အခန်း ခြောက်
ဧရာမသစ်ပင်ကြီး၏ နက်နဲမှုကို ဖြေရှင်းခြင်း
၁။ နေဗုခဒ်နေဇာမင်း မည်သို့ဖြစ်ပျက်ခဲ့သနည်း။ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။
ယေဟောဝါသည် နေဗုခဒ်နေဇာမင်းအား ကမ္ဘာ့အုပ်စိုးရှင်ဖြစ်လာရန် ခွင့်ပြုတော်မူ၏။ ဗာဗုလုန်၏ ဧကရာဇ်မင်း ဖြစ်သည့်အားလျော်စွာ စည်းစိမ်ဥစ္စာ ကြွယ်ဝပြည့်စုံပြီး စားကောင်းသောက်ဖွယ် အလျှံပယ်ရှိသည့်အပြင် ခမ်းနားထည်ဝါသည့်နန်းတော်နှင့် စံမြန်းရသည်။ ရုပ်ဝတ္ထုပစ္စည်းဘက်တွင် လိုတရပြည့်စုံ၏။ သို့သော် သူသည် ရုတ်တရက် အရှက်တကွဲ နှိမ့်ချခံလိုက်ရသည်။ နေဗုခဒ်နေဇာသည် ရူးသွပ်သွားသဖြင့် တိရစ္ဆာန်ကဲ့သို့ ပြုမူလေ၏။ ပွဲတော်နှင့် စံနန်းတော်မှ နှင်ထုတ်ခြင်းခံရသဖြင့် စားကျက်ကွင်းတွင်နေလျက် နွားကဲ့သို့ မြက်ကိုစားရ၏။ အဘယ်အဖြစ်အပျက်ကြောင့် ဤဘေးဆိုးကြုံရခြင်းဖြစ်သနည်း။ ဤအဖြစ်အပျက်သည် ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။—ယောဘ ၁၂:၁၇-၁၉; ဒေသနာ ၆:၁၊ ၂ နှိုင်းယှဉ်။
အမြင့်ဆုံးသောအရှင်အား ရှင်ဘုရင် ချီးကျူးခြင်း
၂၊ ၃။ ဗာဗုလုန်ရှင်ဘုရင်သည် မိမိ၏ပြည်သူများကို မည်သို့ဖြစ်စေလိုသည့်ဆန္ဒရှိသနည်း။ အမြင့်ဆုံးသောအရှင် ဘုရားသခင်အား သူမည်သို့ ရှုမြင်သနည်း။
၂ နေဗုခဒ်နေဇာသည် သွက်သွက်လည်အောင် စိတ်ဖောက်ပြန်ရာမှ ပြန်ကောင်းလာပြီး မကြာမီတွင် ဖြစ်ကြောင်းကုန်စင် အားလုံးပါရှိသည့် မှတ်သားလောက်သော ပြန်တမ်းစာတစ်စောင်ကို နိုင်ငံတစ်ဝန်းလုံးသို့ ထုတ်ပြန်ခဲ့သည်။ ဤဖြစ်ရပ်များကို တိကျမှန်ကန်စွာ မှတ်တမ်းတင်ရန် ပရောဖက်ဒံယေလအား ယေဟောဝါ မှုတ်သွင်းတော်မူ၏။ ပြန်တမ်းတွင် ဤစကားများဖြင့် အစပြုထားသည်– “ငါနေဗုခဒ်နေဇာမင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်း များပြားစေသော။ မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ၌ပြုတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကိုပြခြင်းငှာ ငါအလိုရှိ၏။ နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဖွယ်သောအမှုတော်လည်း တန်ခိုးနှင့်ပြည့်စုံပေ၏။ ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော်မူ၏။”—ဒံယေလ ၄:၁-၃။
၃ နေဗုခဒ်နေဇာ၏ အင်ပါယာသည် သမ္မာကျမ်းစာမှတ်တမ်းဝင် ကမ္ဘာ၏အများစုကို လွှမ်းခြုံသောကြောင့် သူ၏ပြည်သူတို့သည် “မြေတစ်ပြင်လုံး၌” နေထိုင်လျက်ရှိကြသည်။ ဒံယေလ၏ ဘုရားသခင်နှင့်စပ်လျဉ်း၍ ရှင်ဘုရင်က “ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏” ဟုဆိုသည်။ ဤစကားများသည် ဗာဗုလုန်အင်ပါယာတစ်ဝန်းတွင် ယေဟောဝါအား မည်မျှဂုဏ်တက်စေသည်တကား! ထို့အပြင် ဘုရားသခင့်နိုင်ငံတော်သာလျှင် “အစဉ်အမြဲတည်” သည့် ထာဝရနိုင်ငံတော်ဖြစ်ကြောင်း နေဗုခဒ်နေဇာအား ဖော်ပြခဲ့သည်မှာ ဤအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။—ဒံယေလ ၂:၄၅။
၄။ နေဗုခဒ်နေဇာနှင့်စပ်လျဉ်း၍ ယေဟောဝါ၏ “နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့” မည်သို့စတင်သနည်း။
၄ အဘယ် “နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့” ကို “မြင့်မြတ်တော်မူသော ဘုရားသခင်” ပြုတော်မူခဲ့သနည်း။ ရှင်ဘုရင်၏ ကိုယ်တွေ့အကြောင်းဖော်ပြသည့် ဤစကားများဖြင့် အစချီထားသည်– “ငါနေဗုခဒ်နေဇာသည် နန်းတော်၌ငြိမ်ဝပ်စွာနေ၍ စည်းစိမ်ကြီးစဉ်အခါ၊ ကြောက်မက်ဖွယ်သော အိပ်မက်ကိုမြင်၍ သလွန်ပေါ်မှာအိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံအားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။” (ဒံယေလ ၄:၄၊ ၅) သူ့အား တုန်လှုပ်ချောက်ချားစေသည့် ၎င်းအိပ်မက်နှင့်ပတ်သက်၍ ဗာဗုလုန်ရှင်ဘုရင် အဘယ်အရာ ပြုလုပ်သနည်း။
၅။ ဒံယေလကို နေဗုခဒ်နေဇာ မည်သို့ရှုမြင်သနည်း။ အဘယ်ကြောင့်နည်း။
၅ နေဗုခဒ်နေဇာသည် ဗာဗုလုန်ပညာရှိတို့ကို ဆင့်ခေါ်၍ အိပ်မက်ကိုပြောပြ၏။ သို့သော် မည်မျှစိတ်ပျက်စရာ ကောင်းလှသည်တကား! သူတို့သည် အနက်ကို လုံးဝမဖော်ပြနိုင်ကြ။ မှတ်တမ်းက ဤသို့ဆက်လက်ဆိုသည်– “နောက်မှ ငါ့ဘုရား၏ နာမတော်အတိုင်း ဗေလတရှာဇာဟုသမုတ်၍ သန့်ရှင်းသောဘုရားတို့၏ ဝိညာဉ်တော်ရှိသူ ဒံယေလသည် ငါ့ထံသို့ဝင်ရောက်သော်၊ အိပ်မက်ကို ငါပြော” ပြ၏။ (ဒံယေလ ၄:၆-၈၊ သမ္မာ) ဒံယေလ၏ နန်းတွင်းဘွဲ့နာမမှာ ဗေလတရှာဇာဖြစ်ပြီး “ငါ့ဘုရား” ဟုရှင်ဘုရင်ခေါ်သည့် မှောက်မှားသောနတ်ဘုရားမှာ ဗေလ သို့မဟုတ် နေဗော သို့မဟုတ် မားဒွတ်ခ် ဖြစ်ဖွယ်ရှိသည်။ နေဗုခဒ်နေဇာသည် ဘုရားအဆူဆူကို ယုံကြည်ကိုးကွယ်သူ ဖြစ်သောကြောင့် ဒံယေလအား “သန့်ရှင်းသောဘုရားတို့၏ ဝိညာဉ်တော်” ရှိသူတစ်ဦးအဖြစ် ယူမှတ်၏။ ဗာဗုလုန်၏ ပညာရှိအပေါင်းကို အုပ်စိုးရသော ဝန်မင်းရာထူးကြောင့် ဒံယေလအား ရှင်ဘုရင်က “အချင်းမှော်ဆရာချုပ်” ဟုခေါ်ဝေါ်၏။ (ဒံယေလ ၂:၄၈; ၄:၉; ဒံယေလ ၁:၂၀ နှိုင်းယှဉ်။) ကျေးဇူးစောင့်သိသူ ဒံယေလသည် ယေဟောဝါအား ကိုးကွယ်ခြင်းကိုစွန့်၍ မှော်ပညာကို လိုက်စားမည်မဟုတ်သည်မှာ ယုံမှားဖွယ်မရှိ။—ဝတ်ပြုရာ ၁၉:၂၆; တရားဟောရာ ၁၈:၁၀-၁၂။
