ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dp အခန်း ၇ စာ. ၉၈-၁၁၃
  • ကမ္ဘာကြီးကို ပြောင်းလဲစေသည့် စာလုံးလေးလုံး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာကြီးကို ပြောင်းလဲစေသည့် စာလုံးလေးလုံး
  • ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထိန်းအကွပ်မဲ့သည့် စားသောက်ပွဲကြီး
  • နံရံပေါ်မှ လက်ရေးစာ
  • ထိုးထွင်းဉာဏ်ရှိသူအား ဆင့်ခေါ်ခြင်း
  • ရှင်းလင်းသွားသည့် စကားထာ
  • ဗာဗုလုန် ကျဆုံးခြင်း
  • နံရံပေါ်က လက်ရေးစာမှ သင်ခန်းစာယူခြင်း
  • ထောင်လွှားသောအုပ်စိုးရှင်တစ်ပါး အင်ပါယာဆုံးရှုံး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • နံရံပေါ်က လက်ရေးစာအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဒံယေလကျမ်း—ရုံးတင်စစ်ဆေးခံရသည့်နှယ်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
နောက်ထပ် ကြည့်ပါ
ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
dp အခန်း ၇ စာ. ၉၈-၁၁၃

အခန်း ခုနစ်

ကမ္ဘာကြီးကို ပြောင်းလဲစေသည့် စာလုံးလေးလုံး

၁။ ရှေးက နံရံပေါ်ရေးသားသည့် စာလုံးလေးလုံး၏ အကျိုးသက်ရောက်မှု မည်မျှကျယ်ဝန်းသနည်း။

အင်္ဂတေနံရံပေါ် ရေးထားသည့် ရိုးရိုးစာလုံးလေးလုံး။ သို့သော် ၎င်းစာလုံးလေးလုံးသည် တန်ခိုးကြီးသော အုပ်စိုးရှင်တစ်ပါးအား ဆောက်တည်ရာမရလောက်အောင် ထိတ်လန့်စေခဲ့သည်။ ဤစာလုံးတို့သည် ရှင်ဘုရင်နှစ်ပါး နန်းကျခြင်းအကြောင်း၊ ၎င်းတို့အနက် တစ်ပါး အနိစ္စရောက်ခြင်းအကြောင်းနှင့် ကမ္ဘာ့အာဏာစက်တစ်ခု ချုပ်ငြိမ်းခြင်းအကြောင်းတို့ကို ကြေညာခဲ့သည်။ ၎င်းစာလုံးတို့သည် ကြည်ညိုခံရသည့် ဘာသာရေးအစီအစဉ်တစ်ရပ်ကို အရှက်တကွဲ အကျိုးနည်းစေခဲ့သည်။ အရေးအကြီးဆုံးမှာ ၎င်းတို့သည် ယေဟောဝါ၏ စင်ကြယ်သောကိုးကွယ်မှုကို မြှင့်တင်ပြီး အချုပ်အခြာအာဏာတော်ကို ပြန်လည်ခိုင်မာစေခဲ့သည်။ အထူးသဖြင့် စင်ကြယ်သောကိုးကွယ်မှုနှင့် အချုပ်အခြာအာဏာတော်တို့ကို လူအများက မထီလေးစား ပြုနေသည့်အချိန်တွင် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ ထိုစာလုံးများသည် ယနေ့ ကမ္ဘာ့ဖြစ်ရပ်များကိုပင် ထင်လင်းစေပေသည်။ စာလုံးလေးလုံးက ဤအရာအားလုံးကို မည်သို့ဖြစ်စေနိုင်သနည်း။ ကြည့်ကြပါစို့။

၂။ (က) နေဗုခဒ်နေဇာ အနိစ္စရောက်ပြီးနောက် ဗာဗုလုန်တွင် ဘာဖြစ်ပျက်ခဲ့သနည်း။ (ခ) ယခု မည်သူအုပ်ချုပ်လျက်ရှိသနည်း။

၂ ဒံယေလ အခန်းကြီး ၄ တွင်ဖော်ပြသည့် ဖြစ်ရပ်များပြီးနောက် ဆယ်စုနှစ်များစွာ ကုန်လွန်သွားလေသည်။ ထောင်လွှားသည့် နေဗုခဒ်နေဇာမင်းကြီး၏ ၄၃-နှစ်ကြာစိုးစံမှုသည် ဘီ.စီ.အီး. ၅၈၂ ခုနှစ်တွင် သူအနိစ္စရောက်ခြင်းနှင့်အတူ ဆုံးခန်းတိုင်သွားသည်။ သူ့မိသားစုထဲမှ ထီးနန်းဆက်ခံသူ တသီတတန်းကြီး ပေါ်ထွက်ခဲ့သော်လည်း အချိန်မတန်ဘဲ သေဆုံးခြင်း၊ သို့မဟုတ် လုပ်ကြံခံရခြင်းကြောင့် ၎င်းတို့၏အုပ်ချုပ်မှု သက်ဆိုးမရှည်ခဲ့ချေ။ နောက်ဆုံးတွင် နဗိုနိုက်ဒတ်စ် အမည်ရှိသူတစ်ဦးက တော်လှန်ပုန်ကန်ခြင်းဖြင့် ထီးနန်းကိုသိမ်းပိုက်ခဲ့သည်။ လ-နတ်ဘုရား စင်း၏ ပရောဖက်မ၏သားဖြစ်သည့် နဗိုနိုက်ဒတ်စ်မှာ ဗာဗုလုန်၏ ထီးရိုးနန်းနွယ် မဟုတ်သည်မှာသိသာသည်။ ပညာရှင်အချို့က သူသည် သူ၏အုပ်စိုးမှုကို တရားဝင်ဖြစ်စေရန်အတွက် နေဗုခဒ်နေဇာ၏ သမီးတော်တစ်ပါးနှင့် ထိမ်းမြားဆောင်နှင်းသည်၊ သူတို့၏သားတော် ဗေလရှာဇာကို တွဲဖက်မင်းအဖြစ်ခန့်၍ တိုင်းရေးပြည်ရာကို စီမံအုပ်ချုပ်ရန် နှစ်နှင့်ချီ၍ လွှဲအပ်လေ့ရှိသည်ဟု ယူဆကြသည်။ သို့ဖြစ်လျှင် ဗေလရှာဇာသည် နေဗုခဒ်နေဇာ၏ မြေးတော်ဖြစ်ပေမည်။ ယေဟောဝါသည် အမြင့်မြတ်ဆုံးသော ဘုရားသခင်ဖြစ်ကြောင်း၊ မည်သည့်ရှင်ဘုရင်ကိုမဆို နှိမ့်ချနိုင်စွမ်းရှိကြောင်း ဘိုးတော်ဖြစ်သူ၏အတွေ့အကြုံမှ သူသင်ခန်းစာရရှိခဲ့သလော။ ဝေးလေစွ!—ဒံယေလ ၄:၃၇။

အထိန်းအကွပ်မဲ့သည့် စားသောက်ပွဲကြီး

၃။ ဗေလရှာဇာ၏ စားသောက်ပွဲသည် မည်သို့သောအခြေအနေ ရှိသနည်း။

၃ ဒံယေလ အခန်းကြီး ၅ သည် ခမ်းနားသော စားသောက်ပွဲကြီးအကြောင်းနှင့် အစချီထားသည်။ “ဗေလရှာဇာမင်းသည် မှူးမတ်တစ်ထောင်ဖို့ ကြီးစွာသောပွဲကိုလုပ်၍၊ ထိုတစ်ထောင်သော မှူးမတ်တို့ရှေ့၌ စပျစ်ရည်ကို သောက်တော်မူ၏။” (ဒံယေလ ၅:၁၊ သမ္မာ) ဤမျှများပြားသည့် မှူးမတ်များနှင့်တကွ မိဖုရားများနှင့် မောင်းမမိဿံများ အားလုံးဝင်ဆံ့သည့် ခန်းမဆောင်သည် မည်မျှကြီးမားမည်ကို စိတ်ကူးကြည့်နိုင်သည်။ ပညာရှင်တစ်ဦးက ဤသို့မှတ်ချက်ချသည်– “ဗာဗုလုန်လူမျိုး၏ စားသောက်ပွဲသည် များသောအားဖြင့် သောက်ကြူးခြင်းနှင့် အဆုံးသတ်လေ့ရှိသော်လည်း ကြီးကျယ်ခမ်းနားလှသည်။ တိုင်းတစ်ပါးမှ တင်သွင်းသည့် စပျစ်ရည်မှစ၍ ဇိမ်ခံပစ္စည်းအမျိုးမျိုးကို စားပွဲပေါ်တွင် အပြည့်ခင်းကျင်းထားသည်။ ခန်းမတစ်ဆောင်လုံး အမွှေးနံ့သာတို့ဖြင့် ထုံသင်းကြိုင်လှိုင်လျက်ရှိသည်။ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို အဆိုတော်များနှင့် တူရိယာတီးမှုတ်သူတို့က ဖျော်ဖြေဧည့်ခံကြသည်။” ဗေလရှာဇာသည် အားလုံးမြင်နိုင်သည့် နေရာမှကြီးမှူးလျက် စပျစ်ရည်ကို သောက်ပြီးရင်း သောက်လေတော့သည်။

