သူတို့ မည်သူများနည်း
ယေဟောဝါသက်သေတို့၏ဆန္ဒမှာ သင် သူတို့နှင့်ပိုမိုသိကျွမ်းလာရန်ဖြစ်သည်။ သင်သည် သူတို့ကို အိမ်နီးချင်းများအနေနှင့်ဖြစ်စေ၊ လုပ်ဖော်ဆောင်ဖက်များအနေနှင့်ဖြစ်စေ၊ နေ့စဉ်ဘဝလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ တွေ့ဆုံပေမည်။ လမ်းပေါ်တွင် လမ်းသွားလမ်းလာများအား သူတို့၏မဂ္ဂဇင်းများဝေငှနေသည်ကို သင်တွေ့ဖူးမည်။ သို့မဟုတ် သင့်အိမ်တံခါးဝတွင် သူတို့နှင့်ခဏစကားပြောဖူးမည်။
အမှန်မှာ ယေဟောဝါသက်သေတို့သည် သင်နှင့် သင့်ကောင်းကျိုးကို စိတ်ဝင်စားသူများဖြစ်ကြသည်။ သူတို့သည် သင့်မိတ်ဆွေများဖြစ်လိုကြသည်။ သူတို့အကြောင်း၊ သူတို့၏ယုံကြည်ချက်များ၊ သူတို့၏အဖွဲ့အစည်း၊ လူသားများအပေါ်နှင့် ကျွန်ုပ်တို့အားလုံးနေထိုင်ကြသော ဤကမ္ဘာအပေါ် သူတို့၏အမြင်ကို သင့်အားပြောပြလိုကြသည်။ ဤရည်ရွယ်ချက်ပြည့်ဝဖို့ ဤဘရိုရှာကို သင့်အတွက်ထုတ်ဝေလိုက်ပါသည်။
အများအားဖြင့်ယေဟောဝါသက်သေတို့သည် အခြားသူတို့နှင့်တူကြပါသည်။ သူတို့မှာစီးပွားရေး၊ ကာယရေး၊ စိတ်လှုပ်ရှားမှုပြဿနာများရှိကြပါသည်။ သူတို့သည် စုံလင်သူများ၊ မှုတ်သွင်းခံရသူများ၊ ခြောက်ပြစ်ကင်းသူများမဟုတ်သည့်အတွက် တစ်ခါတစ်ရံ အမှားများပြုမိတတ်ကြသည်။ သို့သော် သူတို့၏အတွေ့အကြုံများနှင့် ကျမ်းစာကို ဝီရိယရှိရှိလေ့လာခြင်းတို့မှ သင်ခန်းစာယူကြပြီး လိုအပ်သောပြုပြင်ပြောင်းလဲမှုပြုကြသည်။ သူတို့သည် ဘုရားသခင်၏အလိုတော်ကို ထမ်းဆောင်ရန် မိမိကိုယ်ကိုဆက်ကပ်အပ်နှံထားကြသူများဖြစ်ပြီး၊ ထိုအတိုင်း အသက်ရှင်ရန် ကြိုးစားနေကြသူများဖြစ်သည်။ သူတို့လုပ်ကိုင်ဆောင်ရွက်မှုအားလုံးတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာဖွေကြသည်။
သူတို့အတွက် အရေးကြီးသည့်အရာမှာ သူတို့၏ယုံကြည်ချက်များသည် လူ့မှန်းဆချက် သို့မဟုတ် ဘာသာရေးအယူအဆများအပေါ်အခြေမခံဘဲ ကျမ်းစာကိုသာအခြေခံရန်ဖြစ်သည်။ မှုတ်သွင်းခံရ၍ တမန်တော်ပေါလုပြောခဲ့သည့် ဤစကားများအတိုင်း သူ့ကဲ့သို့ သူတို့သဘောထားကြသည်– “လူခပ်သိမ်းတို့သည်သစ္စာပျက်သော်လည်း ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း။” (ရောမ ၃:၄၊ ယုဒသန်a) ကျမ်းစာအမှန်တရားအဖြစ်တင်ပြသော သွန်သင်ချက်များနှင့်ပတ်သက်၍ တမန်တော်ပေါလု၏ဟောပြောချက်ကို ကြားသည့်အခါ ဤသို့တုံ့ပြန်ကြသောဗေရိမြို့သားတို့၏လမ်းစဉ်ကို သက်သေခံတို့က အခိုင်အမာထောက်ခံကြသည်– “အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ် [မြွက်] တရားတော်ကိုခံယူ၍၊ မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏။” (တမန်တော် ၁၇:၁၁) မိမိတို့သော်လည်းကောင်း၊ အခြားသူများသော်လည်းကောင်း သွန်သင်သည့်ဘာသာရေးသွန်သင်ချက်အားလုံးတို့သည် သမ္မာကျမ်းစာနှင့်ကိုက်ညီရမည်ဟူသော အစစ်ခံချက်ကိုရင်ဆိုင်သင့်ကြောင်း ယေဟောဝါသက်သေများ ယုံကြည်ကြသည်။ ဤသို့ပြုရန် သူတို့နှင့်ဆွေးနွေးကြည့်ဖို့ သင့်အားဖိတ်ခေါ်တိုက်တွန်းပါသည်။
