နောက်ဆက်တွဲ က
သက်ရှိဖြစ်ပေါ်ရေး စုပေါင်းဆောင်ရွက်မှု
သက်ရှိဆဲလ်အတွင်းရှိ ပရိုတင်းနှင့် နျူကလီအစ်အက်ဆစ် မော်လီကျူးများ (ဒီအင်အေ သို့မဟုတ် အာရ်အင်အေ) စုပေါင်းဆောင်ရွက်မှုမရှိလျှင် ကမ္ဘာပေါ် သက်ရှိများ တည်ရှိနိုင်မည်မဟုတ်။ ဤမော်လီကျူးများ စုပေါင်းဆောင်ရွက်မှု၏ အသေးစိတ်အကြောင်းသည် သက်ရှိဆဲလ်များ မတော်တဆတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည်ဟူသောအချက်ကို လူအများ လက်ခံယုံကြည်ရန် အခက်တွေ့စေသောအကြောင်း ဖြစ်သောကြောင့် ဤဆန်းကြယ်သောအကြောင်းအချို့ကို အကျဉ်းချုပ်၍ စစ်ဆေးကြည့်ကြပါစို့။
ကျွန်ုပ်တို့၏ အဏုကြည့်ဆဲလ်များအဆင့်အထိမက ဆဲလ်များအတွင်းအထိ လူ့ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည့်အခါ ကျွန်ုပ်တို့သည် အဓိကအားဖြင့် ပရိုတင်းမော်လီကျူးများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ ရှိရသည်။ ၎င်းတို့သည် အများအားဖြင့် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကွေးကောက်လိမ်ကျစ်လျက်ရှိသည့် ဖဲပြားအပိုင်းအစရှည်ကဲ့သို့သော အေမီနိုအက်ဆစ်တို့ဖြင့် ဖွဲ့စည်းထားသည်။ အေမီနိုအက်ဆစ်အချို့တို့သည် ဘောလုံးကဲ့သို့ တွန့်ခေါက်လျက်ရှိပြီး အချို့တို့မှာ အကော်ဒီယံ လေအိတ်အခေါက်များကဲ့သို့သော သဏ္ဌာန်ရှိကြသည်။
ပရိုတင်းအချို့က အဆီကဲ့သို့သော မော်လီကျူးများနှင့်အတူ ဆဲလ်အမြှေးပါးများ ဖွဲ့စည်းရာ၌ လုပ်ဆောင်ကြသည်။ အချို့က အဆုတ်မှ အောက်ဆီဂျင်ကို ကျွန်ုပ်တို့၏ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ရာ၌ ကူညီကြသည်။ အချို့ပရိုတင်းတို့သည် အစားအစာထဲမှ ပရိုတင်းများကို အေမီနိုအက်ဆစ်များအဖြစ် ခွဲပေးခြင်းအားဖြင့် အင်ဇိုင်းများ (ဓာတ်ကူများ) သဖွယ် အစာခြေချက်ပေးသည်။ ဤသည်တို့မှာ ပရိုတင်းများ ထမ်းဆောင်သည့် ထောင်ပေါင်းများစွာသော လုပ်ငန်းတာဝန်များအနက်မှ အနည်းအကျဉ်းမျှသာဖြစ်သည်။ ပရိုတင်းတို့သည် ဇီဝအသက်ဆိုင်ရာ ကျွမ်းကျင်လုပ်သားများဖြစ်သည်ဟုဆိုလျှင် မှားမည်မဟုတ်။ ယင်းတို့မရှိလျှင် သက်ရှိများ တည်ရှိနိုင်မည်မဟုတ်။ ပရိုတင်းတို့သည် ဒီအင်အေနှင့်ဆက်သွယ်မှု မရှိပြန်လျှင် ၎င်းတို့လည်း တည်ရှိနိုင်မည်မဟုတ်။ သို့ရာတွင်၊ ဒီအင်အေဆိုသည်မှာ အဘယ်နည်း။ ယင်းသည် အဘယ်အရာနှင့် တူသနည်း။ ပရိုတင်းတို့နှင့် မည်သို့ဆက်သွယ်လျက်ရှိသနည်း။ လျှမ်းလျှမ်းတောက် သိပ္ပံပညာရှင် အကျော်အမော်တို့က ယင်းအဖြေများကို ဖော်ထုတ်နိုင်ခြင်းအတွက် နိုဘဲလ်ဆုများကို ဆွတ်ခူးခဲ့ကြပြီ။ ကျွန်ုပ်တို့သည် ပရိုတင်းအကြောင်း အခြေခံကျကျနားလည်ရန် အဆင့်မြင့် ဇီဝဗေဒပညာရှင်များ ဖြစ်ရန်မလိုပါ။
မော်လီကျူးအကြီးအမှူး
ဆဲလ်များသည် ပရိုတင်းတို့ဖြင့် အဓိကဖွဲ့စည်းထားသည်ဖြစ်ရာ ဆဲလ်များကိုထိန်းသိမ်းရန်၊ ဆဲလ်အသစ်များပြုလုပ်ရန်နှင့် ဆဲလ်များအတွင်း ဓာတုတုံ့ပြန်မှုများကို လွယ်ကူစေရန်အတွက် ပရိုတင်းအသစ်များ အဆက်မပြတ်လိုအပ်သည်။ ပရိုတင်းထုတ်လုပ်ရန် လိုအပ်သောညွှန်ကြားချက်များသည် ဒီအင်အေ (ဒီအောက်ဆီရိုင်ဗို နျူကလီအစ်အက်ဆစ်) မော်လီကျူးများတွင် ပါရှိသည်။ ပရိုတင်းများ ထုတ်လုပ်ပုံအကြောင်းကို ကောင်းစွာနားလည်သဘောပေါက်ရန် ဒီအင်အေကို စေ့စေ့စပ်စပ် လေ့လာကြည့်ကြပါလေ။
ဒီအင်အေမော်လီကျူးတို့သည် ဆဲလ်နျူကလိယအတွင်း တည်ရှိသည်။ ဒီအင်အေသည် ပရိုတင်းထုတ်လုပ်ရန် လိုအပ်သောညွှန်ကြားချက်များကို သယ်ဆောင်ခြင်းအပြင် ဗီဇအကြောင်းအချက်ကို သိုလှောင်သိမ်းဆည်း၍ ၎င်းကို ဆဲလ်မျိုးဆက် တစ်ဆက်မှတစ်ဆက်သို့ တစ်ဆင့်ပို့ပေးသည်။ ဒီအင်အေမော်လီကျူးများ၏ ပုံသဏ္ဌာန်မှာ လိမ်ကျစ်နေသည့်ကြိုးလှေကား (“နှစ်ထပ်ကြောင်လိမ်ခွေ” ဟုခေါ်သည်) နှင့်ဆင်တူသည်။ ဒီအင်အေလှေကားအတွင်းရှိ ဤအမျှင်နှစ်မျှင်မှ တစ်မျှင်စီတွင် နျူကလီယိုတိုက်ဟုခေါ်သည့် သေးငယ်သောအစိတ်အပိုင်း အရေအတွက်ကြီးမားစွာ ပါဝင်သည်။ နျူကလီယိုတိုက်တို့သည် အက်ဒီနင်း (အေ)၊ ဂွာနင်း (ဂျီ)၊ ဆိုက်တိုဆင်း (စီ)၊ နှင့် သိုင်မင်း (တီ) ဟူ၍ ဗေလေးမျိုးထဲမှ တစ်မျိုးအဖြစ် တည်ရှိသည်။ ဤဒီအင်အေ “အက္ခရာ” အားဖြင့် အေနှင့်တီဖြစ်စေ၊ ဂျီနှင့်စီဖြစ်စေ အက္ခရာတစ်စုံသည် နှစ်ထပ်ကြောင်လိမ်ခွေလှေကားတွင် လှေကားထစ်တစ်ထစ်ဖြစ်လာသည်။ ၎င်းလှေကား၌ မျိုးရိုးလိုက်ခြင်း၏ အခြေခံယူနစ်ဖြစ်သောဗီဇ ထောင်ပေါင်းများစွာပါဝင်သည်။
