သင်ခန်းစာ ၆၀
ထာဝစဉ် တည်တံ့နေမယ့် နိုင်ငံတော်
တစ်ညမှာ နေဗုခဒ်နေဇာမင်းဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်တယ်။ အိပ်မက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလွန်းလို့ သူအိပ်လို့မရဘူး။ ဒါနဲ့ မှော်ဆရာတွေကို ခေါ်ပြီး ‘ငါ့ အိပ်မက်ကို ရှင်းပြစမ်း’ လို့ ပြောတယ်။ သူတို့က ‘အိပ်မက်ကို မင်းကြီး ပြောပြပါလား’ လို့ ပြောတော့ နေဗုခဒ်နေဇာက ‘ငါ ဘာအိပ်မက်မက်တယ်ဆိုတာကို ပြောပြ။ မဟုတ်ရင် မင်းတို့ကို ငါသတ်ပစ်မယ်’ တဲ့။ သူတို့က ‘မင်းကြီး ဘာအိပ်မက် မက်တယ်ဆိုတာ ပြောပြမှ ကျွန်တော်တို့ ရှင်းပြနိုင်မှာပါ’ လို့ ပြန်ပြောတယ်။ ဘုရင်က ‘မင်းတို့အားလုံး ငါ့ကိုလှည့်စားနေတာ။ ငါ ဘာအိပ်မက်မက်တယ်ဆိုတာ ပြောပြစမ်း’ လို့ ဆိုတယ်။ ဒါနဲ့ သူတို့က ‘ဒါကိုလုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ မင်းကြီး တောင်းဆိုတာ မဖြစ်နိုင်ဘူး’ လို့ ပြန်ပြောတယ်။
ဒီအခါ နေဗုခဒ်နေဇာက စိတ်ဆိုးသွားပြီး တစ်တိုင်းပြည်လုံးက ပညာရှိတွေကို သတ်ပစ်ဖို့ အမိန့်ပေးတယ်။ ဒီတော့ ဒံယေလ၊ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့လည်း အသတ်ခံရတော့မယ်။ ဒါနဲ့ ဒံယေလက ဘုရင်ကို အချိန်နည်းနည်းပေးဖို့ တောင်းဆိုတယ်။ သူနဲ့ သူ့သူငယ်ချင်းတွေက ယေဟောဝါကို ဆုတောင်းပြီး ကူညီပေးပါလို့ အသနားခံကြတယ်။ ယေဟောဝါ ဘာလုပ်သလဲ။
ယေဟောဝါက ဒံယေလကို နေဗုခဒ်နေဇာရဲ့ အိပ်မက်နဲ့ အဓိပ္ပာယ်ကို စိတ်အာရုံနဲ့ ဖော်ပြတယ်။ နောက်နေ့မှာ ဒံယေလက မင်းအရာရှိဆီသွားပြီး ‘ပညာရှိ တစ်ယောက်ကိုမှ မသတ်ပါနဲ့။ မင်းကြီးရဲ့ အိပ်မက်ကို ကျွန်တော် ရှင်းပြနိုင်တယ်’ လို့ ပြောတယ်။ ဒါနဲ့ မင်းအရာရှိက နေဗုခဒ်နေဇာဆီ ခေါ်သွားတော့ ဒံယေလက ‘မင်းကြီးကို ဘုရားသခင်က အနာဂတ်အကြောင်း ကြိုဖော်ပြတာပါ။ မင်းကြီးရဲ့ အိပ်မက်က ဒီလိုပါ– အရှင်မင်းကြီးဟာ ရုပ်တုကြီးတစ်ခုကို မြင်ပါတယ်။ အင်မတန် ကြီးမားတဲ့ အဲဒီရုပ်တုရဲ့ ဦးခေါင်းက ရွှေစင်၊ ရင်ဘတ်နဲ့လက်တွေက ငွေ၊ ဝမ်းဗိုက်နဲ့ပေါင်က ကြေးနီ၊ ခြေထောက်က သံ၊ ခြေဖမိုးနဲ့ခြေဖဝါးက သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေပါတယ်။ အဲဒီနောက် တောင်ပေါ်ကထွက်လာတဲ့ ကျောက်တစ်လုံးက ခြေဖဝါးနဲ့ ခြေဖမိုးကို တိုက်ချ ခြေမွှပစ်လိုက်တာ အားလုံးကြေမွကုန်ပြီး လေထဲ လွင့်ပါသွားတယ်။ ကျောက်တုံးကတော့ တောင်ကြီးတစ်လုံး ဖြစ်လာပြီး မြေတစ်ပြင်လုံး ပြည့်သွားတယ်’ လို့ပြောပြတယ်။
ဒံယေလ အခုလို ဆက်ပြောတယ်– ‘အိပ်မက်အဓိပ္ပာယ်ကတော့ မင်းကြီးရဲ့ နိုင်ငံဟာ ရုပ်တုရဲ့ ရွှေဦးခေါင်းပါ။ ငွေက မင်းကြီး နောက်မှာ ပေါ်လာမယ့် နိုင်ငံပါ။ အဲဒီနောက် မြေတစ်ပြင်လုံးကို အစိုးရမယ့် ကြေးနီနဲ့တူတဲ့ နိုင်ငံပေါ်လာလိမ့်မယ်။ ပြီးတော့ သံလို ခိုင်မာတဲ့နိုင်ငံ ပေါ်လာမယ်။ နောက်ဆုံးမှာ သံလိုခိုင်မာပြီး ပျော့တဲ့ရွှံ့စေးလို ဖြစ်မယ့် ကွဲပြားနေတဲ့ နိုင်ငံပေါ်လာလိမ့်မယ်။ တောင်ကြီးဖြစ်သွားတဲ့ ကျောက်ကတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ပါ။ ဘုရားနိုင်ငံက အဲဒီနိုင်ငံအားလုံးကို ခြေမွှပစ်ပြီး အစဉ်အမြဲ တည်ပါလိမ့်မယ်။’
ဒါနဲ့ နေဗုခဒ်နေဇာက ဒံယေလရှေ့မှာ ပျပ်ဝပ်ပြီး ‘မင်းရဲ့ ဘုရားက မင်းကို ဒီအိပ်မက်အကြောင်း ဖော်ပြတာ။ ဒီဘုရားနဲ့တူတဲ့ဘုရား ဘယ်မှာမှ မရှိဘူး’ ဆိုပြီး ချီးကျူးတယ်။ နေဗုခဒ်နေဇာက ဒံယေလကို သတ်ပစ်မယ့်အစား ပညာရှိချုပ် ဖြစ်စေပြီး ဗာဗုလုန်ခရိုင်တစ်ခုလုံးကို အုပ်ချုပ်စေတယ်။ ဒံယေလရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို အဖြေပေးတယ်ဆိုတာ တွေ့လား။
“သူတို့က ဘုရင်တွေကို ဟီဘရူးစကားနဲ့ အာမဂေဒုန် လို့ခေါ်တဲ့ အရပ်မှာ စုရုံးတယ်။”—ဗျာဒိတ် ၁၆:၁၆