ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ct အခန်း ၃ စာ. ၂၈-၄၄
  • သက်ရှိအစ ဘယ်ဆီက

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သက်ရှိအစ ဘယ်ဆီက
  • သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဓာတ်ခွဲခန်းအတွင်းမှ ကမ္ဘာဦးအခြေအနေ
  • သဘောထားများ ပြောင်းလဲသွား—ပဟေဠိပုစ္ဆာများ ကျန်နေဆဲ
  • စကားထာပဟေဠိများ အဘယ်ကြောင့်ရှိရသနည်း
  • အကြောင်းအချက်နှင့် ဉာဏ်ရည်
  • သက်ရှိဖြစ်ပေါ်ရေး စုပေါင်းဆောင်ရွက်မှု
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • မေးသင့်မေးထိုက်တဲ့ မေးခွန်းနှစ်ခု
    နိုးလော့!—၂၀၁၅
  • အသက် ဘယ်လို ဖြစ်လာသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ဆင့်ကဲဖြစ်စဉ်၏အခြေခံ ပျောက်ဆုံးနေသလော
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
ct အခန်း ၃ စာ. ၂၈-၄၄

အခန်းသုံး

သက်ရှိအစ ဘယ်ဆီက

ကျွန်ုပ်တို့၏ကမ္ဘာသည် သက်ရှိတို့ဖြင့်ပြည့်လျက်ရှိသည်။ နှင်းဖုံးသောအာတိတ်မှသည် အမေဇုန်မိုးသစ်တောအထိလည်းကောင်း၊ ဆဟာရသဲကန္တာရမှသည် အဲဗားဂလိပ်ဇ်စိမ့်မြေအထိလည်းကောင်း၊ မှောင်မဲသည့် သမုဒ္ဒရာကြမ်းပြင်မှသည် လင်းကျင်းသောတောင်ထိပ်များအထိလည်းကောင်း သက်ရှိများ ဒုနှင့်ဒေးရှိကြသည်။ သက်ရှိတို့သည် ကျွန်ုပ်တို့ကို အံ့သြမိန်းမောစေနိုင်စွမ်း အပြည့်ရှိကြသည်။

သက်ရှိတို့သည် စိတ်ကူးအတွေးကို ကွန့်မြူးစေလောက်အောင် အမျိုးအစား၊ အရွယ်အစားနှင့် အရေအတွက် မြောက်မြားလှသည်။ မျိုးစိတ်တစ်သန်းရှိသော အင်းဆက်ပိုးမွှားများသည် ကျွန်ုပ်တို့ဂြိုဟ်ကမ္ဘာပေါ်တွင် တဝီဝီနှင့် လူးလွန့်လှုပ်ရှားနေကြသည်။ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ရှိ ရေပြင်များတွင် မျိုးစိတ်ပေါင်း ၂၀,၀၀၀ ကျော်ရှိသောငါးများ ကူးခတ်နေကြသည်။ အချို့တို့၏အရွယ်မှာ စပါးစေ့မျှသာရှိပြီး အချို့တို့မှာ ထရပ်ကားကြီးလောက်ရှည်လျားသည်။ အနည်းဆုံး မျိုးစိတ်ပေါင်း ၃၅၀,၀၀၀ ခန့်ရှိသောအပင်များသည်—အချို့မှာ ထူးခြားဆန်းပြား၍ အများစုမှာ အံ့အားသင့်စရာကောင်းလှသည်—ကုန်းမြေကို အလှတန်ဆာဆင်ပေးကြသည်။ မျိုးစိတ် ၉,၀၀၀ ကျော်ရှိသော ကျေးငှက်သာရကာများသည် မိုးကောင်းကင်တွင် ပျံသန်းလျက်ရှိကြသည်။ လူသားအပါအဝင် ဤသတ္တဝါတို့သည် သက်ရှိဟူ၍ ကျွန်ုပ်တို့ ညွှန်းဆိုသော မြင်ကွင်းကျယ်ရှုခင်းနှင့် သံစုံတီးဝိုင်းတေးသွားတို့ကို ရုပ်လုံးဖော်ကြသည်။

သို့သော် ကျွန်ုပ်တို့ပတ်ပတ်လည်ရှိ နှစ်သိမ့်ကြည်နူးဖွယ်ကောင်းသော အမျိုးအမည် များပြားစုံလင်မှုထက် ပို၍အံ့သြဖွယ်ကောင်းသည်မှာ ၎င်းတို့ကိုတစ်စုတစ်စည်းတည်း ဆက်သွယ်ထားသည့် ကျစ်လျစ်သိပ်သည်းသော အစီအစဉ်ပင်ဖြစ်သည်။ ကမ္ဘာ့သတ္တဝါများအကြောင်း စေ့စေ့စပ်စပ်စစ်ဆေးသည့် ဇီဝဓာတုဗေဒပညာရှင်များက သက်ရှိအားလုံး—အမီးဗားများဖြစ်စေ၊ လူသားများဖြစ်စေ—သည် အံ့သြထိတ်လန့်ဖွယ်ကောင်းသော အပြန်အလှန် အကျိုးသက်ရောက်မှုတည်းဟူသော နျူကလီအစ်အက်ဆစ်များ (ဒီအင်အေနှင့် အာရ်အင်အေ) နှင့် ပရိုတင်းမော်လီကျူးများ စုပေါင်းဆောင်ရွက်မှုပေါ် တည်မှီနေကြောင်း ရှင်းပြကြသည်။ ဤအစိတ်အပိုင်းများ ပါဝင်ပတ်သက်သည့် ၎င်းအနုစိတ်ဖြစ်စဉ်များသည် ငှက်ပိတုန်း၊ ခြင်္သေ့နှင့် ဝေလငါးတို့၏ဆဲလ်များအတွင်း၌ ဖြစ်ပျက်နေသကဲ့သို့ ကျွန်ုပ်တို့၏ ခန္ဓာဆဲလ်အားလုံးနီးနီး၌ ဖြစ်ပျက်နေသည်။ ဤသို့တစ်ပုံစံတည်း အပြန်အလှန် အကျိုးသက်ရောက်မှုက လှပတင့်တယ်သော သက်ရှိပုံသဏ္ဌာန် အထူးထူးအပြားပြားကို ဖြစ်ပေါ်စေသည်။ စည်းလုံးညီညာစွာ ဖွဲ့စည်းစီစဉ်ထားသည့်သက်ရှိ မည်သို့ဖြစ်ပေါ်လာသနည်း။ စင်စစ်အားဖြင့် သက်ရှိအစ အဘယ်ဆီကနည်း။

အခါတစ်ပါး၌ ကမ္ဘာပေါ်တွင် သက်ရှိမရှိခဲ့ကြောင်း သင်လက်ခံပေမည်။ သိပ္ပံဆိုင်ရာထင်မြင်ချက်က သဘောတူသည့်နည်းတူ ဘာသာရေးစာပေအများကလည်း သဘောတူကြသည်။ သို့တိုင်အောင်၊ ထိုဇာစ်မြစ်နှစ်ခုဖြစ်သော သိပ္ပံနှင့် ဘာသာတရားတို့သည် ကမ္ဘာပေါ် သက်ရှိစတင်လာပုံအကြောင်း ရှင်းပြရာ၌ ကွဲပြားခြားနားကြောင်း သင်သတိပြုမိပေမည်။

ပညာရေးအဆင့်အတန်း အသီးသီးမှ သန်းပေါင်းများစွာသောလူတို့က အသိဉာဏ်ရှိသော ဖန်ဆင်းရှင်၊ မူလဒီဇိုင်းရေးဆွဲရှင်တစ်ပါးက ကမ္ဘာ့သက်ရှိများကို ဖြစ်ပေါ်စေကြောင်း ယုံကြည်ကြသည်။ တစ်ဖက်တွင် သိပ္ပံပညာရှင်အများက သက်ရှိများသည် သက်မဲ့ဒြပ်မှ တစ်ဆင့်ပြီးတစ်ဆင့် ဓာတုတုံ့ပြန်မှုကြောင့် အမှတ်မထင် ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။ သက်ရှိသည် ဖန်ဆင်းခံရသလော၊ သို့တည်းမဟုတ် အမှတ်မထင် ဖြစ်ပေါ်လာသလော။

ဤအကြောင်းသည် ကျွန်ုပ်တို့နှင့်မသက်ဆိုင်သကဲ့သို့ အဓိပ္ပာယ်ပို၍ပြည့်စုံသည့်ဘဝ ရှာဖွေခြင်းနှင့်လည်း မသက်ဆိုင်ဟု မယူဆသင့်ပါ။ ကျွန်ုပ်တို့ သတိပြုမိပြီးဖြစ်သည့်အတိုင်း လူသားများ အဖြေရရှိရေး ရှာပုံတော်ဖွင့်လာသည့် အခြေခံအကျဆုံး မေးခွန်းများထဲမှ တစ်ခုမှာ သက်ရှိလူသားများဖြစ်သော ကျွန်ုပ်တို့သည် အဘယ်မှ ဖြစ်လာကြသနည်း ဟူ၍ဖြစ်သည်။