ဗီဇတစ်ခုတွင် ပရိုတင်းတည်ဆောက်ရန်လိုအပ်သော အကြောင်းအချက်များ ပါရှိသည်။ ဗီဇတွင်ပါဝင်သော အက္ခရာအစဉ်သည် မည်သို့သောပရိုတင်း တည်ဆောက်ရမည်ဟုညွှန်ကြားသည့် သင်္ကေတဝှက် သတင်းစကား၊ သို့မဟုတ် ပုံစံပြာ ဖြစ်လာသည်။ ထို့ကြောင့် ဒီအင်အေသည် ယင်း၏ ဆပ်ယူနစ် ရှိရှိသမျှတို့နှင့်အတူ သက်ရှိမော်လီကျူးအကြီးအမှူး ဖြစ်လေသည်။ ယင်း၏ သင်္ကေတဝှက် ညွှန်ကြားချက်များ မရှိပါက ကွဲပြားသောပရိုတင်းများ တည်ရှိနိုင်မည်မဟုတ်သဖြင့် သက်ရှိဟူ၍ ရှိမည်မဟုတ်။
အောင်သွယ်တော်များ
သို့ရာတွင်၊ ပရိုတင်းတည်ဆောက်သည့် ပုံစံပြာသည် ဆဲလ်၏နျူကလိယအတွင်း သိမ်းဆည်းထားပြီး ပရိုတင်း တည်ဆောက်ရေးလုပ်ငန်းခွင်မှာ နျူကလိယအပြင်ဘက်တွင် တည်ရှိသဖြင့် သင်္ကေတဝှက်ဖြင့်ရေးထားသည့် ပုံစံပြာကို နယူကလိယမှ “ဆောက်လုပ်ရေးလုပ်ငန်းခွင်” သို့ရောက်ရှိစေရန် အကူအညီလိုအပ်သည်။ အာရ်အင်အေ (ရိုင်ဗိုနျူကလိအစ်အက်ဆစ်) မော်လီကျူးများက လိုအပ်သောဤအကူအညီကိုပေးသည်။ အာရ်အင်အေ မော်လီကျူးများသည် ဓာတုဖွဲ့စည်းပုံအရ ဒီအင်အေနှင့်ဆင်တူသည်။ ပရိုတင်းတည်ဆောက်ရေးလုပ်ငန်းတွင် အာရ်အင်အေ ပုံသဏ္ဌာန်အချို့ လိုအပ်သည်။ အာရ်အင်အေအကူအညီဖြင့် ကျွန်ုပ်တို့၏ အရေးပါသောပရိုတင်းပြုလုပ်ခြင်းဆိုင်ရာ အလွန့်အလွန်ရှုပ်ထွေးသည့်ဖြစ်စဉ်ကို စေ့စေ့စပ်စပ် ဆန်းစစ်ကြည့်ကြပါစို့။
လုပ်ငန်းသည် နျူကလိယအတွင်း စတင်သည်။ ထိုတွင် ဒီအင်အေလှေကားတစ်ပိုင်းသည် ဆွဲဖွင့်လိုက်သည့်ဇစ်ကဲ့သို့ နှစ်ခြမ်းပွင့်သွားသည်။ ဤသို့ဖြင့် အာရ်အင်အေအက္ခရာများသည် ဒီအင်အေအမျှင်တစ်မျှင်မှ ပေါ်ထွက်လာသည့် ဒီအင်အေအက္ခရာများနှင့် ချိတ်ဆက်ခွင့်ရရှိစေသည်။ အင်ဇိုင်းတစ်မျိုးသည် အာရ်အင်အေအက္ခရာများကိုရွေ့ရှားစေလျက် ၎င်းတို့ကို အမျှင်တစ်မျှင်အဖြစ်သို့ ဆက်စပ်ပေးသည်။ ဤသို့ဖြင့် ဒီအင်အေအက္ခရာများကို အာရ်အင်အေအက္ခရာများအဖြစ် ကူးရေး၍ ဒီအင်အေ ဒေသိယစကားဟူ၍ သင်ခေါ်ကောင်းခေါ်မည့်အရာ ဖြစ်ပေါ်လာသည်။ အသစ်ဖြစ်ပေါ်သည့် အာရ်အင်အေကွင်းဆက်အမျှင် ခွဲထွက်သွားပြီးနောက် ဒီအင်အေလှေကားသည် ပြန်၍စေ့သွားလေသည်။