၄။ (က) ဘီ.စီ.အီး. ၅၃၉ ခုနှစ်၊ အောက်တိုဘာလ ၅/၆ ရက်ညတွင် ဗာဗုလုန်လူမျိုးတို့ စားသောက်ပွဲကျင်းပခြင်းမှာ ထူးဆန်းသည်ဟု အဘယ်ကြောင့်ထင်ရသနည်း။ (ခ) ရန်သူ့စစ်တပ်များ ကျူးကျော်တိုက်ခိုက်နေသည့် အချိန်မျိုးတွင် အဘယ်အရာက ဗာဗုလုန်လူမျိုးအား စိတ်ချလက်ချနေနိုင်အောင် ဖန်တီးပေးကြောင်း ထင်ရှားသနည်း။

၄ ဘီ.စီ.အီး. ၅၃၉ ခုနှစ်၊ အောက်တိုဘာလ ၅/၆ ရက်ကဲ့သို့သော ဤလိုညမျိုးတွင်မှ ဗာဗုလုန်လူမျိုး ပျော်ရွှင်မြူးထူးကြခြင်းမှာ ထူးဆန်းလှသည်။ ဗာဗုလုန်သည် ရန်သူတို့နှင့် စစ်ခင်းလျက်ရှိသည့်အပြင် အခြေအနေမှာလည်း အရေးမလှဖြစ်နေသည်။ နဗိုနိုက်ဒတ်စ်သည် ကျူးကျော်လာသည့် မီးဒီးယား-ပါးရှား တပ်ဖွဲ့၏လက်ချက်ဖြင့် မရှုမလှရှုံးနိမ့်ပြီး ဗာဗုလုန်မြို့၏ အနောက်တောင်ဘက်ရှိ ဘိုရ်ဆစ်ပ်ပါမြို့တွင် ခိုလှုံလျက်နေရ၏။ လတ်တလောအချိန်၌ ကုရုမင်း၏စစ်တပ်တို့သည် ဗာဗုလုန်မြို့ပြင်တွင် တပ်ချလျက်ရှိ၏။ သို့ပင်ငြားလည်း ဗေလရှာဇာနှင့် သူ၏မှူးမတ်တို့သည် မည်သို့မျှ စိတ်အနှောင့်အယှက် ဖြစ်ပုံမရပေ။ သူတို့၏အမြင်တွင် ဗာဗုလုန်မြို့သည် တိုက်ခိုက်သိမ်းပိုက်၍ မရနိုင်သောမြို့ဖြစ်သည်။ ယင်း၏ဧရာမ မြို့ရိုးကြီးများသည် မြို့ကိုဖြတ်သန်းစီးဆင်းနေသည့် ယူဖရေးတီးစ်မြစ်ရေတို့ဖြင့် ပြည့်လျက်ရှိသော နက်ရှိုင်းသည့် ကျုံးကြီးများအထက် ခန့်ခန့်ညားညား တည်လျက်ရှိသည်။ နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း မည်သည့်ရန်သူမျှ ဗာဗုလုန်မြို့ကို အလုံးအရင်းဖြင့် စီးနင်းသိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။ သို့ဖြစ်သောကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာလိုသနည်း။ ဗေလရှာဇာအနေဖြင့် သောက်စားမြူးထူးပျော်ရွှင်ပွဲမှ ဆူညံသံသည် သူတို့၏ ယုံကြည်စိတ်ချမှုကို ရန်သူတို့အား ပြသရာရောက်သည့်အပြင် စိတ်ပျက်အားလျော့ခြင်းပင် ဖြစ်စေမည်ဟု ဆင်ခြင်တွေးဆပေမည်။

၅၊ ၆။ စပျစ်ရည်အရှိန်ဖြင့် ဗေလရှာဇာ အဘယ်အရာပြုလုပ်သနည်း။ ဤသို့ပြုခြင်းသည် အဘယ်ကြောင့် ယေဟောဝါအား အကြီးအကျယ်စော်ကားခြင်း ဖြစ်သနည်း။

၅ များမကြာမီတွင် အလွန်အကျွံ သောက်စားထားသည့်အရှိန်က ဗေလရှာဇာအပေါ် ဩဇာအရှိန်ပြလာတော့သည်။ သုတ္တံ ၂၀:၁ ဆိုသည့်အတိုင်း “စပျစ်ရည်သည် လှည့်စားတတ်၏။” ဤနေရာ၌ စပျစ်ရည်သည် ရှင်ဘုရင်အား အမိုက်မဲဆုံးအမှုကို ပြုလုပ်စေခဲ့သည်။ သူသည် ယေဟောဝါ၏ ဗိမာန်တော်မှ အမွန်အမြတ်ထားရာ ခွက်ဖလားများကို စားသောက်ပွဲသို့ ယူဆောင်လာရန် အမိန့်ပေးလေ၏။ ယေရုရှလင်မြို့ကို အောင်နိုင်စဉ်က လက်ရဥစ္စာများအဖြစ် နေဗုခဒ်နေဇာ သိမ်းယူခဲ့သည့် အဆိုပါခွက်ဖလားများမှာ စစ်မှန်သည့်ကိုးကွယ်မှုအတွက်သာ အသုံးပြုရမည်ဖြစ်သည်။ အတိတ်ကာလများ၌ ယေရုရှလင်မြို့ရှိ ဗိမာန်တော်တွင် ၎င်းတို့ကို သုံးပိုင်ခွင့်ရှိသူ ဂျူးယဇ်ပုရောဟိတ်များပင်လျှင် သန့်ရှင်းခြင်းရှိရန် သတိပေးခံခဲ့ရသည်။—ဒံယေလ ၅:၂; ဟေရှာယ ၅၂:၁၁ နှိုင်းယှဉ်။

၆ သို့သော် ဗေလရှာဇာ၌ ပို၍မောက်မာသည့်သဘောရှိသည်။ “ဘုရင်မင်းမှစသော မှူးမတ်၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားများဖြင့် သောက်ကြကုန်၏။ စပျစ်ရည်ကိုသောက်လျက် ရွှေဘုရား၊ ငွေဘုရား၊ ကြေးဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားများကို ချီးမွမ်းကြ၏။” (ဒံယေလ ၅:၃၊ ၄၊ သမ္မာ) ထို့ကြောင့် ဗေလရှာဇာသည် သူကိုးကွယ်သည့် မှောက်မှားသော နတ်ဘုရားများကို ယေဟောဝါထက် ချီးမြှင့်လိုသည့်သဘောရှိသည်။ ဗာဗုလုန်လူမျိုးတွင် ဤသဘောထားမျိုး အထူးလွှမ်းမိုးခဲ့ပုံရှိသည်။ ဗာဗုလုန်လူမျိုးသည် ဂျူးသုံ့ပန်းများအား အထင်သေးပြီး သူတို့၏ကိုးကွယ်ဝတ်ပြုမှုကို မထီမဲ့မြင်ပြုသည့်အပြင် သူတို့ချစ်မြတ်နိုးသော မွေးရပ်ဌာနေသို့ပြန်မည့် မည်သည့်မျှော်လင့်ချက်မျှ မပေးခဲ့ချေ။ (ဆာလံ ၁၃၇:၁-၃; ဟေရှာယ ၁၄:၁၆၊ ၁၇) အမူးလွန်နေသည့် ဧကရာဇ်မင်းသည် ဤနယ်နှင်ခံများကို နှိမ့်ချပြီး သူတို့၏ဘုရားသခင်ကို စော်ကားခြင်းဖြင့် မိဖုရား၊ မောင်းမမိဿံနှင့် မှူးမတ်များရှေ့တွင် မိမိ၏နှလုံးရည် လက်ရုံးရည်ကို ထုတ်ဖော်ပြသနိုင်သည်ဟု ထင်မှတ်ခဲ့သည်။a သို့သော် ဗေလရှာဇာအနေဖြင့် ဤသို့တန်ခိုးအာဏာ ယစ်မူးခဲ့သည့်တိုင်အောင် ကြာရှည်ခံတော့မည် မဟုတ်ချေ။

နံရံပေါ်မှ လက်ရေးစာ

၇၊ ၈။ ဗေလရှာဇာ၏ စားသောက်ပွဲကြီး မည်သို့နှောင့်ယှက်ခံရသနည်း။ ယင်းအဖြစ်က ရှင်ဘုရင်အပေါ် မည်သည့်သက်ရောက်မှု ရှိခဲ့သနည်း။

