သမ္မာကျမ်းစာပြစ်တင်ဝေဖန်သူများကို အကျပ်ရိုက်စေသော ပျောက်ဆုံးခဲ့သည့်အင်ပါယာ
“ယခင်က အာရှုရိအင်ပါယာသမိုင်းသည် ကမ္ဘာ့သမိုင်းမှတ်တမ်းတွင် အမှေးမှိန်ဆုံးအကြောင်းအရာဖြစ်ခဲ့သည်။” “ရှေးနိနေဝေမြို့အကြောင်း သိရှိရသမျှသည် သမ္မာကျမ်းစာပါ ယင်းနှင့်ပတ်၍ တစ်ချက်တလေပါ ရည်ညွှန်းချက်များနှင့် ပရောဖက်ပြုချက်များအပြင် ဒီအိုဒိုးရပ်စ် စစ်ကလပ်စ် . . . နှင့်အခြားသူများရေးသော အာရှုရိသမိုင်းတွင် သမန်ကာလျှံကာ ဖော်ညွှန်းထားသည့် အစိတ်အပိုင်းကလေးများသာဖြစ်သည်။”—Cyclopædia of Biblical Literature, Volumes 1 and 3, 1862.
ဂရိသမိုင်းပညာရှင် ဒီအိုဒိုးရပ်စ် စစ်ကလပ်စ်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ ကအသက်ရှင်ခဲ့သူဖြစ်သည်။ သူက နိနေဝေမြို့သည် လေးထောင့်ပုံရှိပြီး အနားလေးဘက်ပေါင်းလျှင် ၄၈၀ စတယ်ဒီယာရှိသည်ဟု အဆိုပြုခဲ့သည်။ ယင်းကား မြို့ပတ်လည်အလျားမိုင် ၆၀ ရှိခြင်းပေတည်း။ သမ္မာကျမ်းစာကလည်း အလားတူစွာပင် “အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသောမြို့” ဟု ဖော်ပြထားသည်။—ယောန ၃:၃။
၁၉ ရာစု သမ္မာကျမ်းစာဝေဖန်ရေးသမားများက ရှေးကမ္ဘာမှ လူမသိသည့်မြို့တော်သည် ထိုမျှကျယ်ဝန်းနိုင်သည့်အဖြစ်ကို ငြင်းဆိုခဲ့ကြသည်။ သူတို့ပြောကြသေးသည်မှာ နိနေဝေမြို့သည် အမှန်တည်ရှိခဲ့ပါမူ ဗာဗုလုန်ထက်ရှေးကျသောယဉ်ကျေးမှု၏ အစိတ်အပိုင်းသာဖြစ်ရမည်ဟူ၍ဖြစ်သည်။
ဤအမြင်သည် ကမ္ဘာဦးကျမ်းအခန်းကြီး ၁၀ နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ အကြောင်းမှာ နောဧ၏မြစ်ဖြစ်သူ နိမ်ရောဒသည် ဘေဘယ်လ် သို့မဟုတ် ဗာဗုလုန်ဟုခေါ်သောအရပ်တွင် ပထမဦးဆုံးနိုင်ငံကိုတည်ထောင်ခဲ့ကြောင်း ကျမ်းစာဖော်ပြထားသည်။ သမ္မာကျမ်းစာကဆက်၍ “ထိုပြည်မှ အာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်ဣရမြို့၊ ကာလမြို့များကိုလည်းကောင်း၊ နိနေဝေမြို့နှင့် ကာလမြို့စပ်ကြားမှာ ရေသင်မြို့ကိုလည်းကောင်း တည်ဆောက်လေ၏။ ၎င်းလေးမြို့ကား မြို့ကြီးဖြစ်၏” ဟုဖော်ပြထားသည်။ (ကမ္ဘာဦး ၁၀:၈-၁၁၊ သမ) ကျမ်းစာက ထိုအာရှုရိမြို့သစ်လေးမြို့ကို “မြို့ကြီး” တစ်မြို့အဖြစ် ဖော်ပြထားသည်။