သိပ္ပံဘာသာရပ်သင်တန်းအများက သက်ရှိတို့၏ မူလအစနှင့်ပတ်သက်သော ပို၍အဓိကကျသည့် ပြဿနာအပေါ် အာရုံစူးစိုက်မည့်အစား သက်ရှိပုံသဏ္ဌာန်တို့၏ အခြေအနေနှင့်လိုက်လျောညီထွေ ပြောင်းလဲတတ်ခြင်းနှင့် ၎င်းတို့၏ အသက်ရှင်တည်တံ့ရေးအကြောင်းပေါ်သာ အာရုံစိုက်ကြသည်။ သက်ရှိဘယ်ကလာကြောင်း ကြိုးစားရှင်းပြရာ၌ အများအားဖြင့် ‘လွန်ခဲ့သောနှစ် သန်းပေါင်းများစွာက မော်လီကျူးများ အချင်းချင်းတိုက်မိရာမှ တစ်နည်းနည်းဖြင့် သက်ရှိဖြစ်ပေါ်လာသည်’ ဟူသော ယေဘုယျကောက်ချက်များကိုသာ တင်ပြကြကြောင်း သင်သတိပြုမိပေမည်။ သို့တစေ၊ ယင်းရှင်းပြချက်သည် အမှန်ပင် စိတ်ကျေနပ်ဖွယ်ကောင်းသလော။ နေမှဖြစ်စေ၊ လျှပ်စီးလက်ခြင်းမှဖြစ်စေ၊ မီးတောင်များမှဖြစ်စေ ရရှိသည့်စွမ်းအင်ကြောင့် သက်မဲ့ဒြပ်အချို့ ရွေ့ရှားပြီး ပေါင်းစည်းမိရာမှ မည်သည့်လမ်းညွှန်အကူအညီမျှမပါဘဲ နောက်ဆုံးတွင် အသက်ရှင်လာကြသည် ဟူသောသဘောသက်ရောက်သည်။ မည်မျှကြီးမားလှသည့် ခုန်ပျံကျော်လွှားခြင်းပါတကား! သက်မဲ့ဒြပ်မှ သက်ရှိအဖြစ်သို့ ခုန်လွှားလိုက်ခြင်းပါတကား! ဤနည်းအတိုင်း ဖြစ်ပျက်နိုင်ခဲ့မည်လော။

အလယ်ခေတ်က ဤသို့သောအယူအဆကို လက်ခံခြင်းသည် ပြဿနာဖြစ်ဖွယ်မရှိပေ။ အကြောင်းမှာ အလိုအလျောက် မျိုးပွားခြင်း—သက်မဲ့ဒြပ်မှ သက်ရှိဖြစ်ပေါ်လာနိုင်သည်ဟူသော အယူအဆ—သည် ခေတ်စားနေသောယုံကြည်ချက် ဖြစ်နေသောကြောင့်တည်း။ နောက်ဆုံး၌၊ ၁၇ ရာစုတွင် အီတလီ ရူပဗေဒပညာရှင် ဖရန်ချက်စ်ကို ရက်ဒီက အသားပုပ်ပေါ် ယင်ကောင်များ ဥဥချပြီးနောက်၌သာ ထိုအသားပုပ်ထဲ၌ လောက်များဖြစ်ပေါ်လာကြောင်း သက်သေထူပြလိုက်သည်။ ယင်ကောင်မနားနိုင်သည့်အသား၌ လောက်များဖြစ်ပေါ်ခြင်းမရှိ။ ယင်ကောင်မျှလောက်ရှိသော အင်းဆက်ပိုးသည် အလိုအလျောက် ဖြစ်ပေါ်မလာနိုင်ပါက ဖုံးအုပ်ထားသည့်အစာ၊ သို့မဟုတ် မဖုံးဘဲထားသည့်အစာတွင် အဏုဇီဝပိုးမွှားများ ဖြစ်ပေါ်လေ့ရှိခြင်းကို မည်သို့ဆိုမည်နည်း။ အဏုဇီဝပိုးမွှားများသည် အလိုအလျောက် ဖြစ်ပေါ်မလာနိုင်ကြောင်း နောက်ပိုင်းစမ်းသပ်ချက်များက ထောက်ပြခဲ့သော်လည်း ဤအကြောင်းသည် အငြင်းပွားစရာအဖြစ် ဆက်လက်ကျန်ရှိနေခဲ့သည်။ ၎င်းနောက် လူဝီ ပါစတာ၏ ကြိုးပမ်းလုပ်ဆောင်ချက် ပေါ်လာသည်။

အချဉ်ဖောက်ခြင်းနှင့် ရောဂါကူးစက်ခြင်း ပြဿနာများကို ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ပါစတာ၏ ကြိုးပမ်းလုပ်ဆောင်ချက်ကို လူအများ အမှတ်ရကြသည်။ အလွန်သေးငယ်သော သက်ရှိပုံသဏ္ဌာန်များ အလိုအလျောက် ဖြစ်ပေါ်လာနိုင် မလာနိုင် အဆုံးအဖြတ်ပေးသည့် စမ်းသပ်ချက်များကိုလည်း သူပြုလုပ်ခဲ့သည်။ အလွန်သေးငယ်သော ဗက်တီးရီးယားတို့ပင် ညစ်ညမ်းခြင်းမရှိရအောင် ကာကွယ်ထားသည့် ပိုးကင်းသောရေထဲတွင် မဖြစ်ပေါ်နိုင်ကြောင်း ပါစတာက ထင်ရှားပြခဲ့သည့်အကြောင်းကို သင်ဖတ်ဖူးကောင်း ဖတ်ဖူးပေမည်။ “အလိုအလျောက် မျိုးပွားခြင်းယူဆချက်သည် ဤရိုးရိုးလေး စမ်းသပ်ချက်၏ အသေထိုးနှက်ခြင်းဒဏ်ချက်မှ ဘယ်သောအခါမျှ နာလန်ထလာနိုင်မည်မဟုတ်” ဟု ၁၈၆၄ ခုနှစ်တွင် သူကြေညာခဲ့သည်။ ထိုကြေညာချက်သည် မှန်ကန်လျက်ပင်ရှိသည်။ သက်မဲ့ဒြပ်မှ သက်ရှိဖြစ်ပေါ်အောင် မည်သည့်စမ်းသပ်ချက်ကမျှ မပြုလုပ်နိုင်သေးချေ။

သို့ဖြစ်လျှင် ကမ္ဘာပေါ်တွင် သက်ရှိ မည်သို့ဖြစ်ပေါ်လာသနည်း။ ဤပြဿနာကိုဖြေရှင်းရန် ခေတ်သစ် ကြိုးပမ်းအားထုတ်မှုအဖြစ် ၁၉၂၀ ပြည့်လွန်နှစ်များမှ ရုရှား ဇီဝဓာတုဗေဒပညာရှင် အလက်ဇန္ဒား အိုင်. အပရင်၏ ကြိုးပမ်းလုပ်ဆောင်ချက်ကို ရက်စွဲသတ်မှတ်နိုင်ပေသည်။ ထိုအချိန်မှစ၍ သူနှင့်အခြားသိပ္ပံပညာရှင်တို့က ဤဂြိုဟ်ကမ္ဘာဇာတ်စင်ပေါ်တွင် ဖြစ်ပျက်ခဲ့သည်ဟုဆိုသော အခန်းသုံးခန်း ပါဝင်သည့်ပြဇာတ်၏ ဇာတ်ညွှန်းနှင့်တူသောအရာကို တင်ပြခဲ့ကြသည်။ ပထမအခန်းတွင် ကမ္ဘာ့ဒြပ်စင်များ၊ သို့မဟုတ် ကုန်ကြမ်းများ မော်လီကျူးအုပ်စုများအဖြစ် အသွင်ပြောင်းလဲပုံအကြောင်း သရုပ်ဖော်တင်ဆက်ထားသည်။ ဒုတိယအခန်းတွင် မော်လီကျူးကြီးများအဖြစ် ခုန်ပျံကျော်လွှားသွားပုံကို တင်ဆက်ထားသည်။ ဤပြဇာတ်၏ နောက်ဆုံးအခန်းတွင် ပထမဆုံးသော သက်ရှိဆဲလ်အဖြစ် ခုန်ပျံကျော်လွှားပုံအကြောင်း တင်ဆက်ထားသည်။ သို့သော် ထိုနည်းအတိုင်း အမှန်ပင် ဖြစ်ပျက်ခဲ့ပါသလော။

ထိုပြဇာတ်၏ အဓိကလိုရင်းမှာ ကမ္ဘာ၏ အစောပိုင်းလေထုသည် ယနေ့လေထုနှင့် များစွာကွာခြားကြောင်း ရှင်းပြခြင်းဖြစ်သည်။ သီအိုရီတစ်ခုက အောက်ဆီဂျင်သက်သက်ဟူ၍ မရှိသလောက်ပင်ဖြစ်ပြီး နိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင်နှင့် ကာဗွန် အစရှိသည့်ဒြပ်စင်တို့သည် အမိုနီယာနှင့် မီသိန်းတို့ကို ဖြစ်ပေါ်စေသည်ဟု ယူဆသည်။ ၎င်းယူဆချက်အရ ဤဓာတ်ငွေ့များနှင့် ရေခိုးရေငွေ့တို့ဖြင့် ဖွဲ့စည်းထားသည့်လေထုသည် မိုးကြိုးနှင့် ခရမ်းလွန်ရောင်ခြည် ထိမှန်သည့်အခါ သကြားများနှင့် အေမီနိုအက်ဆစ်များ ဖြစ်ပေါ်လာသည်။ သို့သော်၊ ယင်းမှာ သီအိုရီမျှသာဖြစ်ကြောင်း သတိရပါ။

သီအိုရီဆိုင်ရာ ဤပြဇာတ်အရ အဆိုပါ မော်လီကျူးဒြပ်ပေါင်းများသည် သမုဒ္ဒရာ သို့မဟုတ် အခြားသောရေထုများထဲသို့ မျောပါသွားကြသည်။ အချိန်အတန်ကြာပြီးနောက် သကြားများ၊ အက်ဆစ်များနှင့် အခြားသောဒြပ်ပေါင်းများတို့သည် “ဇီဝရုပ်မတိုင်မီ ဟင်းချိုရည်“ ထဲသို့ စုစည်းရောက်ရှိသွားကြရာ ထိုတွင် သာဓကအားဖြင့် အေမီနိုအက်ဆစ်များသည် ပရိုတင်းများအဖြစ် ပေါင်းစည်းမိကြသည်။ သီအိုရီဆိုင်ရာ ဤတိုးတက်မှုကို တိုးချဲ့သည့်အနေနှင့် နျူကလီယိုတိုက်ဟုခေါ်သော အခြားဒြပ်ပေါင်းများသည် ကွင်းဆက်များအဖြစ်ဖွဲ့စည်း၍ ဒီအင်အေ ကဲ့သို့သော နျူကလီအစ်အက်ဆစ် ဖြစ်လာကြသည်။ ဤအချက်အားလုံးတို့က မော်လီကျူးပြဇာတ်၏ နောက်ဆုံးအခန်းအတွက် ဇာတ်ခုံအခင်းအကျင်း အသင့်ပြင်ပေးသည်။

