၊ ၃၅; ၁၅:၁၂။
၁၃၊ ၁၄။ ခရစ်ယာန်ဘောင်ချာ့ချ်များသည် ဘုရားသခင်ကိုကိုယ်စားမပြုကြောင်း မည်သည့်အချက်ကတင်ပြသနည်း။
၁၃ သို့သော် နှစ်ရာစုများတစ်လျှောက် ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ကြပြီး မိမိတို့တိုင်းနိုင်ငံများဘက်မှ စစ်ပွဲများကိုထောက်ခံအားပေးကြသည်။ ခရစ်ယာန်ဘောင်အချင်းချင်းဖြစ်သော စစ်ပွဲများ၌ပင် ဆန့်ကျင်ဘက်များမှနေ၍ ထောက်ခံအားပေးကြသည်။ ဤရာစုနှစ်အတွင်းဖြစ်ပျက်သော ကမ္ဘာစစ်ကြီးနှစ်ခုမှာကဲ့သို့ဖြစ်သည်။ ထိုစစ်ပွဲများတွင် နှစ်ဦးနှစ်ဖက်မှ ဓမ္မဆရာများသည် စစ်နိုင်ရန်အတွက်ဆုတောင်းကြပြီး နိုင်ငံတစ်ခုမှ ဘာသာတစ်ခု၏အသင်းသားများသည် အခြားနိုင်ငံတစ်ခုမှ ဘာသာတူသူများအား သတ်ဖြတ်ခဲ့ကြသည်။ သို့သော် ယင်းသည် ဘုရားသခင့်သားသမီးများ၏ ပြုမူကျင့်ကြံပုံမဟုတ်ဘဲ စာတန့်သားသမီးများ၏ ပြုမူကျင့်ကြံပုံဖြစ်ကြောင်း သမ္မာကျမ်းစာပြောသည်။ (၁ ယောဟန် ၃:၁၀-၁၂၊ ၁၅) ထို့ကြောင့် ဓမ္မဆရာများနှင့် သူတို့၏နောက်လိုက်များသည် မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုဆိုကြသော်လည်း သူတို့သည် မိမိနောက်တော်လိုက်များအား ‘ဓားကိုပယ်ရှား’ ရန်ပြောခဲ့သော ခရစ်တော်ယေရှု၏သွန်သင်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။—မဿဲ ၂၆:၅၁၊ ၅၂။
၁၄ နယ်ချဲ့ဝါဒလွှမ်းမိုးချိန်အတွင်း ခရစ်ယာန်ဘောင်၏ အင်အားကြီးနိုင်ငံများသည် အခြားသူများကို အနိုင်ယူ၊ ကျွန်ပြုပြီး နှိပ်စက်ညှဉ်းပန်းသောအခါ ချာ့ချ်များသည် ထိုနိုင်ငံများနှင့် ရာစုနှစ်ပေါင်းများစွာ ပူးတွဲလုပ်ဆောင်ခဲ့ကြသည်။ အာဖရိကတွင် ရာစုနှစ်များစွာ ယင်းသို့ဖြစ်ခဲ့သည်။ တရုတ်ပြည်သို့ ဘိန်းတင်သွင်းနိုင်ခွင့်နှင့်ပတ်သက်၍ တရုတ်နှင့်ဗြိတိန်နိုင်ငံတို့စပ်ကြားဖြစ်ပွားသည့် ဘိန်းစစ်ပွဲနှင့် တရုတ်မျိုးချစ်တော်လှန်ရေးအတွင်း အနောက်နိုင်ငံများက အတင်းအဓမ္မသြဇာလွှမ်းမိုးရန် နယ်ချဲ့လာကြသောအခါ တရုတ်ပြည်တွင် အလားတူတွေ့ကြုံခဲ့ရသည်။
၁၅။ ခရစ်ယာန်ဘောင်သည် မည်သည့်ဆိုးသွမ်းသောလုပ်ရပ်ကို ပြုလုပ်ခဲ့ပြီနည်း။
၁၅ ခရစ်ယာန်ဘောင်၏ဘာသာရေးတို့သည် သမိုင်းက အမှောင်လွှမ်းသောခေတ်ဟု ခေါ်တွင်သောကာလများတစ်လျှောက် သူတို့နှင့်သဘောမကိုက်ညီသောသူများကို နှိပ်စက်ညှဉ်းပန်းခြင်း၊ နှက်တိုင်တင်ခြင်း၊ သတ်ဖြတ်ခြင်းများကိုပင် ပြုခဲ့ကြသည်။ နှစ်ပေါင်းများစွာကြာသည့် ဘာသာရေးခုံရုံးတည်ရှိရာကာလအတွင်း စိတ်ထားကောင်း၍ အပြစ်မရှိသူများကို နှက်တိုင်တင်ခြင်းနှင့်သတ်ဖြတ်ခြင်းတို့ကဲ့သို့သော ရက်စက်သည့်လုပ်ရပ်များကို အမိန့်ပေးလုပ်ဆောင်ခဲ့ကြသည်။ မကောင်းမှုကျူးလွန်သူများမှာ မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုဆိုသည့် ဓမ္မဆရာအတန်းအစားနှင့် သူတို့၏နောက်လိုက်များဖြစ်သည်။ သမ္မာကျမ်းစာကို သာမညလူတန်းစားများမဖတ်ရှုနိုင်အောင် အစတုံးဖျက်ဆီးပစ်ရန်ပင် ကြိုးစားခဲ့ကြသည်။
ခရစ်ယာန်မဟုတ်
၁၆၊ ၁၇။ ချာ့ချ်များသည် ခရစ်ယာန်မဟုတ်ဟု အဘယ်ကြောင့် ကျွန်ုပ်တို့ပြောနိုင်ကြသနည်း။
၁၆ ခရစ်ယာန်ဘောင်၏ ချာ့ချ်များနှင့်တိုင်းနိုင်ငံများသည် ခရစ်ယာန်များမဟုတ်ခဲ့ကြ၊ ယခုလည်းမဟုတ်ကြပါ။ သူတို့သည် ဘုရားသခင်၏ကျေးကျွန်များမဟုတ်ကြပါ။ သူတို့နှင့်ပတ်သက်၍ ကိုယ်တော့်မှုတ်သွင်းခံနှုတ်ကပါဌ်တော် ဤသို့ပြောသည်– “သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း အကျင့်အားဖြင့် ဘုရားသခင်ကိုငြင်းပယ်ကြ၏။ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတစ်ခုကိုမျှ ပြုတတ်သောဉာဏ်မရှိသောသူဖြစ်ကြ၏။”—တိတု ၁:၁၆။