ဧရာမသစ်ပင်ကြီး
၆၊ ၇။ အိပ်မက်တွင် နေဗုခဒ်နေဇာ မြင်မက်ခဲ့သည့်အရာများကို သင်မည်သို့ဖော်ပြမည်နည်း။
၆ ဗာဗုလုန်ရှင်ဘုရင်၏ ထိတ်လန့်ဖွယ်ကောင်းသော အိပ်မက်၏ အကြောင်းအရာကား အဘယ်နည်း။ နေဗုခဒ်နေဇာက ဤသို့ဆို၏– “သလွန်ပေါ်၌ ငါမြင်မက်သော မနောရူပါရုံကား၊ ငါကြည့်၍ မြေကြီးအလယ်၌ မြင့်လှသော သစ်ပင်တစ်ပင်ရှိ၏။ ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ရောက်၏။ မိုးကောင်းကင်သို့ထိ၍ မြေကြီးစွန်းတိုင်အောင် ထင်ရှား၏။ အရွက်လည်းလှ၏။ အသီးနှင့်လည်း ပြည့်စုံ၏။ မြေတိရစ္ဆာန်များသည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အကိုင်းအခက်များ၌ ကောင်းကင်ငှက်တို့သည် နားနေမှီခိုကြ၏။ သတ္တဝါအပေါင်းတို့သည် စားသောက်ရကြ၏။” (ဒံယေလ ၄:၁၀-၁၂၊ သမ္မာ) နေဗုခဒ်နေဇာသည် လေဘနွန်ဒေသမှ အာရဇ်ပင်ကြီးများကို အလွန်နှစ်သက်မြတ်နိုးသဖြင့် ယင်းတို့ကို သွားရောက်ကြည့်ရှုပြီး အချို့ကို သစ်ခွဲသားအဖြစ် ဗာဗုလုန်သို့ သယ်ဆောင်ခဲ့သည်ဟု အဆိုရှိသည်။ သို့ရာတွင် အိပ်မက်ထဲတွင်မြင်ရသည့် သစ်ပင်နှင့်တူသည့် သစ်ပင်မျိုးကို မည်သည့်အခါမျှ မမြင်တွေ့ဖူးချေ။ ၎င်းသည် “မြေကြီးအလယ်၌” အထင်ကရနေရာတွင် ပေါက်နေ၏၊ မြေကြီးတစ်ပြင်လုံးမှ မြင်နိုင်၏၊ သတ္တဝါအပေါင်းတို့ စားသောက်နိုင်လောက်အောင် အသီးသီး၏။
၇ အိပ်မက်၏ အကြောင်းအရာသည် ဤမျှနှင့်မပြီးသေးပါ။ နေဗုခဒ်နေဇာက ဤသို့ဆက်၍ဆို၏– “သလွန်ပေါ်တွင် မြင်မက်သော မနောရူပါရုံကို ဆိုဦးအံ့။ သန့်ရှင်းသော စောင့်ကြည့်သူတစ်ပါးသည် ကောင်းကင်မှဆင်းသက်ပြီးလျှင်၊ ‘သစ်ပင်ကိုလှဲ၍ အခက်များကို ခုတ်ဖြတ်လော့။ အရွက်များကိုခြွေလျက် အသီးများကိုလည်း လွှင့်ပစ်လော့။ သားယဉ်သားရဲများသည် အရိပ်မှလည်းကောင်း၊ ကြက်ငှက်များလည်း အကိုင်းအခက်မှလည်းကောင်း ထွက်သွားကြစေ။ သို့ရာတွင်၊ အမြစ်အငုတ်ကို သံကြေးကြိုးဖြင့်ချည်လျက် နုသောမြက်ခင်းတွင် မြေ၌ခြွင်းထားစေ။ မိုးနှင်းစိုစွတ်ခြင်းကိုခံ၍ သားယဉ်သားရဲတို့နှင့်အတူ မြက်ဝေပုံကိုစားစေ’ [ဟုဟစ်ကြော်လေ၏]။”—ဒံယေလ ၄:၁၃-၁၅၊ သမ။
၈။ “စောင့်ကြည့်သူ” ကားမည်သူနည်း။
၈ နတ်ကောင်းနတ်ဆိုးများနှင့် စပ်လျဉ်း၍ ဗာဗုလုန်လူမျိုး၌ ကိုယ်ပိုင်ဘာသာရေး အယူအဆရှိကြသည်။ သို့ရာတွင် ကောင်းကင်မှဤ ‘စောင့်ကြည့်သူ၊’ သို့မဟုတ် ကင်းစောင့်ကား မည်သူနည်း။ ‘သန့်ရှင်းသူ’ ဟုခေါ်ထားသဖြင့် ဘုရားသခင်အား ကိုယ်စားပြုသည့် ဖြောင့်မတ်သော ကောင်းကင်တမန်တစ်ပါးဖြစ်၏။ (ဆာလံ ၁၀၃:၂၀၊ ၂၁ နှိုင်းယှဉ်။) နေဗုခဒ်နေဇာအား စိတ်အနှောင့်အယှက်ပေးမည့် အမေးပုစ္ဆာများကို တွေးကြည့်ပါ။ ဤသစ်ပင်ကို အဘယ်ကြောင့် ခုတ်လှဲရသနည်း။ အမြစ်အငုတ်ကို မကြီးထွားစေရန် သံကြိုးကြေးကြိုးတို့ဖြင့် ချည်နှောင်ခြင်းသည် အဘယ်အကျိုးရှိသနည်း။ အမှန်အားဖြင့် သစ်ငုတ်တိုတစ်ခုတည်းက အဘယ်ရည်ရွယ်ချက်ကို အထမြောက်စေမည်နည်း။
၉။ စောင့်ကြည့်သူ ပြောသည့်စကား၏ အခြေခံသဘောကား အဘယ်နည်း။ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။
၉ နေဗုခဒ်နေဇာသည် စောင့်ကြည့်သူ၏ နောက်ထပ်စကားများကို ကြားလိုက်ရသည့်အခါ မုချ နားဝေတိမ်တောင် ဖြစ်မိပေမည်– “ယင်း၏နှလုံးသည် လူ့နှလုံးမှပြောင်းလဲ၍ တိရစ္ဆာန်နှလုံးကိုပေးလျက် ခုနစ်ကာလ လွန်သွားစေ။ အမြင့်ဆုံးသောအရှင်သည် လူ့နိုင်ငံကို အုပ်စိုး၍ အလိုရှိသူအား အာဏာစက် အပ်ပေးလျက် လူတို့တွင် အနိမ့်ကျဆုံးသူကိုပင် ချီးမြှင့်ခန့်ထားတော်မူကြောင်းကို အသက်ရှင်သူတို့ သိမှတ်ကြစေခြင်းငှာ၊ အမှုသည် စောင့်ကြည့်သူတို့၏ အမိန့်ကြောင့်၊ မေတ္တာရပ်ခံချက်သည် သန့်ရှင်းသူတို့၏ ပြောဆိုချက်ကြောင့် ဖြစ်သတည်း’ ဟုဟစ်ကြော်လေ၏။” (ဒံယေလ ၄:၁၆၊ ၁၇၊ ကဘ) သစ်ပင်၏ အမြစ်အငုတ်တွင် ခုန်နေသည့် လူ့နှလုံးမရှိ။ သို့ဖြစ်သောကြောင့် သစ်ပင်၏ အမြစ်အငုတ်အား တိရစ္ဆာန်နှလုံး မည်သို့ပေးနိုင်မည်နည်း။ “ခုနစ်ကာလ” ကားအဘယ်နည်း။ ဤသည်တို့သည် “လူ့နိုင်ငံ” အုပ်စိုးခြင်းနှင့် မည်သို့ဆက်နွှယ်သနည်း။ အဖြေကို နေဗုခဒ်နေဇာ မုချသိလိုခဲ့ပေမည်။