သက်သေခြေမြစ်ထင်ရှားခြင်းမရှိသော ဤနောက်ဆုံးအခန်းကို အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် လူတစ်ဦးဖော်ပြပေမည်။ ပရိုတင်းမော်လီကျူးများနှင့် ဒီအင်အေမော်လီကျူးများ တွေ့ဆုံကြသည်၊ တစ်ဦးကိုတစ်ဦးမှတ်မိပြီး ပွေ့ဖက်လိုက်ကြသည်။ ၎င်းနောက် ပြည်ဖုံးကားမကျလာမီ ပထမဦးဆုံးသောသက်ရှိဆဲလ် မွေးဖွားလာသည်။ ဤပြဇာတ်ကို သင်ကြည့်ရှုနေမည်ဆိုလျှင် ‘ဒါက တကယ့်အဖြစ်မှန်လား၊ စိတ်ကူးယဉ်ဝတ္ထုလား၊ ကမ္ဘာ့သက်ရှိတွေ ဒီနည်းအတိုင်း တကယ် စတင်ပေါ်ပေါက်လာနိုင်ပါသလား’ ဟူ၍ သင်တွေးမိပေမည်။

ဓာတ်ခွဲခန်းအတွင်းမှ ကမ္ဘာဦးအခြေအနေ

၁၉၅၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် သိပ္ပံပညာရှင်တို့သည် အလက်ဇန္ဒား အပရင် ၏သီအိုရီကို လက်တွေ့စမ်းသပ်ရန် စိုင်းပြင်းခဲ့ကြသည်။ အသက်သည် သက်ရှိထံမှ သာ ဖြစ်ပေါ်လာသည်ဟူသောအချက်သည် အတည်ပြုပြီးသော အမှန်တရားဖြစ်သော်လည်း သိပ္ပံပညာရှင်တို့က အတိတ်ကာလတွင် အခြေအနေသာ တစ်မျိုးတစ်မည် ကွဲပြားခြားနားခဲ့မည်ဆိုလျှင် သက်ရှိသည် သက်မဲ့မှ တဖြည်းဖြည်းနှင့် ဖြစ်ပေါ်လာနိုင်သည်ဟု မှန်းဆခဲ့ကြသည်။ ယင်းကို သက်သေပြနိုင်သလော။ ဟယ်ရယ် ယူရီ ဓာတ်ခွဲခန်းတွင် အလုပ်လုပ်သော သိပ္ပံပညာရှင် စတန်လေ အယ်လ်. မီလာ ဆိုသူက ဟိုက်ဒရိုဂျင်၊ အမိုနီယာ၊ မီသိန်းနှင့် ရေခိုးရေငွေ့တို့ကိုယူပြီး (ကမ္ဘာဦးလေထုဖွဲ့စည်းပုံအဖြစ် ယူဆသည်) အောက်ခြေတွင် ဆူနေသောရေ (သမုဒ္ဒရာကိုပုံခိုင်းသည်) ပါရှိသည့် ဖန်ဘူးတစ်ခုအတွင်းထည့်၍ အလုံပိတ်ကာ ထိုဓာတ်ငွေ့နှောထဲသို့ ဗို့အားမြင့် လျှပ်စစ်မီးပွားများကို (မိုးကြိုးပစ်ဟန်) လွှတ်ပေးသည်။ တစ်ပတ်ကြာသောအခါ နီကြင့်ကြင့် စေးထန်းထန်း ဝတ္ထုအစအနများ ဖြစ်ပေါ်လာသည်။ ယင်းတို့ကို မီလာက ဓာတ်ခွဲကြည့်သောအခါ ပရိုတင်း၏ အဆီအနှစ်ဖြစ်သော အေမီနိုအက်ဆစ်များ ကြွယ်ဝသည်ကိုတွေ့ရှိရသည်။ ဤစမ်းသပ်ချက်က ကမ္ဘာပေါ် သက်ရှိစတင်ဖြစ်ပေါ်လာပုံကို ဖြေရှင်းပေးလိုက်သည့်အလား ကျောင်းသင်ရိုးညွှန်းတမ်း သိပ္ပံဖတ်စာအုပ်များတွင် ဤအကြောင်းကို ကိုးကားဖော်ပြလာသည်မှာ နှစ်ပေါင်းများစွာရှိလာပြီဖြစ်၍ ဤအကြောင်းကို သင်ကြားဖူးနားဝဖြစ်ပေမည်။ သို့သော် ဖြေရှင်းပေးပါသလော။

အမှန်ဆိုရလျှင် မီလာစမ်းသပ်ချက်၏တန်ဖိုးကို ယနေ့ အကြီးအကျယ် သံသယဖြစ်နေကြသည်။ (စာမျက်နှာ ၃၆-၇ မှ “ဂန္ထဝင်မြောက်သော်လည်း သံသယဖြစ်ဖွယ်ရှိ” ရှု။) သို့ရာတွင်၊ ယင်းအပေါ်ယံအောင်မြင်မှုက နျူကလီအစ်အက်ဆစ်များ (ဒီအင်အေ သို့မဟုတ် အာရ်အင်အေ) အတွင်းတွေ့ရှိရသော အစိတ်အပိုင်းများကိုပင် ထုတ်လုပ်လာနိုင်သည့် အခြားသောစမ်းသပ်မှုများဆီသို့ ဦးတည်ပေးခဲ့သည်။ ဤနယ်ပယ်တွင် အထူးကျွမ်းကျင်သူများ (တစ်ခါတစ်ရံ သက်ရှိအစ သိပ္ပံပညာရှင်များဟု အခေါ်ခံရသူများ) က အကောင်းဘက်မြင်ကြသည်။ အကြောင်းမှာ မော်လီကျူးပြဇာတ်၏ ပထမအခန်းကို သူတို့ ပုံတူလုပ်နိုင်ခဲ့ပုံရ၍ဖြစ်သည်။ သို့နှင့် ကျန်ရှိသောအခန်းနှစ်ခန်းကိုလည်း ဓာတ်ခွဲစမ်းသပ်ခန်းအတွင်း ပုံတူပြုလုပ်နိုင်လိမ့်မည်ဟု ယူဆပုံရသည်။ “ကမ္ဘာဦးသက်ရှိစနစ်၏ မူလအစကို ဆင့်ကဲဖြစ်စဉ်ဖြင့် ရှင်းလင်းတင်ပြနိုင်မည့်အချိန် မဝေးလှတော့” ဟု ဓာတုဗေဒ ပါမောက္ခတစ်ဦးက ဆိုသည်။ သိပ္ပံစာရေးဆရာတစ်ဦးကလည်း “[စာရေးဆရာမ] မေရီ ရှယ်လီ ဖန်တီးသောဇာတ်ကောင်ဖြစ်သည့် ဒေါက်တာ ဖရန့်ကင်စတိုင်း ကဲ့သို့သော သိပ္ပံပညာရှင်များသည် များမကြာမီ သူတို့၏ ဓာတ်ခွဲခန်းအတွင်း သက်ရှိဇီဝရုပ်များကို ဖန်တီးခြင်းအားဖြင့် ကမ္ဘာဦးသက်ရှိဖြစ်ပေါ်လာပုံကို အသေးစိတ် တင်ပြလာနိုင်တော့မည်ဟု ပညာရှိကဝိများက ဟောကိန်းထုတ်ကြသည့်အကြောင်း” မှတ်ချက်ပေးခဲ့သည်။ သက်ရှိ အလိုအလျောက်စတင်ခြင်းဆိုင်ရာ ပဟေဠိကို ဖြေရှင်းလိုက်နိုင်ပြီဟု လူအများက ယူဆကြသည်။—စာမျက်နှာ ၃၈ မှ “လက်ဝဲ၊ လက်ယာ” ရှု။

သဘောထားများ ပြောင်းလဲသွား—ပဟေဠိပုစ္ဆာများ ကျန်နေဆဲ

သို့သော်၊ ထိုအချိန်မှစ၍ နှစ်အနည်းငယ်အတွင်း ထိုအကောင်းမြင်သဘောသည် ပျောက်လွင့်သွားလေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သော်လည်း ဇီဝဆိုင်ရာ လျှို့ဝှက်ချက်အကြောင်းကို သဘောမပေါက်နိုင်ဘဲ ရှိနေသည်။ မိမိ၏စမ်းသပ်ချက်နောက်ပိုင်း နှစ်ပေါင်း ၄၀ ခန့် ကုန်လွန်ပြီးနောက် ပါမောက္ခ မီလာက “သက်ရှိစတင်ပုံ ပြဿနာသည် ကျွန်ုပ်နှင့် အခြားအခြားသူများ မျှော်မှန်းခဲ့သည်ထက် များစွာခက်ခဲနက်နဲကြောင်း ထင်ရှားလာသည်” ဟု ဆိုင်းယင်းတစ်ဖစ် အမေရိကန် စာစောင်သို့ ပြောကြားခဲ့သည်။ အခြားသိပ္ပံပညာရှင်များကလည်း ဤအတိုင်းပင် သဘောထား ပြောင်းလဲသွားကြသည်။ သာဓကအနေဖြင့် လွန်ခဲ့သော ၁၉၆၉ ခုနှစ်တွင် ဇီဝဗေဒ ပါမောက္ခ ဒင်း အိပ်ချ်. ကဲင်ညွန်သည် ဇီဝဓာတုဆိုင်ရာ တင်ကူးသတ်မှတ်ချက် စာအုပ်ကို ပူးတွဲရေးသားခဲ့သည်။ သို့သော် များမကြာမီက သူက “မည်သည့်အကူအညီမျှမပါဘဲ ဒြပ်ရုပ်နှင့်စွမ်းအင်တို့သည် မိမိတို့ဘာသာ သက်ရှိစနစ်အဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာသည်ဟူသော ယူဆချက်သည် အခြေခံအားဖြင့် ယုတ္တိမရှိပါ” ဟု ကောက်ချက်ချခဲ့သည်။