ယင်းမှ ယေဟောဝါသက်သေတို့သည် သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်မြွက်စကားတော်အဖြစ် ယုံကြည်ကြောင်းထင်ရှားသည်။ ကျမ်းစာစောင် ၆၆ စောင်သည် မှုတ်သွင်းခံရပြီး၊ သမိုင်းအရလည်း တိကျမှန်ကန်ကြောင်း သူတို့ယူမှတ်ကြသည်။ ဓမ္မသစ်ကျမ်းဟု အများခေါ်သည့်ကျမ်းကို ခရစ်ယာန်ဂရိကျမ်းစောင်များဟု သူတို့ခေါ်ကြသည်။ ဓမ္မဟောင်းကျမ်းကိုမူ ဟေဗြဲကျမ်းစောင်များဟုခေါ်ကြသည်။ သူတို့သည် ဂရိနှင့် ဟေဗြဲကျမ်းစာနှစ်စောင်စလုံးကို ယုံကြည်အားထားပြီး စကားသား သို့မဟုတ် ဇာတ်အိမ်အရပုံဆောင်သဘောဖြစ်ကြောင်း သိသာထင်ရှားသည့်အခါမှလွဲ၍ ကျန်ဖော်ပြချက်တို့ကို စာသားအတိုင်းယူမှတ်ကြသည်။ ကျမ်းစာပါပရောဖက်ပြုချက်အများမှာ ပြည့်စုံခဲ့ပြီးဖြစ်ကြောင်း၊ အခြားတို့မူပြည့်စုံဆဲရှိကြောင်းနှင့် အချို့တို့မှာမပြည့်စုံသေးကြောင်း သူတို့နားလည်ထားကြသည်။
သူတို့အမည်
ယေဟောဝါသက်သေများဟုတ်စ။ သူတို့ကိုယ်ကို ဤသို့ခေါ်ဆိုကြသည်။ ယေဟောဝါ၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်ကြောင်းနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို သူတို့သက်သေခံကြောင်း ထင်ရှားစေသည့်အမည်ဖြစ်ပါသည်။ “ဘုရား၊” “သခင်၊” “ဖန်ဆင်းရှင်၊”—တို့သည် “သမ္မတ၊” “ဘုရင်၊” “ဗိုလ်ချုပ်” တို့ကဲ့သို့ပင်—ဘွဲ့ထူးများသာဖြစ်ပြီး၊ ပုဂ္ဂိုလ်အသီးသီးနှင့် သက်ဆိုင်နိုင်သည်။ သို့သော် “ယေဟောဝါ” မူကား ကိုယ်ပိုင်နာမဖြစ်ပြီး အဆုံးမဲ့တန်ခိုးရှင်နှင့် စကြဝဠာဖန်ဆင်းရှင်ကို ရည်ညွှန်းသည်။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းက ဆာလံ ၈၃:၁၈ ကိုဤသို့ဖော်ပြရာ၌ ထိုအချက်ပေါ်လွင်သည်– “ယေဟောဝါဟူ၍နာမရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား[သခင်] ဖြစ်တော်မူကြောင်းကို လူများသိကြပါစေသော။”
ယေဟောဝါ (သို့မဟုတ် ယာဝေးဟူ၍ ရိုမင်ကက်သလစ်ယေရုရှလင်ကျမ်းနှင့် အခြား ခေတ်သစ်ပညာရှင်များပိုနှစ်သက်သည့်) နာမတော်သည် မူရင်းဟေဗြဲကျမ်း၌ အကြိမ်ပေါင်း ၇,၀၀၀ နီးပါးပါရှိသည်။ ကျမ်းစာအများစုက ဤနာမတော်ကိုမသုံးဘဲ “ထာဝရဘုရားသခင်” သို့မဟုတ် “အရှင်သခင်” ဟူ၍အစားထိုးထားကြသည်။ သို့ရာတွင် ဤကျမ်းစာများ၌ပင် ယေဟောဝါ၏နာမတော်ကို မူရင်းဟေဗြဲကျမ်းများက မည်သည့်နေရာများတွင် သုံးကြောင်းပြောနိုင်သည်။ အကြောင်းမှာ ထိုနေရာများတွင် အစားထိုးသည့် စာလုံးများကို စာလုံးကြီးတို့ဖြင့်ရေးထားသောကြောင့်ဖြစ်သည်။ ခေတ်သစ်ဘာသာပြန်ကျမ်းအများတွင် ယေဟောဝါ သို့မဟုတ် ယာဝေးကိုအသုံးပြုထားကြသည်။ ထို့ကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဟေရှာယ ၄၂:၈ ၌ “ငါသည် ယေဟောဝါဖြစ်သည်။ ယင်းသည် ငါ၏နာမဖြစ်၏” ဟုဖော်ပြထားသည်။