၇ “ထိုအခိုက်တွင်၊ လူ၏လက်ချောင်းများ ပေါ်လာလျက် မီးခုံရှေ့၊ နန်းတော်နံရံ အင်္ဂတေပေါ်တွင် စာရေးသားလေ၏။ စာရေးသားသော လက်ဖမိုးကို ရှင်ဘုရင် မြင်တော်မူ၏” ဟူ၍ မှုတ်သွင်းခံမှတ်တမ်းကဆို၏။ (ဒံယေလ ၅:၅၊ ကဘ) မည်မျှထိတ်လန့်ဖွယ်ရာ မြင်ကွင်းပါတကား! လက်တစ်ဖက်သည် ရုတ်တရက်ပေါ်လာပြီး အလင်းကောင်းစွာရသည့် နံရံအနီးတွင် လေထဲ၌ ပေါလောပေါ်နေ၏။ ဧည့်သည်တော်အားလုံးက ထိုနံရံကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြသည့်အခါ ပါတီပွဲတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်ကို စိတ်ကူးကြည့်လိုက်ပါ။ ထိုလက်သည် အင်္ဂတေပေါ်တွင် ပဟေဠိဆန်သောစာကို စ၍ရေးသားလေ၏။b ၎င်းသည် အတိတ်နိမိတ်မကောင်းသော၊ မမေ့ရက်နိုင်သော အဖြစ်အပျက်ဖြစ်သဖြင့် ယနေ့တိုင်အောင် လူတို့က “နံရံပေါ်က လက်ရေးစာ” ဟူသောအသုံးအနှုန်းကို ရောက်အံ့ဆဲဆဲ ကြမ္မာဆိုး၏ ရှေ့ပြေးနိမိတ်အဖြစ် သုံးစွဲလာကြသည်။

၈ မိမိကိုယ်ကိုနှင့် မိမိကိုးကွယ်သည့် နတ်ဘုရားများကို ယေဟောဝါထက် ချီးမြှောက်လိုသော မာနထောင်လွှားသည့် ၎င်းဘုရင်အပေါ် မည်သို့သက်ရောက်မှု ရှိခဲ့သနည်း။ ရှင်ဘုရင်သည် “မျက်နှာပျက်၍ ဆင်ခြင်ပူပန်သဖြင့် ခါးဆစ်လွဲမတတ် ဒူးခြင်းရိုက်” လေ၏။ (ဒံယေလ ၅:၆၊ သမ) ဗေလရှာဇာသည် နိုင်ငံသားများ၏ရှေ့တွင် မိမိ၏ခန့်ညားထည်ဝါမှုကို ပြသရန်ရည်ရွယ်သော်လည်း ရာဇဣန္ဒြေပင် မဆည်နိုင်ဘဲ သိက္ခာမဲ့စွာ ထိတ်လန့်ကြောက်ရွံ့၍ မျက်နှာဖြူရော်ပြီး တင်ပါးဆုံရိုး ခါယမ်းလျက် ဒူးခြင်းရိုက်သည်အထိ တစ်ကိုယ်လုံး တုန်လှုပ်လေ၏။ “မာနထောင်လွှားသောသူတို့ကို . . . နှိမ့်ချခြင်းငှာ ကြည့်မှတ်တော်မူပါလိမ့်မည်” ဟူ၍ ယေဟောဝါထံ လျှောက်ဆိုသည့်သီချင်းတွင် ပါရှိသည့် ဒါဝိဒ်၏စကားသည် မြေကြီးလက်ခတ်မလွဲ မှန်ကန်လှပေသည်။—၂ ဓမ္မရာဇဝင် ၂၂:၁၊ ၂၈၊ သမ္မာ; သုတ္တံ ၁၈:၁၂ နှိုင်းယှဉ်။

၉။ (က) ဗေလရှာဇာ၏ ကြောက်ရွံ့တုန်လှုပ်မှုသည် ဘုရားတရားကြောက်ရွံ့ခြင်းနှင့် အဘယ်ကြောင့် မတူသနည်း။ (ခ) ဗာဗုလုန်ပညာရှိများအား ရှင်ဘုရင်က အဘယ်ဆုလာဘ် ချီးမြှင့်မည်ဟု ကမ်းလှမ်းသနည်း။

၉ ဗေလရှာဇာ၏ ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာအပေါင်း၏ အစမူလဖြစ်သော ဘုရားတရား ခန့်ညားကြောက်ရွံ့ခြင်း၊ ယေဟောဝါအား နှစ်နှစ်ကာကာ ကြည်ညိုလေးမြတ်ခြင်းနှင့် မတူပေ။ (သုတ္တံ ၉:၁၀) ဤကြောက်ရွံ့ခြင်းမှာ မမာချာသည့် ထိတ်လန့်ခြင်းဖြစ်သဖြင့် ကြောက်ဒူးတုန်နေသည့် ဤဧကရာဇ်မင်း၌ မည်သည့်ဉာဏ်ပညာကိုမျှ မဖြစ်ပွားစေပါ။c မိမိ မထီမဲ့မြင်ပြုမိသည့် ဘုရားသခင်ထံမှ ခွင့်လွှတ်မှုကို အသနားခံမည့်အစား သူက “မှော်ဆရာ၊ ခါလဒဲဆရာ၊ ဟူးရားဆရာတို့ကို” ခေါ်သွင်းချေဟု ဟစ်ကြော်လေ၏။ “ထိုစာကိုဖတ်၍ အနက်ဖော်ပြနိုင်သူအား ခရမ်းရောင်ဝတ်လုံကို ဝတ်ဆင်၍ လည်၌ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းအနေနှင့် အုပ်ချုပ်ရမည်” ဟုပင်ကြေညာလိုက်သေးသည်။ (ဒံယေလ ၅:၇၊ ကဘ) နိုင်ငံတော်တွင် တတိယမင်းရာထူးသည် အမှန်ပင် တန်ခိုးအာဏာကြီးမည်ဖြစ်သည်။ သူ့အထက်၌ လက်ရှိအုပ်ချုပ်နေသော မင်းနှစ်ပါးဖြစ်သည့် နဗိုနိုက်ဒတ်စ်နှင့် ဗေလရှာဇာကိုယ်တိုင်တို့သာ ရှိတော့သည်။ များသောအားဖြင့် ၎င်းရာထူးကို ဗေလရှာဇာ၏သားတော်အတွက် လျာထားလေ့ရှိသည်။ ရှင်ဘုရင်သည် ၎င်းအံ့ဖွယ်သတင်းစကား၏ အနက်အဓိပ္ပာယ်ကို သိလိုစိတ်ပြင်းပြလှသဖြင့် ကြံရာမရဘဲ ဤသို့စွတ်လုပ်လိုက်ခြင်းဖြစ်သည်။

၁၀။ ပညာရှိများ နံရံပေါ်က လက်ရေးစာကို ကြိုးစားဖွင့်ဆိုရာ၌ မည်သို့ဖြစ်သွားကြသနည်း။

၁၀ ပညာရှိများ ခန်းမကြီးထဲသို့ တန်းစီးဝင်လာကြသည်။ ဗာဗုလုန်မြို့သည် မှောက်မှားသောဘာသာ၌ စုပ်စုပ်မြုပ်လျက်ရှိသည့်အပြင် ဘုရားကျောင်းကန်များနှင့်လည်း ပြည့်နေသဖြင့် ပညာရှိများ ပေါများလှသည်။ အတိတ်နိမိတ် ဖတ်နိုင်သည်ဟုဆိုသူ၊ ပဟေဠိဆန်သောစာကို ဖော်နိုင်သည်ဟုဆိုသူ များပြားမည်မှာ သေချာသည်။ ၎င်းပညာရှိတို့သည် ရရှိလာသည့် အခွင့်အလမ်းအတွက် ရင်ဖိုနေကြပေမည်။ ထင်ရှားသော မင်းအရာရှိများရှေ့မှောက်တွင် မိမိတို့၏အတတ်ပညာကိုပြသ၍ ရှင်ဘုရင်၏ မျက်နှာသာရရှိပြီး တန်ခိုးအာဏာကြီးမားသည့် ရာထူးကိုရနိုင်သည့် အခွင့်အလမ်းပေါ်နေသည်။ သို့သော် သူတို့၏ ကြိုးစားအားထုတ်မှုသည် အချည်းနှီးသက်သက် ဖြစ်ခဲ့သည်တကား! “ပညာရှိဆရာ အပေါင်းတို့သည် . . . ထိုစာကို မဖတ်နိုင်၊ အနက်ကို ဘုရင်မင်းအား မဖော်မပြနိုင်” ကြချေ။d—ဒံယေလ ၅:၈၊ သမ္မာ။

၁၁။ ၎င်းလက်ရေးစာကို ဗာဗုလုန်၏ပညာရှိများ မဖတ်နိုင်ကြခြင်းမှာ အဘယ်ကြောင့် ဖြစ်ဖွယ်ရှိသနည်း။