မှန်ပါ၏၊ ဓာတ်ခွဲခန်းစမ်းသပ်မှုက “ဓာတုတုံ့ပြန်မှုကြောင့် ဇီဝအသက်စတင်ဖြစ်ပေါ်လာသည်ဟူသော လတ်တလောသီအိုရီအားလုံး၌ အခြေခံ အပြစ်အနာအဆာ” ရှိကြောင်း ကဲင်ညွန်၏အကဲဖြတ်ချက်ကို ထောက်ခံနေသည်။ မီလာနှင့် အခြားသူများက အေမီနိုအက်ဆစ်များကို ဓာတုဗေဒပေါင်းစပ်နည်းဖြင့် ထုတ်လုပ်လာနိုင်ပြီးနောက် သိပ္ပံပညာရှင်တို့သည် ပရိုတင်းနှင့် ဒီအင်အေတို့ကိုပြုလုပ်ရန် စိုင်းပြင်းလာကြသည်။ ထိုနှစ်မျိုးစလုံးသည် ကမ္ဘာ့သက်ရှိအတွက် မရှိမဖြစ် လိုအပ်သောအရာများဖြစ်ကြသည်။ ဇီဝရုပ်မပေါ်မီ အခြေအနေဟုဆိုသော အခြေအနေအမျိုးမျိုးနှင့် အကြိမ်ထောင်ပေါင်းများစွာ စမ်းသပ်မှုပြုလုပ်ပြီးနောက် အဘယ်ရလဒ်ရရှိသနည်း။ “ဓာတုဗေဒပေါင်းစပ်နည်းဖြင့် အေမီနိုအက်ဆစ်များ ထုတ်လုပ်ရာတွင်ရရှိသည့် ထူးကဲသောအောင်မြင်မှုနှင့် ဓာတုဗေဒပေါင်းစပ်နည်းဖြင့် ပရိုတင်းနှင့် ဒီအင်အေ ထုတ်လုပ်မှုတွင် တစ်သမတ်တည်း ရှုံးနိမ့်မှုတို့ သိသိသာသာ ကွဲပြားမှုရှိသည်” ဟူ၍ ဇီဝအစဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်မှု– လတ်တလောသီအိုရီများကို ပြန်လည်အကဲခတ်ခြင်း စာအုပ်က မှတ်တမ်းတင်ထားသည်။ နောက်ပိုင်းကြိုးပမ်းအားထုတ်မှုများသည် “တစ်ပုံစံတည်း ရှုံးနိမ့်ပျက်ပြားခြင်း” သာ အဖတ်တင်သည်။

အမှန်အတိုင်းဆိုရလျှင် ဤလျှို့ဝှက်ဆန်းကြယ်မှုတွင် ပထမဦးဆုံးသောပရိုတင်းနှင့် နျူကလီအစ်အက်ဆစ် (ဒီအင်အေ သို့မဟုတ် အာရ်အင်အေ) မော်လီကျူးများ မည်သို့ဖြစ်ပေါ်လာပုံထက်မက ပါဝင်နေသည်။ ၎င်းတို့ အတူတကွ မည်သို့မည်ပုံ လုပ်ဆောင်ကြပုံလည်းပါဝင်သည်။ “ယင်းမော်လီကျူးနှစ်မျိုး တွဲဖက်ခြင်းကြောင့်သာ ကမ္ဘာပေါ်တွင် ယခုသက်ရှိများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်” ဟူ၍ ဗြိတဲန်နီကာ စွယ်စုံကျမ်းသစ် ကဆိုသည်။ သို့သော် ထိုကဲ့သို့တွဲဖက်ခြင်း မည်သို့မည်ပုံဖြစ်ရခြင်းအကြောင်းသည် “သက်ရှိစတင်ဖြစ်ပေါ်ပုံဆိုင်ရာ အလွန်အကျပ်ရိုက်သောပြဿနာ၊ ဖြေရှင်းမရသောပြဿနာ” အဖြစ်ကျန်ရှိနေဆဲဖြစ်သည်ဟု ထိုစွယ်စုံကျမ်းက မှတ်တမ်းတင်ထားသည်။ ဧကန်မုချ မှန်ကန်ပေသည်။

နောက်ဆက်တွဲ (က) “သက်ရှိဖြစ်ပေါ်ရေး စုပေါင်းဆောင်ရွက်မှု” (စာမျက်နှာ ၄၅-၇) တွင် ကျွန်ုပ်တို့၏ဆဲလ်များ၌ ပရိုတင်းနှင့် နယူကလီအစ်အက်ဆစ်များ အချင်းချင်း ဟန်ချက်ညီညီ ဆန်းကြယ်စွာ ပူးပေါင်းဆောင်ရွက်ပုံအကြောင်း အခြေခံကျသော အသေးစိတ်အချက်အလက်များကို သုံးသပ်တင်ပြထားသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ဆဲလ်နယ်ပယ်အတွင်း ဤသို့ တစေ့တစောင်း ကြည့်လိုက်ရုံမျှနှင့်ပင် ဤနယ်ပယ်၌ သိပ္ပံပညာရှင်တို့၏ ကြိုးပမ်းလုပ်ဆောင်မှုကို အားကျသည့်စိတ် ဖြစ်ပေါ်စေသည်။ သူတို့သည် လူအများ စဉ်းပင်မစဉ်းစားမိသော်လည်း ကျွန်ုပ်တို့၏ဘဝတွင် အခါမလပ် လုပ်ဆောင်လျက်ရှိသော အလွန့်အလွန်ရှုပ်ထွေးသည့် ဖြစ်စဉ်များကို ထင်လင်းစေသည်။ သို့သော်၊ အခြားရှုထောင့်မှကြည့်လျှင် အံ့သြထိတ်လန့်ဖွယ်ကောင်းသော ရှုပ်ထွေးခြင်းနှင့် တိကျမှန်ကန်ခြင်းတို့က ဤအရာအားလုံး မည်သို့ဖြစ်ပေါ်လာသနည်း ဟူသောမေးခွန်းဆီသို့ ကျွန်ုပ်တို့အား ပြန်ရောက်သွားစေသည်။

သက်ရှိအစ သိပ္ပံပညာရှင်များသည် သက်ရှိစတင်ဖြစ်ပေါ်ပုံ ပြဇာတ်အတွက် ယုတ္တိရှိသော ဇာတ်ညွှန်းတစ်ပုဒ်ကို တိတိကျကျ ဖော်ပြရန် ဇွဲမလျှော့ကြောင်း သင်သိပေလိမ့်မည်။ သို့သော်လည်း သူတို့၏ ဇာတ်ညွှန်းအသစ်မှာလည်း ကျေနပ်လက်ခံဖွယ်ရာ မကောင်းပေ။ (စာမျက်နှာ ၄၈ မှ နောက်ဆက်တွဲ (ခ) “‘အာရ်အင်အေလောက’ မှလော၊ အခြားလောကတစ်ခုမှလော” ရှု။) သာဓကအနေဖြင့်၊ ဂျာမနီနိုင်ငံ၊ မိုင်းစ်မြို့ ဇီဝဓာတုဗေဒ သိပ္ပံကျောင်းမှ ကလောက်စ် ဒေါဇာ ဆိုသူက “လောလောဆယ်တွင် ဤအကြောင်းနှင့်စပ်လျဉ်းသည့် အဓိကကျသောသီအိုရီများနှင့် လေ့လာစမ်းသပ်မှုများအကြောင်း ဆွေးနွေးမှုမှန်သမျှသည် လိပ်ခဲတည်းလည်းဖြင့်ဖြစ်စေ၊ မသိကြောင်း ဝန်ခံခြင်းဖြင့်ဖြစ်စေ အဆုံးသတ်ရသည်” ဟုဆိုသည်။

သက်ရှိ၏ မူလအစဆိုင်ရာ ၁၉၉၆ ခုနှစ် နိုင်ငံတကာကွန်ဖရင့်၌ပင် အဖြေများ ထွက်ပေါ်မလာခဲ့ချေ။ ယင်းအစား တက်ရောက်သူ သိပ္ပံပညာရှင် ၃၀၀ နီးပါးတို့သည် “[ဒီအင်အေနှင့် အာရ်အင်အေ] မော်လီကျူးများ ပထမဦးဆုံး မည်သို့ပေါ်ပေါက်ပြီး မိမိဘာသာ မျိုးပွားနိုင်သည့်ဆဲလ်များအဖြစ်သို့ မည်သို့ဆင့်ကဲဖြစ်ပေါ်လာပုံ ပဟေဠိနှင့်သာ နပန်းလုံးနေခဲ့ကြောင်း” သိပ္ပံ ဂျာနယ်က ရေးသားဖော်ပြသည်။

ကျွန်ုပ်တို့၏ဆဲလ်များအတွင်း မော်လီကျူးအဆင့်၌ မည်သို့ဖြစ်ပျက်နေသည်ကို လေ့လာ၍ စတင်ရှင်းလင်းတင်ပြနိုင်ရန်အတွက် ဉာဏ်ရည်နှင့် အဆင့်မြင့်ပညာ လိုအပ်သည်။ နားလည်ရန်ခက်ခဲသော ထိုအဆင့်များသည် ရှေးဦးစွာ “ဇီဝရုပ်မတိုင်မီ ဟင်းချိုရည်” တွင် လမ်းညွှန်မှုမပါဘဲ အလိုအလျောက် အမှတ်တမဲ့ ဖြစ်ပေါ်ခဲ့သည်ဟု ယုံကြည်ခြင်းသည် ကျိုးကြောင်းညီညွတ်ပါသလော။ သို့မဟုတ် ထိုထက်မက ပါဝင်ပတ်သက်ခဲ့သလော။