ရှင်ဘုရင်အတွက် သတင်းဆိုး
၁၀။ (က) ကျမ်းစာအရ သစ်ပင်များသည် အဘယ်အရာများကို အမှတ်သင်္ကေတပြုနိုင်သနည်း။ (ခ) ဤဧရာမသစ်ပင်ကြီးသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။
၁၀ အိပ်မက်ကို ကြားလိုက်ရသည့်အခါ ဒံယေလသည် တဒင်္ဂအားဖြင့် အံ့သြမိန်းမောပြီးနောက် ကြောက်စိတ်ဝင်လာ၏။ အနက်ကိုရှင်းပြရန် နေဗုခဒ်နေဇာ တိုက်တွန်းသဖြင့် ပရောဖက်က ဤသို့လျှောက်တင်၏– “အကျွန်ုပ်အရှင်၊ ဤအိပ်မက်သည် ကိုယ်တော်ကို မုန်းသူတို့အပေါ်၌လည်းကောင်း၊ အနက်သည် ရန်သူတို့အပေါ်၌လည်းကောင်း ရောက်ပါစေသော။ မြင်မက်တော်မူသော အိပ်မက်တွင် ကြီးပွား၍ခိုင်မာထသော၊ မိုးကောင်းကင်သို့ထိ၍ မြေကြီးတစ်ပြင်လုံး၌ ထင်ရှားထသော . . . သစ်ပင်သည်၊ အို အရှင်မင်းမြတ်၊ ကိုယ်တော်ပင်ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍တန်ခိုးနှင့် ပြည့်စုံတော်မူ၏။ ဘုန်းအာနုဘော်တော် ကြီးမြင့်၍ မိုးကောင်းကင်သို့ထိ၏။ အာဏာစက်တော်လည်း မြေကြီးစွန်းတိုင်အောင် ရောက်လေ၏။” (ဒံယေလ ၄:၁၈-၂၂၊ သမ္မာ) ကျမ်းစာတွင် သစ်ပင်သည် လူပုဂ္ဂိုလ်၊ အုပ်စိုးရှင်နှင့် နိုင်ငံများကို အမှတ်သင်္ကေတ ပြုနိုင်ပေသည်။ (ဆာလံ ၁:၃; ယေရမိ ၁၇:၇၊ ၈; ယေဇကျေလ၊ အခန်းကြီး ၃၁) အိပ်မက်ထဲမှ ဧရာမသစ်ပင်ကြီးကဲ့သို့ပင် နေဗုခဒ်နေဇာသည် ကမ္ဘာ့အာဏာစက်တစ်ခု၏ အထွတ်အမြတ်အနေနှင့် “ကြီးပွား၍ တန်ခိုးနှင့်ပြည့်စုံ” ၏။ သို့သော်လည်း သစ်ပင်ကြီး ကိုယ်စားပြုသည့်အရာမှာ လူ့နိုင်ငံတစ်ရပ်လုံး အကျုံးဝင်သော ‘မြေကြီးစွန်းတိုင်အောင်ရောက်သည့် အာဏာစက်တော်’ ဖြစ်သည်။ ထို့ကြောင့် သစ်ပင်ကြီးသည် ယေဟောဝါ၏ စကြဝဠာ အချုပ်အခြာအာဏာတော်ကို အမှတ်သင်္ကေတပြုသည်။ အထူးသဖြင့် မြေကြီးနှင့် ဆက်နွှယ်မှု၌ဖြစ်သည်။—ဒံယေလ ၄:၁၇။
၁၁။ ရှင်ဘုရင်သည် ဂုဏ်ယုတ်သည့် ပြောင်းလဲမှုတစ်ရပ် တွေ့ကြုံရမည့်အကြောင်း သူ၏အိပ်မက်က မည်သို့ဖော်ပြသနည်း။
၁၁ နေဗုခဒ်နေဇာသည် ဂုဏ်ယုတ်သည့် ပြောင်းလဲမှုတစ်ရပ် ကြုံတွေ့ရပေမည်။ ၎င်းဖြစ်ရပ်ကိုညွှန်ပြ၍ ဒံယေလက ဤသို့လျှောက်တင်၏– “စောင့်ကြည့်သူ၊ သန့်ရှင်းသူတစ်ပါးသည် ကောင်းကင်မှဆင်းသက်လျက် ‘သစ်ပင်ကို ခုတ်လှဲဖျက်ဆီးလော့။ သို့ရာတွင်၊ အမြစ်အငုတ်ကို သံကြိုးကြေးကြိုးနှင့်ချည်နှောင်လျက် မြက်ခင်းပြင်တွင် မြေ၌ခြွင်းထားစေ။ ခုနစ်ကာလ လွန်သွားသည့်တိုင်အောင် မိုးနှင်းစိုစွတ်ခြင်းကိုခံ၍ မြေတိရစ္ဆာန်တို့နှင့်အတူ မြက်ဝေပုံကိုစားစေ’ ဟုဆိုသည်ကို မင်းကြီး မြင်မက်တော်မူသည်၏အနက်မှာ အိုအရှင်မင်းမြတ်၊ အမြင့်ဆုံးသောအရှင်၏ စီရင်ပြဋ္ဌာန်းချက်သည် အရှင်ဘုရင်မင်းမြတ်၌ ရောက်လိမ့်သတည်း။” (ဒံယေလ ၄:၂၃၊ ၂၄၊ ကဘ) တန်ခိုးကြီးသောရှင်ဘုရင်အား ဤသတင်းစကား လျှောက်တင်ရသည်မှာ အမှန်ပင် သတ္တိလိုအပ်ပေသည်။
၁၂။ နေဗုခဒ်နေဇာ၌ အဘယ်အမှုအခင်း ရောက်မည်နည်း။
၁၂ နေဗုခဒ်နေဇာ၌ အဘယ်အမှုအခင်း ရောက်မည်နည်း။ ဒံယေလ ဆက်၍လျှောက်တင်သည့် ဤစကားများကြောင့် သူမည်သို့တုံ့ပြန်မည်ကို စဉ်းစားကြည့်ပါ– “အမြင့်ဆုံးသောအရှင်သည် လူ့နိုင်ငံကိုအုပ်စိုး၍ ပေးလိုသောသူအား အာဏာစက် အပ်ပေးတော်မူကြောင်းကို ကိုယ်တော် သိမှတ်ရသည့်တိုင်အောင် ကိုယ်တော်သည် လူတို့ဘောင်မှ နှင်ထုတ်ခံရ၍ မြေတိရစ္ဆာန်တို့နှင့်အတူ နေရသည့်အပြင် နွားကဲ့သို့ မြက်ကိုစား၍ မိုးနှင်းစိုစွတ်ခြင်းကိုခံလျက် ခုနစ်ကာလ လွန်သွားရမည်။” (ဒံယေလ ၄:၂၅၊ ကဘ) နေဗုခဒ်နေဇာ၏ မှူးမတ်များက သူ့အား “လူတို့ဘောင်မှ နှင်ထုတ်” ကြဖွယ်ရှိသည်။ သို့သော် သူသည် အကြင်နာတရားရှိသော နွားထိန်း၊ သိုးထိန်းတို့၏ စောင့်ရှောက်ခြင်း ခံရမည်လော။ မခံရပါ၊ အကြောင်းမှာ နေဗုခဒ်နေဇာသည် “မြေတိရစ္ဆာန်တို့” နှင့်အတူနေ၍ မြက်ကိုစားရမည်ဟု ဘုရားသခင် စီရင်ပြဋ္ဌာန်းနှင့်ပြီးဖြစ်သည်။
၁၃။ နေဗုခဒ်နေဇာ၏ ကမ္ဘာ့အုပ်စိုးရှင်ရာထူး မည်သို့ဖြစ်မည်ဟု သစ်ပင်အိပ်မက်က ပြဆိုသနည်း။