၁၁ ဗာဗုလုန်၏ ပညာရှိများသည် အဆိုပါလက်ရေးစာကိုယ်နှိုက်ကို ဖော်နိုင်သည်၊ မဖော်နိုင်သည်ကို ကျွန်ုပ်တို့ တပ်အပ်မပြောနိုင်ပေ။ မည်သည့်စာဖြစ်မှန်း ဖော်နိုင်မည်ဆိုလျှင် ဤမသမာသူတို့သည် မည်သည့် အနက်ဖွင့်ချက်မျိုးကိုမဆို လွတ်လပ်စွာ လုပ်ကြံဖန်တီးပြီး ရှင်ဘုရင်ကိုမြှောက်ပင့်သည့် အနက်ဖွင့်ချက်မျိုးကိုပင် ဖွင့်ဆိုကောင်း ဖွင့်ဆိုခဲ့နိုင်သည်။ ဖြစ်နိုင်ခြေ နောက်တစ်ခုမှာ ထိုစာလုံးများသည် သူတို့ဖတ်၍ရနိုင်သော အက္ခရာများဖြစ်နိုင်သည်။ သို့သော် အာရမိတ်နှင့် ဟေဗြဲကဲ့သို့သော ဘာသာစကားများသည် သရသံမထည့်ဘဲ ရေးသားကြသည်ဖြစ်ရာ စာလုံးတစ်လုံးစီသည် အဓိပ္ပာယ်အမျိုးမျိုး ထွက်နိုင်သည်။ သို့ဖြစ်လျှင် ထိုပညာရှိတို့သည် မည်သည့်စာလုံးကို ရည်ညွှန်းကြောင်း ဝေခွဲနိုင်ဖွယ်ရှိမည်မဟုတ်။ ဝေခွဲနိုင်သည့်တိုင်အောင် ၎င်းတို့ကို အနက်ဖွင့်ရန် စာလုံးတို့၏ အဓိပ္ပာယ်ကို နားလည်နိုင်မည်မဟုတ်။ မည်သို့ပင်ဖြစ်စေကာမူ သေချာသည့်အချက်တစ်ချက်မှာ ဗာဗုလုန်၏ပညာရှိတို့သည် ရစရာမရှိအောင် ရှုံးနိမ့်ပျက်ပြားခဲ့ကြသည်။

၁၂။ ၎င်းပညာရှိများ၏ ပျက်ကွက်မှုက အဘယ်အရာကို ထင်ရှားစေသနည်း။

၁၂ သို့ဖြင့် ၎င်းပညာရှိတို့သည် တတ်ယောင်ကားများ၊ သူတို့ ကြည်ညိုကိုင်းရှိုင်းသည့် ဘာသာရေးအစီအစဉ်သည် အလိမ်အညာများဖြစ်ကြောင်း ပေါ်သွားလေသည်။ သူတို့ခမျာ မည်မျှ စိတ်ပျက်မိကြမည်တကား! ဗေလရှာဇာသည် ဤဘာသာရေးသမားများအပေါ် ထားရှိသည့် ယုံကြည်ကိုးစားမှု အချည်းနှီးဖြစ်သွားသည်ကို သိမြင်လိုက်ရသည့်အခါ၌ ပို၍ထိတ်လန့်ပြီး မျက်နှာလည်း ပို၍ဖြူရော်လာသည့်ပြင်၊ မှူးမတ်တို့လည်း “ကြံရာမရ” မှိုင်တွေကြလေ၏။e—ဒံယေလ ၅:၉၊ သမ္မာ။

ထိုးထွင်းဉာဏ်ရှိသူအား ဆင့်ခေါ်ခြင်း

၁၃။ (က) ဒံယေလကိုခေါ်သွင်းရန် မိဖုရားက အဘယ်ကြောင့် အကြံပြုသနည်း။ (ခ) ဒံယေလသည် မည်သို့သောဘဝဖြင့် နေထိုင်နေသနည်း။

၁၃ အကျပ်အတည်းကြုံနေရသည့် ထိုအခိုက်အတန့်တွင် မိဖုရား—မယ်တော်မိဖုရား ဖြစ်ဖွယ်ရှိသူ—သည် ပွဲတော်ဆောင်သို့ ဝင်လာ၏။ ပွဲတော်၌ ရုတ်ရုတ်သဲသဲဖြစ်သည်ကို ကြားသိပြီးနောက် နံရံပေါ်ကလက်ရေးစာကို ဖတ်နိုင်သူမှာ မည်သူဖြစ်ကြောင်း သိလိုက်လေသည်။ ဆယ်စုနှစ်အတန်ကြာက မိဖုရား၏ခမည်းတော် နေဗုခဒ်နေဇာသည် ဒံယေလအား ပညာရှိအပေါင်းကို အုပ်ချုပ်ရသည့်ရာထူးတွင် ခန့်အပ်ခဲ့၏။ သူသည် ‘ထူးကဲသော စိတ်ဝိညာဉ်၊ အသိပညာ၊ ထိုးထွင်းဉာဏ်’ တို့နှင့်ပြည့်စုံသူဖြစ်ကြောင်း မိဖုရားသတိရလေ၏။ ဒံယေလသည် နေဗုခဒ်နေဇာမင်းကြီး အနိစ္စရောက်ပြီးနောက်တွင် အစိုးရအဖွဲ့တွင် အရေးပါသည့်ရာထူးကို လက်လွှတ်လိုက်ရဖွယ်ရှိသဖြင့် ဤပရောဖက်ကို ဗေလရှာဇာ မသိရှိခြင်းဖြစ်နိုင်သည်။ သို့သော် ထင်ပေါ်ကျော်ကြားမှုသည် ဒံယေလအဖို့ အရေးမကြီးလှပေ။ ထိုအချိန်တွင် သူသည် အသက် ၉၀ ကျော်ရှိလောက်သည့်ပြင် ယေဟောဝါအား သစ္စာရှိစွာ ဆက်လက်ဝတ်ပြုလျက်ပင်ရှိသည်။ ဗာဗုလုန်တွင် နယ်နှင်ခံဘဝနှင့် နှစ်ပေါင်းရှစ်ဆယ်မျှ နေခဲ့ရပြီဖြစ်သော်လည်း သူ၏ဟေဗြဲနာမည်ကို လူတို့ မှတ်မိလျက်ပင်ရှိသည်။ မိဖုရားကိုယ်တိုင်ကပင် တစ်ချိန်က သူ့အားပေးခဲ့သည့် ဗာဗုလုန်နာမည်ကို မသုံးဘဲ ဒံယေလဟုခေါ်လေ၏။ မိဖုရားက “ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကို ဖော်ပြပါလိမ့်မည်” ဟုရှင်ဘုရင်အား တိုက်တွန်း၏။—ဒံယေလ ၁:၇; ၅:၁၀-၁၂၊ သမ္မာ။

၁၄။ နံရံပေါ်က လက်ရေးစာကို တွေ့လိုက်သည့်အခါ ဒံယေလ မည်သို့ဘေးကျပ်နံကျပ် ဖြစ်သွားသနည်း။

၁၄ ဒံယေလသည် ဆင့်ခေါ်ခံရသဖြင့် ဗေလရှာဇာရှေ့မှောက် ရောက်ရှိလာသည်။ ယခုလေးတင် ဒံယေလ၏ ဘုရားသခင်ကို စော်ကားခဲ့သည့် ရှင်ဘုရင်က ဤဂျူးလူမျိုးထံမှ အကူအညီ တောင်းခံရသည်မှာ ကသိကအောက် နိုင်လှမည်ဖြစ်သည်။ သို့ပင်ငြားလည်း၊ ဗေလရှာဇာသည် ဒံယေလအားမြှောက်ပင့်၍ ပဟေဠိဆန်သော ထိုစာလုံးများကို ဖတ်၍ရှင်းပြနိုင်လျှင် စောစောကကမ်းလှမ်းခဲ့သည့် ဆုတော်လာဘ်တော်ဖြစ်သည့် နိုင်ငံတော်တွင် တတိယမင်းရာထူးကိုပင် ကမ်းလှမ်းလေ၏။ (ဒံယေလ ၅:၁၃-၁၆) နံရံပေါ်မှ လက်ရေးစာကို ဒံယေလ မော့ကြည့်လိုက်သည့်အခါ သန့်ရှင်းသောဝိညာဉ်တော်က အဓိပ္ပာယ်ကိုနားလည်နိုင်ရန် ကူညီပေး၏။ ယေဟောဝါထံတော်မှ ပျက်စီးခြင်းသတင်းစကား ဖြစ်ပေသည်။ ဒံယေလအနေဖြင့် ဂုဏ်မောက်သော ၎င်းရှင်ဘုရင်အား မျက်နှာချင်းဆိုင်လျက် မိဖုရား၊ မောင်းမမိဿံများနှင့် မှူးကြီးမတ်ရာများရှေ့တွင် ခက်ထန်သော ဤတရားစီရင်ချက်ကို မည်သို့မြွက်ဆိုနိုင်မည်နည်း။ ဒံယေလ၏ အကျပ်အတည်းကို စိတ်ကူးကြည့်လိုက်ပါ။ ရှင်ဘုရင်၏ မြှောက်ပင့်စကားနှင့် ကမ်းလှမ်းသည့် စည်းစိမ်ဥစ္စာနှင့် ထင်ပေါ်ကျော်ကြားမှုကြောင့် ဇဝေဇဝါ ဖြစ်သွားသလော။ ပရောဖက်သည် ယေဟောဝါ၏ကြေညာချက်ကို လျှော့ပေါ့လိုက်မည်လော။

၁၅၊ ၁၆။ ဗေလရှာဇာသည် သမိုင်းမှ အဘယ်အရေးကြီးသည့် သင်ခန်းစာကိုယူရန် ပျက်ကွက်ခဲ့သနည်း။ ယနေ့ အလားတူပျက်ကွက်မှုမျိုး မည်မျှများပြားသနည်း။

