ဤစာအုပ်ကို ယုံကြည်စိတ်ချနိုင်သလော
“စစ်မှန်မှုဆိုင်ရာ ယုံကြည်အားထားလောက်သော အမှတ်အသားများကို မည်သည့်ဘာသာတရားနှင့်မဆိုင်သော [လောကီ] သမိုင်းတွင်ထက်မဆို ကျမ်းစာတွင် ကျွန်တော်ပို၍တွေ့ရှိရပါသည်။”—အင်္ဂလိပ်လူမျိုး နာမည်ကျော်သိပ္ပံပညာရှင် ဆာအိုက်ဇက်နယူတန်။၁
ဤစာအုပ်—ကျမ်းစာ—ကို ယုံကြည်စိတ်ချနိုင်ပါသလော။ ယင်းသည် အမှန်သက်ရှိထင်ရှားခဲ့သူများ၊ ဧကန်တည်ရှိခဲ့သည့်အရပ်များနှင့် တကယ်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ကိုးကားပြောဆိုပါသလော။ သို့ပြောဆိုပါလျှင် စေ့စပ်သေချာပြီး ရိုးသားသော ကလောင်ရှင်များက ယင်းကို ရေးသားခဲ့သည့်အထောက်အထားရှိသင့်ပေသည်။ သာဓက အမှန်ပင်ရှိသည်။ တွေ့ရှိခဲ့ရသည့်အထောက်အထားအများစုမှာ မြေကြီးထဲ မြုပ်နေသည်ကို တွေ့ရှိရပြီး ယင်းစာအုပ်ကိုယ်နှိုက်ထဲတွင်မူ ထိုထက်ပင် ပို၍ပါဝင်သည်။
အထောက်အထားများကို တူးဖော်ခြင်း
ကျမ်းစာပါဒေသများတွင် မြေအောက်နစ်မြုပ်နေသည့် ရှေးလက်ရာများကို ရှာဖွေတွေ့ရှိမှုက ကျမ်းစာ၏ သမိုင်းဝင်နှင့်ပထဝီဝင်ဆိုင်ရာ တိကျမှန်ကန်မှုကို ထောက်ခံခဲ့သည်။ ဘူမိဗေဒပညာရှင်များ တူးဖော်ခဲ့သည့် အထောက်အထားတချို့ကိုသာ သုံးသပ်ကြည့်ပါ။
ဣသရေလဘုရင်ဖြစ်လာသော ရဲရင့်သည့်သိုးကျောင်းသားလေး ဒါဝိဒ်ကို ကျမ်းစာဖတ်သူများ ကောင်းကောင်းသိကြသည်။ ကျမ်းစာထဲတွင် သူ၏အမည်ကို ၁,၁၃၈ ကြိမ်တွေ့ရှိရပြီး များသောအားဖြင့် သူ၏မင်းဆက်ကို ရည်ညွှန်းသည့် “ဒါဝိဒ်၏အမျိုးအနွယ်” ဟူသည့်အသုံးအနှုန်းကို ၂၅ ကြိမ်တွေ့ရသည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၃; ၂၀:၁၆) သို့သော် မကြာသေးမီအချိန်ထိ ဒါဝိဒ်သက်ရှိထင်ရှားခဲ့ကြောင်း ကျမ်းစာပြင်ပ အထောက်အထား အထင်အရှားမရှိပါ။ ဒါဝိဒ်သည် လုပ်ဇာတ်ကောင် တစ်ယောက်မျှသာဖြစ်ပါသလော။
၁၉၉၃ ခုနှစ်တွင် ပါမောက္ခ အဗရမ် ဘီရန်ဦးဆောင်သည့် ဘူမိဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့သည် အံ့အားသင့်လောက်ဖွယ် ရှာဖွေတွေ့ရှိမှုတစ်ခုကို တွေ့ရှိခဲ့ရာ ယင်းကို အစ္စရေး စူးစမ်းရှာဖွေရေးဂျာနယ် တွင်ဖော်ပြခဲ့သည်။ အစ္စရေးမြောက်ပိုင်း တယ်လ်ဒန်ဟုခေါ်သည့် ရွာကုန်းဟောင်းနေရာတွင် ဗဆော့ကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့ကြသည်။ ထိုကျောက်တုံးပေါ်တွင် “ဒါဝိဒ်၏အမျိုးအနွယ်” နှင့် “အစ္စရေးဘုရင်” ဟူသည့်စကားလုံးများကို ကျောက်ထက်အက္ခရာတင်ထားသည်။၂ ဘီ.စီ.အီး. နဝမရာစုမှဖြစ်သော အဆိုပါကျောက်စာမှာ အရှေ့ပိုင်းတွင် နေထိုင်ခဲ့သည့် ဣသရေလတို့၏ရန်သူများဖြစ်သော အာရာမေယန်းလူမျိုးတို့ စိုက်ထူခဲ့သည့် အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်၏ အပိုင်းအစတစ်ခုဖြစ်သည်ဟု ဆိုသည်။ ဤရှေးကျောက်စာသည် အဘယ်ကြောင့် ဤမျှအရေးပါရပါသနည်း။