ထပ်ဆင့်မွမ်းမံပြုပြင်ပြီးနောက် သတင်းသယ်ဆောင်သည့် ဤအာရ်အင်အေအမျိုးအစားသည် အဆင်သင့်ဖြစ်လာသည်။ ယင်းသည် နျူကလိယအတွင်းမှထွက်၍ အာရ်အင်အေအက္ခရာများကို အဓိပ္ပာယ်ဖော်သည့် ပရိုတင်းထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ဦးတည်သွားသည်။ အာရ်အင်အေအက္ခရာ သုံးလုံးတစ်စုစီသည် သီးသန့် အေမီနိုအက်ဆစ်တစ်ခုစီအတွက် လိုအပ်သော “စကားလုံး” ဖြစ်လာသည်။ အာရ်အင်အေ ပုံသဏ္ဌာန်နောက်တစ်မျိုးက ထိုအေမီနိုအက်ဆစ်ကိုရှာဖွေ၍ အင်ဇိုင်းတစ်ခု၏အကူအညီဖြင့် ယင်းကိုဖမ်းကိုင်ပြီး “ဆောက်လုပ်ရေးလုပ်ငန်းခွင်” သို့ဆွဲယူသွားသည်။ အာရ်အင်အေဝါကျကို ဖတ်ရှုဘာသာပြန်ပြီးသည့်အခါ အေမီနိုအက်ဆစ် ကွင်းဆက်အမျှင် ဖြစ်ပေါ်လာသည်။ ဤအမျှင်သည် တစ်မူထူးသည့်ပုံသဏ္ဌာန်အဖြစ်သို့ တွန့်ခေါက်ခွေလိပ်ပြီး ပရိုတင်းတစ်မျိုး ဖြစ်လာသည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်တွင် ပရိုတင်းအမျိုးပေါင်း ၅၀,၀၀၀ ကျော်ရှိနိုင်ပေသည်။
ဤပရိုတင်း တွန့်ခေါက်ခြင်းဖြစ်စဉ်ပင်လျှင် အရေးပါလှသည်။ ၁၉၉၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်တို့သည် “၎င်းတို့၏ အကောင်းဆုံးသော ကွန်ပျူတာပရိုဂရမ်များဖြင့် လက်နက်တပ်ဆင်ကာ ဇီဝဗေဒဘာသာရပ်တွင် အရှုပ်ထွေးဆုံးသော ပြဿနာတစ်ခုဖြစ်သည့် အေမီနိုအက်ဆစ်များဖြင့် ပြုလုပ်ထားသော ပရိုတင်းတစ်ခုသည် သက်ရှိတို့တွင် ၎င်းပါဝင်ရသည့်အခန်းကဏ္ဍကို သတ်မှတ်ပေးသည့် ရှုပ်ထွေးသောပုံသဏ္ဌာန်အဖြစ် မည်သို့တွန့်ခေါက်သွားပုံအကြောင်းကို ဖြေရှင်းရန် ပြိုင်ပွဲဝင်ခဲ့ကြသည်။ . . . အနှစ်ချုပ်အားဖြင့် ရလဒ်မှာ ကွန်ပျူတာများရှုံး၍ ပရိုတင်းများနိုင်သွားသည်။ . . . အေမီနိုအက်ဆစ် ၁၀၀ ဖြင့်ပြုလုပ်ထားသော သာမန်အရွယ်အစား ပရိုတင်းတစ်ခု၏ တွန့်ခေါက်ပုံပြဿနာကို ဖြစ်နိုင်ခြေမှန်သမျှဖြင့် ခန့်မှန်းတွက်ချက်ဖြေရှင်းရန်အတွက် နှစ်ပေါင်း ၁၀၂၇ (တစ်ဘီလီယံ ဘီလီယံ ဘီလီယံ) လိုလိမ့်မည်ဟု သိပ္ပံပညာရှင်တို့က ခန့်မှန်းကြသည်။”—သည်နယူးယောက်တိုင်းမ်စ်။
ပရိုတင်းတစ်ခုဖြစ်ပေါ်ပုံအကြောင်း အကျဉ်းချုပ်လောက်သာ ကျွန်ုပ်တို့ သုံးသပ်ခဲ့သော်လည်း ယင်းသည် မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးသောဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သင်တွေ့ ရှိနိုင်ပေသည်။ အေမီနိုအက်ဆစ်အမျိုး ၂၀ ပါဝင်သော ကွင်းဆက်အမျှင်တစ်မျှင်ဖြစ်ပေါ်ရန် အချိန်မည်မျှကြာမည်ဟု သင်ထင်သနည်း။ တစ်စက္ကန့်မျှသာကြာသည်! ကျွန်ုပ်တို့၏ဦးခေါင်းမှသည် ခြေဖျားတိုင်အောင် တစ်ကိုယ်လုံးရှိ ခန္ဓာကိုယ်ဆဲလ်များအတွင်း၌ ဤဖြစ်စဉ်သည် အဆက်မပြတ် ဖြစ်ပျက်လျက်ရှိသည်။