၁၅ ဒံယေလသည် သတ္တိရှိရှိဖြင့် ဤသို့လျှောက်တင်၏– “ဆုတော်လာဘ်တော်ကို ကိုယ်တော်၌ရှိစေတော်မူပါ။ ပေးလိုသောအရာများကို အခြားသူအား ပေးသနားတော်မူပါ။ သို့သော်လည်း ရှေ့တော်၌ ထိုစာကိုဖတ်၍ အနက်ကိုဖော်ပြပါမည်။” (ဒံယေလ ၅:၁၇) ၎င်းနောက် ဒံယေလသည် အလိုရှိလျှင် မည်သူ့ကိုမဆို သေစေ၊ ရှင်စေ၊ ချီးမြှောက်၊ နှိမ့်ချနိုင်လောက်အောင် တန်ခိုးအာဏာရှိသော နေဗုခဒ်နေဇာ၏ ကြီးမြတ်ခြင်းကို အသိအမှတ်ပြုလေ၏။ သို့သော် နေဗုခဒ်နေဇာအား ကြီးမြတ်ခြင်း ပေးသနားသောအရှင်မှာ “အမြင့်ဆုံးသောအရှင် ဘုရားသခင်” ယေဟောဝါဖြစ်ကြောင်းကို ဒံယေလက ဗေလရှာဇာကို ပြန်လည်သတိရစေသည်။ ဘုန်းတန်ခိုးကြီးသော ထိုရှင်ဘုရင် မာန်မာနဝင်သည့်အခါ သူ့အားနှိမ့်ချခဲ့သူမှာ ယေဟောဝါပင် ဖြစ်တော်မူ၏။ မှန်ပါသည်၊ “အမြင့်ဆုံးသောအရှင် ဘုရားသခင်သည် လူ့နိုင်ငံကိုအုပ်စိုး၍၊ အလိုတော်ရှိသောသူကို ချီးမြှင့်ခန့်ထားတော်မူကြောင်း” ကိုနေဗုခဒ်နေဇာ မလွဲမရှောင်သာ သိမြင်ခဲ့ရသည်။—ဒံယေလ ၅:၁၈-၂၁၊ ကဘ။

၁၆ ဗေလရှာဇာသည် “ထိုအမှုအလုံးစုံတို့ကို သိသော်လည်း” သမိုင်းမှ သင်ခန်းစာယူရန် ပျက်ကွက်ခဲ့သည်။ စင်စစ်ဆိုလျှင် သူသည် နေဗုခဒ်နေဇာ၏ မှားယွင်းသော မာနထောင်လွှားခြင်းအပြစ်ထက် ကျော်လွန်၍ ယေဟောဝါအား တိတိလင်းလင်း မောက်မာစော်ကားခဲ့သည်။ ဒံယေလက ရှင်ဘုရင်၏အပြစ်ကို ထုတ်ဖော်လိုက်သည့်အပြင် စုဝေးနေသည့် ရုပ်ပွားဆင်းတု ကိုးကွယ်သူတို့ရှေ့တွင် မှောက်မှားသည့် နတ်ဘုရားများသည် “မျက်စိမမြင်၊ နားမကြား၊ အဘယ်အရာကိုမျှမသိ” ကြောင်းဗေလရှာဇာအား ကြားလျှောက်လေ၏။ အဆိုပါ အချည်းနှီးသော နတ်ဘုရားများနှင့်ကွဲပြားလျက် ယေဟောဝါသည် “ကိုယ်တော်၏ ထွက်သက်ဝင်သက်ကို ကိုင်ထားတော်မူသော” ဘုရားသခင်ဖြစ်ကြောင်း ဘုရားသခင်၏ သတ္တိရှိသည့် ဤပရောဖက်က ထပ်ဆင့်၍ဆိုလိုက်သည်။ ယနေ့တိုင်အောင် လူတို့သည် သက်မဲ့အရာများကို ဘုရားအဖြစ် ကိုးကွယ်ကြသည့်အပြင် ငွေ၊ အလုပ်အကိုင်၊ ဂုဏ်ပကာသနမက အပျော်အပါးတို့ကိုပင် ကိုးကွယ်လျက်ရှိကြသည်။ သို့ရာတွင် ၎င်းအရာတို့သည် အသက်မပေးနိုင်ပါ။ ယေဟောဝါတစ်ပါးတည်းသာ ကျွန်ုပ်တို့၏ အသက်သခင်ကျေးဇူးရှင် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ ထွက်သက်ဝင်သက်မှန်သမျှသည် ကိုယ်တော်အပေါ်၌ တည်မှီနေ၏။—ဒံယေလ ၅:၂၂၊ ၂၃၊ ကဘ; တမန်တော် ၁၇:၂၄၊ ၂၅။

ရှင်းလင်းသွားသည့် စကားထာ

၁၇၊ ၁၈။ နံရံပေါ်တွင်ရေးထားသည့် စာလုံးလေးလုံးကား အဘယ်နည်း။ ၎င်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်ကား အဘယ်နည်း။

၁၇ ယခုတွင် သက်ရွယ်ကြီးရင့်ပြီဖြစ်သော ဤပရောဖက်က ဗာဗုလုန်၏ပညာရှိအားလုံး မလုပ်နိုင်သည့်အရာကို ဆက်၍ပြုလုပ်လေသည်။ နံရံပေါ်က လက်ရေးစာကိုဖတ်၍ အနက်ဖွင့်ပြလေ၏။ ထိုစာလုံးများမှာ “မေနေ၊ မေနေ၊ တေကလ၊ ပါရစင်” ဖြစ်၏။ (ဒံယေလ ၅:၂၄၊ ၂၅၊ ကဘ) ၎င်းတို့သည် မည်သည့်အဓိပ္ပာယ် ရှိသနည်း။

၁၈ စာသားအရ ၎င်းစာလုံးတို့၏အဓိပ္ပာယ်မှာ “တစ်မိုင်နာ၊ တစ်မိုင်နာ၊ တစ်ရှယ်ကယ်လ်၊ ရှယ်ကယ်လ်တစ်ဝက်” ဖြစ်သည်။ စာလုံးတစ်လုံးစီသည် ငွေအလေးချိန် အတိုင်းအတာဖြစ်ပြီး ၎င်းတို့၏တန်ဖိုးကို ကြီးစဉ်ငယ်လိုက် ဖော်ပြထားသည်။ မည်မျှပဟေဠိ ဆန်လှသည်တကား! ဗာဗုလုန်၏ ပညာရှိများက ၎င်းစာလုံးများကို ဖော်နိုင်သည့်တိုင်အောင် အနက်ကို မဖွင့်နိုင်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။

၁၉။ “မေနေ” ၏အနက်အဓိပ္ပာယ်ကား အဘယ်နည်း။

၁၉ ဒံယေလသည် ဘုရားသခင့် သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးဖြင့် ဤသို့ရှင်းပြ၏– “အနက်ကား၊ မေနေ၊ ကိုယ်တော့်နိုင်ငံ၏ နေ့ရက်များကို ဘုရားသခင် ရေတွက်၍ ကုန်ဆုံးစေတော်မူပြီ။” (ဒံယေလ ၅:၂၆၊ ကဘ) ပထမ စာလုံး၏ဗျည်းများကို ဖတ်ရှုသူထည့်သွင်းသည့် သရအက္ခရာများပေါ်မူတည်၍ “မိုင်နာ” ဟူ၍လည်းကောင်း၊ အာရမိတ်ဘာသာဖြင့် “တွက်ချက်၊” သို့မဟုတ် “ရေတွက်” ဟူ၍လည်းကောင်း ဖတ်နိုင်သည်။ ဒံယေလသည် ဂျူးတို့၏နယ်နှင်ခံကာလ ကုန်ဆုံးတော့မည်ကို ကောင်းစွာသိထားသည်။ ကြိုဟောထားသည့် ထိုကာလနှစ်ပေါင်း ၇၀ သည် ယခု ၆၈ နှစ်ကုန်လွန်ပြီးဖြစ်သည်။ (ယေရမိ ၂၉:၁၀) ကြီးမြတ်သော အချိန်မှတ်ရှင် ယေဟောဝါသည် ကမ္ဘာ့အာဏာစက်အဖြစ် ဗာဗုလုန်၏အုပ်စိုးမှု နေ့ရက်ကာလကို ရေတွက်၍ ၎င်း၏အဆုံးသည် ဗေလရှာဇာ၏ စားသောက်ပွဲ တက်ရောက်သူများ ထင်သည်ထက် ပို၍နီးကပ်နေသည်။ အမှန်ဆိုလျှင်၊ အချိန်စေ့သွားလေပြီ—ဗေလရှာဇာအတွက်သာမဟုတ်၊ သူ၏ခမည်းတော် နဗိုနိုက်ဒတ်စ်အတွက်လည်း ဖြစ်ပေသည်။ ယင်းအကြောင်းကြောင့် ၎င်းတို့နှစ်ဦးစလုံး၏ ဘုရင့်အရိုက်အရာ ဆုံးခန်းတိုင်ပြီဖြစ်ကြောင်း ကြေညာသည့်အနေနှင့် “မေနေ” ဟူသောစာလုံးကို နှစ်ကြိမ်ရေးသားထားခြင်း ဖြစ်ဟန်တူသည်။