ပါမောက္ခ ဘီရန်နှင့် သူ၏လုပ်ဖော်ကိုင်ဖက် ပါမောက္ခ ယိုစက်ဖ် နာဗဲတို့၏မှတ်တမ်းပေါ်တွင် အခြေခံကာ ကျမ်းစာဆိုင်ရာ ဘူမိဗေဒသုံးသပ်ချက် ပါဆောင်းပါးတစ်ပုဒ်က ဤသို့ဆိုသည်– “ကျမ်းစာပြင်ပ ရှေးကျောက်စာများတွင် ဒါဝိဒ်၏အမည်ကို ဤကဲ့သို့တွေ့ရှိရခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။”a ထိုကျောက်စာနှင့်ပတ်သက်ပြီး အခြားမှတ်သားစရာတစ်ခုရှိသည်။ “ဒါဝိဒ်၏အမျိုးအနွယ်” ဟူသည့်အသုံးအနှုန်းကို စကားလုံးတစ်လုံးတည်းအနေဖြင့် ရေးသားထားသည်။ ဘာသာစကားကျွမ်းကျင်သူ ပါမောက္ခ အင်စန်ရေနီးက ဤသို့ရှင်းပြသည်– “အထူးသဖြင့် စကားစုတစ်ခုသည် အခိုင်အမာအတည်ယူထားသည့် ပုဂ္ဂလနာမ်တစ်ခုဖြစ်လျှင် စကားလုံးအခွဲကို . . . ချန်လှပ်ထားခဲ့လေ့ရှိသည်။ ‘ဒါဝိဒ်၏အမျိုးအနွယ်’ ဟူသည် ဘီ.စီ.အီး. နဝမရာစုအလယ်က နိုင်ငံရေးနှင့် ပထဝီဝင်ဆိုင်ရာ ပုဂ္ဂလနာမ်တစ်ခုဖြစ်သည်မှာ သေချာပါသည်။”၅ ထို့ကြောင့် ဘုရင်ဒါဝိဒ်နှင့် သူ၏မင်းဆက်သည် ရှေးခေတ်လောကတွင် ကျော်ကြားခဲ့ကြောင်း ထင်ရှားပါသည်။
ကျမ်းစာတွင်ဖော်ပြထားသည့် အာရှုရိမြို့ကြီးဖြစ်သည့် နိနေဝေသည် အမှန်ပင်တည်ရှိခဲ့ပါသလော။ ၁၉ ရာစုအစောပိုင်းဖြစ်သော မကြာသေးမီအချိန်ကပင် အဆိုပါအချက်ကို ကျမ်းစာဝေဖန်ရေးသမားတချို့က ယုံကြည်လက်ခံမှုမရှိခဲ့ကြပါ။ သို့သော် ၁၈၄၉ ခုနှစ်တွင် ဆာသြစတင် ဟင်နရီ လေးယာ့သည် နိနေဝေမြို့ဟောင်း၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်းထင်ရှားသည့် ကူယမ်ဂျစ်အရပ်တွင် ဘုရင်သနာခရိပ်နန်းတော်အပျက်အယွင်းများကို တူးဖော်တွေ့ရှိခဲ့သည်။ ထိုအကြောင်းကြောင့် ဝေဖန်ရေးသမားများ နှုတ်ဆိတ်သွားကြလေတော့သည်။ သို့သော် ဤအပျက်အယွင်းများမှ သိရှိစရာ များစွာရှိပါသေးသည်။ အလွန်ခိုင်ခံ့သောမြို့ကြီးတစ်မြို့ကို သိမ်းပိုက်ခဲ့သည့်ဘုရင့်ရှေ့မှောက်ဝယ် တန်းစီသွားနေကြသောသုံ့ပန်းများ၏ သရုပ်ပြကွက်တစ်ခုကို မပျက်မယွင်းဘဲ ကောင်းစွာကျန်ရှိနေသည့် အခန်းတစ်ခု၏နံရံများပေါ်တွင် တွေ့ရှိရသည်။ ဘုရင်၏အထက်တွင် “လောကဘုရင်ဖြစ်တော်မူသော အာရှုရိဘုရင် သနာခရိပ်သည် နီမယ်ဒူ -ပလ္လင်ပေါ်တွင် စံတော်မူပြီး လာခိရှ (လာခီစူး) မှ သိမ်း (ယူ) လာသည့် လက်ရဥစ္စာများကို ကြည့်ရှုစစ်ဆေးနေတော်မူခြင်း” ဟူသည့် ကမ္ပည်းတစ်ခု ထိုးထားသည်။