၁၈၄၃ ခုနှစ်တွင် ပြင်သစ်လူမျိုးရှေးဟောင်းသုတေသနပညာရှင် ပေါလ် အေမေးလ် ဘော်တာသည် အာရှုရိမြို့ခေါရ်စဘတ်၏အစိတ်အပိုင်းအဖြစ် သက်သေထင်ရှားသော နန်းတော်အပျက်အယွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤရှာဖွေတွေ့ရှိမှုသည် လူအများထံပေါက်ကြားသွားသောအခါ အလွန်စိတ်အားတက်ကြွဖွယ်ဖြစ်စေခဲ့သည်။ အဲလဲန် မီလာ့ဒ်က သူရေးသားသည့် Treasures from Bible Times အမည်ရှိသောစာအုပ်တွင် “ထိုနန်းတော်သည် ဟေရှာယ ၂၀:၁ တွင်အမည်ပါသော အာရှုရိရှင်ဘုရင်ဆာဂွန် (သာဂုန်) ၏နန်းတော်ဖြစ်ကြောင်း သက်သေထူသည်နှင့် လူထုစိတ်ဝင်စားမှု တစ်ဟုန်ထိုးတက်လာသည်။ ထိုမင်းတည်ရှိခဲ့ခြင်းကို လူများသံသယဖြစ်ခဲ့ကြသည်။ အကြောင်းမှာ သူ့အား အခြားမည်သည့်နေရာတွင်မျှ လူမသိသောကြောင့်ဖြစ်သည်” ဟုရှင်းပြထားသည်။
တစ်ချိန်တည်းတွင် အခြားရှေးဟောင်းသုတေသနပညာရှင်တစ်ဦးဖြစ်သူ အော်စတင် ဟင်နရီ လေးယဒ်က ခေါရ်စဘတ်မြို့၏အနောက်တောင်ဘက် ၂၆ မိုင်ခန့်ဝေးသော နင်မ်ရွတ်အမည်ရှိအရပ်တွင် အပျက်အယွင်းများကို စတင်တူးဖော်သည်။ ယင်းတို့က ကမ္ဘာဦး ၁၀:၁၁ တွင်ဖော်ပြထားသော အာရှုရိမြို့လေးမြို့အနက် တစ်မြို့ဖြစ်သော ကာလမြို့ဖြစ်ကြောင်း သက်သေထူသည်။ သို့နှင့် ၁၈၄၉ ခုနှစ်တွင် လေးယဒ်သည် ကာလမြို့နှင့်ခေါရ်စဘတ်မြို့ကြားရှိ ကူယန်ဂျစ်ဟုခေါ်သောဒေသတွင် အလွန်ကြီးမားသည့်နန်းတော်အပျက်ယွင်းတစ်ခုကို တူးဖော်ရရှိခဲ့သည်။ ထိုနန်းတော်သည် နိနေဝေမြို့နန်းတော်အဝင်ဖြစ်ကြောင်း သက်သေထူသည်။ ခေါရ်စဘတ်နှင့်ကာလမြို့များကြားတွင် အခြားသောအိမ်ခြေအဆောက်အအုံအပျက်အယွင်းများအပြင် ကရမ္မလပ်စ်အမည်ရှိခံတပ်တစ်ခုလည်းရှိသည်။ “နင်မ်ရွတ် (ကာလ)၊ ကူယန်ဂျစ် (နိနေဝေ)၊ ခေါရ်စဘတ် နှင့် ကရမ္မလပ်စ်ခံတပ်ကြီးများကို စတုဂံ၏ထောင့်လေးထောင့်ဟုယူမှတ်လိုက်လျှင် ထိုအနားလေးဘက်သည် ၄၈၀ စတယ်ဒီယာ သို့မဟုတ် မိုင် ၆၀ အကွာအဝေးနှင့် တစ်သားတည်းလောက်ကိုက်ညီပြီး ပရောဖက် [ယောန] ၏သုံးရက်ခရီးကိုဖြစ်စေသည်” ဟု လေးယဒ်က ဖော်ပြထားသည်။