၂၀။ “တေကလ” ၏အဓိပ္ပာယ်ရှင်းလင်းချက်ကား အဘယ်နည်း။ ဗေလရှာဇာနှင့် မည်သို့သက်ဆိုင်သနည်း။

၂၀ အခြားတစ်ဖက်တွင် “တေကလ” ဟူသောစာလုံးကို တစ်ကြိမ်တည်းသာ ရေးသားသည့်အပြင် ဧကဝုစ်သဏ္ဌာန်ဖြင့် ရေးသားထားသည်။ ဤသတင်းစကားသည် ဗေလရှာဇာကို အဓိကရည်စူးကြောင်း ပြသခြင်းဖြစ်ဖွယ်ရှိသည်။ ဗေလရှာဇာသည် ယေဟောဝါအား ကိုယ်တိုင်ကိုယ်ကျ လွန်လွန်ကဲကဲ မထီလေးစားပြုခဲ့သောကြောင့် ဤယူဆချက်သည် ကျိုးကြောင်းဆီလျော်ပေသည်။ ၎င်းစာလုံး၏ အဓိပ္ပာယ်မှာ “ရှယ်ကယ်လ်” ဖြစ်သော်လည်း ၎င်းဗျည်းများကို “ချိန်စက်” ဟူ၍လည်းဖတ်နိုင်သည်။ သို့နှင့် ဒံယေလက “တေကလ၊ ကိုယ်တော်ကို ချိန်ခွင်နှင့်ချိန်စက်၍ လျော့ကြောင်းကို တွေ့မြင်တော်မူပြီ” ဟုဗေလရှာဇာအား လျှောက်တင်၏။ (ဒံယေလ ၅:၂၇၊ ကဘ) ယေဟောဝါ၏အမြင်တွင် တိုင်းနိုင်ငံအားလုံးတို့သည် ချိန်ခွင်၌ကပ်သော မြူမှုန့်ကဲ့သို့ အရေးမပါချေ။ (ဟေရှာယ ၄၀:၁၅) ၎င်းတို့သည် ကိုယ်တော်၏ ရည်ရွယ်ချက်များကို ဟန့်တားနှောင့်ယှက်နိုင်စွမ်း မရှိကြချေ။ သို့ဖြစ်လျှင် မောက်မာသည့် ရှင်ဘုရင်တစ်ပါးတည်းက မည်သို့အရာရောက်နိုင်မည်နည်း။ ဗေလရှာဇာသည် မိမိကိုယ်ကို စကြဝဠာအချုပ်အခြာအာဏာပိုင်ထက် ချီးမြှောက်ရန်ကြိုးစားခဲ့သည်။ လူသားမျှသာဖြစ်သော ဤသူက ယေဟောဝါအား မထီမဲ့မြင်ပြု၍ စင်ကြယ်သောကိုးကွယ်မှုကို ပြောင်လှောင်သရော်ဝံ့ခဲ့သည်၊ သို့သော် “လျော့ကြောင်းကို တွေ့မြင်တော်မူပြီ။” မှန်သည်၊ ဗေလရှာဇာသည် ရုတ်တရက်ကျရောက်မည့် တရားစီရင်ချက်နှင့် လုံးလုံးထိုက်တန်ပေသည်။

၂၁။ “ပါရစင်” သည် အဘယ်နည်းဖြင့် စကားဖန်ထိုးနည်းသုံးမျိုး ဖြစ်သနည်း။ ဤစာလုံးက ကမ္ဘာ့အာဏာစက် တစ်နိုင်ငံအနေနှင့် ဗာဗုလုန်၏ အနာဂတ်ကို မည်သို့ညွှန်ပြသနည်း။

၂၁ နံရံပေါ်မှ နောက်ဆုံးစာလုံးမှာ “ပါရစင်” ဖြစ်သည်။ ဒံယေလက ဤစာလုံးကို ဧကဝုစ်သဏ္ဌာန် “ပေရက်” ဖြင့်ဖတ်သည်ကိုထောက်လျှင် ရှင်ဘုရင်တစ်ပါးတည်းကိုသာ ပြောနေခြင်းဖြစ်ကာ ကျန်တစ်ပါးမှာ အဝေးရောက်နေခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်။ ဤစာလုံးက ယေဟောဝါ၏ ကြီးမြတ်သောစကားထာကို စကားဖန်ထိုးနည်း သုံးမျိုးဖြင့် အထွတ်အထိပ်တိုင်စေသည်။ စာသားအရ “ပါရစင်” သည် “ရှယ်ကယ်လ်တစ်ဝက်” ဟူ၍အဓိပ္ပာယ်ရသည်။ သို့သော် ၎င်းအက္ခရာများက “ခွဲဝေခြင်း” နှင့် “ပါးရှားလူမျိုး” ဟူ၍အဓိပ္ပာယ်နှစ်မျိုးလည်း ထွက်နိုင်သည်။ သို့နှင့် ဒံယေလက ဤသို့တင်ကြိုဟော၏– “ပေရက်၊ ကိုယ်တော်၏နိုင်ငံကို ခွဲဝေ၍၊ မီးဒီးယားလူမျိုးနှင့် ပါးရှားလူမျိုးတို့အား အပ်ပေးတော်မူပြီ။”—ဒံယေလ ၅:၂၈၊ ကဘ။

၂၂။ စကားထာ ရှင်းလင်းသွားပြီးနောက် ဗေလရှာဇာ မည်သို့တုံ့ပြန်သနည်း။ သူမည်သို့မျှော်လင့်ခဲ့ဖွယ် ရှိသနည်း။

၂၂ ဤသို့ဖြင့် စကားထာ ရှင်းလင်းသွားလေသည်။ တန်ခိုးကြီးသော ဗာဗုလုန်သည် မီးဒီးယား-ပါးရှားတို့၏ တပ်ဖွဲ့လက်ထဲသို့ ကျရောက်တော့မည်ဖြစ်သည်။ ဤပျက်စီးခြင်း ကြေညာချက်ကြောင့် စိတ်ပျက်အားလျော့သွားသော်လည်း ဗေလရှာဇာသည် ကတိအတိုင်း ပြုခဲ့သည်။ သူသည် ဒံယေလအား ခရမ်းရောင်ဝတ်လုံကို ဆင်ယင်စေလျက် လည်၌ ရွှေစလွယ်တင်ပြီးလျှင် နိုင်ငံတော်တွင် တတိယမင်းအဖြစ် ခန့်ထားကြောင်း ကြေညာစေ၏။ (ဒံယေလ ၅:၂၉၊ ကဘ) ဒံယေလက ၎င်းဂုဏ်အသရေများသည် ယေဟောဝါ ခံထိုက်သည့်ဂုဏ်တော်ကို ထင်ဟပ်ခြင်းဖြစ်ကြောင်း သိမှတ်လျက် ၎င်းတို့ကို ငြင်းပယ်ခြင်းမပြုခဲ့ချေ။ ဗေလရှာဇာအနေဖြင့် ယေဟောဝါ၏ တရားစီရင်ချက်ကို လျော့ပေါ့သက်သာစေနိုင်ကောင်းသည် ဟူသောမျှော်လင့်ချက်ဖြင့် ကိုယ်တော်၏ပရောဖက်ကို ဤသို့ဂုဏ်ပြုခြင်း ဖြစ်ဖွယ်ရှိသည်။ သို့ဖြစ်ခဲ့ပါက၊ အလွန့်အလွန် အခါနှောင်းသွားပေပြီ။

ဗာဗုလုန် ကျဆုံးခြင်း

၂၃။ ဗေလရှာဇာ စားသောက်ပွဲကျင်းပနေစဉ်ပင် အဘယ်ရှေးပရောဖက်ပြုချက် ပြည့်စုံလျက်ရှိသနည်း။

၂၃ ဗေလရှာဇာနှင့် နန်းတွင်းသူ၊ နန်းတွင်းသားများ စပျစ်ရည်သောက်လျက် သူတို့၏ နတ်ဘုရားများကို ဂုဏ်ပြုပြီး ယေဟောဝါအား ပြောင်လှောင်သရော်နေကြစဉ် နန်းတော်အပြင်ဘက် အမှောင်ထုထဲတွင် သည်းထိတ်ရင်ဖိုဖွယ် အခြင်းအရာတစ်ခု ပေါ်လာသည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာခန့်က ဟေရှာယအားဖြင့်ပြုခဲ့သည့် ပရောဖက်ပြုချက်သည် ပြည့်စုံလျက်ရှိသည်။ “ထိုမြို့ကြောင့် သူတစ်ပါး ညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏” ဟုယေဟောဝါက ဗာဗုလုန်နှင့်ပတ်သက်၍ တင်ကူးမိန့်တော်မူ၏။ မှန်ပါသည်၊ ဘုရားသခင့် ရွေးကောက်ခံလူမျိုးတော်အပေါ် ထိုဆိုးညစ်သောမြို့၏ ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှသည် အဆုံးတိုင်လုပြီ။ အဘယ်နည်းဖြင့်နည်း။ ထိုပရောဖက်ပြုချက်၌ပင် “ဧလံပြည်သားတို့ ချီတက်ကြလော့။ မေဒိ [မီးဒီးယား] ပြည်သားတို့ ဝိုင်းရံကြလော့” ဟုဆို၏။ ပရောဖက်ဟေရှာယ လက်ထက်လွန်ပြီးနောက် ဧလံပြည်သည် ပေရသိ (ပါးရှား) ပြည်၏ အစိတ်အပိုင်းဖြစ်ခဲ့သည်။ ဟေရှာယ၏ ထိုပရောဖက်ပြုချက်၌လည်း ဟောထားခဲ့ပြီးဖြစ်သည့်အတိုင်း ဗေလရှာဇာ၏ စားသောက်ပွဲကြီး ကျင်းပချိန်တွင် ပါးရှားနှင့် မီးဒီးယားတို့သည် မဟာမိတ်ဖွဲ့၍ ဗာဗုလုန်မြို့ကို အမှန်ပင် ”ချီတက်” ၍ “ဝိုင်းရံ” ထားခဲ့ကြ၏။—ဟေရှာယ ၂၁:၁၊ ၂၊ ၅၊ ၆၊ သမ။