ဗြိတိသျှပြတိုက်တွင် တွေ့မြင်နိုင်သည့် ဤသရုပ်ဖော်ပြကွက်နှင့် ကမ္ပည်းစာသည် သနာခရိပ်က ယုဒလူမျိုးများနေထိုင်ရာ လာခိရှမြို့ကို သိမ်းပိုက်ကြောင်းဖော်ပြထားသည့် ၄ ဓမ္မရာဇဝင် ၁၈:၁၃၊ ၁၄ ပါကျမ်းစာမှတ်တမ်းနှင့် ကိုက်ညီသည်။ ဤရှာဖွေတွေ့ရှိမှု၏အရေးပါမှုကို မှတ်ချက်ချရာတွင် လေယဒ်က ဤသို့ရေးသားခဲ့သည်– “ယင်းကိုမတွေ့ရှိမီ ကျမ်းစာမှတ်တမ်း၏ အသေးစိတ်အချက်အလက်များကိုပင် အခိုင်အမာထောက်ခံသော၊ အဖြစ်အပျက်များဖြစ်ပျက်စဉ်က သနာခရိပ်ကိုယ်တိုင်ရေးသားဖော်ပြထားသော [ယုဒရှင်ဘုရင်] ဟေဇကိနှင့် သနာခရိပ်တို့၏စစ်သမိုင်းမှတ်တမ်းကို နိနေဝေမြို့တည်ခဲ့ရာနေရာရှိ အမှိုက်သရိုက်နှင့်မြေကြီးပုံအောက်တွင် တွေ့ရှိလိမ့်မည်၊ တွေ့နိုင်ဖွယ်ရှိသည်ဟု မည်သူတစ်ဦးတစ်ယောက်က ထင်ပါမည်နည်း။”
ဘူမိဗေဒပညာရှင်များသည် ကျမ်းစာ၏တိကျမှန်ကန်မှုကို ထောက်ခံသည့် အခြားလက်ရာများဖြစ်သော မြေအိုးခွက်များ၊ အဆောက်အဦအပျက်အယွင်းများ၊ အုတ်ခွက်များ၊ ဒ င်္ဂါးများ၊ မှတ်တမ်းမှတ်ရာများ၊ အထိမ်းအမှတ်တိုင်များနှင့် ကမ္ပည်းကျောက်စာအများအပြားကို တူးဖော်ခဲ့ကြရသည်။ တူးဖော်သူများသည် ကုန်သွယ်ရေးနှင့် ဘာသာရေးအချက်အချာဒေသဖြစ်သော အာဗြဟံနေထိုင်ခဲ့သည့် ခါလဒဲလူမျိုးများနေရာ ဥရမြို့ကို တွေ့ရှိခဲ့ကြသည်။ (ကမ္ဘာဦး ၁၁:၂၇-၃၁) ၁၉ ရာစုတွင် တူးဖော်တွေ့ရှိခဲ့သည့် နဘိုနိုက်ဒတ်စ် ရာဇဝင်မှတ်တမ်းက ဘေဘီလုန်သည် မဟာဆိုင်းရပ်လက်တွင်းသို့ ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်၊ ၎င်းကို ဒံယေလ အခန်းကြီး ၅ တွင် စီကာပတ်ကုံးတင်ပြထားသည်။၉ ရှေးသက်သာလောနိတ်မြို့ဟောင်းရှိ မုခ်ဝတစ်ခုပေါ်တွင်တွေ့ရသည့် (ဗြိတိသျှပြတိုက်ရှိ မပျက်စီးအောင်ထိန်းသိမ်းထားသည့် အပိုင်းအစများ) ကမ္ပည်းတစ်ခုတွင် “ပိုလီတာ့ခ်များ” အဖြစ် ဖော်ပြခံရသည့် မြို့တော်အုပ်ချုပ်ရေးအရာရှိတို့၏အမည်များပါဝင်သည်၊ ဤစကားလုံးသည် ဂရိဂန္ထဝင်စာပေတွင်မပါသော်လည်း ကျမ်းရေးသူလုကာက ယင်းကို သုံးထားသည်။၁၀ (တမန်တော် ၁၇:၆၊ ကဘ အောက်ခြေမှတ်ချက်) လုကာ၏တိကျမှန်ကန်မှုကို အခြားအသေးစိတ်အချက်အလက်များတွင် တွေ့ရသကဲ့သို့ ဤကိစ္စတွင်လည်း တိကျမှန်ကန်မှုရှိကြောင်း သံသယရှင်းသွားစေသည်။—လုကာ ၁:၃ နှိုင်းယှဉ်။