၁၃ သစ်ပင်သည် ခုတ်လှဲခံရသကဲ့သို့ နေဗုခဒ်နေဇာသည်လည်း ကမ္ဘာ့အာဏာစက်ရာထူးမှ ပြုတ်ကျလိမ့်မည်—သို့သော် ခဏတစ်ဖြုတ်မျှသာဖြစ်မည်။ ဒံယေလက ဤသို့ရှင်းပြ၏– “သစ်မြစ်၊ သစ်ငုတ်ကို ခြွင်းထားစေခြင်းငှာ စီရင်ကြသည်အရာမှာ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်းကို ကိုယ်တော်သိပြီးသောနောက် နိုင်ငံတော်သည် လက်တော်မှမရွေ့ဘဲ တည်လိမ့်မည်။” (ဒံယေလ ၄:၂၆) နေဗုခဒ်နေဇာ၏ အိပ်မက်ထဲတွင် ခုတ်လှဲခံရသည့်သစ်ပင်၏ အမြစ်ငုတ်၊ သို့မဟုတ် သစ်ငုတ်တိုသည် မကြီးထွားစေရန် ချည်နှောင်ခြင်းခံရစေကာမူ ခြွင်းထားခြင်းခံရသည်။ အလားတူစွာ ဗာဗုလုန်ရှင်ဘုရင်၏ “အမြစ်အငုတ်” လည်း ရှင်သန်ကြီးပွားခြင်း မရှိစေရန် “ခုနစ်ကာလ” တိုင်တိုင် ချည်နှောင်ခံရသော်လည်း ကျန်ရစ်နေမည်ဖြစ်သည်။ သူ၏ ကမ္ဘာ့အုပ်စိုးရှင်ရာထူးသည် ချည်နှောင်ခံရသည့် သစ်ငုတ်တိုကဲ့သို့ ဖြစ်လိမ့်မည်။ ခုနစ်ကာလ လွန်သွားသည့်တိုင်အောင် လုံခြုံစွာထိန်းသိမ်းထားခြင်း ခံရပေမည်။ ထိုကာလအတွင်း ဧဝိလ-မာရောဒက်ခ် အမည်ရှိ သူ၏သားတော်က ယာယီအုပ်စိုးရှင်အဖြစ် ကိုယ်စားအုပ်ချုပ်ခဲ့ဖွယ်ရှိသော်လည်း ဗာဗုလုန်၏ တစ်ဦးတည်းသော အုပ်စိုးရှင်အနေနှင့် မည်သူမျှ နေဗုခဒ်နေဇာကို ဆက်ခံခြင်းမရှိစေရန် ယေဟောဝါ အသေအချာ ကြပ်မတော်မူ၏။
၁၄။ နေဗုခဒ်နေဇာအား မည်သို့ပြုရန် ဒံယေလက တိုက်တွန်းသနည်း။
၁၄ နေဗုခဒ်နေဇာနှင့် ပတ်သက်သည့် ဟောကိန်းကိုထောက်၍ ဒံယေလက သတ္တိရှိရှိနှင့် ဤသို့တိုက်တွန်း၏– “သို့ဖြစ်၍ ဘုရင်မင်းမြတ်၊ ကျွန်တော်မျိုး၏ အကြံပေးချက်ကို နာယူလျက်၊ ဖြောင့်မတ်ခြင်းအားဖြင့် အပြစ်ဒုစရိုက်များကိုလည်းကောင်း၊ ဆင်းရဲသားတို့ကို သနားညှာတာခြင်းအားဖြင့် လွန်ကျူးမှုကိုလည်းကောင်း ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင် ကိုယ်တော်၏စည်းစိမ်ချမ်းသာသည် တာရှည်ကောင်း တာရှည်ပါလိမ့်မည်။” (ဒံယေလ ၄:၂၇၊ ကဘ) အကယ်၍ နေဗုခဒ်နေဇာအနေဖြင့် သူ၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် မာန်မာန ထောင်လွှားသည့်လမ်းစဉ်မှ လွှဲဖယ်ခဲ့မည်ဆိုလျှင် လာမည့်ဘေးကို ရှောင်လွဲနိုင်ကောင်း ရှောင်လွဲနိုင်ပေမည်။ အမှန်အားဖြင့် ထိုအချိန်မတိုင်မီ နှစ်ပေါင်းနှစ်ရာခန့်အလိုက ယေဟောဝါသည် အဆီးရီးယား၏မြို့တော် နိနေဝေမြို့သားများကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ရှင်ဘုရင်နှင့်တကွ ပြည်သူအားလုံးက နောင်တရကြသောကြောင့် သူတို့ကို မဖျက်ဆီးခဲ့ချေ။ (ယောန ၃:၄၊ ၁၀; လုကာ ၁၁:၃၂) မာနထောင်လွှားသည့် နေဗုခဒ်နေဇာကော မည်သို့နည်း။ သူ၏လမ်းစဉ်ကို ပြောင်းလဲမည်လော။
အိပ်မက်၏ ပဏာမ ပြည့်စုံချက်
၁၅။ (က) နေဗုခဒ်နေဇာသည် အဘယ်စိတ်သဘောမျိုးကို ဆက်လက်ပြသ,သနည်း။ (ခ) နေဗုခဒ်နေဇာ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကမ္ပည်းကျောက်စာများ၌ အဘယ်အရာများ ဖော်ပြသနည်း။
၁၅ နေဗုခဒ်နေဇာသည် မာနထောင်လွှားမြဲ ထောင်လွှား၏။ သစ်ပင်အိပ်မက် မြင်မက်ပြီးနောက် ၁၂ လကြာသော် နန်းတော်အမိုးပေါ် စင်္ကြံလျှောက်စဉ် ဤသို့ဝါကြွားလေ၏– “ဤမြို့ကား ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့ ငါ့တန်ခိုးအာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လော။” (ဒံယေလ ၄:၂၈-၃၀) ဗာဗုလုန် (ဘေဘဲလ်) ကိုနိမ်ရောဒ တည်ထောင်ခဲ့သော်လည်း ကြီးကျယ်ခမ်းနားအောင် နေဗုခဒ်နေဇာက မွမ်းမံခဲ့သည်။ (ကမ္ဘာဦး ၁၀:၈-၁၀) ကျူနီဖောင်း ကမ္ပည်းကျောက်စာတစ်ခုတွင် သူကဤသို့ ကြွားလုံးထုတ်ထားသည်– “ငါကိုယ်တော်မြတ်သည် နဗိုပိုလာဇာ၏သားတော်၊ အဲဆာဂီလာ ဘုရားကျောင်းနှင့် အဲဇိဒါကို ပြန်လည်ပြင်ဆင်မွမ်းမံသူ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာဖြစ်၏။ . . . အဲဆာဂီလာ ဘုရားကျောင်းနှင့် ဗာဗုလုန်မြို့ရိုးတို့ကို ခိုင်ခံ့အောင် တည်ဆောက်ခြင်းဖြင့် ငါကိုယ်တော်မြတ်၏ စိုးစံမှုဂုဏ်သတင်းကို အစဉ်ထာဝရ ခိုင်မြဲတည်တံ့စေ၏။” (ရှေးဟောင်းသုတေသနနှင့် သမ္မာကျမ်းစာ၊ ဂျော့ချ် အေ. ဘာတန် ရေးသားသည်၊ ၁၉၄၉ ခုနှစ်၊ စာမျက်နှာ ၄၇၈-၉) အခြားကမ္ပည်းကျောက်စာတစ်ခုက သူမွမ်းမံပြင်ဆင်သည့်၊ သို့မဟုတ် ပြန်လည်တည်ဆောက်သည့် ဘုရားကျောင်းကန် ၂၀ ခန့်ကိုရည်ညွှန်းထားသည်။ “နေဗုခဒ်နေဇာ အုပ်ချုပ်မှုအောက်တွင်၊ ဗာဗုလုန်မြို့သည် ရှေးကမ္ဘာ့မြို့ကြီးတစ်မြို့ ဖြစ်လာသည်။ သူ၏ကိုယ်ရေးမှတ်တမ်းတွင် စစ်ရေးဆောင်ရွက်ချက်များအကြောင်း ဖော်ပြခြင်း မရှိလှဘဲ ဆောက်လုပ်ရေး စီမံကိန်းများနှင့် ဗာဗုလုန်နတ်ဘုရားများကို အာရုံပြုခြင်းအကြောင်းကိုသာ အလေးပေးဖော်ပြထားသည်။ ရှေးကမ္ဘာ့ အံ့ဖွယ်ခုနစ်သွယ် အဝင်ဖြစ်သည့် မိုးပျံဥယျာဉ်များကို တည်ဆောက်ခဲ့သူမှာ နေဗုခဒ်နေဇာ ဖြစ်ဖွယ်ရှိသည်” ဟု ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း ကဆိုသည်။