ယေဟောဝါသက်သေတို့သည် မိမိတို့၏အမည်ကို ဟေရှာယအခန်းကြီး ၄၃ မှ ယူထားခြင်းဖြစ်သည်။ ထိုတွင် ကမ္ဘာကြီးကို တရားရုံးခန်းတစ်ခုနှင့် ပုံဆောင်ထားသည်– လူမျိုးတို့၏ဘုရားများသည် မိမိကိုဖြောင့်မတ်ကြောင်း သက်သေထူရန် သို့မဟုတ် ယေဟောဝါဘက်မှသက်သေခံချက်များကို နားထောင်ပြီး အမှန်တရားကိုဝန်ခံရန် ဖိတ်ခေါ်ထားခြင်းခံရသည်။ ထိုတွင် ယေဟောဝါက မိမိ၏လူမျိုးအား ဤသို့ကြေညာသည်– “သင်တို့သည် ငါ့ကိုသိမှတ်ယုံကြည်၍ ငါသည်မှန်ပြီဟု နားလည်မည်အကြောင်း ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှမရှိရာ။ ငါတစ်ပါးသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၍ ငါမှတစ်ပါး ကယ်တင်သောသခင်မရှိ။”—ဟေရှာယ ၄၃:၁၀၊ ၁၁။
ယေရှုမမွေးဖွားမီကတည်းက နှစ်ပေါင်းများစွာအတွင်း ယေဟောဝါဘုရားသခင်၏သက်သေများရှိခဲ့သည်။ ထိုသူအချို့ကို ဟေဗြဲအခန်းကြီး ၁၁ တွင်မှတ်တမ်းတင်ပြီးနောက် ဟေဗြဲ ၁၂:၁ ကဤသို့ဆိုသည်– “ထိုကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော [မကောင်းမှု] ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲပြေးကြကုန်အံ့။” ယေရှုက ပိလတ်မင်းရှေ့တွင် “[အမှန်] တရား ဘက်၌သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ” ဟုပြောခဲ့သည်။ ကိုယ်တော်ကို “သစ္စာရှိ၍ ဟုတ်မှန်သောသက်သေ” ဟုခေါ်ထားသည်။ (ယောဟန် ၁၈:၃၇; ဗျာ. ၃:၁၄) မိမိ၏တပည့်များအား ယေရှုဤသို့မိန့်တော်မူခဲ့သည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။”—တမန်တော် ၁:၁၈။
ထို့ကြောင့်ခရစ်တော်ယေရှုအားဖြင့် ယေဟောဝါ၏နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းကို ယနေ့ နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ဟောပြောနေကြသောလူပေါင်း ၆,၀၀၀,၀၀၀ ကျော်သည် မိမိတို့ကိုယ်ကို ယေဟောဝါသက်သေများဟုခေါ်တွင်ရန် သင့်လျော်ကြောင်းယူမှတ်ကြ၏။
[အောက်ခြေမှတ်ချက်]
a ဤဘရိုရှာရှိ ကျမ်းကိုးကားချက်များကို အခြားဖော်ပြထားခြင်းမရှိလျှင် ယုဒသန်ဘာသာပြန်ကျမ်းမှဖြစ်သည်။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
သူတို့ သင့်ကို စိတ်ဝင်စားကြ
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ကိုယ်တော်၏အလိုတော်ကိုဆောင်ရန် ဘုရားသခင်ထံ သူတို့ဆက်ကပ် အပ်နှံထားကြ
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက် စကားတော်ဖြစ်ကြောင်း သူတို့ယုံကြည်ကြ
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ရှေးဟေဗြဲစာပေတွင် ဘုရားသခင့်ကိုယ်ပိုင်နာမတော်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
တရားရုံးခန်းတင်စားချက်နှင့် ဆက်နွှယ်နေသော အမည်နာမ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
နိုင်ငံပေါင်း ၂၃၀ ကျော်တွင် သက်သေခံ ၆,၀၀၀,၀၀၀ ကျော်