ယောနက “မြို့ကြီး” တစ်မြို့အဖြစ် ဤအိမ်ယာအဆောက်အအုံအားလုံးကို စာရင်းသွင်းပြီး ယင်းကို ကမ္ဘာဦး ၁၀:၁၁ တွင် ဖော်ပြထားသောမြို့များအနက် အဦးဆုံးမြို့၏အမည်ဖြစ်သော နိနေဝေမြို့ဖြင့်ခေါ်သည်။ ယနေ့လည်း အလားတူပင်ဖြစ်သည်။ ဥပမာ၊ မူလ လန်ဒန်မြို့တော်နှင့် ယင်း၏ဆင်ခြေဖုံးရပ်ကွက်များသည် မတူသော်လည်း ယင်းတို့အားလုံးကို တစ်ခါတစ်ရံ “မဟာလန်ဒန်မြို့တော်” ဟုခေါ်သည်။
ထောင်လွှားသောအာရှုရိမင်း
နိနေဝေမြို့နန်းတော်သည် အခန်းပေါင်း ၇၀ ကျော်ပါဝင်ပြီး နန်းတော်နံရံမှာ နှစ်မိုင်နီးပါးရှည်လျားသည်။ ဤနံရံများတွင်ရှိသော လောင်ကျွမ်းနေသည့်အနုပညာလက်ရာ အကြွင်းအကျန်များသည် စစ်အောင်နိုင်မှုနှင့် အခြားသောသမိုင်းမှတ်တိုင်များကို ဖော်ပြသည်။ အများစုမှာ ဆိုးဆိုးရွားရွားပျက်စီးနေပြီ။ လေးယဒ်သည် သူ၏လုပ်ငန်းပြီးဆုံးခါနီးတွင် မပျက်စီးရန် ထူးခြားစွာ ထိန်းသိမ်းထားသော အခန်းတစ်ခန်းကိုတွေ့ရှိခဲ့သည်။ ယင်း၏နံရံများပေါ်တွင် အလွန်ခိုင်ခံ့သည့်မြို့တော်ကို တိုက်ခိုက်အောင်မြင်ခြင်းနှင့် တိုက်ခိုက်သည့်ဘုရင်က မြို့ပြင်ဘက်ရှိပလ္လင်တွင်ထိုင်ပြီး သူ့ရှေ့တွင် ဖမ်းမိသူများစီတန်းသွားကြပုံများကို သရုပ်ဖော်ထားသည်။ ဘုရင်၏အပေါ်တွင် ကမ္ပည်းစာတစ်ခုရှိပြီး ယင်းစာကို အာရှုရိအရေးအသားကျွမ်းကျင်သူများက ဤသို့ဘာသာပြန်ကြသည်။ “လောကဘုရင်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည် နီမယ်ဒူ-ပလ္လင်ပေါ်တွင်ထိုင်တော်မူပြီး လာခိရှ (လာခီစူ) မှ သိမ်း (ယူ) လာသောပစ္စည်းများကို စနစ်တကျကြည့်ရှုစစ်ဆေးနေခြင်း။”
ယနေ့ ဤသရုပ်ဖော်ပုံနှင့်ကမ္ပည်းစာကို ဗြိတိသျှပြတိုက်တွင် တွေ့မြင်နိုင်သည်။ ယင်းသည် သမ္မာကျမ်းစာတွင် ၄ ဓမ္မရာဇဝင် ၁၈:၁၃၊ ၁၄ ၌မှတ်တမ်းတင်ထားသော သမိုင်းအဖြစ်အပျက်နှင့် ကိုက်ညီသည်။ “ဟေဇကိမင်းကြီးနန်းစံ ဆယ့်လေးနှစ်တွင် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ယုဒပြည်၌ ခိုင်ခံ့သောမြို့ရှိသမျှတို့ကို စစ်ချီ၍လုပ်ကြံလေ၏။ ယုဒရှင်ဘုရင်ဟေဇကိသည် အာရှုရိရှင်ဘုရင်ရှိရာ လာခိရှမြို့သို့ စေလွှတ်၍ အကျွန်ုပ်မှားပါပြီ။ ပြန်သွားတော်မူပါ။ ကိုယ်တော်တင်သမျှကို ထမ်းပါမည်ဟုလျှောက်စေသော် အာရှုရိရှင်ဘုရင်သည် ယုဒရှင်ဘုရင်ဟေဇကိ၌ ငွေအခွက်သုံးထောင် ရွှေအခွက်သုံးရာကိုတောင်း၏။”