၁၆။ နေဗုခဒ်နေဇာသည် မည်သို့ နှိမ့်ချခံရတော့မည်နည်း။
၁၆ မာနထောင်လွှားသည့် နေဗုခဒ်နေဇာသည် ဝါကြွားစေကာမူ နှိမ့်ချခံရတော့မည်ဖြစ်သည်။ မှုတ်သွင်းခံ မှတ်တမ်းက ဤသို့ဆို၏– “ထိုစကားကို မြွက်ဆိုစဉ်တွင်ပင် ကောင်းကင်မှသက်ရောက်သော အသံကား ‘အို နေဗုခဒ်နေဇာမင်းကြီး သင့်ထံကြားသိစေသည်မှာ “နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။ သင်သည် လူတို့ဘောင်မှ နှင်ထုတ်ခြင်းခံ၍ မြေတိရစ္ဆာန်တို့နှင့်အတူ နေရလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့နိုင်ငံကိုအုပ်စိုး၍ ပေးလိုသောသူအား အာဏာစက် အပ်ပေးတော်မူကြောင်းကို မင်းကြီးသိမှတ်သည့်တိုင်အောင် နွားကဲ့သို့မြက်ကိုစားလျက် ခုနစ်ကာလလွန်သွားလိမ့်မည်” ဟုလာသတည်း။’”—ဒံယေလ ၄:၃၁၊ ၃၂၊ ကဘ။
၁၇။ မာနထောင်လွှားသည့် နေဗုခဒ်နေဇာသည် မည်သို့ဖြစ်သွားသနည်း။ သူသည် မည်သို့သော အခြေအနေများအတွင်း ရောက်ရှိသွားသနည်း။
၁၇ နေဗုခဒ်နေဇာသည် တစ်မုဟုတ်ချင်းတွင် စိတ်ဖောက်ပြန်သွားလေ၏။ လူတို့ဘောင်မှ နှင်ထုတ်ခံရပြီး “နွားကဲ့သို့” မြက်ကိုစားရ၏။ မြေတိရစ္ဆာန်တို့နှင့်အတူ နေသည်ဟုဆိုရာ၌ ပရဒိသုဘုံကဲ့သို့သော မြက်ခင်းပြင်တွင် အလုပ်မရှိဘဲ စိမ်ပြေနပြေနှင့် လေပြေလေညင်းခံလျက် နေ့စဉ် ထိုင်နေရသည်မဟုတ်။ ဗာဗုလုန်၏ အပျက်အယွင်းများ တည်ရှိရာ မျက်မှောက်ခေတ် အီရတ်နိုင်ငံ၌ အပူချိန်သည် နွေရာသီတွင် ၁၂၀ ဒီကရီ ဖာရင်ဟိုက် ရှိရာမှ ဆောင်းရာသီတွင် ရေခဲမှတ်အောက်သို့ ကျဆင်းလေ့ရှိသည်။ အထိန်းအကျောင်းမရှိဘဲ လေဒဏ်မိုးဒဏ်ခံရသဖြင့် နေဗုခဒ်နေဇာ၏ ချပ်ခဲဖြစ်နေသော ဆံပင်ရှည်သည် လင်းယုန်ငှက်၏ အမွေးနှင့်တူပြီး၊ လှီးဖြတ်ခြင်းမရှိသည့် ခြေသည်းလက်သည်းများလည်း ငှက်ခြေသည်းကဲ့သို့ ဖြစ်လာ၏။ (ဒံယေလ ၄:၃၃) မာနထောင်လွှားသည့် ဤကမ္ဘာ့အုပ်စိုးရှင်သည် နှိမ့်ချခြင်း ခံလိုက်ရသည်တကား!
၁၈။ ခုနစ်ကာလ အတောအတွင်း ဗာဗုလုန်၏ထီးနန်း မည်သို့ဖြစ်ခဲ့သနည်း။
၁၈ နေဗုခဒ်နေဇာ၏ အိပ်မက်ထဲတွင် သစ်ပင်ကြီးသည် ခုတ်လှဲခြင်းခံရပြီး သစ်ငုတ်တိုသည် ခုနစ်ကာလတိုင်တိုင် ကြီးထွားခြင်းမရှိစေရန် ချည်နှောင်ခြင်းခံရသည်။ ထို့အတူ နေဗုခဒ်နေဇာအား ယေဟောဝါ ရူးသွပ်စေပြီးနောက် သူသည် ‘ထီးနန်းချခံလိုက်ရ၏။’ (ဒံယေလ ၅:၂၀) ဤဖြစ်ရပ်သည် ရှင်ဘုရင်၏ လူ့နှလုံးကို နွားနှလုံးဖြစ်အောင် ပြောင်းလဲပေးလိုက်သည်နှင့် မခြားပေ။ သို့သော်လည်း ဘုရားသခင်သည် နေဗုခဒ်နေဇာ၏ထီးနန်းကို ခုနစ်ကာလ ကုန်ဆုံးသည်တိုင်အောင် ထိန်းသိမ်းထားတော်မူ၏။ ဧဝိလ-မာရောဒက်ခ်သည် အစိုးရ၏ ယာယီအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ဖွယ်ရှိသော်လည်း ဒံယေလမူကား ‘ဗာဗုလုန်တစ်နယ်လုံးကို အုပ်စိုးသော မင်းအရာ၊ ဗာဗုလုန်ပညာရှိအပေါင်းကို အုပ်စိုးသော ဝန်အရာ၌’ တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ ဟေဗြဲအပေါင်းအဖော် သုံးဦးလည်း ဗာဗုလုန်တစ်နယ်လုံး၏ အရေးအရာများကို ဆက်လက်၍ စီမံခန့်ခွဲကြ၏။ (ဒံယေလ ၁:၁၁-၁၉; ၂:၄၈၊ ၄၉; ၃:၃၀) နေဗုခဒ်နေဇာအနေဖြင့် “အမြင့်ဆုံးသောအရှင်သည် လူ့နိုင်ငံကိုအုပ်စိုး၍ ပေးလိုသောသူအား အာဏာစက် အပ်ပေးတော်မူကြောင်းကို” သိမှတ်ပြီးလျှင် စိတ်မူမှန်သော ရှင်ဘုရင်အနေနှင့် ထီးနန်းကို ပြန်လည်သိမ်းပိုက်ရန် နယ်နှင်ခံလေးဦးက စောင့်မျှော်လျက်ရှိကြသည်။
နေဗုခဒ်နေဇာ ထီးနန်း ပြန်လည်သိမ်းပိုက်ခြင်း
၁၉။ နေဗုခဒ်နေဇာ၏ ပကတိမူမှန်သောစိတ်ကို ယေဟောဝါ ပြန်ပေးတော်မူပြီးနောက် ဗာဗုလုန်ရှင်ဘုရင်က အဘယ်အကြောင်းကို သိရှိလာသနည်း။
၁၉ ခုနစ်ကာလ စေ့သောအခါ နေဗုခဒ်နေဇာအား ပကတိမူမှန်သောစိတ်ကို ယေဟောဝါ ပြန်ပေးတော်မူ၏။ ထိုအခါ ရှင်ဘုရင်က အမြင့်ဆုံးသောအရှင် ဘုရားသခင်ကို အသိအမှတ်ပြုလျက် ဤသို့ဆို၏– “ကာလအချိန် စေ့သောအခါ ငါနေဗုခဒ်နေဇာသည် ကောင်းကင်သို့မျှော်ကြည့်၍ သတိရပြန်လျှင် အမြင့်ဆုံးသောဘုရားကို ကောင်းချီးပေး၍ ထာဝရ အသက်ရှင်တော်မူသောဘုရားကို ချီးမွမ်းထောမနာပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။ မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေတို့၌လည်းကောင်း၊ မြေကြီးသားတို့၌လည်းကောင်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူမရှိ။” (ဒံယေလ ၄:၃၄၊ ၃၅) မှန်ပါ၏၊ အမြင့်ဆုံးသောအရှင်သည် လူ့နိုင်ငံတွင် အချုပ်အခြာအုပ်စိုးရှင် စင်စစ်ဖြစ်ကြောင်းကို နေဗုခဒ်နေဇာ အမှန်သိမြင်ခဲ့လေသည်။