စကားထာပဟေဠိများ အဘယ်ကြောင့်ရှိရသနည်း

သက်ရှိများ မိမိတို့ဘာသာ စတင်ဖြစ်ပေါ်လာသည်ဟူ၍ ရာစုနှစ်တစ်ဝက်နီးပါးကြာ မှန်းဆ၍ သက်သေထူရန် ကြိုးပမ်းအားထုတ်မှု ထောင်ပေါင်းများစွာအကြောင်းကို ယနေ့ လူတို့ ပြန်ပြောင်းသုံးသပ်ကြည့်နိုင်သည်။ ထိုသို့သုံးသပ်ကြည့်မည်ဆိုလျှင် နိုဘဲလ်ဆုရှင် ဖရန်းစစ္စ ခရိခ် နှင့် သဘောချင်း တိုက်ဆိုင်ပေလိမ့်မည်။ သက်ရှိအစ သီအိုရီများအကြောင်း ပြောဆိုရာတွင် ခရိခ်က “အလွန်တရာနည်းပါးသော အဖြစ်မှန်များပေါ် အခြေပြုသည့်ထင်ကြေးများ အလွန့်အလွန် များပြားကြောင်း” ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့ဖြစ်သောကြောင့် အဖြစ်မှန်များကို ဆန်းစစ်လေ့လာသည့် သိပ္ပံပညာရှင်အချို့က ထိန်းချုပ်မှုမရှိသော ပတ်ဝန်းကျင်မျိုးကိုမဆိုထားနှင့် စနစ်တကျဖွဲ့စည်းထားသည့် ဓာတ်ခွဲခန်းအတွင်း၌ပင် ဇီဝအသက်ပေါ်ထွက်လာရန် အလွန့်အလွန် ရှုပ်ထွေးခက်ခဲကြောင်း ကောက်ချက်ချရသည်ကို နားလည်နိုင်ပေသည်။

အဆင့်မြင့်သိပ္ပံပညာက သက်ရှိသည် မိမိဘာသာ ဖြစ်ပေါ်လာနိုင်သည်ကို သက်သေမပြနိုင်ပါက သိပ္ပံပညာရှင်အချို့က ထိုကဲ့သို့သော သီအိုရီများကို အဘယ်ကြောင့် ဆက်လက်စွဲကိုင်ထားကြသနည်း။ လွန်ခဲ့သောဆယ်စုနှစ် အနည်းငယ်က ပါမောက္ခ ဂျေ. ဒီ. ဘာနာလ် က သက်ရှိ၏ မူလအစ စာအုပ်တွင် ထိုးထွင်းသိမြင်မှုအချို့ ဖော်ပြထားသည်– “ဤအကြောင်းအရာ [သက်ရှိ အလိုအလျောက် မျိုးပွားခြင်း] နှင့်ပတ်သက်၍ သိပ္ပံနည်းဆိုင်ရာ တင်းကျပ်သော ဝေဖန်ရာစံအတိုင်း လိုက်နာခြင်းအားဖြင့် ဤဇာတ်လမ်း၏ နေရာတော်တော်များများ၌ သက်ရှိသည် အလိုအလျောက် ဖြစ်ပေါ်မလာနိုင်ကြောင်း ထိထိရောက်ရောက် သက်သေပြနိုင်ပါသည်။ မဖြစ်နိုင်ခြေက အလွန့်အလွန်ကြီးမားပြီး သက်ရှိဖြစ်ပေါ်နိုင်သည့် အခွင့်အလမ်းမှာ အလွန့်အလွန်နည်းပါးလှသည်။” “ဤရှုထောင့်မှကြည့်လျှင် ကမ္ဘာပေါ်တွင် သက်ရှိများ ဤမျှများပြားလှသည့် ပုံသဏ္ဌာန်များနှင့် သက်ဝင်လှုပ်ရှားလျက်ကယ် သက်ရှိများတည်ရှိမှုကို ထောက်ခံရန် သူတို့၏ အကြောင်းပြချက်များကို မရမက ကိုက်ညီအောင်လုပ်ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှသည်” ဟူ၍ သူကထပ်၍ဆိုသည်။ အခြေအနေမှာ တိုးတက်လာခြင်း မရှိပေ။

ဤဆင်ခြင်သုံးသပ်ပုံ၏ဆိုလိုရင်းကို စဉ်းစားကြည့်ပါ။ ‘သိပ္ပံနည်းအရ သက်ရှိသည် မိမိဘာသာ စတင်ဖြစ်ပေါ်မလာနိုင်ဟူသောအဆိုသည် မှန်ကန်သည်။ သို့ရာတွင် သက်ရှိ အလိုအလျောက်ဖြစ်ပေါ်ခြင်းသည်သာ ကျွန်ုပ်တို့ စဉ်းစားသုံးသပ်စရာ တစ်ခုတည်းသော ဖြစ်နိုင်ခြေဖြစ်သည်။ ထို့ကြောင့် သက်ရှိ အလိုအလျောက်ဖြစ်ပေါ်လာသည်ဟူသော အဆိုကြမ်းကိုထောက်ခံရန် အကြောင်းပြချက်ကို မရမက ကိုက်ညီအောင်လုပ်ဖို့လိုသည်’ ဟူ၍ပြောသည်နှင့်မခြားပေ။ ဤသို့သော ဆင်ခြင်သုံးသပ်ချက်ကို သင်ကျေနပ်လက်ခံသလော။ ဤသို့သော ကျိုးကြောင်းဆင်ခြင်ပုံသည် အဖြစ်မှန်များကို ‘မရမက ကိုက်ညီအောင်လုပ်’ စရာများစွာ လိုမည်မဟုတ်လော။

သို့သော်လည်း သက်ရှိ၏ မူလအစနှင့်စပ်လျဉ်းသည့် ရေပန်းစားနေသော အတွေးအမြင်နှင့်ကိုက်ညီအောင် အဖြစ်မှန်များကို မရမကဆွဲယူရန် လိုအပ်သည်ဟုမယူဆသော၊ ဗဟုသုတများသော၊ ဂုဏ်သိက္ခာရှိသော သိပ္ပံပညာရှင်များ ရှိပါသည်။ သူတို့သည် ဆင်ခြင်တုံတရားနှင့်ညီသောကောက်ချက်ကို အဖြစ်မှန်များကထောက်ပြရန် ခွင့်ပြုကြသည်။ အဘယ်အဖြစ်မှန်များနည်း။ အဘယ်ကောက်ချက်နည်း။

အကြောင်းအချက်နှင့် ဉာဏ်ရည်

ပိုလန်သိပ္ပံအကယ်ဒမီ၊ သစ်ပင်မျိုးခွဲပညာတက္ကသိုလ်မှ ထင်ရှားသော မျိုးရိုးဗီဇပညာရှင် ပါမောက္ခ မားချေး ဂီအားရ်တီခ် က မှတ်တမ်းရုပ်ရှင်တစ်ခုတွင် တွေ့ဆုံမေးမြန်းခံရစဉ် အောက်ပါအတိုင်း ဖြေကြားခဲ့သည်–

“ဗီဇအတွင်းရှိ အကြောင်းအချက် အမြောက်အမြားကို ကျွန်ုပ်တို့ သိရှိလာပြီဖြစ်သည်။ ၎င်းအကြောင်းအချက်များ အလိုအလျောက် မည်သို့ဖြစ်ပေါ်လာနိုင်သည်ကို သိပ္ပံပညာက မရှင်းပြနိုင်ချေ။ အသိဉာဏ်ရှင်တစ်ပါး ရှိရပေမည်။ အကြောင်းအားလျော်စွာ တိုက်ဆိုင်၍ မဖြစ်ပေါ်လာနိုင်ချေ။ အက္ခရာစာလုံးများကို ရောမွှေလိုက်ရုံနှင့် စကားလုံးများ ဖြစ်မလာနိုင်ပါ။” “သာဓကအနေနှင့် ဆဲလ်အတွင်းရှိ အလွန်ရှုပ်ထွေးသည့် ဒီအင်အေ၊ အာရ်အင်အေ၊ ပရိုတင်း ထပ်တူကူးစနစ်သည် အစကနဦးကတည်းက အပြစ်အနာအဆာကင်းရပေမည်။ သို့မဟုတ်ပါက သက်ရှိအဖွဲ့အစည်း တည်ရှိနိုင်မည်မဟုတ်။ တစ်ခုတည်းသော ယုတ္တိရှိသည့်ရှင်းလင်းချက်မှာ များပြားလှသော ဤအကြောင်းအချက်များသည် အသိဉာဏ်ရှင်တစ်ပါးထံမှ သက်ရောက်လာခြင်းဖြစ်သည်” ဟူ၍ ထပ်လောင်းပြောကြားခဲ့သည်။

သက်ရှိတို့၏ အံ့ချီးဖွယ်ရာများအကြောင်း ပို၍လေ့လာလေလေ ဤကောက်ချက်ကို သဘောတူလက်ခံရန် ယုတ္တိပို၍ရှိလေလေဖြစ်သည်– သက်ရှိ စတင်ဖြစ်ပေါ်ရန် အသိဉာဏ်ရှိသောဇာစ်မြစ်တစ်ရပ် လိုအပ်သည်။ အဘယ်ဇာစ်မြစ်နည်း။

အထက်၌ဆိုခဲ့သည်အတိုင်း သန်းပေါင်းများစွာသော ပညာတတ်ပုဂ္ဂိုလ်များက ကမ္ဘာ့သက်ရှိများသည် အဆင့်မြင့်သော အသိဉာဏ်ရှင်၊ ဒီဇိုင်းပုံစံဖန်တီးရှင်တစ်ပါး ထုတ်လုပ်ရာ ဖြစ်ရမည်ဟု ကောက်ချက်ချကြသည်။ မှန်ပါ၏၊ သူတို့သည် ဤအကြောင်းအရာကို မျှမျှတတ ဆန်းစစ်ပြီးနောက် ဤသိပ္ပံခေတ်ကြီး၌ပင် “ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်း ရှိပါ၏” ဟု ဘုရားသခင်နှင့်ပတ်သက်၍ ပြောဆိုခဲ့သော ကျမ်းရေးကဗျာဆရာနှင့် သဘောချင်းတိုက်ဆိုင်ခြင်းသည် ကျိုးကြောင်းဆီလျော်ကြောင်း လက်ခံကြသည်။—ဆာလံ ၃၆:၉။

ဤအကြောင်းနှင့်စပ်လျဉ်း၍ ခိုင်မာသောကောက်ချက်တစ်ရပ် ဆွဲပြီးသည်ဖြစ်စေ၊ မဆွဲရသေးသည်ဖြစ်စေ ကျွန်ုပ်တို့ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေသည့် အံ့ချီးဖွယ်ရာအချို့ကို အာရုံပြုကြပါစို့။ ဤသို့ပြုလျှင် အထူးကျေနပ်အားရမည်ဖြစ်သည့်အပြင် ကျွန်ုပ်တို့၏ဘဝနှင့်သက်ဆိုင်သော ဤအကြောင်းအရာကို အတန်အရာ ထင်လင်းစေဖွယ်ရှိသည်။

[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]

အမှတ်တမဲ့ဖြစ်ပျက်ရန် အခွင့်အလမ်း မည်မျှရှိသနည်း

“ကမ္ဘာဦးဟင်းချိုရည်မှ လူစတင်ဖြစ်လာခြင်း ဖြစ်စဉ်အားလုံးသည် အမှတ်တမဲ့သက်သက်ကြောင့်ဖြစ်သည်” ဟု နိုဘဲလ်ဆုရှင် ခရစ္စရှန် ဒီ ဒူးဗဲက သက်ရှိ၏မူလအစနှင့်စပ်လျဉ်း၍ ပြောဆိုခဲ့သည်။ သို့သော် အမှတ်တမဲ့ဖြစ်ပျက်ခြင်းသည် သက်ရှိစတင်ခြင်းအတွက် ဆင်ခြင်တုံတရားနှင့်ညီသော အကြောင်းပြချက် ဖြစ်ပါသလော။

အမှတ်တမဲ့ဖြစ်ပျက်ခြင်းဆိုသည်မှာ အဘယ်နည်း။ အချို့က ခေါင်းပန်းလှန်၍ ဖြစ်တန်ရာကို ဆုံးဖြတ်သကဲ့သို့ သင်္ချာနည်းကျ ဖြစ်နိုင်ခြေရှိခြင်းဟူ၍ ယူဆကြသည်။ သို့သော် သက်ရှိ၏မူလအစနှင့်ပတ်သက်၍ သိပ္ပံပညာရှင်အများက “အမှတ်တမဲ့ဖြစ်ပျက်ခြင်း” ကိုအသုံးပြုပုံမှာ ဤသို့မဟုတ်ပေ။ “အမှတ်တမဲ့ဖြစ်ပျက်ခြင်း” ဟူသော ဤမသဲကွဲသည့်စကားလုံးကို အထူးသဖြင့် အကြောင်းတရားကို မသိရသည့်အခါမျိုး၌ “အကြောင်းတရား” ကဲ့သို့သော ပိုမိုတိကျသည့် စကားလုံးအစား အသုံးပြုကြသည်။

“‘အမှတ်တမဲ့ဖြစ်ပျက်ခြင်း’ ကို အကြောင်းတရားအဖြစ် သရုပ်သကန်ပြုခြင်းသည် သိပ္ပံဆိုင်ရာ ယူဆချက်ကို ဘာသာရေးဆန်သော ဒဏ္ဍာရီဆိုင်ရာ ယူဆချက်ဘက်သို့ တရားမဝင် ပြောင်းလဲလိုက်ခြင်းနှင့်တူသည်” ဟု ဇီဝရူပဗေဒပညာရှင် ဒေါ်နယ် အမ်. မက္ကကေးကဆိုသည်။ အလားတူစွာ ရောဘတ် စီ. စပရောကလည်း “မသိသောအကြောင်းတရားကို ‘အမှတ်တမဲ့ဖြစ်ပျက်ခြင်း’ ဟူ၍ ကာလကြာမြင့်စွာ ခေါ်ဝေါ်လာခဲ့သဖြင့် လူတို့သည် အစားထိုးခေါ်ဝေါ်ခြင်းကို မေ့လျော့လာကြသည်။ . . . ‘အမှတ်တမဲ့ဖြစ်ပျက်ခြင်းသည် မသိသောအကြောင်းတရားနှင့်ညီမျှသည်’ ဟူသောယူဆချက်သည် လူအများအဖို့ ‘အမှတ်တမဲ့ဖြစ်ပျက်ခြင်းသည် အကြောင်းတရားနှင့်ညီမျှသည်’ ဟူသောအဓိပ္ပာယ် သက်ရောက်လာကြောင်း” ထောက်ပြထားသည်။

သာဓကအားဖြင့် ဂျာ့ခ် အယ်လ်. မောနိုဒ်က အမှတ်တမဲ့ဖြစ်ပျက်ခြင်းသည် အကြောင်းတရားနှင့် ညီမျှသည်ဟူသော ဤကျိုးကြောင်းဆင်ခြင်ပုံကို အသုံးပြုခဲ့သည်။ “လူ့ ဉာဏ်နှင့်စီမံအုပ်ချုပ်ခြင်း လုံးလုံးကင်းသော အမှတ်တမဲ့ဖြစ်ပျက်ခြင်း သက်သက်သည် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အံ့ဖွယ်လိလိ အဆောက်အအုံကြီး၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်” ဟူသူရေးသားခဲ့သည်။ “လူသည် စကြဝဠာ၏ ခံစားချက်ကင်းမဲ့သော အတိုင်းအဆမရှိသည့် လဟာပြင်မှ အမှတ်တမဲ့အားဖြင့် ဖြစ်ပေါ်လာ၍ ၎င်းတွင် အထီးတည်းဖြစ်ကြောင်း နောက်ဆုံး၌ သိရှိလာသည်။” ‘အမှတ်တမဲ့အားဖြင့်’ ဟုသူဆိုကြောင်း သတိပြုပါ။ မောနိုဒ်သည် အခြားသူများစွာ ပြုကြသကဲ့သို့ အမှတ်တမဲ့ဖြစ်ပျက်ခြင်းကို သက်ရှိဖြစ်ပေါ်ရခြင်း၏ အကြောင်းတရားအဖြစ် ချီးမြှင့်ထားသည်။ ကမ္ဘာပေါ် သက်ရှိဖြစ်လာခြင်းသည် အမှတ်တမဲ့အားဖြင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

စင်စစ်အားဖြင့် “အမှတ်တမဲ့ဖြစ်ပျက်ခြင်း” ဆိုသည်မှာ “ရှင်းမပြနိုင်သည့် ဖြစ်ရပ်ဆန်းများကို ဖြစ်ပွားစေသည်ဟု ယူဆရသည့် ပုဂ္ဂိုလ်စွဲမရှိသော၊ ရည်ရွယ်ချက်မရှိသော စီမံပြဋ္ဌာန်းရာ အကြောင်းတရား” ဖြစ်ကြောင်း အဘိဓာန်များက ပြဆိုကြသည်။ သို့နှင့် သက်ရှိသည် အမှတ်တမဲ့ ဖြစ်ပေါ်လာသည်ဟုဆိုလျှင် မသိရသောအကြောင်းတရားကြောင့် သက်ရှိဖြစ်ပေါ်လာသည်ဟု ဆိုရာရောက်သည်။ လူအချို့က “အမှတ်တမဲ့ဖြစ်ပျက်ခြင်း” ကို တစ်နည်းအားဖြင့် ဖန်ဆင်းရှင်အား ရည်ညွှန်းပြောဆိုခြင်းဖြစ်မည်လော။

[စာမျက်နှာ ၃၅ ပါ လေးထောင့်ကွက်]

“[အသေးဆုံး ဗက်တီးရီးယား] သည် စတန်လေ မီလာ၏ ဓာတုပစ္စည်းဒြပ်နှောများနှင့် ဆင်တူသည်ထက် လူနှင့် ပို၍ဆင်တူသည်။ အကြောင်းမှာ ယင်း၌ ဇီဝဓာတုအဖွဲ့ဆိုင်ရာ ဂုဏ်သတ္တိများ ပါရှိနေပြီဖြစ်၍တည်း။ ထို့ကြောင့် ဗက်တီးရီးယားမှ လူအဖြစ်သို့ကူးပြောင်းရန်မှာ အေမီနိုအက်ဆစ်ဒြပ်နှောမှ ဗက်တီးရီးယားအဖြစ်သို့ ကူးပြောင်းရန်ထက် ပို၍လွယ်ကူသည်။” —ဇီဝဗေဒပါမောက္ခ လင်းမာဂူးလီစ်။

[စာမျက်နှာ ၃၆၊ ၃၇ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ဂန္ထဝင်မြောက်သော်လည်း သံသယဖြစ်ဖွယ်ရှိ

၁၉၅၃ ခုနှစ်မှ စတန်လေ မီလာ၏ စမ်းသပ်ချက်ကို အတိတ်ကာလ၌ အလိုအလျောက် မျိုးပွားခြင်း ဖြစ်ပွားခဲ့သည်ဟူသော သက်သေအထောက်အတားအဖြစ် မကြာခဏ ကိုးကားတင်ပြကြသည်။ သို့ရာတွင် သူ့စမ်းသပ်ချက်၏ခိုင်လုံမှုမှာ ကမ္ဘာဦးလေထုသည် “ဓာတ်လျှော့ခြင်း” အခြေအနေ၌ရှိသည်ဟူသော ယူဆချက်ပေါ်တွင် အခြေပြုထားသည်။ ဆိုလိုသည်မှာ ကမ္ဘာဦးလေထု၌ အောက်ဆီဂျင်သက်သက် (ဓာတုနည်းအရ မပေါင်းစပ်သော) ၏ပမာဏမှာ အနည်းငယ်မျှသာပါဝင်သည် ဟူ၍ဖြစ်သည်။ အဘယ်ကြောင့်နည်း။