ဘူမိဗေဒပညာရှင်များသည် ကျမ်းစာနှင့်တိုက်ဆိုင်ဖို့ မဆိုထားနှင့် အချင်းချင်းပင် အမြဲသဘောထား တိုက်ဆိုင်သည်မရှိကြပေ။ ဤသို့ဖြစ်လျက်ပင် ကျမ်းစာသည် ယုံကြည်စိတ်ချနိုင်သောစာအုပ်တစ်အုပ်ဖြစ်ကြောင်း ယင်းကိုယ်နှိုက်ထဲ၌ပင် ခိုင်လုံသည့်အထောက်အထားပါရှိသည်။
ပွင့်ပွင့်လင်းလင်းတင်ပြထား
ရိုးဖြောင့်သောသမိုင်းပညာရှင်များသည် (လာခိရှမြို့ကို သနာခရိပ်သိမ်းပိုက်ခြင်းနှင့်စပ်လျဉ်းသည့် ကမ္ပည်းကဲ့သို့သော) အောင်ပွဲများကိုသာမက အရှုံးများကိုပါ၊ အောင်မြင်မှုများကိုသာမက ရှုံးနိမ့်မှုများကိုပါ၊ အားသာချက်များကိုသာမက အားနည်းချက်များကိုပါ မှတ်တမ်းတင်ကြမည်ဖြစ်သည်။ ဤကဲ့သို့ရိုးဖြောင့်မှုမျိုးကိုတင်ပြသည့် လောကသမိုင်းများ ရှားပါသည်။
အဆီးရီးယန်း သမိုင်းပညာရှင်များနှင့်စပ်လျဉ်းပြီး ဒယ်နီယယ် ဒီ. လပ်ကန်ဘေးလ်က ဤသို့ရှင်းပြသည်– “ရာဇမာန်ဝင့်မှုကြောင့် သမိုင်းဆိုင်ရာတိကျမှန်ကန်မှုသည် ဖောက်လှဲဖောက်ပြန်ပြုခြင်းခံရလေ့ရှိသည်မှာ ရှင်းနေပါသည်။”၁၁ ဤကဲ့သို့သော “ရာဇမာန်ဝင့်မှု” နမူနာအနေနှင့် အဆီးရီးယန်းဘုရင် အာရှာနာစီပါလ်၏သမိုင်းမှတ်တမ်းများက ဤသို့ကြွားလုံးထုတ်သည်– “ငါသာလျှင် မြင့်မြတ်သူ၊ ငါသာလျှင် ခန့်ညားသူ၊ ငါသာလျှင် ဂုဏ်သိက္ခာမြင့်မားသူ၊ ငါသာလျှင် အင်အားကြီးသူ၊ ငါသာလျှင် ဂုဏ်ဒြပ်ရှိသူ၊ ငါသာလျှင် ဘုန်းတော်ရှင်၊ ငါသာလျှင် ကျော်ကြားမှုထိပ်ခေါင်၊ ငါသာလျှင် အစွမ်းတန်ခိုးရှင်၊ ငါသာလျှင် ရဲဝံ့စွန့်စားသူ၊ ငါသာလျှင် ခြင်္သေ့လိုရဲရင့်သူ၊ ငါသာလျှင် သူရဲကောင်းပေတည်း!”၁၂ အဆိုပါသမိုင်းအထောက်အထားများမှ သင်ဖတ်ရသမျှသည် တိကျမှန်ကန်သောသမိုင်းဖြစ်ပါသည်ဟု ခံယူမည်လော။
ဆန့်ကျင်ဘက်အနေနှင့် ကျမ်းရေးသူများသည် တစ်မူထူးပြီး နှစ်သက်ဖွယ်ကောင်းလှသည့် ပွင့်လင်းမှုကို တင်ပြခဲ့ကြသည်။ ဣသရေလလူမျိုး၏ခေါင်းဆောင် မောရှေသည် အစ်ကိုအာရုန်၊ အစ်မ မိရိအံ၊ တူများဖြစ်သော နာဒပ်နှင့်အဘိဟုတို့အပြင် မိမိလူမျိုး၏ အားနည်းချွတ်ချော်မှုများနှင့် မိမိကိုယ်တိုင်၏အမှားများကိုပင် ပွင့်ပွင့်လင်းလင်း မှတ်တမ်းတင်ထားသည်။ (ထွက်မြောက်ရာ ၁၄:၁၁၊ ၁၂; ၃၂:၁-၆; ဝတ်ပြုရာ ၁၀:၁၊ ၂; တောလည်ရာ ၁၂:၁-၃; ၂၀:၉-၁၂; ၂၇:၁၂-၁၄) ဘုရင်ဒါဝိဒ်၏ကြီးလေးသောအမှားများကို ဝှက်မထားဘဲ ဒါဝိဒ် ဘုရင်အဖြစ်စိုးစံနေစဉ်တွင်ပင် ယင်းကို မှတ်တမ်းတင်ခဲ့ပါသည်။ (၂ ဓမ္မရာဇဝင် အခန်းကြီး ၁၁ နှင့် ၂၄) မိမိအမည်တပ်ကာရေးသားသည့် စာစောင်ကို ရေးသားသူ မဿဲက (သူအပါအဝင်) တမန်တော်များသည် မိမိတို့၏ အရေးပါမှုနှင့်ပတ်သက်ပြီး အငြင်းပွားကြပုံ၊ ယေရှုအဖမ်းခံရသည့်ညတွင် ကိုယ်တော်ကို