နောက်ဆက်တွဲ ခ
“အာရ်အင်အေလောက” မှလော၊ အခြားလောကတစ်ခုမှလော
ဒီအင်အေ-အာရ်အင်အေ-ပရိုတင်း အသင်းအဖွဲ့နှင့်ပတ်သက်သည့် အကျဉ်းအကျပ်ကိုထောက်ရှု၍ သုတေသီအချို့က “အာရ်အင်အေလောက” သီအိုရီကို တင်ပြလာကြသည်။ ဘာကိုဆိုလိုသနည်း။ သူတို့က သက်ရှိဖြစ်ထွန်းရန် ဒီအင်အေ၊ အာရ်အင်အေနှင့် ပရိုတင်းတို့ တစ်ပြိုင်တည်း စတင်ဖြစ်ပေါ်သည်ဟု အခိုင်အမာမဆိုတော့ဘဲ အာရ်အင်အေကိုယ်နှိုက်သည် အဦးဆုံးသော ဇီဝမီးပွားဖြစ်သည်ဟု ပြောလာကြသည်။ ဤသီအိုရီသည် အခြေခိုင်၏လော။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း သုတေသီတို့သည် ၎င်းတို့၏ဓာတ်ခွဲခန်းများအတွင်း အာရ်အင်အေမော်လီကျူးတို့သည် မိမိတို့ကိုယ်ကို နှစ်ကိုယ်ခွဲခြင်း၊ ပြန်ပေါင်းခြင်းအားဖြင့် ကိုယ်ပိုင်အင်ဇိုင်းများအဖြစ် ပြုမူနိုင်ကြောင်း တွေ့ ရှိခဲ့ကြသည်။ သို့နှင့် အာရ်အင်အေသည် မိမိဘာသာမိတ္တူပွားနိုင်သည့် ပထမဦးဆုံးသော မော်လီကျူးဖြစ်ရမည်ဟု ခန့်မှန်းခဲ့ကြသည်။ အချိန်တန်သောအခါ ၎င်းအာရ်အင်အေမော်လီကျူးတို့သည် ဆဲလ်အမြှေးပါးများ ပြုလုပ်တတ်လာပြီး နောက်ဆုံးတွင် အာရ်အင်အေဇီဝရုပ်မှ ဒီအင်အေဖြစ်ပေါ်လာသည်ဟု မှန်းဆကောက်ယူကြသည်။ “အာရ်အင်အေလောကကို အကြွင်းမဲ့ထောက်ခံသူတို့က သူတို့၏သီအိုရီကို မမှားယွင်းနိုင်ဟူ၍ မယူဆသည့်တိုင်အောင် အမှန်တရားနှင့် အနီးစပ်ဆုံးအဖြစ် သဘောထားသင့်ကြောင်း ယုံကြည်ကြသည်” ဟူ၍ နယူးဆိုင်းယင်းတစ္စ စာစောင်တွင် ဖီလ် ကိုဟင် က ရေးသားထားသည်။
သို့သော် သိပ္ပံပညာရှင်အားလုံး ဤစိတ်ကူးယဉ်ဇာတ်လမ်းကို လက်မခံကြပါ။ လက်မခံသူတို့က “စမ်းသပ်ဖန်ပြွန်အတွင်း အာရ်အင်အေမော်လီကျူးနှစ်ခုက မိမိဘာသာ နှစ်ကိုယ်ပွားနိုင်သည့်အဖြစ်ကို ပြသခြင်းမှ အာရ်အင်အေသည် မိမိဘာသာ ဆဲလ်တစ်ခုကိုဖြစ်ပေါ်စေပြီး ကမ္ဘာပေါ် သက်ရှိပေါ်ပေါက်လာရန် အစပျိုးပေးခဲ့သည်ဟုဆိုခြင်းသည် ကြီးမားလှသော ခုန်ပျံကျော်လွှားမှုကြီးဖြစ်သည်ဟု စောဒကတက်ကြကြောင်း” ကိုဟင်ကဆိုသည်။
အခြားပြဿနာများလည်းရှိသေးသည်။ ဇီဝဗေဒပညာရှင် ကားလ် ဝေါစ်က “အာရ်အင်အေလောကသီအိုရီသည် . . . ပထမဆုံးသော အာရ်အင်အေမော်လီကျူးများ ထုတ်လုပ်ရေးအတွက် စွမ်းအင် အဘယ်မှလာကြောင်း ရှင်းမပြနိုင်သည့်အတွက် ရစရာမရှိအောင်ချွတ်ယွင်းနေသည်” ဟုယူဆသည်။ ၎င်းပြင် ကနဦးကတည်းက မိမိဘာသာ မိတ္တူပွားနိုင်သည့် အာရ်အင်အေအပိုင်းအစ တစ်ခုတလေကိုမျှ သုတေသီများ ရှာမတွေ့ခဲ့ချေ။ မည်သည့်နေရာမှ အာရ်အင်အေ စတင်ဖြစ်ပေါ်လာသည်ဟူသောပြဿနာလည်း ရှိသေးသည်။ “အာရ်အင်အေလောက” သီအိုရီသည် ဖတ်စာအုပ်အများအပြားတွင် ပါရှိသော်လည်း အများစုမှာ “အကောင်းဘက်မြင်သည့် မှန်းဆချက်မျှသာဖြစ်သည်” ဟု သုတေသီ ဂယ်ရီ အိုလ်ဆင်ကဆိုသည်။
သိပ္ပံပညာရှင်အချို့ထောက်ခံသည့် အခြားသီအိုရီတစ်ခုမှာ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ပေါ်သို့ ပြင်ပအာကာသမှ ဇီဝမျိုးစေ့ကျရောက်လာသည်ဟူသော ယူဆချက်ဖြစ်သည်။ သို့ရာတွင် ဤသီအိုရီသည် ဇီဝအသက်ကို အဘယ်အရာက စတင်ဖြစ်ပေါ်စေသနည်း ဟူသောမေးခွန်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပေ။ ပြင်ပအာကာသမှ ဇီဝအသက်မျိုးစေ့ ကျရောက်လာသည် ဟူသောအဆိုသည် “လျှို့ဝှက်ဆန်းကြယ်မှု၏ တည်နေရာကို ပြောင်းလဲလိုက်ခြင်းမျှသာဖြစ်သည်” ဟု သိပ္ပံစာရေးဆရာ ဘွိုင်စ် ရဲန်းစဘာဂါက ဂရုပြုဖော်ပြထားသည်။ ယင်းသည် သက်ရှိ၏မူလအစကို ရှင်းမပြထားပေ။ ၎င်းမူလအစကို အခြားသော နေအဖွဲ့အစည်း သို့မဟုတ် အခြားသောဂလက်ဆီထံသို့ နေရာပြောင်းလိုက်ခြင်းအားဖြင့် ပြဿနာကို ရှောင်လွှဲလိုက်ခြင်းမျှသာဖြစ်သည်။ ပြဿနာအရင်းမှာ ကျန်နေဆဲဖြစ်သည်။