ဆိုလိုရင်းကား အဘယ်နည်း။ ဖော်ပြရန် များပြားလှသည့် အခြားအကြောင်းအချက်များ ပါဝင်ပတ်သက်နေသော်လည်း သက်ရှိဖြစ်ပေါ်ရန်နှင့် သက်ရှိကိုထိန်းသိမ်းရန်အတွက် လိုအပ်သည့် စုပေါင်းလုပ်ဆောင်မှုသည် အံ့မခန်းဖွယ်ကောင်းလှပေသည်။ ပရိုတင်းတစ်ခုသည် ဒီအင်အေမော်လီကျူးများမှ အကြောင်းအချက်များကို လိုအပ်သကဲ့သို့ ဒီအင်အေကလည်း အထူးသီးသန့် အာရ်အင်အေမော်လီကျူး ပုံသဏ္ဌာန်အချို့ လိုအပ်သည့်အတွက် “စုပေါင်းလုပ်ဆောင်မှု” ဟူသောအသုံးအနှုန်းသည် ပရိုတင်းမော်လီကျူးတစ်ခု ထုတ်လုပ်ရန်လိုအပ်သည့် တိကျသော အပြန်အလှန် အကျိုးသက်ရောက်မှုကို မဖော်ပြနိုင်ချေ။ သိသိသာသာကွဲပြားသော်လည်း အရေးပါသောတာဝန်များကို ကိုယ်စီကိုယ်စီ အသီးသီး ထမ်းဆောင်လျက်ရှိကြသည့် အမျိုးမျိုးသောအင်ဇိုင်းတို့ကိုလည်း ကျွန်ုပ်တို့ လျစ်လျူရှုထား၍မရနိုင်ပေ။ ကျွန်ုပ်တို့ သတိရှိရှိ လမ်းညွှန်ထိန်းကျောင်းစရာမလိုဘဲ ဆဲလ်အသစ်များကို ခန္ဓာကိုယ်က တစ်နေ့တစ်နေ့လျှင် အကြိမ်ပေါင်း ဘီလီယံနှင့်ချီ၍ ပြုလုပ်ရာ၌ ပါဝင်ဖက်သုံးမျိုးဖြစ်ကြသော ဒီအင်အေ၊ အာရ်အင်အေနှင့် ပရိုတင်း အားလုံး၏ မိတ္တူများလိုအပ်သည်။ “ဤသုံးမျိုးထဲမှ တစ်မျိုးမျိုးကို ဖယ်ထုတ်လိုက်လျှင် ဇီဝအသက်သည် တဖြည်းဖြည်းချုပ်ငြိမ်းသွားပေမည်” ဟု နယူးဆိုင်းယင်းတစ္စ မဂ္ဂဇင်းက အဘယ်ကြောင့်ဆိုသည်ကို သင်သဘောပေါက်နိုင်ပါသည်။ သို့မဟုတ် နောက်ထပ်တစ်ဆင့်တက်၍ သုံးသပ်ကြည့်ပါ။ ပြီးပြည့်စုံ၍ စုပေါင်းလုပ်ဆောင်သည့်အဖွဲ့သာမရှိလျှင် သက်ရှိလည်း ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပေ။
ယင်းမော်လီကျူးအဖွဲ့ဝင် သုံးခုမှတစ်ခုစီသည် ၎င်းတို့၏ အံ့ဖွယ်လုပ်ငန်းတာဝန်များကို စုပေါင်းထမ်းဆောင်ရန် တစ်ချိန်တည်း တစ်နေရာတည်း၌ ဤမျှတိကျစွာချိန်ညှိလျက် အလိုအလျောက် ပေါ်လာသည်ဟုဆိုခြင်းသည် ယုတ္တိရှိပါသလော။
သို့ရာတွင် ကမ္ဘာ့သက်ရှိ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ နောက်ရှင်းလင်းချက်တစ်ခုရှိပါသည်။ သက်ရှိသည် ဉာဏ်ရည်အဆင့်အမြင့်ဆုံးသော ဒီဇိုင်းပုံစံရေးဆွဲသည့် အရှင်တစ်ပါး၏ စေ့စပ်သေချာသောလက်ရာဖြစ်ကြောင်း လူအများက သက်ဝင်ယုံကြည်လာကြသည်။