သက်ရှိအစ၏နက်နဲသိမ်မွေ့မှု_ မျက်မှောက်သီအိုရီများကို ပြန်လည်တန်ဖိုးဖြတ်ခြင်း စာအုပ်က အကယ်၍ အောက်ဆီဂျင်သက်သက် များများစားစား ရှိခဲ့မည်ဆိုလျှင် ‘အေမီနိုအက်ဆစ်တစ်မျိုးမျှ ဖြစ်ပေါ်လာနိုင်မည်မဟုတ်။ အကယ်၍ အမှတ်မထင် ဖြစ်ပေါ်ခဲ့လျှင်ပင် ၎င်းတို့သည် လျင်မြန်စွာ ပြိုကွဲသွားပေမည်။’a ကမ္ဘာဦးလေထုဟုခေါ်သည့် လေထုနှင့်ဆိုင်သော မီလာ၏ယူဆချက်သည် မည်မျှခိုင်လုံသနည်း။

မီလာက သူ၏စမ်းသပ်ချက် နှစ်နှစ်ကြာပြီးနောက် ထုတ်ဝေသည့် ဂန္ထဝင်စာတမ်းတစ်စောင်တွင် ဤသို့ရေးသားထားသည်– “ဤယူဆချက်များမှာ မှန်းဆချက်များသာဖြစ်သည်။ အကြောင်းမှာ ကမ္ဘာတည်ဦးစ၌ ကမ္ဘာမြေကြီးသည် ဓာတ်လျှော့နိုင်လေထု ရှိခဲ့သည်ဟု ကျွန်ုပ်တို့ အတတ်မပြောနိုင်သောကြောင့်ဖြစ်သည်။ . . . တိုက်ရိုက်အထောက်အထားကို ကျွန်ုပ်တို့ မတွေ့ ရှိသေးပေ။”​—အမေရိကန် ဓာတုဗေဒအသင်း ဂျာနယ်၊ ၁၉၅၅ ခုနှစ်၊ မေလ ၁၂ ရက်ထုတ်။

အထောက်အထားကို ရှာတွေ့ခဲ့ပြီလော။ ၂၅ နှစ်ခန့်ကြာပြီးနောက် သိပ္ပံစာရေးဆရာ ရောဘတ် စီ. ကိုဝင်က ဤသို့ရေးသားဖော်ပြခဲ့သည်– “သိပ္ပံပညာရှင်တို့သည် သူတို့၏ယူဆချက်အချို့ကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်လာသည်။ . . . ဟိုက်ထရိုဂျင်ပေါကြွယ်ပြီး ဓာတ်လျော့ခြင်းမြင့်မားသောလေထုဆိုင်ရာ အယူအဆကိုထောက်ခံသည့် သက်သေအထောက်အထား မရှိသလောက်ပင်။ သို့သော် အထောက်အထားအချို့က ယင်းအယူအဆကို ဆန့်ကျင်နေသည်။”​—တက္ခနောလော်ဂျီ ရီဗျူး၊ ၁၉၈၁ ခုနှစ်၊ ဧပြီလထုတ်။

၎င်းနောက်ပိုင်း၌ကော အထောက်အထားများ တွေ့ ရှိခဲ့ပြီလော။ ၁၉၉၁ ခုနှစ်တွင် ဂျွန် ဟော်ဂန်က ဆိုင်းယင်းတစ်ဖစ် အမေရိကန် စာစောင်တွင် ဤသို့ရေးသားခဲ့သည်– “လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကျော်အတွင်း ယူရေနှင့် မီလာတို့၏ လေထုဆိုင်ရာ ယူဆချက်များနှင့်ပတ်သက်၍ သံသယများတိုးလာသည်။ ဓာတ်ခွဲခန်းစမ်းသပ်ချက်များနှင့် ကွန်ပျူတာဖြင့် တည်ဆောက်ထားသောလေထုက . . . ယနေ့ အိုဇုန်းလွှာတားဆီးထားသည့် နေမှလာသော ခရမ်းလွန်ဖြာထွက် ရောင်ခြည်တို့သည် လေထုအတွင်းရှိ ဟိုက်ထရိုဂျင်အခြေပြု မော်လီကျူးများကို ဖျက်ဆီးပစ်ခဲ့မည်ဖြစ်ကြောင်း ဖော်ညွှန်းကြသည်။ . . . ထိုသို့သောလေထု [ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်] မျိုးသည် အေမီနိုအက်ဆစ်များနှင့် အခြားသောသက်ရှိရှေ့ပြေးများ ဖွဲ့စည်းခြင်းအတွက် အကျိုးပြုမည်မဟုတ်ပေ။”

သို့ဖြစ်လျှင် ကမ္ဘာဦးလေထုသည် အောက်ဆီဂျင်အနည်းငယ်သာပါရှိသည့် ဓာတ်လျော့အခြေအနေဖြစ်သည်ဟု လူအများက အဘယ်ကြောင့် ဆက်လက်ယုံကြည်ကြသနည်း။ မော်လီကျူးဆင့်ကဲဖြစ်စဉ်နှင့် သက်ရှိအစ စာအုပ်တွင် ဆစ်ဒနီ ဒဗလျူ. ဖော့ခ်စ်နှင့် ကလောက်စ် ဒေါ့စ်တို့က ဤသို့အဖြေပေးထားသည်– ကမ္ဘာဦးလေထုသည် အောက်ဆီဂျင်ကင်းမဲ့နေရမည်။ အကြောင်းမှာ အချက်တစ်ချက်အနေနှင့် “ဓာတ်ခွဲခန်းစမ်းသပ်ချက်များက ဓာတုဆင့်ကဲဖြစ်စဉ်သည် . . . အောက်ဆီဂျင်ကြောင့် အကြီးအကျယ် ဟန့်တားခံရမည်ဖြစ်” ပြီး အေမီနိုအက်ဆစ်ကဲ့သို့သော ဒြပ်ပေါင်းများသည် “အောက်ဆီဂျင်ရှိသည့် ဘူမိကာလများတစ်လျှောက် အခြေမခိုင်” သောကြောင့်ဖြစ်သည်။

သံသရာတစ်ပတ်လည်သော ကျိုးကြောင်းဆင်ခြင်ပုံ ဖြစ်သည်မဟုတ်ပေလော။ ကနဦးလေထုသည် ဓာတ်လျော့အခြေဖြစ်သည်၊ အကြောင်းမှာ ထိုသို့မဟုတ်ပါက သက်ရှိ အလိုအလျောက် မျိုးပွားနိုင်မည်မဟုတ်ဟု ဆိုသည်။ သို့သော် ဓာတ်လျော့အခြေဖြစ်ခဲ့ကြောင်း ယုံကြည်လောက်သည့်အထောက်အထား စင်စစ်အားဖြင့်မရှိချေ။

အလွန်ထိရောက်သော အသေးစိတ်အချက် နောက်တစ်ချက်ရှိသေးသည်– ဒြပ်နှောက လေထုကို ကိုယ်စားပြုသည်၊ လျှပ်စစ်မီးပွားက လျှပ်စီးလက်ခြင်းဖြစ်သည်၊ ဆူပွက်သောရေက ပင်လယ်ကို ကိုယ်စားပြုသည်ဟု ယူမှတ်မည်ဆိုလျှင် ထိုစမ်းသပ်ချက်ကိုစီစဉ်၍ အထမြောက်အောင်ဆောင်ရွက်သော သိပ္ပံပညာရှင်ကား မည်သည့်အရာ သို့မဟုတ် မည်သူ့ကို ကိုယ်စားပြုသနည်း။

[အောက်ခြေမှတ်ချက်]

a အောက်ဆီဂျင်သည် အလွန်ဓာတ်ပြုလွယ်သည်။ သာဓကအနေဖြင့် ၎င်းသည် သံနှင့်ပေါင်းစပ်ခြင်းဖြင့် သံချေးတက်စေသကဲ့သို့ ဟိုက်ထရိုဂျင်နှင့်ပေါင်းစပ်ခြင်းဖြင့် ရေဖြစ်ပေါ်စေသည်။ အကယ်၍ အေမီနိုအက်ဆစ်များ စုစည်းချိန်၌ အောက်ဆီဂျင်သက်သက်သာ များများစားစားရှိခဲ့မည်ဆိုလျှင် ၎င်းသည် ဖြစ်တည်လာသည့် ဇီဝမော်လီကျူးများနှင့် ချက်ချင်းပေါင်းစပ်၍ ဖြိုဖျက်ပစ်မည်ဖြစ်သည်။

[စာမျက်နှာ ၃၈ ပါ လေးထောင့်ကွက်]

လက်ဝဲ၊ လက်ယာ

လက်အိတ်၌ ဘယ်ညာရှိကြောင်း ကျွန်ုပ်တို့သိကြသည်။ အေမီနိုအက်ဆစ်၌လည်း ဤအတိုင်းပင်ဖြစ်သည်။ ယခုသိထားသည် အေမီနိုအက်ဆစ်အမျိုးပေါင်း ၁၀၀ ခန့်ရှိသည့်အနက် ပရိုတင်းတွင် အမျိုး ၂၀ ကိုသာအသုံးပြုထားပြီး တစ်ခုမျှ လက်ယာရစ်မဟုတ်ကြချေ။ သိပ္ပံပညာရှင်များက ဇီဝရုပ်မတိုင်မီ ဟင်းချိုရည်တွင် ဖြစ်ပျက်ခဲ့နိုင်သည်ဟု သူတို့ယူဆသည့်အတိုင်း ဓာတ်ခွဲခန်းအတွင်း အေမီနိုအက်ဆစ်များကို အတုဖန်တီးကြရာတွင် လက်ဝဲရစ်မော်လီကျူးနှင့် လက်ယာရစ်မော်လီကျူးများကို အရေအတွက်တူညီစွာ တွေ့ ရှိခဲ့ကြသည်။ “ဤ ၅၀-၅၀ ဖြန့်ဝေခြင်းသည် ဇီဝအသက်၏ ဝိသေသလက္ခဏာမဟုတ်။ ဇီဝအသက်သည် လက်ဝဲရစ် အေမီနိုအက်ဆစ်များအပေါ်သာ မူတည်သည်” ဟူ၍ သည်နယူးယောက်တိုင်းမ်စ် သတင်းစာကရေးသားဖော်ပြသည်။ သက်ရှိဇီဝရုပ်များသည် လက်ဝဲရစ် အေမီနိုအက်ဆစ်များဖြင့် အဘယ်ကြောင့် ပြုလုပ်ထားခံရသည့်အကြောင်းမှာ “မဟာ လျှို့ဝှက်ဆန်းကြယ်မှု” ဖြစ်သည်။ ဥက္ကာခဲများတွင်တွေ့ရသော အေမီနိုအက်ဆစ်များ၌ပင် “လက်ဝဲရစ် အသွင်သဏ္ဌာန်များ လွန်ကဲစွာပါဝင်နေကြောင်း ပြသသည်။” သက်ရှိ၏ မူလအစနှင့်ပတ်သက်သော ပြဿနာများကိုလေ့လာသည့် ဒေါက်တာ ဂျက်ဖရီ အယ်လ်. ဘေဒါက “ဇီဝရုပ်အေမီနိုအက်ဆစ်၏ လက်ဝဲရစ် လက်ယာရစ်ကိစ္စကို သတ်မှတ်ဆုံးဖြတ်ရာတွင် ကမ္ဘာ့ပြင်ပမှ ဩဇာအရှိန်အဝါတစ်ခုခုက တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နိုင်ဖွယ်ရှိသည်” ဟု ပြောဆိုခဲ့သည်။