၁၇ မှောက်မှားသောဘာသာသည် ယင်းထွက်ပေါ်စေသည့်အရာ၊ ယင်း၏အသီးအားဖြင့် ထင်ရှားမည်ဖြစ်ကြောင်း ယေရှုပြောခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “အတွင်း၌ ကြမ်းတမ်းသောတောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။ ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြလိမ့်မည်။ . . . ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။ ကောင်းသောအသီးမသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်တတ်၏။ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကိုထောက်သော် သူတို့၏သဘောကို သိရကြလိမ့်မည်။”—မဿဲ ၇:၁၅-၂၀။
၁၈။ ခရစ်ယာန်ဘောင်၏ သွန်သင်ချက်များနှင့်လုပ်ရပ်များကြောင့် မည်သည့်ရလဒ်ပေါ်ထွက်ခဲ့ပြီနည်း။
၁၈ ထို့ကြောင့် သူတို့သွန်သင်ထားသည့်အရာနှင့် သူတို့လုပ်ခဲ့သည့်အရာများကိုထောက်လျှင် ခရစ်ယာန်ဘောင်ဘာသာရေးများက မိမိတို့သည် သမ္မာကျမ်းစာကိုယုံကြည်၍ ဘုရားတရားကြောက်ရွံ့ကာ ခရစ်ယာန်ဖြစ်ကြပါသည်ဟူသောအဆိုသည် မုသားမျှသာဖြစ်သည်။ သူတို့သည် ဘုရားသခင်နှင့် သမ္မာကျမ်းစာကို တလွဲယူမှတ်စေခဲ့ကြသည်။ ထိုသို့ပြုခြင်းအားဖြင့် သူတို့သည် သန်းပေါင်းများစွာသောလူများအား နှလုံးနာစေခဲ့ကြပြီး ထာဝရအရှင်ဘုရားသခင်ကို ယုံကြည်ခြင်းမှ သွေဖည်သွားစေခဲ့ကြပြီ။
၁၉။ ခရစ်ယာန်ဘောင်၏ချွတ်ယွင်းချက်ကို ဘုရားသခင်နှင့် သမ္မာကျမ်းစာတို့၏ ချွတ်ယွင်းချက်ဟု ဆိုနိုင်မည်လော။
၁၉ သို့သော် ခရစ်ယာန်ဘောင်၏ ဓမ္မဆရာများနည်းတူ ခရစ်ယာန်ဘောင်ပြင်ပရှိ အခြားဘာသာများ၏ ချွတ်ယွင်းမှုသည် သမ္မာကျမ်းစာ၏ချွတ်ယွင်းမှုမမည်ပါ။ ဘုရားသခင်၏ချွတ်ယွင်းမှုဟုလည်း မဆိုနိုင်ပါ။ ယင်းအစား အမှန်တည်ရှိပြီး ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏အနာဂတ်ကို အမှန်ဂရုစိုက်တော်မူသော ဘုရားတစ်ပါးအကြောင်းကို သမ္မာကျမ်းစာက ကျွန်ုပ်တို့အားပြောပြသည်။ မှန်ရာကိုလုပ်လိုသော၊ ကမ္ဘာတစ်ခွင် တရားမျှတမှုနှင့်ငြိမ်းချမ်းမှုစိုးမိုးသည်ကို မြင်လိုသော စိတ်ထားရိုးဖြောင့်သူများကို ကိုယ်တော်မည်သို့ဆုချမည့်အကြောင်း ယင်းကဖော်ပြသည်။ ဆိုးသွမ်းမှုနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားရကြောင်းနှင့် လူလူချင်းဘေးပြုသောသူများ၊ ကိုယ်တော်၏အမှုဆောင်ပါသည်ဟု ဆိုသော်လည်း မဆောင်သူများကို မြေကြီးမှမည်သို့ဖယ်ရှားပစ်မည့်အကြောင်းတို့ကိုလည်း ယင်းကဖော်ပြထားသည်။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဒန်တီ၏ “အင်ဖာနိုငရဲ”
[Credit Line]
Doré’s illustration of Barrators—Giampolo for Dante’s Divine Comedy
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ခရစ်ယာန်ဘောင်၏သုံးပါးပေါင်းတစ်ဆူ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဟိန္ဒူ သုံးပါးပေါင်းတစ်ဆူ
[Credit Line]
Courtesy of The British Museum
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အီဂျစ်တို့၏သုံးပါးပေါင်းတစ်ဆူ
[Credit Line]
Museo Egizio, Turin
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေရှု၏သွန်သင်ချက်များနှင့်ဆန့်ကျင်၍ နှစ်ဖက်လုံးမှဓမ္မဆရာများသည် စစ်ပွဲများကို ထောက်ခံအားပေးကြသည်
[Credit Line]
U.S. Army photo