စွန့်ပြီးပြေးကြပုံတို့ကို ဖော်ပြထားသည်။ (မဿဲ ၂၀:၂၀-၂၄; ၂၆:၅၆) ခရစ်ယာန်ဂရိကျမ်းစာစောင်များပါ စာများကိုရေးသားသူတို့သည် ကနဦးခရစ်ယာန်အသင်းတော်တချို့၌ လိင်ဆိုင်ရာအကျင့်ပျက်မှုနှင့် သဘောထားကွဲလွဲမှုများအပါအဝင် ပြဿနာများရှိကြောင်း ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုဝန်ခံခဲ့ကြသည်။ သူတို့သည် အဆိုပါပြဿနာများကို တင်ပြကြရာတွင် ဘွင်းဘွင်းတင်ပြသည်။—၁ ကောရိန္သု ၁:၁၀-၁၃; ၅:၁-၁၃။
ဤကဲ့သို့ ဘွင်းဘွင်းမှတ်တမ်းတင်ခြင်းက အမှန်တရားကို အရေးထားကြောင်း ဖော်ပြသည်။ ကျမ်းရေးသူများသည် မိမိတို့ချစ်မြတ်နိုးရသူများ၊ မိမိတို့လူမျိုးနှင့် မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ပင် မနှစ်မြို့ဖွယ်အကြောင်းအရာများကို မှတ်တမ်းတင်ဖို့ အသင့်ရှိကြခြင်းကြောင့် သူတို့ရေးသားရာများကို ယုံကြည်စိတ်ချလောက်သည့် အကြောင်းကောင်း ရှိသည်မဟုတ်ပေလော။
အသေးစိတ်မှန်ကန်တိကျ
တရားရုံးအမှုများတွင် သက်သေတစ်ဦး၏ သက်သေထွက်ဆိုချက်မှာ ယုံကြည်ထိုက်မထိုက်ဆိုသည်ကို များသောအားဖြင့် အချက်ငယ်များပေါ်တွင်အခြေပြုကာ ဆုံးဖြတ်သတ်မှတ်နိုင်ပါသည်။ အချက်ငယ်များ အသေးစိတ်ကိုက်ညီမှုရှိလျှင် သက်သေထွက်ဆိုချက်သည် မှန်ကန်တိကျပြီး ယုံကြည်စိတ်ချရသည်ဟု သတ်မှတ်နိုင်သော်လည်း အကြီးအကျယ်ကွာဟမှုများရှိလျှင်မူ လုပ်ကြံဖန်တီးမှုတစ်ခုဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ တစ်ဖက်တွင်မူ အသေးစိတ်အချက်တိုင်း ပိပိရိရိစီစဉ်ထားသော အကွက်ကျလွန်းသည့် ရှင်းလင်းတင်ပြချက်တစ်ခုသည်လည်း မှားယွင်းသောသက်သေထွက်ဆိုချက်တစ်ခုဖြစ်ကြောင်း ပေါ်လွင်သွားစေနိုင်သည်။
ကျမ်းရေးသူများ၏ “သက်သေထွက်ဆိုချက်” သည် ဤကိစ္စတွင် စံမီပါသလော။ ကျမ်းရေးသူများသည် မှတ်သားလောက်ဖွယ်ကောင်းအောင် ရှေ့နောက်ညီညွတ်မှု ပြသခဲ့ကြသည်။ သေးသေးမွှားမွှားအချက်လေးများမှအစ အလွန်ညီညွတ်မှုရှိနေပါသည်။ သို့သော် ဤသို့သဟဇာတဖြစ်မှုသည် ပူးပေါင်းလိမ်လည်မှုအဖြစ် သံသယများဝင်စရာဖြစ်စေသည့် တမင်ပိပိရိရိစီစဉ်ထားခြင်းမျိုးမဟုတ်ပေ။ တိုက်ဆိုင်မှုများတွင် အကြံအဖန်မပါကြောင်းထင်ရှားပါသည်၊ ကျမ်းရေးသူများသည် မကြံရွယ်ဘဲ ညီညွတ်သွားလေ့ရှိခြင်းဖြစ်သည်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါလေ။