၂၀၊ ၂၁။ (က) သစ်ပင်၏ အမြစ်အငုတ်တွင် ချည်နှောင်ထားသည့် သတ္တုကြိုးပတ်များကို ဖယ်ရှားခြင်းနှင့် ဆင်တူသည့်အချက်ကို နေဗုခဒ်နေဇာ၏ အဖြစ်အပျက်တွင် အဘယ်သို့တွေ့ရှိရသနည်း။ (ခ) နေဗုခဒ်နေဇာသည် အဘယ်အသိအမှတ်ပြုချက်ကို ထုတ်ပြန်ခဲ့သနည်း။ ဤသို့ပြုခြင်းဖြင့် သူသည် ယေဟောဝါအား ကိုးကွယ်သူ ဖြစ်လာသလော။
၂၀ နေဗုခဒ်နေဇာ ထီးနန်းပြန်လည်သိမ်းပိုက်သည့်အခါ အိပ်မက်ထဲမှသစ်ပင်၏ အမြစ်အငုတ်၌ ချည်နှောင်ထားသည့် သတ္တုကြိုးပတ်များကို ဖယ်ရှားလိုက်သကဲ့သို့ဖြစ်သည်။ ထီးနန်း ပြန်လည်သိမ်းပိုက်ခြင်းနှင့် စပ်လျဉ်း၍ သူကဤသို့ဆို၏– “ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍ ငါ့နိုင်ငံ၏အသရေဖို့ ယမန်ကဲ့သို့ တင့်တယ်ခြင်းအရောင်အဆင်းနှင့် ပြည့်စုံ၍ တိုင်ပင်သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင် [“ငါ့အား စိတ်ပြင်းပြစွာ ရှာကြ၏။” ကဘ] ငါ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွား၏။” (ဒံယေလ ၄:၃၆) ရူးသွပ်သောရှင်ဘုရင်အား မှူးမတ်တစ်စုံတစ်ယောက်က မထီမဲ့မြင် ပြုမိခဲ့သည်တိုင်အောင် ယခုတွင် ရှင်ဘုရင်အား “စိတ်ပြင်းပြစွာရှာ” ပြီးအကြွင်းမဲ့ လက်အောက်ခံကြလေသည်။
၂၁ အမြင့်ဆုံးသောအရှင် ဘုရားသခင်သည် “နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို” ပြုတော်မူခဲ့ပြီတကား! “ယခုတွင် ငါနေဗုခဒ်နေဇာသည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ချီးမွမ်းထောမနာပြု၏။ စီရင်ဖန်ဆင်းတော်မူသမျှသောအရာတို့သည် သစ္စာနှင့်ပြည့်စုံ၍ တရားနှင့်ညီလျော်ကြ၏။ မာနထောင်လွှားသောသူတို့ကို နှိမ့်ချခြင်းငှာ တတ်နိုင်တော်မူ၏” ဟူ၍ထီးနန်းပြန်လည်ရရှိသည့် ဗာဗုလုန်ရှင်ဘုရင်က ဆိုခဲ့သည်ကို ကျွန်ုပ်တို့ မအံ့သြသင့်ပေ။ (ဒံယေလ ၄:၂၊ ၃၇) သို့ရာတွင် ဤသို့အသိအမှတ်ပြုရုံမျှဖြင့် နေဗုခဒ်နေဇာသည် ယေဟောဝါအားကိုးကွယ်သည့် လူမျိုးခြားတစ်ဦး ဖြစ်မလာစေခဲ့ချေ။
လောကီသမိုင်းအထောက်အထား ရှိသလော
၂၂။ နေဗုခဒ်နေဇာ ရူးသွပ်ခြင်းသည် အဘယ်ရောဂါဝေဒနာဖြစ်သည်ဟု လူအချို့က ယူဆကြသနည်း။ သို့သော် သူရူးသွပ်ရခြင်း၏ အကြောင်းရင်းနှင့်ပတ်သက်၍ အဘယ်အကြောင်းကို သိရှိထားသင့်သနည်း။
၂၂ နေဗုခဒ်နေဇာ စိတ်ဖောက်ပြန်ခြင်းသည် လူက သားရဲဘဝပြောင်းလဲခြင်း ဝံပုလွေယုံမှား (lycanthropy) ဖြစ်သည်ဟု အချို့က ယူဆကြသည်။ ဆေးအဘိဓာန်ကျမ်းတစ်အုပ်က ဤသို့ဆို၏– ဝံပုလွေယုံမှား . . . မူရင်း [lyʹkos], lupus, ဝံပုလွေ၊ [anʹthro·pos], homo, လူ မှဆင်းသက်သည်။ ဤရောဂါရသူတို့သည် မိမိတို့ကိုယ်ကို တိရစ္ဆာန်ဘဝ ပြောင်းသွားသည်ဟုယုံကြည်ပြီး တိရစ္ဆာန်၏အသံ၊ အော်မြည်သံ၊ ပုံပန်း၊ အမူအကျင့်တို့ကို အတုခိုးကြသည်။ ဤသို့သောသူများသည် များသောအားဖြင့် မိမိတို့ကိုယ်ကို ဝံပုလွေ၊ ခွေး၊ ကြောင်၊ တစ်ခါတစ်ရံ နေဗုခဒ်နေဇာကဲ့သို့ နွားဘဝပြောင်းသွားသည်ဟု ထင်မှတ်တတ်ကြသည်။” (အထွေထွေရောဂါကု ဆရာဝန်များအသင်းထုတ် ဆေးပညာအဘိဓာန်၊ ပါရီ၊ ၁၈၁၈ ခုနှစ်၊ အတွဲ ၂၉၊ စာမျက်နှာ ၂၄၆) ဝံပုလွေယုံမှားရောဂါ၏ လက္ခဏာများမှာ နေဗုခဒ်နေဇာ စိတ်ဖောက်ပြန်စဉ်က အခြေအနေနှင့်ဆင်တူသည်။ သို့ရာတွင်၊ နေဗုခဒ်နေဇာ၏ စိတ်ရောဂါမှာ ဘုရားသခင် ဖြစ်ပွားစေသည်ဖြစ်ရာ သိရှိပြီးသောရောဂါ တစ်ခုခုဖြစ်သည်ဟု တပ်အပ်မပြောနိုင်ပေ။
၂၃။ နေဗုခဒ်နေဇာ၏ စိတ်မနှံ့ခြင်းနှင့်ပတ်သက်၍ အဘယ်လောကီသမိုင်း အထောက်အထား ရှိသနည်း။
၂၃ ပညာရှင် ဂျွန် အီး. ဂိုးလ်ဒင်းဂေးသည် နေဗုခဒ်နေဇာ၏ စိတ်မနှံ့ခြင်းနှင့် ပြန်ကောင်းလာခြင်းနှင့် ဆင်တူသည့် ဥပမာများစွာကို ကိုးကားပြသည်။ သာဓကအားဖြင့် သူကဤသို့ဆိုသည်– “ကျူနီဖောင်းစာသားပါရှိသည့် အပိုင်းအစတစ်ခုတွင် နေဗုခဒ်နေဇာ၌ စိတ်ဝေဒနာ အတန်အရာရှိသည့်အကြောင်း၊ ၎င်းပြင် သူ တာဝန်ပျက်ကွက်သည့်အကြောင်း၊ ဗာဗုလုန်မှ ထွက်သွားရသည့်အကြောင်းတို့ကိုပင် ရည်ညွှန်းထားပုံရသည်။” ဂိုးလ်ဒင်းဂေးသည် “ဗာဗုလုန်မှယောဘ” အမည်ရှိ မှတ်တမ်းမှတ်ရာတစ်ခုကို ကိုးကားလျက် ယင်းသည် “ဘုရားသခင့် ဒဏ်ခတ်ခြင်း၊ ဖျားနာခြင်း၊ နှိမ့်ချခံရခြင်း၊ ကြောက်မက်ဖွယ် အိပ်မက်၏အနက်ကို နားလည်အောင်ကြိုးစားခြင်း၊ သစ်ပင်ကဲ့သို့ ခုတ်လှဲခံရခြင်း၊ ပြင်ရပ်သို့ နှင်ခံရခြင်း၊ မြက်ကိုစားခြင်း၊ အသိဉာဏ် ပျောက်ဆုံးခြင်း၊ နွားနှင့်တူခြင်း၊ မားဒွတ်ခ်ထံမှ မိုးဒဏ်လေဒဏ် ခံရခြင်း၊ ခြေသည်းလက်သည်းများ ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း၊ ဆံပင်ရှည်ခြင်း၊ ခြေချင်းခတ်ခံရခြင်း၊ ၎င်းနောက် နဂိုမူလအခြေသို့ ပြန်လည်ရောက်ရှိခြင်းအတွက် နတ်ဘုရားကို ချီးမွမ်းခြင်းအကြောင်းတို့ကို ထောက်ခံသည်” ဟုဆိုသည်။