၂၄။ ဗာဗုလုန် ကျဆုံးခြင်းနှင့်စပ်လျဉ်း၍ အဘယ်အသေးစိတ် အချက်များကို ဟေရှာယ ပရောဖက်ပြုချက်၌ ဟောထားသနည်း။

၂၄ စင်စစ်ဆိုလျှင် ထိုတပ်ဖွဲ့များ၏ ခေါင်းဆောင်၏နာမည်နှင့်တကွ သူအသုံးပြုမည့် စစ်မဟာဗျူဟာတို့ကိုပင် တင်ကူးဟောထားသည်။ နှစ်ပေါင်း ၂၀၀ မျှကြို၍ ဟေရှာယက ယေဟောဝါသည် ကုရုအမည်ရှိသူအား ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန် ဘိသိက်ပေးမည့်အကြောင်း ပရောဖက်ပြုထားသည်။ အပြင်းအထန် ချီတက်တိုက်ခိုက်ရာ၌ သူ့ရှေ့တွင် အဆီးအတားမှန်သမျှ ညီညာပြန့်ပြူးသွားမည်။ ဗာဗုလုန်၏မြစ်ရေများ “ခန်းခြောက်” ၍ ဧရာမမြို့တံခါးကြီးများ ပွင့်လျက်နေမည်။ (ဟေရှာယ ၄၄:၂၇–၄၅:၃) ထိုအတိုင်းပင် ဖြစ်ခဲ့လေသည်။ ကုရု၏စစ်တပ်များသည် မြစ်ကြမ်းပြင်အတိုင်း ချီတက်နိုင်ရန် ယူဖရေးတီးစ်မြစ်ရေကိုလွှဲ၍ မြစ်ရေပြင်ကို ကျစေခဲ့သည်။ ဗာဗုလုန်မြို့ရိုးရှိ တံခါးများသည် ပေါ့လျော့သည့် အစောင့်တပ်ဖွဲ့ကြောင့် ပွင့်လျက်ရှိသည်။ လောကီသမိုင်းပညာရှင်များ သဘောတူညီကြသည့်အတိုင်း မြို့သူမြို့သားများ ပျော်မြူးနေကြချိန်တွင် ကျူးကျော်တိုက်ခိုက် ခံရခြင်းဖြစ်သည်။ ဗာဗုလုန်မြို့ကို အခုအခံမရှိသလောက်နှင့် သိမ်းပိုက်နိုင်ခဲ့သည်။ (ယေရမိ ၅၁:၃၀) သို့သော် အနည်းဆုံး အရေးပါသူတစ်ဦး သေဆုံးခဲ့သည်။ ဒံယေလ ဤသို့ရေးမှတ်ထား၏– “ထိုည၌ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာမင်းသည် အသက်ဆုံး၍၊ မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ့်နှစ်နှစ်တွင် နိုင်ငံတော်ကိုသိမ်းယူတော်မူ၏။”—ဒံယေလ ၅:၃၀၊ ၃၁။

နံရံပေါ်က လက်ရေးစာမှ သင်ခန်းစာယူခြင်း

၂၅။ (က) ရှေးဗာဗုလုန်သည် အဘယ်ကြောင့် ယခုခေတ် ကမ္ဘာ့မှောက်မှားသည့် ဘာသာရေးစနစ်၏ သင့်လျော်သည့် အမှတ်သင်္ကေတဖြစ်သနည်း။ (ခ) ဘုရားသခင်၏ မျက်မှောက်ခေတ်ကျေးကျွန်များသည် ဗာဗုလုန်တွင် မည်သို့သောသဘောဖြင့် သုံ့ပန်းဖြစ်ခဲ့သနည်း။

၂၅ ဒံယေလ အခန်းကြီး ၅ မှ မှုတ်သွင်းခံမှတ်တမ်းသည် ကျွန်ုပ်တို့အဖို့ အဓိပ္ပာယ် လေးနက်လှ၏။ မှောက်မှားသည့်ဘာသာရေး အကျင့်ဓလေ့များဆိုင်ရာ ဗဟိုချက်ဖြစ်သည့်အလျောက် ရှေးဗာဗုလုန်သည် မှောက်မှားသည့်ဘာသာရေး ကမ္ဘာ့အင်ပါယာ၏ လျောက်ပတ်သော အမှတ်သင်္ကေတဖြစ်ပေသည်။ ဗျာဒိတ်ကျမ်းတွင် သွေးဆာသည့် ပြည့်တန်ဆာမအဖြစ် ပုံဖော်ပြထားသည့် ဤကမ္ဘာလုံးဆိုင်ရာ လိမ်လည်လှည့်ဖြားမှု အလုံးအခဲကို “မဟာဗာဗုလုန်” ဟုခေါ်ထားသည်။ (ဗျာဒိတ် ၁၇:၅၊ ကဘ) ၎င်းသည် ဘုရားသခင့် ဂုဏ်ယုတ်စေသည့် ၎င်း၏ မှားယွင်းသော အယူဝါဒများ၊ အကျင့်ဓလေ့များနှင့်ပတ်သက်သည့် သတိပေးချက်အားလုံးကို အရေးမစိုက်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်ကပါဌ်တော် အမှန်တရား ဟောပြောသူတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့သည်။ ဓမ္မဆရာဘုန်းကြီးများ အားပေးအားမြှောက်ပြုသည့် နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် ၁၉၁၈ ခုနှစ်တွင် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ခံလိုက်ရသည့်အချိန်တွင် သစ္စာရှိ ဘိသိက်ခံခရစ်ယာန် အကြွင်းအကျန်တို့သည် ရှေးယေရုရှလင်မြို့သားနှင့် ယုဒပြည်သူများနည်းတူ “မဟာဗာဗုလုန်” တွင် နယ်နှင်ခံရကြသည်။

၂၆။ (က) ၁၉၁၉ ခုနှစ်တွင် “မဟာဗာဗုလုန်” မည်သို့ပြိုလဲခဲ့သနည်း။ (ခ) အဘယ်သတိပေးချက်ကို ကျွန်ုပ်တို့ကိုယ်တိုင် အလေးဂရုပြုပြီး အခြားသူတို့အားလည်း သတိပေးသင့်သနည်း။

၂၆ သို့သော်၊ “မဟာဗာဗုလုန်” ရုတ်တရက် ပြိုလဲသွားသည်။ အသံဗလံမြည်ခြင်း မရှိသလောက်ပင် တိတ်တိတ်ဆိတ်ဆိတ် ပြိုလဲသွားသည်။ ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် ရှေးဗာဗုလုန် အသံမြည်ခြင်းမရှိသလောက်ဖြင့် ပြိုလဲခဲ့သည့်နည်းတူပင်ဖြစ်သည်။ သို့ဖြစ်လင့်ကစား ဤတင်စားသည့်ပြိုလဲခြင်းသည် အကြီးအကျယ် ထိခိုက်ပျက်စီးခြင်းရှိခဲ့သည်။ ယေဟောဝါ၏ လူမျိုးတော် ဗာဗုလုန်၏အချုပ်အနှောင်မှ လွတ်မြောက်၍ ဘုရားသခင့် စိတ်တော်နှင့်ပြန်တွေ့သည့် စီ.အီး. ၁၉၁၉ ခုနှစ်တွင် ထိုသို့ဖြစ်ခဲ့သည်။ ၎င်းအဖြစ်အပျက်က ဘုရားသခင့်လူမျိုးတော်အပေါ် “မဟာဗာဗုလုန်” သက်ရောက်သည့် ဩဇာအာဏာကို အဆုံးတိုင်စေပြီး မဟာဗာဗုလုန်သည် စိတ်မချရသော အယောင်ဆောင်ဖြစ်ကြောင်း လူသိရှင်ကြား စတင်ဖော်ထုတ်ခံရခြင်းကို မှတ်သားသည်။ ထိုပြိုလဲမှုသည် ထာဝရပြိုလဲမှုဖြစ်ပြီး ၎င်း၏နောက်ဆုံးပျက်စီးခြင်းကိန်း ဆိုက်ရောက်တော့မည်ဖြစ်ကြောင်း ပြသသည်။ ယင်းကြောင့် ယေဟောဝါ၏ အမှုတော်ထမ်းများက အောက်ပါသတိပေးချက်ကို ပဲ့တင်ထပ်အောင် ကြွေးကြော်ခဲ့ကြခြင်းဖြစ်သည်– “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲကထွက်ကြလော့။” (ဗျာဒိတ် ၁၈:၄) ဤသတိပေးချက်ကို သင်အလေးဂရုပြုသလော။ အခြားသူတို့အား သင်သတိပေးသလော။f