ကျမ်းရေးသူမဿဲက ဤသို့ရေးသားသည်– “ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေသည်ကို တွေ့မြင်တော်မူ၏။” (မဿဲ ၈:၁၄) ဤတွင် မဿဲက စိတ်ဝင်စားဖွယ်ဖြစ်သော်လည်း ဖော်ပြစရာမလိုအပ်သောအသေးစိတ်အချက်ဖြစ်သည့် ပေတရုသည် အိမ်ထောင်သည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဤသို့ရေးသားသော တမန်တော်ပေါလုက အဆိုပါအချက်ငယ်လေးကို ထောက်ခံခဲ့သည်– “ကေဖနှင့် . . . ကြွင်းသောတမန်တော်များကဲ့သို့၊ ငါတို့ . . . တွင် . . . မယားပါစေခြင်းငှာ အခွင့်မရှိသလော။”b (၁ ကောရိန္သု ၉:၅) ပေါလုသည် အခြေအမြစ်မရှိသော အပြစ်တင်မှုမှ မိမိကိုယ်ကို ခုခံကာကွယ်ပြောနေခြင်းဖြစ်ကြောင်း စကားစပ်များက ညွှန်ပြသည်။ (၁ ကောရိန္သု ၉:၁-၄) ပေါလုက ပေတရုသည် အိမ်ထောင်သည်ဖြစ်သည်ဟူသည့် အချက်လေးကို တင်ပြခြင်းမှာ မဿဲ၏မှတ်တမ်း တိကျမှန်ကန်ကြောင်း ထောက်ခံပေးဖို့မဟုတ်ဘဲ အမှတ်မထင် တင်ပြမိခြင်းဖြစ်သည်။
ခရစ်ဝင်ကျမ်းရေးသူ လေးဦးစလုံး—မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်—က ယေရှုအဖမ်းခံရသည့်ညတွင် ကိုယ်တော်၏တပည့်တော်တစ်ပါးသည် ဓားဆွဲပြီး ယဇ်ပုရောဟိတ်မင်းကြီး၏ကျွန်တစ်ယောက်ကို ခုတ်လိုက်ရာ နားရွက်ပြတ်သွားသည်ဟု မှတ်တမ်းတင်ထားသည်။ လိုအပ်ပုံမရှိသော ဤအသေးစိတ်အချက်တစ်ခုကို ယောဟန်ခရစ်ဝင်ကျမ်းတွင်သာ ဖော်ပြထားသည်– “ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။” (ယောဟန် ၁၈:၁၀၊ ၂၆) ယောဟန်တစ်ဦးတည်းကသာ ထိုသူ၏အမည်ကို အဘယ်ကြောင့်ဖော်ပြရသနည်း။ နောက်ပိုင်း အခန်းငယ်အနည်းငယ်တွင် အခြားမည်သည့်နေရာတွင်မျှ မဖော်ပြသည့်အချက်ငယ်ဖြစ်သော ယောဟန်သည် “ယဇ်ပုရောဟိတ်မင်းနှင့် အကျွမ်းဝင်သောတပည့်တော်” ဖြစ်ကြောင်း မှတ်တမ်းက ဖော်ပြထားသည်။ ယဇ်ပုရောဟိတ်မိသားစုကလည်း သူ့အားသိကျွမ်းသည်; အစေခံများနှင့်လည်း အကျွမ်းတဝင်ရှိသည်။ (ယောဟန် ၁၈:၁၅၊ ၁၆) ထို့ကြောင့် ခရစ်ဝင်ကျမ်းများကိုရေးသော အခြားသူများအတွက် သူစိမ်းဖြစ်နေသော အဆိုပါဒဏ်ရာရသူ၏အမည်ကို ယောဟန်ကသာ ဖော်ပြခြင်းမှာ သဘာဝကျပါသည်။
တစ်ခါတစ်ရံတွင် အသေးစိတ်ရှင်းလင်းချက်များကို မှတ်တမ်းတစ်ခုတွင် ချန်လှပ်ထားခဲ့သော်လည်း အခြားတစ်နေရာတွင် အမှတ်မထင် တင်ပြချက်တစ်ခု၌ ဖော်ပြပေးထားသည်။ ဥပမာ၊ ဂျူးတရားလွှတ်တော်တွင် ယေရှု အစစ်ဆေးခံခြင်းနှင့်ပတ်သက်၍ မဿဲ၏မှတ်တမ်းက ရောက်ရှိနေသော အချို့သူများသည် “ပါးတော်ကို လက်နှင့်ပုတ်၍၊ ‘အချင်းခရစ်တော်၊ ကိုယ်တော်ကိုအဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ဟောတော်မူပါ’ ” ဟုဆိုကြသည်။ (မဿဲ ၂၆:၆၇၊ ၆၈) ရိုက်ပုတ်သူမှာ ကိုယ်တော်၏ရှေ့တွင် ရပ်နေပါလျက်နှင့် ကိုယ်တော်အား