ကျွန်ုပ်တို့ကို ထိခိုက်သည့် ခုနစ်ကာလ
၂၄။ (က) အိပ်မက်ထဲမှ ဧရာမသစ်ပင်ကြီးသည် အဘယ်အရာကို အမှတ်သင်္ကေတပြုသနည်း။ (ခ) အဘယ်အရာသည် ခုနစ်ကာလတိုင်တိုင် ဆီးတားခြင်းခံရသနည်း။ မည်သို့ဖြစ်ပျက်လာသနည်း။
၂၄ သစ်ပင်ကြီးဖြင့် ကိုယ်စားပြုခံရသည့် နေဗုခဒ်နေဇာသည် ကမ္ဘာ့အုပ်စိုးခွင့်အာဏာကို အမှတ်သင်္ကေတပြုသည်။ သို့သော် ထိုသစ်ပင်သည် ဗာဗုလုန်ရှင်ဘုရင်ထက် များစွာခမ်းနားကြီးကျယ်သည့် အုပ်စိုးခွင့်အာဏာတော်နှင့် အချုပ်အခြာအာဏာတော်ကို ကိုယ်စားပြုပေသည်။ သစ်ပင်သည် “ကောင်းကင်ဘုရင်” ယေဟောဝါ၏ စကြဝဠာ အချုပ်အခြာအာဏာတော်၊ အထူးသဖြင့် မြေကြီးနှင့်ပတ်သက်သည့် အာဏာတော်ကို အမှတ်သင်္ကေတပြုသည်။ ဗာဗုလုန်လူမျိုးလက်ချက်ဖြင့် ယေရုရှလင်မြို့ ဖျက်ဆီးမခံရမီက ထိုမြို့ကို ဗဟိုပြုလျက် ဒါဝိဒ်မှစ၍ ထီးမွေနန်းမွေ ဆက်ခံသူအဆက်ဆက်က “ယေဟောဝါ၏ ရာဇပလ္လင်” ပေါ်မှာထိုင်လျက် အုပ်စိုးခဲ့သောနိုင်ငံသည် မြေကြီးနှင့်စပ်လျဉ်းသည့် ဘုရားသခင့် အချုပ်အခြာအာဏာတော်ကို ကိုယ်စားပြုသည်။ (၁ ရာဇဝင်ချုပ် ၂၉:၂၃၊ ကဘ) နေဗုခဒ်နေဇာကို အသုံးပြုလျက် ယေရုရှလင်မြို့ကို ဖျက်ဆီးခဲ့သည့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဘုရားသခင် ကိုယ်တော်တိုင်က အဆိုပါ အချုပ်အခြာအာဏာတော်ကို ခုတ်လှဲ၍ ချည်နှောင်တော်မူ၏။ ဒါဝိဒ်အမျိုးအနွယ်၏ နိုင်ငံတော်အားဖြင့် မြေကြီးပေါ်သို့သက်ရောက်သည့် ဘုရားသခင့် အချုပ်အခြာအာဏာတော်သည် ခုနစ်ကာလတိုင်တိုင် ဆီးတားခံရ၏။ ဤခုနစ်ကာလသည် မည်မျှကြာရှည်သနည်း။ အဘယ်အချိန်တွင် အစပြု၍ အဘယ်အဖြစ်အပျက်ဖြင့် အဆုံးတိုင်ခဲ့သနည်း။
၂၅၊ ၂၆။ (က) နေဗုခဒ်နေဇာ၏အဖြစ်၌ “ခုနစ်ကာလ” သည် မည်မျှကြာရှည်သနည်း။ သင် အဘယ်ကြောင့် ဤသို့ဖြေသနည်း။ (ခ) အကြီးစားပြည့်စုံမှုတွင် “ခုနစ်ကာလ” သည် အဘယ်အချိန်နှင့် အဘယ်သို့ အစပြုခဲ့သနည်း။
၂၅ နေဗုခဒ်နေဇာ ရူးသွပ်စဉ်အတွင်း “ကိုယ်အမွေးသည် လင်းယုန်အမွေးကဲ့သို့လည်းကောင်း၊ လက်သည်းခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့လည်းကောင်း ဖြစ်၏။” (ဒံယေလ ၄:၃၃၊ သမ္မာ) ဤသို့ဖြစ်ရန် ခုနစ်ရက်၊ ခုနစ်ပတ်ထက်မက အချိန်လိုပေသည်။ ဘာသာပြန်ကျမ်း အမျိုးမျိုးက “ခုနစ်ကာလ၊” “ကာလခုနစ်ခု” ဟူ၍လည်းကောင်း၊ “ချိန်းချက်သော (တိကျသည့်) ကာလ၊” “အချိန်ကာလ” ဟူ၍လည်းကောင်း အသီးသီးပြန်ဆိုကြသည်။ (ဒံယေလ ၄:၁၆၊ ၂၃၊ ၂၅၊ ၃၂) ရှေးဟောင်းမူကွဲတစ်ခု (ခုနစ်ကျိပ်ကျမ်း) တွင် “ခုနစ်နှစ်” ဟူ၍ဖတ်ရသည်။ ပထမရာစုနှစ် သမိုင်းပညာရှင် ဂျိုစီဖတ်စ်က “ခုနစ်ကာလ” ကို “ခုနစ်နှစ်” အဖြစ်မှတ်ယူသည်။ (ဂျူးရှေးခေတ်ဟောင်းသမိုင်း၊ အတွဲ ၁၀၊ အခန်း ၁၀၊ အပိုဒ် ၆) ဂျူးပညာရှင်အချို့ကလည်း ၎င်း “ကာလများ” ကို “နှစ်များ” အဖြစ်ရှုမှတ်ကြသည်။ သမ္မာကျမ်း နှင့် သမ္မာကျမ်းစာတော် တို့တွင် “ခုနစ်နှစ်” ဟူ၍ပြန်ဆိုထားသည်။
၂၆ နေဗုခဒ်နေဇာ၏ “ခုနစ်ကာလ” မှာ ခုနစ်နှစ်ဖြစ်ကြောင်း သိသာထင်ရှားသည်။ ပရောဖက်ပြုချက်၌ တစ်နှစ်တွင် ပျမ်းမျှရက်ပေါင်း ၃၆၀၊ သို့မဟုတ် ရက်ပေါင်း ၃၀ စီရှိသည့်လ ၁၂ လဖြစ်သည်။ (ဗျာဒိတ် ၁၂:၆၊ ၁၄ နှိုင်းယှဉ်။) ထို့ကြောင့် ရှင်ဘုရင်၏ “ခုနစ်ကာလ၊” သို့မဟုတ် ခုနစ်နှစ်မှာ ရက်ပေါင်း ၃၆၀ အမြောက် ၇၊ သို့မဟုတ် ရက်ပေါင်း ၂,၅၂၀ ဖြစ်သည်။ သို့သော် သူ့အိပ်မက်၏ အကြီးစားပြည့်စုံချက်ကို မည်သို့ဆိုမည်နည်း။ ပရောဖက်ပြုချက်ဆိုင်ရာ “ခုနစ်ကာလ” မှာ ရက်ပေါင်း ၂,၅၂၀ ထက်များစွာ ရှည်ကြာပေသည်။ ဤအချက်ကို ယေရှု၏စကားတော်က ထောက်ပြသည်– “လူမျိုးခြားတို့၏ ချိန်းချက်သောကာလ မပြည့်မချင်း ယေရုရှလင်မြို့သည် နင်းခြေခြင်းခံရမည်။” (လုကာ ၂၁:၂၄၊ ကဘ) ယေရုရှလင်မြို့ ဖျက်ဆီးခံရပြီး ဘုရားသခင့် ပုံဆောင်နိုင်ငံတော် ယုဒပြည်တွင် ချုပ်ငြိမ်းခဲ့သည့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် အဆိုပါ “နင်းခြေခြင်း” အစပြုခဲ့သည်။ နင်းခြေခြင်း မည်သည့်အခါ အဆုံးတိုင်မည်နည်း။ ယေရုရှလင်မြို့ပုံဆောင်သည့် ဘုရားသခင့် နိုင်ငံတော်အားဖြင့် မြေကြီးပေါ်တွင် ဘုရားသခင့် အချုပ်အခြာအာဏာတော် ပြန်လည်ထင်ရှားမည့် “အရာခပ်သိမ်းကို အသစ်ပြုပြင်ရာ အချိန်ကာလ” တွင်အဆုံးတိုင်မည်ဖြစ်သည်။—တမန်တော် ၃:၂၁၊ သမ။