၂၇၊ ၂၈။ (က) ဒံယေလသည် အဘယ်အရေးကြီးသည့် အမှန်တရားကို မျက်ခြည်မပြတ်ခဲ့သနည်း။ (ခ) ယနေ့ ဆိုးယုတ်သည့်လောကကြီးကို များမကြာမီ ယေဟောဝါ အရေးယူတော့မည့်အကြောင်း အဘယ်သက်သေအထောက်အထား ကျွန်ုပ်တို့၌ရှိသနည်း။

၂၇ ယနေ့ လက်ရေးစာသည် နံရံပေါ်တွင် အထင်းသားပေါ်နေသည်၊ သို့ရာတွင် “မဟာဗာဗုလုန်” အတွက်သာမဟုတ်ပါ။ ယေဟောဝါသည် စကြဝဠာ အချုပ်အခြာအာဏာပိုင် ဖြစ်သည်ဟူသော ဒံယေလကျမ်း၏ အဓိက အရေးကြီးသည့် အမှန်တရားကို အမှတ်ရပါ။ ကိုယ်တော်တစ်ပါးတည်းသာ လူသားတို့ကိုအုပ်ချုပ်ရန် အုပ်စိုးရှင်တစ်ပါးကို ခန့်ထားပိုင်ခွင့်ရှိသည်။ (ဒံယေလ ၄:၁၇၊ ၂၅; ၅:၂၁) ယေဟောဝါ၏ ရည်ရွယ်ချက်များကို ဆန့်ကျင်ဟန့်တားသည့် မည်သည့်အရာမဆို ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ အချိန်တန်လျှင် ယေဟောဝါ အရေးယူတော်မူမည်။ (ဟဗက္ကုတ် ၂:၃) ဒံယေလအဖို့မူ ထိုအချိန်သည် နောက်ဆုံးတွင် သူ၏အသက် ကိုးဆယ်ကျော်အတွင်း ဆိုက်ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာ့အာဏာစက်တစ်ခုကို ယေဟောဝါ ဖယ်ရှားခဲ့သည်ကို သူတွေ့မြင်ခဲ့ရသည်။ ၎င်းမှာ ဒံယေလ ကလေးဘဝမှစ၍ ဘုရားသခင့် လူမျိုးတော်ကို ဖိနှိပ်ချုပ်ချယ်ခဲ့သည့် နိုင်ငံပင်ဖြစ်သည်။

၂၈ ယေဟောဝါဘုရားသခင်သည် ကောင်းကင်ပလ္လင်တော်ပေါ်တွင် လူသားတို့ကိုအုပ်ချုပ်သည့် မင်းတစ်ပါးကို ခန့်အပ်ပြီးဖြစ်ကြောင်း မငြင်းကွယ်နိုင်သည့် သက်သေအထောက်အထားရှိသည်။ ဤလောကသည် ၎င်းရှင်ဘုရင်ကို လျစ်လျူရှု၍ ကိုယ်တော်၏ အုပ်စိုးခွင့်အာဏာကို ဆန့်ကျင်နေကြခြင်းမှာ နိုင်ငံတော်အုပ်ချုပ်မှုကို ဆန့်ကျင်သူမှန်သမျှအား များမကြာမီ ယေဟောဝါ ပယ်ရှားတော်မူမည့် သေချာသည့်သာဓကပင် ဖြစ်ပေသည်။ (ဆာလံ ၂:၁-၁၁; ၂ ပေတရု ၃:၃-၇) သင်သည် ကျွန်ုပ်တို့ခေတ်ကာလ၏ အရေးတကြီး လိုအပ်ချက်နှင့်အညီ လုပ်ဆောင်၍ ဘုရားသခင့်နိုင်ငံတော်၌ အပြည့်အဝ ယုံကြည်ကိုးစားနေပါသလော။ ဤသို့ပြုနေပါက သင်သည် နံရံပေါ်က လက်ရေးစာမှ သင်ခန်းစာ ကောင်းစွာရရှိပြီးဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ရှေးကမ္ပည်းကျောက်စာတစ်ခုတွင် ကုရုမင်းကြီးက ဗေလရှာဇာအကြောင်း ဤသို့ဆိုထားသည်– “နိုင်ငံ၏ [အုပ်စိုးရှင်] အဖြစ် တင်မြှောက်ခံရသော ပျော့ညံ့သူတစ်ဦး။”

b ဒံယေလမှတ်တမ်း၏ အနုစိတ်လှသော ဤအသေးစိတ်အချက်ပင်လျှင် တိကျမှန်ကန်ကြောင်း ထင်ရှားသည်။ ရှေးဗာဗုလုန် နန်းတော်နံရံများသည် အုတ်နှင့်ဆောက်လုပ်၍ အင်္ဂတေကိုင်ထားသည်ကို ရှေးဟောင်းသုတေသနပညာရှင်တို့ တွေ့ရှိခဲ့ကြသည်။

c ဗာဗုလုန်လူမျိုး၏အယူသီးမှုက ဤအံ့ဖွယ်အမှုကို ပို၍ထိတ်လန့်စဖွယ် ဖြစ်စေပုံရသည်။ ဗာဗုလုန်လူမျိုး၏ ဘဝနှင့်သမိုင်း စာအုပ်တွင် ဤသို့မှတ်တမ်းတင်ထားသည်– “ဗာဗုလုန်လူမျိုးသည် နတ်ဘုရား အမြောက်အမြားကို ကိုးကွယ်ကြသည့်အပြင် နာနာဘာဝများကိုလည်း ယုံကြည်စွဲလမ်းကြသည်။ ဤယုံကြည်စွဲလမ်းမှု မည်မျှကြီးသနည်းဟူမူကား သူတို့၏ဘာသာရေး စာပေကျမ်းဂန်များတွင် အများစုမှာ နာနာဘာဝတို့၏ဘေးရန်မှ ကင်းဝေးစေကြောင်း ဆုတောင်းချက်နှင့် ဂါထာမန္တရားတို့ဖြင့် ပြည့်လျက်ရှိသည်ကို ကျွန်ုပ်တို့တွေ့ရှိရသည်။”

d သမ္မာကျမ်းစာ ရှေးဟောင်းသုတေသန ဂျာနယ်တွင် ဤသို့မှတ်တမ်းတင်ထားသည်– “ဗာဗုလုန်လူမျိုး ကျွမ်းကျင်သူပညာရှင်များသည် ထောင်နှင့်ချီသော အတိတ်နိမိတ်ပြ လက္ခဏာများကို အစီအစဉ်တကျ စာရင်းပြုစုထားသည်။ . . . ဗေလရှာဇာက နံရံပေါ်က လက်ရေးစာ၏ အဓိပ္ပာယ်ကိုဖော်ရန် အမိန့်ပေးလိုက်သည့်အခါတွင် ဗာဗုလုန်ပညာရှိတို့သည် အဆိုပါ အတိတ်နိမိတ်ဖွင့် စွယ်စုံကျမ်းများကို မုချ ရှာဖွေလေ့လာကြပေမည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့သည်။”

e ဤတွင်သုံးထားသည့် “ကြံရာမရ” ဟူသောစကားလုံးသည် တက်ရောက်သူအားလုံး ကစဉ့်ကလျား ဖြစ်သွားသကဲ့သို့ အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ဟူသောသဘော သက်ရောက်သည်။

f ယေဟောဝါသက်သေများ၊ မြန်မာမှ ထုတ်ဝေသည့် ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ် နီးပြီ! စာအုပ်၊ အတွဲ ၆ စာမျက်နှာ ၁၉-အတွဲ ၈ စာမျက်နှာ ၁၆ ရှု။

အဘယ်အရာ သိမြင်ခဲ့သနည်း

• ဘီ.စီ.အီး. ၅၃၉ ခုနှစ်၊ အောက်တိုဘာလ ၅/၆ ရက်ညတွင် ဗေလရှာဇာ၏ စားသောက်ပွဲကြီး မည်သို့နှောင့်ယှက်ခံလိုက်ရသနည်း။

• နံရံပေါ်က လက်ရေးစာ၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်း။

• ဗေလရှာဇာ စားသောက်ပွဲကြီး ကျင်းပနေစဉ်တွင် ဗာဗုလုန်ကျဆုံးခြင်းနှင့်ပတ်သက်သည့် အဘယ်ပရောဖက်ပြုချက် ပြည့်စုံလျက်ရှိသနည်း။

• နံရံပေါ်က လက်ရေးစာနှင့်ပတ်သက်သည့် မှတ်တမ်းသည် ကျွန်ုပ်တို့လက်ထက်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

[စာမျက်နှာ ၉၈ ပါ ရုပ်ပုံ]

[စာမျက်နှာ ၁၀၃ ပါ ရုပ်ပုံ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