နိနေဝေမြို့အပျက်အယွင်းများကြားတွင်တွေ့ရသော အခြားကမ္ပည်းစာများကလည်း ယုဒပြည်ကို သနာခရိပ်ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ဟေဇကိက မင်းဘဏ္ဍာဆက်သခြင်းအကြောင်းများကို အသေးစိတ်ဖော်ပြထားသည်။ “မှတ်တမ်းတင်သမိုင်းဆိုင်ရာ အထောက်အထားများတွင် အထင်ရှားဆုံးသော တိုက်ဆိုင်မှုတစ်ခုမှာ ဟေဇကိထံမှရရှိသောရွှေရတနာအတိုင်းအတာဖြစ်သည့် အခွက်သုံးရာမှာ မှီငြမ်းကိုးကားမှုမရှိသည့် မှတ်တမ်းနှစ်ခုလုံးနှင့်ကိုက်ညီသည်” ဟု လေးယဒ်ရေးသားခဲ့သည်။ အာရှုရိအရေးအသားကို အဓိပ္ပာယ်ဖော်ရာတွင် အကူအညီပေးသူ ဆာဟင်နရီ ရော်လင်ဆင်က ထိုကမ္ပည်းစာများသည် “မငြင်းနိုင်လောက်အောင် [သနာခရိပ်၏] သမိုင်းတွင်သည့်အထောက်အထားကို ဖော်ပြသည်” ဟုကြေညာခဲ့သည်။ ထို့အပြင် လေးယဒ်က သူရေးသားသည့် Nineveh and Babylon ဟူသောစာအုပ်တွင် “နိနေဝေမြို့ကွက်ကိုမှတ်သားဖော်ပြသည့် တောင်ပုံရာပုံမြေကြီးနှင့် အမှိုက်သရိုက်များအောက်တွင် အဖြစ်အပျက်များဖြစ်ပျက်သည့်အချိန်၌ပင် သနာခရိပ်ကိုယ်တိုင်ရေးသားထားသော ဟေဇကိနှင့် သနာခရိပ်တို့၏ စစ်သမိုင်းကိုတွေ့ရှိလိမ့်မည်၊ ယင်းက သမ္မာကျမ်းစာမှတ်တမ်းများကို အသေးအမွှားကလေးများမှစ၍ အခိုင်အမာထောက်ခံမည်၊ ယင်းအထောက်အထားများ ရှာဖွေတွေ့ရှိခြင်းမရှိမီ မည်သူတစ်ဦးတစ်ယောက်က ဖြစ်တန်ရာသည်၊ ဖြစ်နိုင်သည်ဟု ယုံကြည်နိုင်ပါမည်နည်း” ဟုမေးခွန်းထုတ်ထားသည်။
မှန်ပါသည်။ သနာခရိပ်မှတ်တမ်း၏ အချို့သောအသေးစိတ်အချက်အလက်များသည် သမ္မာကျမ်းစာနှင့်မကိုက်ညီပါ။ ဥပမာ၊ ရှေးဟောင်းသုတေသနပညာရှင် အဲလဲန် မီလာ့ဒ်က “အစွဲမှတ်စေဆုံးအကြောင်းသည် [သနာခရိပ်မှတ်တမ်း၏] အဆုံးပိုင်းတွင်ဖြစ်သည်။ ဟေဇကိသည် သူ၏စေတမန်နှင့် လက်ဆောင်ပဏ္ဏာအားလုံးကို သနာခရိပ်ထံသို့၊ ‘နောက်ပိုင်းတွင် နိနေဝေမြို့သို့’ ပို့လိုက်သည်။ အာရှုရိစစ်တပ်သည် ယင်းတို့ကို ခါတိုင်းကဲ့သို့ အောင်ပွဲခံသည့်အနေနှင့် အိမ်ပြန်သယ်သွားခြင်းမပြုကြချေ” ဟုမှတ်ချက်ချသည်။ သမ္မာကျမ်းစာက လက်ဆောင်ပဏ္ဏာများကို နိနေဝေမြို့သို့ အာရှုရိဘုရင် မပြန်သွားမီ ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၅-၁၇) အဘယ်ကြောင့် ကွာခြားနေရသနည်း။ သနာခရိပ်သည် ယုဒတို့၏ခိုင်ခံ့သောလာခိရှမြို့ကို တိုက်ခိုက်အောင်မြင်စဉ်ကဝါကြွားသကဲ့သို့ ယုဒတို့၏မြို့တော် ယေရုရှလင်မြို့ကိုအောင်နိုင်သောအခါ အဘယ်ကြောင့်မဝါကြွားနိုင်ခဲ့သနည်း။ သမ္မာကျမ်းစာရေးသူသုံးဦးက အဖြေပေးထားသည်။ သူတို့ထဲမှမျက်မြင်သက်သေတစ်ဦးက “ထိုအခါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကောင်းကင်တမန်သည်ထွက်၍ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစောထချိန်ရောက်သောအခါ ထိုသူအပေါင်းတို့သည် အသေကောင်ဖြစ်ကြ၏။ အာရှုရိရှင်ဘုရင်သနာခရိပ်သည်လည်း ထိုအရပ်မှထွက်၍ပြန်သွားပြီးလျှင် နိနေဝေမြို့၌နေလေ၏” ဟုရေးသားခဲ့သည်။—ဟေရှာယ ၃၇:၃၆၊ ၃၇။ ၄ ဓမ္မရာဇဝင် ၁၉:၃၅။ ၂ ရာဇဝင်ချုပ် ၃၂:၂၁။
မီလာ့ဒ်က သူရေးသားသည့် Treasures From Bible Times စာအုပ်တွင် “ဤမှတ်တမ်းကို သံသယဖြစ်ရန် ခိုင်လုံသောအကြောင်းမရှိပါ။ . . . သနာခရိပ်သည် သူ့အားဆက်ခံသူများအတွက် ဤဘေးဆိုးမျိုးကို မှတ်တမ်းတင်ခဲ့မည်မဟုတ်သည်မှာ ရှင်းပါသည်။ အကြောင်းမှာ သူ့အားအယုံအကြည်ကင်းမဲ့သွားနိုင်သောကြောင့်ဖြစ်သည်” ဟုမှတ်ချက်ချထားသည်။ ယင်းကိုမှတ်တမ်းတင်မည့်အစား ယုဒကိုဝင်ရောက်တိုက်ခိုက်ခြင်းသည် အောင်မြင်မှုရှိပြီး ဟေဇကိက သူ့အားဆက်လက်၍အောက်ခံကာ နိနေဝေမြို့သို့ လက်ဆောင်ပဏ္ဏာများကိုပို့ပေးသည့်အစွဲကို ဖန်တီးခဲ့သည်။
အာရှုရိ၏မူလအစအကြောင်းများ အတည်ပြုခံရ
ရွှံ့ချပ်စာ ထောင်ပေါင်းများစွာပါဝင်သော စာပေတိုက်များကိုလည်း နိနေဝေမြို့တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ကမ္ဘာဦး ၁၀:၁၁ တွင်ဖော်ပြထားသည့်အတိုင်း အာရှုရိအင်ပါယာသည် ဗာဗုလုန်မြို့၏တောင်ဘက်တွင် မြစ်ဖျားခံကြောင်း ယင်းစာပေစာတမ်းများက သက်သေထူသည်။ ဤအချက်ကိုအခြေပြု၍ ရှေးဟောင်းသုတေသနပညာရှင်များက တောင်ပိုင်းသို့ပို၍ မိမိတို့၏စူးစမ်းရှာဖွေမှုကို စူးစိုက်လာကြသည်။ Encyclopædia Biblica က “အာရှုရိတို့ကြွင်းကျန်ခဲ့သည့်အရာအားလုံးက သူတို့သည် ဗာဗုလုန်အခြေအမြစ်မှဆင်းသက်လာကြကြောင်းကို ဖော်ပြသည်။ သူတို့၏ ဘာသာစကားနှင့်စာအရေးအသားနည်းစနစ်၊ စာပေ၊ ဘာသာရေး၊ အတတ်ပညာများသည် သူတို့တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ၏ လွှမ်းမိုးခံထားရသည်များဖြစ်ပြီး မဆိုစလောက်သာပြုပြင်ပြောင်းလဲထားသည်” ဟုရှင်းပြထားသည်။