[စာမျက်နှာ ၄၀ ပါ လေးထောင့်ကွက်]

ဤစမ်းသပ်ချက်များက . . . စင်စစ်အားဖြင့် အဆင့်မြင့်သော အသိဉာဏ်ရှင် သက်ရှိစင်စစ်ဖြစ်သည့်လူသား ဖန်တီးထုတ်လုပ်ခဲ့ရာကို သက်ရှိမဟုတ်သည့် စုဖွဲ့ ခြင်းဖြစ်သည်ဟုဆိုပြီး လူ့စိတ်ကူးအတွေးများကို အတည်ပြုထောက်ခံရန် ကြိုးပမ်းအားထုတ်မှုမျှသာဖြစ်သည်။”—သက်ရှိအဖွဲ့များ၏ မူလအစနှင့် ဖွံ့ ဖြိုးတိုးတက်ပုံ။

[စာမျက်နှာ ၄၄ ပါ လေးထောင့်ကွက်]

ပါမောက္ခ မိုက်ကယ် ဂျေ. ဘီးဟီးက “အသိဉာဏ်ကင်းမဲ့သည့် အကြောင်းတရားများ၌သာ သုတေသနပြုရန် ကန့်သတ်ချက် မထားသူတစ်ဦးအဖို့ ရိုးရိုးရှင်းရှင်းကောက်ချက်မှာ ဇီဝဓာတုရုပ်အဖွဲ့ အများစုသည် ဒီဇိုင်းပုံစံရေးဆွဲခံရသည် ဟူ၍ဖြစ်သည်။ ယင်းတို့သည် သဘာဝနိယာမတရားကြောင့်၊ အမှတ်တမဲ့ တိုက်ဆိုင်ခြင်းကြောင့်၊ လိုအပ်ချက်ကြောင့် ဒီဇိုင်းပုံစံ ရေးဆွဲခံရကြသည်မဟုတ်ဘဲ အစီအစဉ်တကျ ပုံစံထုတ်ခြင်း ခံရကြသည်။ . . . ကမ္ဘာ့သက်ရှိသည် အခြေခံအကျဆုံးအဆင့်၌လည်းကောင်း၊ အရေးအကြီးဆုံး အစိတ်အပိုင်းများ၌လည်းကောင်း အသိဉာဏ်ရှိသောလုပ်ဆောင်ချက်၏ အကျိုးရလဒ်ပင်ဖြစ်သည်” ဟူ၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

[စာမျက်နှာ ၄၁ ပါ လေးထောင့်ကွက်]

“တမင်ရည်ရွယ်သော ဉာဏ်ပညာရှိသည့်လုပ်ရပ်”

ဗြိတိသျှ နက္ခတ္တဗေဒပညာရှင် ဆာ ဖရက်ဟွိုင်းလ်သည် စကြဝဠာနှင့် စကြဝဠာအတွင်းရှိ သက်ရှိများအကြောင်းကို ဆယ်စုနှစ်ပေါင်းများစွာချီ၍ လေ့လာခဲ့သူဖြစ်သည့်ပြင် ကမ္ဘာ့သက်ရှိများသည် ပြင်ပ အာကာသမှ ရောက်ရှိလာရာဖြစ်သည်ဟုပင် ထောက်ခံသူဖြစ်သည်။ ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ်တွင် ဟောပြောပို့ချရာ၌ ပရိုတင်းအတွင်းရှိ အေမီနိုအက်ဆစ်များ၏ အစီအစဉ်အကြောင်း ဆွေးနွေးခဲ့သည်။

“ဇီဝဗေဒတွင် အကြီးဆုံးပြဿနာမှာ ပရိုတင်းတစ်ခုတွင် တစ်နည်းတစ်ဖုံ ဆက်သွယ်လျက်ရှိကြသည့် အေမီနိုအက်ဆစ် ကွင်းဆက်အမျှင် ပါရှိနေခြင်းဖြစ်သည့် အတော်အတန် သိသာထင်ရှားသောအချက်မဟုတ်ဘဲ ထိုကွင်းဆက်အမျှင်ကို ထူးခြားသောဂုဏ်သတ္တိများနှင့်ပြည့်စုံစေသည့် အေမီနိုအက်ဆစ်များ၏ ပြည့်စုံရှင်းလင်းသော စီစဉ်ထားပုံပင်ဖြစ်သည်။ . . . အကယ်၍ အေမီနိုအက်ဆစ်များသာ ပုံမှန်မဟုတ်ဘဲ ကြုံရာဆက်သွယ်ကြမည်ဆိုလျှင် သက်ရှိဆဲလ်အဖို့ အသုံးမဝင်သောအစီအစဉ် အမြောက်အမြား ဖြစ်လာပေမည်။ စံနမူနာပြု အင်ဇိုင်းတစ်ခုတွင် အေမီနိုအက်ဆစ်ကွင်းဆက် ၂၀၀ ရှိပြီး ကွင်းဆက်တစ်ခုစီအတွက် ဖြစ်နိုင်သည့်စီစဉ်ပုံ ၂၀ ရှိသည်ဟု ယူဆပါက အသုံးမဝင်သည့် ဖြစ်နိုင်ခြေကိန်း အလွန်များပြားမည်ကို လွယ်ကူစွာမြင်နိုင်သည်။ အကြီးဆုံး အဝေးကြည့်မှန်ပြောင်းများဖြင့်မြင်နိုင်သည့် ဂလက်ဆီအားလုံး၌ရှိသော အက်တမ်အရေအတွက်ထက်ပင် များပြားပေမည်။ ဤကား အင်ဇိုင်းတစ်မျိုးတည်းအတွက်သာ ဖြစ်သည်။ အင်ဇိုင်းအမျိုးပေါင်း ၂၀၀၀ မကရှိပြီး အဓိကအားဖြင့် အလွန်ကွဲပြားခြားနားသော လုပ်ငန်းဆောင်တာများကို ထမ်းရွက်ကြသည်။ ထို့ကြောင့် အေမီနိုအက်ဆစ်များသည် ဤအခြေအနေသို့ မည်ကဲ့သို့ ရောက်ရှိလာသနည်း။

“သက်ရှိသည် လူ့ဉာဏ်နှင့်စီမံအုပ်ချုပ်ခြင်းမရှိသော သဘာဝစွမ်းအားများကြောင့် ဖြစ်ပေါ်လာသည်ဟူသော စိတ်ကူးယဉ်ဆန်သည့် သေးငယ်လှသောဖြစ်နိုင်ခြေကို ယုံကြည်လက်ခံမည့်အစား သက်ရှိ၏မူလအစမှာ တမင်ရည်ရွယ်သော ဉာဏ်ပညာရှိသည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု မှတ်ယူလျှင် ပို၍လျော်ကန်မည်ဖြစ်သည်” ဟု ဟွိုင်းလ်က ထပ်ဆင့်ပြောကြားခဲ့သည်။

[စာမျက်နှာ ၄၂ ပါ ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ခန္ဓာကိုယ်ဆဲလ်တစ်ခုစီအတွင်းရှိ ရှုပ်ထွေးသည့်ကမ္ဘာနှင့် သိမ်မွေ့နက်နဲသည့် လုပ်ငန်းတာဝန်များကို တစေ့တစောင်း ကြည့်လိုက်ရုံမျှနှင့် ဤအရာအားလုံး မည်သို့ဖြစ်ပေါ်လာသနည်း ဟူသောမေးခွန်းဆီသို့ ရောက်ရှိသွားသည်

• ဆဲလ်အမြှေးပါး

ဆဲလ်အတွင်း ဝင်ထွက်သည့်အရာများကို ထိန်းချုပ်သည်

• နျူကလိယ

ဆဲလ်၏ထိန်းချုပ်ရေး ဗဟိုဌာန

• ခရိုမိုဆုမ်းများ

ဗီဇဆိုင်ရာစီမံကိန်းချုပ် ဒီအင်အေ ပါရှိသည်

• ရိုင်ဗိုဆုမ်း

ပရိုတင်းများ ပြုလုပ်သည့်နေရာ

• နျူကလီယိုလ

ရိုင်ဗိုဆုမ်းများတပ်ဆင်ရာ လုပ်ငန်းခွင်

• မိုက်တိုခွန်ဒရီယန်

ဆဲလ်အတွက် စွမ်းအင် ထောက်ပံ့သည့် မော်လီကျူးများထုတ်လုပ်ရာ ဗဟိုဌာန

[စာမျက်နှာ ၃၃ ပါ ရုပ်ပုံ]

သက်ရှိအတွက် အခြေခံကျသည့် ရှုပ်ထွေးသောမော်လီကျူးများသည် ဇီဝရုပ်မတိုင်မီ ဟင်းချိုရည် တစ်မျိုးမျိုးတွင် အလိုအလျောက် ဖြစ်ပေါ်လာနိုင်မည်မဟုတ်ကြောင်း သိပ္ပံပညာရှင်အများက ယခု ဝန်ခံလာကြပြီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