မည်သူရိုက်ပုတ်ကြောင်း “ပရောဖက်ပြု” ပါဟု ယေရှုအား သူတို့အဘယ်ကြောင့် တောင်းဆိုကြသနည်း။ မဿဲက ရှင်းမပြပါ။ သို့သော် ခရစ်ဝင်ကျမ်းရေးသူ အခြားနှစ်ယောက်က လွတ်သွားသော ဤအသေးစိတ်အချက်ကို ဖော်ပြထားသည်– ယေရှုကို ညှဉ်းဆဲသူများက ကိုယ်တော်အား မရိုက်မီ မျက်နှာတော်ကို အုပ်ထားကြသည်။ (မာကု ၁၄:၆၅; လုကာ ၂၂:၆၄) မဿဲသည် မိမိ၏အကြောင်းအရာကို တင်ပြရာတွင် အသေးစိတ်အချက်အလက်ထိတိုင် အာရုံမစိုက်ခဲ့ပေ။
ယေရှု၏သွန်သင်ချက်ကို ကြားနာဖို့ လူအုပ်ကြီးစုဝေးခဲ့ကြသည့် အချိန်တစ်ချိန်အကြောင်း ယောဟန်ခရစ်ဝင်ကျမ်းက တင်ပြထားသည်။ ထိုမှတ်တမ်းအရ ယေရှုသည် လူအုပ်ကြီးကို သတိပြုမိသောအခါ “ဖိလိပ္ပုအား၊ ‘ဤသူတို့စားစရာမုန့်ကို အဘယ်မှာဝယ်မည်နည်း ဟုမေးတော်မူ၏။’ ” (ယောဟန် ၆:၅) ပေါင်မုန့်တချို့ကို အဘယ်မှာဝယ်နိုင်မည်နည်းဟု တပည့်တော်အားလုံးအနက် ဖိလိပ္ပုကိုမှ ယေရှု အဘယ်ကြောင့်မေးရသနည်း။ ကျမ်းရေးသူက မဖော်ပြပါ။ သို့သော် အပြိုင်မှတ်တမ်းတွင် လုကာက အဆိုပါအဖြစ်အပျက်သည် ဂါလိလဲပင်လယ် မြောက်ဘက်ကမ်းခြေရှိ ဗက်ဇဲဒမြို့အနီးတွင် ဖြစ်ပျက်ခဲ့ကြောင်းနှင့် ယောဟန်ခရစ်ဝင်ကျမ်း အစောပိုင်းတွင် “ဖိလိပ္ပုကား၊ . . . ဗက်ဇဲဒမြို့မှလာသောသူဖြစ်သတည်း” ဟုဆိုထားသည်။ (ယောဟန် ၁:၄၄; လုကာ ၉:၁၀) ထို့ကြောင့် အနီးအနားတွင် မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးကို ယေရှုမေးလိုက်ခြင်းသည် ကျိုးကြောင်းညီညွတ်လှပေသည်။ အသေးစိတ်အချက်အလက်များသည် လုံးဝမရည်ရွယ်ဘဲ ညီညွတ်မှုရှိခြင်းမှာ အလွန်ထူးခြားလှပေသည်။
အချို့ကိစ္စများတွင် အသေးစိတ်အချက်အနည်းအကျဉ်းကို ချန်လှပ်ခဲ့ခြင်းသည်ပင် ကျမ်းရေးသူကို ယုံကြည်ထိုက်ကြောင်း ထပ်လောင်းဖြည့်စွက်ပေးရာသာ ရောက်ပါသည်။ ဥပမာ၊ ၁ ဓမ္မရာဇဝင်ကို ရေးသူက ဣသရေလနိုင်ငံတွင် အကြီးအကျယ်မိုးခေါင်ရေရှားဖြစ်ခဲ့ကြောင်း ဖော်ပြသည်။ ဘုရင်ဖြစ်သူသည် မိမိ၏မြင်းနှင့်လားများ အသက်ဆက်ရေးအတွက် ရေနှင့်မြက်အလုံအလောက်ရှာမရနိုင်သည်အထိ အခြေအနေအလွန်ဆိုးခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၇; ၁၈:၅) သို့တိုင် ပရောဖက်ဧလိယသည် စတုရန်းပေ ၁၀,၀၀၀ ရှိနိုင်သည့်မြေနေရာ ဝိုင်းပတ်ထားသည့်ကျုံးအပြည့် ရေဖြည့်ပေးဖို့ ကရမေလတောင်ပေါ်သို့ (ယဇ်ပူဇော်ခြင်းနှင့်ပတ်သက်၍ အသုံးပြုဖို့အတွက်) ရေအလုံအလောက်ယူလာရန် မှာကြားခဲ့ကြောင်း ယင်းမှတ်တမ်းက တင်ပြထားသည်။ (၃ ဓမ္မရာဇဝင် ၁၈:၃၃-၃၅) မိုးခေါင်ရေရှားဖြစ်နေခိုက်တွင် ဤမျှလောက်ရေကို