အထက်ပါကဲ့သို့သောရှာဖွေတွေ့ရှိမှုများက သမ္မာကျမ်းစာကိုအပြစ်ရှာသူများအား မိမိတို့၏အမြင်ကိုပြုပြင်ပြောင်းလဲရန် ဖိအားပေးသည်။ အမှန်မှာ အရင်းခံသဘောဖြင့်ကျမ်းစာကိုစစ်ဆေးမှုက ယင်းကို စေ့စပ်ပြီး ရိုးသားသောကျမ်းရေးသူများ ရေးသားခဲ့ကြောင်းကို ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်၏ တရားသူကြီးချုပ်ဟောင်း စဲလ်မွန် ပီ၊ ချေ့စ်က သမ္မာကျမ်းစာကိုစူးစမ်းစစ်ဆေးပြီးနောက်တွင် “ယင်းသည် ရှည်လျားသော၊ လေးနက်သော၊ ကြီးကျယ်သော လေ့လာမှုတစ်ရပ်ဖြစ်သည်။ အခြားကိစ္စများတွင် ကျွန်ုပ်အမြဲပြုသည့်နည်းအတိုင်း ဤဘာသာရေးကိစ္စတွင်လည်း အထောက်အထားရှာဖွေသည့်နည်းလမ်းကိုအသုံးပြုသောအခါ သမ္မာကျမ်းစာသည် သာလွန်ထူးကဲသောစာအုပ်၊ ဘုရားထံမှလာသောစာအုပ်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်” ဟု ပြောဆိုခဲ့သည်။—The Book of Books: An Introduction.
မှန်ပါသည်။ သမ္မာကျမ်းစာသည် တိကျမှန်ကန်သောသမိုင်းမျှသာမဟုတ်ပါ။ ယင်းသည် ဘုရားသခင်မှုတ်သွင်းထားသောနှုတ်ကပါဌ်တော်ဖြစ်ပြီး လူသားများအတွက် အကျိုးဖြစ်ထွန်းစေသည့်ဆုလာဘ်တစ်ခုဖြစ်သည်။ (၂ တိမောသေ ၃:၁၆) သမ္မာကျမ်းစာပါ ပထဝီအနေအထားကို စစ်ဆေးကြည့်ရှုခြင်းအားဖြင့် ယင်းသို့ဖြစ်ကြောင်း အထောက်အထားကို တွေ့မြင်နိုင်သည်။ ယင်းအကြောင်းကို နောက်စာစောင်တွင် ဆွေးနွေးတင်ပြထားပါမည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အထက်– နံရံကပ် ရုပ်ကြွများမှထုတ်ထားသော အစအနသုံးခု
အောက်– လာခိရှမြို့တိုက်ခိုက်သိမ်းပိုက်ပုံအကြောင်း ပုံဖော်ထားသည့် အာရှုရိနံရံကပ်ရုပ်ကြွပန်းချီများ
[Credit Lines]
(Courtesy of The British Museum)
(From The Bible in the British Museum, published by British Museum Press)
[Picture Credit Line on page 4]
Courtesy of the Trustees of the British Museum