၂၇။ ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် အစပြုသည့် “ခုနစ်ကာလ” သည် ပကတိရက်ပေါင်း ၂,၅၂၀ အကြာတွင် မကုန်ဆုံးကြောင်း သင် အဘယ်ကြောင့်ဆိုမည်နည်း။
၂၇ ယေရုရှလင်မြို့ ပျက်စီးသည့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်မှ ပကတိရက်ပေါင်း ၂,၅၂၀ ကို ရေတွက်မည်ဆိုလျှင် ဘီ.စီ.အီး. ၆၀၀ ပြည့်နှစ်သို့သာ ရောက်ရှိမည်ဖြစ်သည်။ ထိုနှစ်သည် ကျမ်းစာရှုထောင့်အရ မည်သည့် သိသာထူးခြားချက်မျှ မရှိခဲ့ချေ။ လွတ်မြောက်သည့်ဂျူးများ ယုဒပြည်သို့ ပြန်လည်ရောက်ရှိသည့် ဘီ.စီ.အီး. ၅၃၇ ခုနှစ်၌ပင် ယေဟောဝါ၏ အချုပ်အခြာအာဏာတော်သည် မြေကြီးပေါ်တွင် ထင်ရှားခြင်းမရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဒါဝိဒ်၏ ရာဇပလ္လင်ကို ဆက်ခံသူ ဇေရုဗဗေလသည် ပါးရှားနိုင်ငံပိုင် ယုဒပြည်နယ်၏ ဘုရင် အဖြစ်မဟုတ်ဘဲ ဘုရင်ခံ အဖြစ်သာ ခန့်အပ်ခံရ၍ဖြစ်သည်။
၂၈။ (က) ပရောဖက်ပြုချက်ဆိုင်ရာ “ခုနစ်ကာလ” ၏ရက်ပေါင်း ၂,၅၂၀ ၌မည်သည့်စည်းမျဉ်းကို အသုံးပြုရမည်နည်း။ (ခ) ပရောဖက်ပြုချက်ဆိုင်ရာ “ခုနစ်ကာလ” သည် မည်မျှတာရှည်သနည်း။ အဘယ်ရက်စွဲများက ထိုကာလ၏အစနှင့်အဆုံးကို မှတ်သားသနည်း။
၂၈ “ခုနစ်ကာလ” သည် ပရောဖက်ပြုချက်နှင့်ဆိုင်သောကြောင့် “တစ်နှစ်အဖို့တစ်ရက်” ဟူသည့်ကျမ်းစာစည်းမျဉ်းကို ရက်ပေါင်း ၂,၅၂၀ ၌အသုံးပြုရပေမည်။ ယေရုရှလင်မြို့ကို ဗာဗုလုန်လူမျိုး ဝိုင်းရံခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်တွင် ဤစည်းမျဉ်းကို ပြဋ္ဌာန်းခဲ့သည်။ (ယေဇကျေလ ၄:၆၊ ၇; တောလည်ရာ ၁၄:၃၄ နှိုင်းယှဉ်။) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော် စွက်ဖက်ခြင်းကင်းစွာဖြင့် လူမျိုးခြား အာဏာစက်များ ကမ္ဘာကိုစိုးမိုးသည့် “ခုနစ်ကာလ” မှာနှစ်ပေါင်း ၂,၅၂၀ ကြာရှည်သည်။ ဤကာလသည် ယုဒပြည်နှင့် ယေရုရှလင်မြို့ လူသူကင်းမဲ့ခဲ့သည့် ဘီ.စီ.အီး. ၆၀၇ ခုနှစ် သတ္တမလ (တိရှရိလ ၁၅ ရက်) တွင်စတင်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၅:၈၊ ၉၊ ၂၅၊ ၂၆) ထိုနေ့ရက်မှ ဘီ.စီ.အီး. ၁ ခုနှစ်အထိ ရေတွက်လျှင် ၆၀၆ နှစ်ရရှိသည်။ ထိုနှစ်မှဆက်၍ နှစ်ပေါင်း ၁,၉၁၄ နှစ်ကိုရေတွက်လိုက်လျှင် စီ.အီး. ၁၉၁၄ ခုနှစ်သို့ရောက်ရှိသည်။ သို့ဖြင့် “ခုနစ်ကာလ၊” သို့မဟုတ် နှစ်ပေါင်း ၂,၅၂၀ သည် စီ.အီး. ၁၉၁၄ ခုနစ် တိရှရိလ ၁၅ ရက်၊ သို့မဟုတ် အောက်တိုဘာလ ၄/၅ ရက်တွင် ကုန်ဆုံးသည်။
၂၉။ “လူတို့တွင် အနိမ့်ကျဆုံးသူ“ ကားမည်သူနည်း။ ကိုယ်တော်ကိုနန်းတင်ရန်အတွက် ယေဟောဝါ အဘယ်အရာ ပြုလုပ်တော်မူသနည်း။
၂၉ ထိုနှစ်တွင် “လူမျိုးခြားတို့၏ ချိန်းချက်သောကာလ” ပြည့်စုံသွားပြီဖြစ်သဖြင့် ဘုရားသခင်သည် အုပ်စိုးမှုအာဏာတော်ကို “လူတို့တွင် အနိမ့်ကျဆုံးသူ“ ဖြစ်သည့် ယေရှုခရစ်အား အပ်ပေးတော်မူ၏—ယေရှု၏ရန်သူများက ကိုယ်တော်ကို ယုတ်ညံ့သူအဖြစ် သဘောထားကာ နှက်တိုင်တင်ကွပ်မျက်ခဲ့သည်။ (ဒံယေလ ၄:၁၇) မေရှိယဘုရင်ကို နန်းတင်ရန် ယေဟောဝါသည် မိမိ၏ အချုပ်အခြာအာဏာတော်၏ “အမြစ်အငုတ်” ၌ချည်နှောင်ထားသည့် ပုံဆောင်သံကြိုးနှင့်ကြေးကြိုးတို့ကို ဖြေလိုက်တော်မူ၏။ ဤသို့ဖြင့် အမြင့်ဆုံးသောအရှင် ဘုရားသခင်သည် ဒါဝိဒ်၏ အကြီးမြတ်ဆုံးသောအမွေခံ ယေရှုခရစ်အုပ်ချုပ်သည့် ကောင်းကင်နိုင်ငံတော်အားဖြင့် မြေကြီးပေါ်သို့ မိမိ၏ အချုပ်အခြာအာဏာတော်၏ ထင်ရှားသည့်သာဓကအဖြစ် ၎င်းအမြစ်အငုတ်မှ တော်ဝင် “အညွန့်” ကိုပေါက်ခွင့်ပြုလိုက်တော်မူ၏။ (ဟေရှာယ ၁၁:၁၊ ၂; ယောဘ ၁၄:၇-၉; ယေဇကျေလ ၂၁:၂၇) စိတ်ချမ်းမြေ့ဖွယ်ရာ ဤဇာတ်သိမ်းနှင့် ဧရာမ သစ်ပင်ကြီး၏နက်နဲမှုကို ဖြေရှင်းပေးခြင်းအတွက် ယေဟောဝါ၏ ကျေးဇူးတော်ကို မည်မျှချီးမွမ်းဖွယ် ကောင်းလှသည်တကား!
မည်သည့်အရာ သိမြင်ခဲ့သနည်း
• နေဗုခဒ်နေဇာ၏ အိပ်မက်ထဲမှ ဧရာမသစ်ပင်ကြီးသည် အဘယ်အရာကို အမှတ်သင်္ကေတပြုသနည်း။
• သစ်ပင်အိပ်မက်၏ ပဏာမပြည့်စုံမှုတွင် နေဗုခဒ်နေဇာအပေါ် အဘယ်အဖြစ်အပျက်များ ကျရောက်ခဲ့သနည်း။
• အိပ်မက်ပြည့်စုံပြီးနောက် နေဗုခဒ်နေဇာသည် အဘယ်အသိအမှတ်ပြုချက်ကို ထုတ်ပြန်ခဲ့သနည်း။
• ပရောဖက်ပြုချက်ဆိုင်ရာ သစ်ပင်အိပ်မက်၏ အကြီးစားပြည့်စုံမှုတွင် “ခုနစ်ကာလ” သည် မည်မျှကြာရှည်သနည်း။ ထိုကာလသည် အဘယ်အချိန်တွင်စ၍ အဘယ်အချိန်တွင် ဆုံးသနည်း။
[စာမျက်နှာ ၈၃ ပါ ရုပ်ပုံ]
[စာမျက်နှာ ၉၁ ပါ ရုပ်ပုံ]