အဘယ်မှရသနည်း။ ၁ ဓမ္မရာဇဝင်ကို ရေးသူသည် ဒုက္ခခံပြီးရှင်းမပြခဲ့ပါ။ သို့သော် ယင်းနောက်ပိုင်း ပြန်လည်ပြောပြရာတွင် စပ်မိ၍ပြောသောစကားက ဖော်ပြသည့်အတိုင်း ကရမေလသည် မြေထဲပင်လယ်ကမ်းခြေ၌ တည်ရှိကြောင်း ဣသရေလနိုင်ငံတွင်နေထိုင်သူ မည်သူမဆိုသိကြသည်။ (၃ ဓမ္မရာဇဝင် ၁၈:၄၃) ထို့ကြောင့် ပင်လယ်ရေကို လွယ်လင့်တကူရနိုင်မည်ဖြစ်သည်။ အကယ်၍သာ ဤအသေးစိတ်ကျသောစာအုပ်သည် အဖြစ်မှန်အလား လုပ်ကြံဖန်တီးထားသည့် ဝတ္ထုဖြစ်ရိုးမှန်လျှင်၊ ပိပိရိရိလိမ်လည်သူဖြစ်မည့် ယင်းကိုရေးသားသူသည် ဤမျှထင်ရှားသော ရှေ့နောက်မညီညွတ်မှုကို အဘယ်ကြောင့်ချန်ထားခဲ့ရမှာနည်း။
သို့ဆိုလျှင် ကျမ်းစာကို ယုံကြည်စိတ်ချနိုင်ပါသလော။ ကျမ်းစာသည် တကယ့်ပုဂ္ဂိုလ်များ၊ ဧကန်ရှိခဲ့သည့်အရပ်ဒေသများနှင့် အမှန်ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို ရည်ညွှန်းထားကြောင်းထောက်ခံသည့် လုံလောက်သော ရှေးလက်ရာများကို ဘူမိဗေဒပညာရှင်များ တူးဖော်ရရှိခဲ့ကြသည်။ သို့ရာတွင် သာ၍ပင်ခိုင်လုံပြည့်စုံသော အထောက်အထားကို ကျမ်းစာထဲတွင်ပင် တွေ့ရှိရသည်။ ပွင့်လင်းသော ကျမ်းရေးသူများသည် အဖြစ်မှန်များကို အတိအကျမှတ်တမ်းတင်ရာတွင်—မိမိတို့ကိုယ်တိုင်အပါအဝင်—မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာမပေးခဲ့ပါ။ မကြံရွယ်ဘဲ ကိုက်ညီမှုများအပါအဝင် စာစောင်များ၏အတွင်းသဘောချင်း ညီညွတ်မှုက “သက်သေထွက်ဆိုချက်” သည် အမှန်တရားပင်ဖြစ်ကြောင်း ရှင်းလင်းပြတ်သားပေသည်။ ဤကဲ့သော “စစ်မှန်မှုအတွက် ခိုင်လုံသောအမှတ်အသားများ” ကြောင့် ကျမ်းစာသည် သင် ယုံကြည်စိတ်ချနိုင်သည့် စာအုပ်တစ်အုပ်အမှန်ဖြစ်ပေသည်။
[အောက်ခြေမှတ်ချက်များ]
a ယင်းကို ရှာဖွေတွေ့ရှိပြီးနောက် ပါမောက္ခ အင်ဒရီ လီမဲရ်က ၁၈၆၈ ခုနှစ် တွင်ရှာဖွေတွေ့ရှိခဲ့သည့် (မောဘကျောက်တုံးဟုလည်းခေါ်သည့်) မေရှာကျောက်တုံးပေါ်တွင် အသစ်ပြန်လည်ရေးထွင်းပေးသော ပျက်သွားသည့်စာတစ်ကြောင်းအရ ၎င်းတွင်လည်း “ဒါဝိဒ်၏အမျိုးအနွယ်” ဟူသည့်ရည်ညွှန်းချက်တစ်ခုပါကြောင်း သတင်းပေးပို့ခဲ့သည်။၄
b “ကေဖ” ဟူသည် ရှေမအနွယ်စကားအရ “ပေတရု” နှင့်အတူတူပင်ဖြစ်သည်။—ယောဟန် ၁:၄၂။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
တယ်လ်ဒန် အပိုင်း အစ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
၄ ဓမ္မရာဇဝင် ၁၈:၁၃၊ ၁၄ ပါ လာခိရှမြို့အားဝိုင်းရံပိတ်ဆို့မှုကို သရုပ်ဖော်ထားသော အာရှုရိရုပ်ကြွနံရံ